← Chapters

ကံစီမံရာ တိုက်ပွဲ

Vol. 52 Ch. 719

ကံစီမံရာ တိုက်ပွဲ

Vol. 52 Ch. 719

လိန်ဟုန်ကျီက မိုဝူကျိသည် သူ့ကို မယှဉ်နိုင်ကြောင်း တွေးထား၏။ အဆင့်တူအတွင်း သူ့ကို မှီနိုင်သည့်သူ မရှိပေ။ အင်မော်တယ်ဘုရင်အဆင့်ပင် သူ့လက်အောက် ကျရှုံးရသည် မဟုတ်ပါလော။

သူက မိုဝူကျိနှင့် မဟာဧကရာဇ်များကြားမှ တိုက်ပွဲအကြောင်း စုံစမ်းစစ်ဆေးခဲ့လေရာ မိုဝူကျိ ထွက်ပြေးသွားနိုင်ခြင်းမှာ သူ့တွင် အင်မော်တယ် ဧကရာဇ်အဆင့်ရှိ အင်မော်တယ်အရုပ် ရှိနေ၍ ဖြစ်သည်။ ပို၍ အရေးကြီးသည့်အချက်မှာ အင်မော်တယ် ဧကရာဇ်များက မိုဝူကျိကို မသတ်ဘဲ အရှင်ဖမ်းလို၍ ဖြစ်၏။ သူတို့က မိုဝူကျိနှင့် တိုက်ခိုက်စဉ်က အားကုန်သုံး မတိုက်ခဲ့ပေ။ မိုဝူကျိ၏ ခန္ဓာကိုယ်မှာ အားကောင်းလွန်းလိမ့်မည်ဟု မတွေးမိဘဲ အင်မော်တယ် ဧကရာဇ်များ၏ တိုက်ခိုက်မှုကို အသုံးချ၍ တည်နေရာအက်ကြောင်း ပြုလုပ်ကာ  ထွက်ပြေးသွားခြင်းသာ ဖြစ်၏။

လိန်ဟုန်ကျီက သူ့လျှပ်စီးတူဖြင့် နောက်တဖန် ထုရိုက်လိုက်ပြန်သည်။ မိုးခြိမ်းသံများပင် လေထုထဲ ကြားယောင်လာရပြီး ငါးကီလိုမီတာ ပတ်လည်အတွင်း လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားသည်။

မိုဝူကျိက လက်ကို ဖြန့်ကာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ပြန်လည် ရိုက်လွှတ်လိုက်သည်။ သဲလှိုင်းလုံးများက လေထုအတွင်း အပြည့်ဖြစ်သွားပြီး ထိုသဲများက ချက်ချင်းဆိုသလို ပုဆိန်လှံရှည်အလင်းအဖြစ် ပြောင်းလဲသွားပြီး ငါးကီလိုမီတာအတွင်းမှ နေရာအား လွှမ်းခြုံသွားစေသည်။

“ ဘုန်း ” ကြီးကျယ်ခမ်းနားလှသော လျှပ်စီးအားများက အဆုံးမဲ့ ပုဆိန်လှံရှည်အလင်းတန်းများနှင့် ထိတွေ့ကာ လေထုအတွင်း ပေါက်ကွဲထွက်ကုန်သည်။ နက်ရှိုင်းသော ချောက်နက်ကြီးက‌ မြေပြင်ကို ထယ်ထိုးလိုက်သည့်အလား ဖြစ်ပေါ်လာကာ ခမ်းနားကြီးကျယ်သော စွမ်းအားများကလည်း လေထုအတွင်း အုပ်လွှမ်းသွား၏။

“ ဘန်း ဘန်း ဘန်း ” ပုဆိန်လှံရှည်အလင်းတန်း ဆယ်ချက်ကျော်က လျှပ်စီးကွန်ယက်ကို ဖြတ်ကျော်ကာ လိန်ဟုန်ကျီ၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်သွားပြီး သွေးတန်းများ ထွက်ပေါ်လာစေ၏။

တစ်ချိန်တည်းဆိုသလို လိန်ဟုန်ကျီက မိုဝူကျိ ခန္ဓာပေါ်သို့ ကျရောက်သွားသော လျှပ်စီးချက်များကို မြင်လိုက်ရသည်။

လိန်ဟုန်ကျီက မကျေမနပ် ပြုံးလိုက်၏။ ထိုလျှပ်စီးချက်များက မိုဝူကျိအား ဒဏ်ရာအပြင်းအထန် မရစေနိုင်မှန်း သိထားသော်လည်း သူက လျှပ်စီးချက်များကို သုံး၍ မိုဝူကျိကို တစ်လက်မစီ စုတ်ဖြဲပစ်ရမည်။

သို့သော် နောက်အခိုက်အတန့်လေး၌ လိန်ဟုန်ကျီက ကြောင်အမ်းနေမိဆဲ ဖြစ်၏။ မိုဝူကျိ၏ ပုဆိန်လှံရှည်အလင်းတန်းမှာ သူ့ခန္ဓာကိုယ်ပေါ်၌ ယာယီဒဏ်ရာတချို့ ချန်ထားနိုင်လိုက်သည်။ သို့သော်လည်း သူ့လျှပ်စီးအားများက မိုဝူကျိပေါ် ကျရောက်သွားသည့်အခါ လှိုင်းတွန့်လေးပင် ဖြစ်တည်မသွားပေ။ သူတို့က မိုဝူကျိ၏ ဝတ်ရုံကိုပင် တွန့်ကြေမသွားစေပေ။

လိန်ဟုန်ကျီ၏ မျက်ဆံများက ကျုံ့သွားလေသည်။ မိုဝူကျိက မဟာဧကရာဇ်များ၏ တိုက်ခိုက်မှုကို လမ်းလွဲနိုင်သည့် အကြောင်းအရင်းမှာ မိုဝူကျိက အားကောင်းသော  ရုပ်ခန္ဓာ ပညာရှင်တစ်ယောက် ဖြစ်နေခြင်းသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိ၏ ရုပ်ခန္ဓာမှာ ဤမျှအထိ အားကောင်းနေလိမ့်မည်ဟု မထင်မိပေ။ သူ့လျှပ်စီးကွန်ယက်ပင် အမာရွတ်တစ်ခု မဖြစ်သွားစေပေ။ သူက သူ့လျှပ်စီးကွန်ယက်မှာ မည်မျှအားကောင်းကြောင်း ကောင်းကောင်း သိထားရာ  သူ့လျှပ်စီးအား တစ်ချက်ကပင် အင်မော်တယ်ဘုရင်ပေါ်၌ ဒဏ်ရာအကြီးကြီး ချန်ရစ်ထားဖို့ရာ လုံလောက်ပေသည်။

လိန်ဟုန်ကျီ မျက်နှာထက်၌ လေးနက်သည့် အမူအယာဖြစ်တည်လာကာ သက်တူရွယ်တူအတွင်း မိုဝူကျိက သူနှင့် ယှဉ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ယခင် မိုဝူကျိ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို အသုံးပြုကာ သူ့လျှပ်စီးဓား စွမ်းအားစက်ကွင်းကို ပြန်လည် တိုက်ခိုက်ခဲ့စဉ်က သူက များများစားစား မအံ့ဩမိသေးပေ။ သို့သော် မိုဝူကျိ၏ ရုပ်ခန္ဓာမှာ မည်မျှအံ့အားသင့်ဖွယ် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည့်အခါ  သူက မိုဝူကျိအား ပြိုင်ဖက်အစစ်အမှန်အဖြစ် ယူဆလိုက်တော့သည်။

သူက လျှပ်စီးတူကို မလိုက်ပြီး ပြန်မချခင် မိုးခြိမ်းသံများ တဖန် ထွက်ပေါ်လာပြန်သည်။ လေထုမှာ ပိုမို လေးလံလာပြီး နေရတစ်ခုလုံးမှာ မိုးခြိမ်းသံကြောင့် တုန်ခါသွားဟန် ပေါ်၏။

မိုဝူကျိက လေးလေးနက်နက် ပုံ ဖြစ်လာသည်။ ယခင်ထိပ်တိုက်တွေ့ဆုံမှု၌ သူ့၏  မဟာသဲကန္တာရ တိုက်ကွက်မှာ အရေးမသာခဲ့ကြောင်း ခံစားလိုက်ရသည်။ အကယ်၍ သူက သာမာန် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် သူ့မဟာသဲန္တာရ တိုက်ကွက်မှာ တစ်ဖက်လူကို ချုပ်ထိန်းထားဖို့ရာ လွယ်ကူပေသည်။ ထို့နောက် သူ့တစ်ဖက်လူက သူ့စွမ်းအားစက်ကွင်းအတွင်း အသတ်ခံလိုက်ရမည် ဖြစ်သည်။

သို့သော်လည်း လိန်ဟုန်ကျီ၏ လျှပ်စီးကွန်ယက်မှာ သူ့မဟာသဲကန္တာရ ပုဆိန်လှံရှည်အလင်းကို အချည်းနှီး ဖြစ်သွားစေရုံသာမက သူ့စွမ်းအားစက်ကွင်းကိုလည်း ပြန်လည် တုံ့ပြန်နိုင်လေ၏။

ယခင် မိုဝူကျိက ထိုလျှပ်စီးချက်များ သူ့အပေါ် ကျလာမည်ကို တမင်သပ်သပ် ခွင့်မပြုခဲ့ခြင်း ဖြစ်၏။ သူတို့ ထိုသို့လုပ်နိုင်ခြင်းမှ သူ့စွမ်းအားစက်ကွင်းက လိန်ဟုန်ကျီ၏ လျှပ်စီးဓားစွမ်းအားစက်ကွင်းနှင့် လျှပ်စီးကွန်ယက် ပူးပေါင်းတိုက်ခိုက်မှုတို့ကို ခွဲခြားပစ်လိုက်၍ ဖြစ်သည်။

အကယ်၍ လိန်ဟုန်ကျီ၏ လျှပ်စီးကွန်ယက်က ချည်းကပ်ရုံမျှ တိုက်ခိုက်မှု ဖြစ်နေလျှင် အောက်သို့ ပြန်ကျမလာသေးသည့်  လက်ရှိ ဤတူကြီးက တကယ့်အကွက် ဖြစ်ပေလိမ့်မည်။ မြည်ဟီးနေသော  မိုးခြိမ်းသံများမှာ သဏ္ဍာန်မဲ့ကာ မသိသာပေ။ အသံတိုက်ခိုက်မှု မဟုတ်သော်လည်း လူတစ်ယောက်အပေါ် ဖိအားနှင့် အန္တာရာယ်ကို ခံစားရစေ၏။

မိုဝူကျိက တည်ငြိမ်နေဆဲ ဖြစ်၏။ လိန်ဟုန်ကျီတွင် ယုံကြည်ချက် အမြောက်အများ ရှိနေသကဲ့သို့ သူ့တွင်လည်း ကိုယ်ပိုင်မာန ရှိပေသည်။ ပြောရမည်ဆိုလျှင် သူက လူသားတာအိုကို တွေ့စဉ်ကတည်းမှ အဆင့်တူအတွင်း မရှုံးနိမ့်ဖူးသေးပေ။

သူ့လခြမ်းကွေး ပုဆိန်လှံရှည်က လေထုအတွင်း ဖြည်းဖြည်းချင်း  စက်ဝိုင်းပြတ်တစ်ခု ရေးဆွဲကာ ဖြစ်ပေါ်လာစေသည်။ ထိုစက်ဝိုင်းပြတ် ဖြစ်ပေါ်လာသည်နှင့်  လျှပ်စီးတူကြီးမှ ထွက်ပေါ်လာကာ  ဖိအားပေးနိုင်သော မိုးခြိမ်းသံများမှာ အားပျော့သွားသည်။

အဆုံးမရှိသည့် မြစ်တစ်စင်းက စီးကျလာကာ ထိုမိုးခြိမ်းသံများကြား  ရှည်လျားသည့် လေဟုန်ဆန်တက်မည့် ပုဆိန်လှံရှည်အလင်းတန်း မြစ်တစ်စင်းက ပဉ္စလက်ပြသလို ထွက်ပေါ်လာသည်။

ပုဆိန်လှံရှည်အလင်းက ထွက်ပေါ်လာသည့် ငွေရောင်မြစ်ကဲ့သို့ အားကောင်းပေသည်။ ထိုအရာက လိန်ဟုန်ကျီအား ဖုံးလွှမ်းသွားလေ၏။ ကီလိုမီတာရာချီ ဝေးကွာသည့် အင်မော်တယ်များပင်  ထိုပြင်းထန်သည့် သတ်ဖြတ်လှိုင်းများကို ခံစားမိကြသည်။ ထိုသတ်ဖြတ်ငွေ့များက ဖုံးကွယ်ထားခြင်းမရှိဘဲ အားအပြည့် ထွက်ပေါ်လာခြင်း ဖြစ်၏။

လိန်ဟုန်ကျီက တည်ငြိမ်နေဆဲ ဖြစ်၏။ ထိုအခိုက်အတန့်လေး၌  လေထုထဲမှ မိုးခြိမ်းသံမှာ ပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာသည်မှာ ကောင်းကင်ဘုံကို ဖြိုနိုင်စွမ်း ရှိသော လျှပ်စီးတူကြီး တစ်လက် ဆင်းသက်လာခြင်း ဖြစ်ပေသည်။

တိုက်ပွဲကို အဝေးမှ လေ့လာနေကြသည့် အင်မော်တယ်များက ထိုတူကြီး ဆင်းသက်လာသောကြောင့်  ပြင်းထန်လှသော ဖိအားများကို ခံစားလိုက်ကြရသည်။ အများစုမှာ သွေးများပင် အန်ကုန်ကြပြီး ချက်ချင်း နောက်ဆုတ်ကုန်သည်။ သူတို့စွမ်းဆောင်ရည်ဖြင့် ထိုသို့တိုက်ပွဲမျိုးကို ကြည့်ဖို့ရာပင် အရည်အချင်း မပြည့်မှီပေ။

လိန်ဟုန်ကျီက တည်ငြိမ်သည့် အမူအယာရှိနေရုံသာမက သူ့မျက်ဝန်းများမှာလည်း ရေသေကဲ့သို့ ငြိမ်သက်နေသည်။ အဆင့်တူအတွင်း သူ့၏ သုံးသောင်းအလေးချိန်ရှိ လျှပ်စီးတူကြီးကို ခုခံနိုင်သည့် ပြိုင်ဖက် မရှိဖူးချေ။

မိုဝူကျိက မဟာလော့ရှန်းအဆင့်မျှသာ ရှိသေးသည့်အကြောင်းကို ထည့်ပြောဖို့ရာပင် မလိုပေ။ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် ဖြစ်နေလျှင်ပင် သူ့တူကြီးအောက်၌ သေဆုံးရုံသာ တတ်နိုင်လိမ့်မည်။

သူက မိုဝူကျိ၏ ပုဆိန်လှံရှည် မြစ်တိုက်ကွက်မှာ အလွန်ကြောက်ဖို့ကောင်းကြောင်း အသိမှတ်ပြုပေသည်။ သို့သော် ထို့ထက် ပိုကောင်းနေလျှင်ပင် သူ့သုံးသောင်းအလေးချိန်ရှိ တူကြီးနှင့် မယှဉ်နိုင်သေးပေ။

ကောင်းကင်တစ်ခုလုံးမှာ ချက်ချင်းဆိုသလို မှိန်ကျလာကာ မိုးခြိမ်းသံများနှင့် တဖန်ပြည့်နှက်သွားလေ၏။ တစ်ချိန်တည်းဆိုသလို ပုဆိန်လှံရှည်အလင်းတန်းမှာလည်း မျက်စိကျိန်းလုမတတ် ပို၍ပင် တောက်ပလာသည်။

နောက်ဆုံး၌  စီးကျလာသည့် မြစ်နှင့် ထိုကြောက်မက်ဖွယ်တူကြီးနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

“ ဘုန်း ဘုန်း ဘုန်း ”

“ ဝုန်း ”

ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွားတော့မတတ် ခံစားလိုက်ရသည်။

ထိုစဉ် လေဟုန်ဆန်မြစ် တိုက်ကွက်မှာ တစစီ ကြေမွသွားကာ ပုဆိန်လှံရှည်အလင်း သန်းပေါင်းများစွာအဖြစ် ပေါက်ကွဲသွားသည်။ လျှပ်စီးတူကြီးမှာ ဆက်၍ ဆင်းသက်လာလေ၏။

မိုဝူကျိက ချက်ချင်းဆိုသလို သွေးအန်လိုက်ရပြီး သူ့လေဟုန်ဆန်မြစ် တိုက်ကွက်က တစ်ဖက်လူ၏ တူကြီးအား ခုခံမပေးနိုင်ပေ။ မိုဝူကျိ စိတ်ထဲ၌ တုန်လှုပ်လာသော်လည်း သူ့စိတ်ထဲမှ မီးတောက်မှာ ပိုမို ပြင်းထန်သည့် အားအဖြစ် လောင်ကျွမ်းသွားသည်။

သူ စတင်ကျင့်ကြံစဉ်ကတည်းမှ လိန်ဟုန်ကျီကဲ့သို့သော  ပါရမီရှင်နှင့် မတွေ့ဖူးသေးပေ။ လိန်ဟုန်ကျီက သူ့နှင့် ကျင့်ကြံဆင့် တူသလို ဤသို့ အံ့အားသင့်ဖွယ် နည်းလမ်းလည်း ရှိနေသေး၏။ ဤသို့မျိုး လူနှင့် တိုက်ခိုက်ရသည်မှာ အမှန်တကယ် အဓိပ္ပါယ်ရှိ၏။

လိန်ဟုန်ကျီက သူ့သွေးများကို လည်ချောင်းအတွင်း အတင်းပြန်မျိုချလိုက်သည်။ သူလည်း ညီတူညီမျှ အံ့အားသင့်မိနေသည်။ သူက မိုဝူကျိ၏ လေဟုန်ဆန်မြစ်သည် အကောင်းဆုံး တိုက်ကွက် မဟုတ်သေးကြောင်း မသိသော်လည်း သူ့သုံးသောင်းအလေးချိန်ရှိ  လျှပ်စီးတူကြီးမှာ သူ့အကောင်းဆုံးတိုက်ကွက်ထဲက ဖြစ်ကြောင်း ကောင်းကောင်း သိထားသည်။

သူ တွေးထားသည့်အတိုင်း လျှပ်စီးတူကြီးက မိုဝူကျိ၏ လေဟုန်ဆန်မြစ်ကို ဖျက်စီးပြီးနောက် အရှိန်နှေးကျမသွားဘဲ မိုဝူကျိအပေါ် ဆက်တိုက် ကျရောက်လာကာ အပိုင်းပိုင်း အစစ ဖြစ်သွားစေလိမ့်မည်။

ဒါပေမဲ့ သူ ဘာမြင်လိုက်ရတာလဲ  ….

သူ့လျှပ်စီးတူကြီးက မိုဝူကျိ၏ လေဟုန်ဆန်မြစ်ကို ဖျက်စီးလိုက်နိုင်သော်လည်း ထိုအခိုက်အတန့်လေး၌ ဖြည်းဖြည်းချင်း ပြန်ကျလာသည်။ ထိုအချိန်လေးအတွင်း သူ့သုံးသောင်းအလေးချိန်ရှိ တူကြီးမှ ပိတ်လှောင်ထားသော နေရာ၌  အက်ကြောင်းတစ်ခု ပေါ်လာကာ ထိုအက်ကြောင်းလေးက မိုဝူကျိအနေနှင့် ထွက်ပြေးဖို့ရာ လုံလောက်ပေသည်။

လိန်ဟုန်ကျီသည် ယခု ဖြစ်နေသလောက် ပြင်းထန်သည့် သတ်ဖြတ်ငွေ့မျိုး တစ်ခါမှ မခံစားဖူးပေ။ ယနေ့ မိုဝူကျိကို သေချာပေါက် အဆုံးသတ်ပစ်ရမည်။

သာမာန်ပုံစံရှိသော ဓားရှည်တစ်ချောင်းက လိန်ဟုန်ကျီလက်ထဲ ပေါ်လာသည်။ ဓားရှည်က စတင်၍ အလင်းဖြူဖြူများ ထွက်ပေါ်လာသည်။ လိန်ဟုန်ကျီသည် မိုဝူကျိအနေနှင့် သေချာပေါက် နောက်ဆုတ်မည် ဖြစ်ကြောင်း သေချာခန့်မှန်းထားသည်။ မိုဝူကျိ နောက်ဆုတ်လိုက်သည်နှင့် သူ့ဓားရှည်က မိုဝူကျိအား တစစီ ဖြစ်သွားစေလိမ့်မည်။

တျန်းဂျီဓားလား ….

လိန်ဟုန်ကျီ တစ်ယောက် ဓားရှည် ထုတ်လိုက်သည်နှင့် မိုဝူကျိ မျက်ဝန်းထဲမှ အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက တျန်းဂျီဓားရှည်မှ အငွေ့အသက်များကို ခံစားမိနေသည်။

သို့သော်လည်း လိန်ဟုန်ကျီက တျန်းဂျီဓားကို ထုတ်သည် ဖြစ်စေ၊ မထုတ်သည် ဖြစ်စေ အရေးမကြီးပေ။ မိုဝူကျိက တစ်ဖက်လူကို လွှတ်ပေးရန် မရည်ရွယ်ထားပေ။ သူက လေဟုန်ဆန်မြစ်မှာ တစ်ဖက်လူထက် ဆိုးရွားနေသည်ဟု မတွေးမိပေ။ အကြောင်းမှာ လေဟုန်ဆန်မြစ် တိုက်ကွက်အပေါ် သူ့နားလည်မှုမှာ မနက်ရှိုင်းသေး၍သာ ဖြစ်၏။

သူ့လေဟုန်ဆန်မြစ် တစစီ ဖြစ်ပြီး ပျောက်ကွယ်သွားသောကြောင့် လိန်ဟုန်ကျီအား  ဆက်လက် မောက်မာခွင့် မည်သို့ ပေးထားနိုင်မည်နည်း။ သူက မလှုပ်ရှားဘဲ ကျရောက်လာသော သုံးသောင်းအလေးချိန်ရှိ တူကြီးအား  ကြည့်ကာ  လက်သီးတစ်ချက် ထိုးခွင်းလိုက်သည်။

စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက် ….

ထိုလက်သီးချက်တွင် သူ့ကိုယ်ပိုင် စွမ်းအားစက်ကွင်း ရှိပေသည်။

မိုဝူကျိက သူ့လက်သီးချက်မှာ တစ်ဖက်လူ၏ တူကြီးကို  အနိုင်မယူနိုင်လိမ့်မည်ဟု မယုံပေ။

လိန်ဟုန်ကျီက မိုဝူကျိ နောက်မဆုတ်ကြောင်း မြင်သောအခါ ချက်ချင်းဆိုသလို ဝမ်းသာသွားသည်။ ထို့နောက် မိုဝူကျိက သူ့တူကြီးအား ရင်ဆိုင်ရန် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်ကို မြင်လိုက်ရသည့်အခါ ရယ်မောမိသွား၏။

မိုဝူကျိ နာမည်မှာ မည်မျှ အံ့အားသင့်ဖို့ ကောင်းနေစေကာမူ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်ဖြစ် သို့မဟုတ် ကြယ်တာရာဘုရင်တောင်၏ ကြယ်တာရာသခင်ပဲ ဖြစ်ဖြစ် အရေးမပါတော့ပေ။ မိုဝူကျိက ထိုမျှအထိ မတုံးအသင့်ပေ။ သို့သော် ယနေ့၌ မိုဝူကျိက အမှန်တကယ် ဉာဏ်မရှိသော လုပ်ရပ်ကို ပြုလုပ်ခဲ့သည်။ သူက ဟာသတစ်ခုလို ရယ်မောရုံကလွဲပြီး မတတ်နိုင်ပေ။ သူက မိုဝူကျိ၏ ရုပ်ခန္ဓာမှာ မည်မျှအားကောင်းစေကာမူ မိုဝူကျိအနေနှင့် သူ့သုံးသောင်းအလေးချိန် တူကြီးအား  လက်သီးတစ်ချက်တည်းနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။

မိုဝူကျိက လိန်ဟုန်ကျီ၏ ရယ်မောသံကို ဂရုမစိုက်ပေ။ သူ့စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်၌ ထိုတူကြီးပေါ် ကျရောက်လာသော အင်မော်တယ်ဝိညာဉ်စွမ်းအားများကို စုပ်ယူထားသည့်  အင်မော်တယ် စွမ်းအားစက်ကွင်း ပါရှိနေသည်။

“ ဘုန်း ….”  ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ယခင် လျှပ်စီးတူကြီးက မိုဝူကျိ၏‌ လေဟုန်ဆန်မြစ်ကို  ဖျက်စီးသွားစေသကဲ့သို့ လျှပ်စီးတူကြီး ဘေးပတ်လည်ရှိ ကခုန်နေသော လျှပ်စီးများက ချက်ချင်းဆိုသလို တစစီ ကြေမွသွားတော့သည်။

လျှပ်စီးတူကြီးအတွင်းမှ အင်မော်တယ်ဝိညာဉ်စွမ်းအားများမှာ မိုဝူကျိ၏ လက်သီးချက်ကြောင့် လွှင့်စင်သွားကာ  ထိုလျှပ်စီးတူကြီးအား အလျှင်အမြန် ကျုံးသွားစေ၏။

ချက်ချင်းဆိုသလို လိန်ဟုန်ကျီက သူ့အတွင်းအင်္ဂါများမှာ အထဲတွင် ပေါက်ပြဲထွက်ကုန်သလို ခံစားလိုက်ရသည်။ သူက တန်ပြန်အားကို ခုခံနိုင်စွမ်း မရှိတော့ပေ။ မိုဝူကျိကဲ့သို့ သူလည်း သွေးအန်လိုက်ရတော့သည်။ သူ့တစ်ကိုယ်လုံးမှာ နောက်သို့ လွှင့်စင်သွား၏။

သူက လွှင့်စင်သွားရင်း သူ့သုံးသောင်းအလေးချိန်ရှိ  လျှပ်စီးတူမှာ မိုဝူကျိ၏ လက်သီးချက်ကြောင့် တစစီ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။

ထိုစဉ် လိန်ဟုန်ကျီ၏ နှလုံးသား၌ အံ့ဩမှုနှင့်အတူ တုန်လှုပ်မှုပါ ကြီးစိုးနေသည်။ သူက ယခင်ကဲ့သို့ ယုံရခက်နေသည့် ခံစားချက်မျိုး မရှိတော့ပေ။ သူက သူ့လျှပ်စီးတူကြီးကို  လက်သီးတစ်ချက်တည်းဖြင့် တစစီ ဖြစ်သွားအောင် လုပ်ပစ်နိင်သည့် လူကို မတွေ့ဖူးသေးပေ။

မိုဝူကျိရဲ့ ရုပ်ခန္ဓာက ဘယ်လောက်တောင် အားကောင်းနေတာလဲ …..

“ ဘန်း …” လိန်ဟုန်ကျီက သူ့ကိုယ်သူ ထိန်းနိုင်လိုက်၏။ သူက လျှပ်စီးတူကို လက်ထဲ ပြန်ယူထားလိုက်သည်။ သူက မိုဝူကျိကို ချက်ချင်း မတိုက်ခိုက်သေးဘဲ  တအံ့တဩ ကြည့်လိုက်သည်။ မိုဝူကျိသည် သူ့ထက် အားနည်းခြင်း မရှိကြောင်း ပထမဆုံးအကြိမ် ခံစားမိလိုက်ခြင်း ဖြစ်၏။ အမှန်အတိုင်းဆိုရလျှင် မိုဝူကျိက သူ့ထက် အနည်းငယ် အားပိုကောင်းနေသေး၏။

မိုဝူကျိနှင့် သူ့ကြားရှိ နေရာမှာ လျိုစောက်သဖွယ် ဖြစ်နေလေပြီ။

မိုဝူကျိက ပါးစပ်ထောင့်မှ သွေးများကို သုတ်ပစ်လိုက်သည်။ သူက လက်ဝါးကို ဖြန့်လိုက်သည်နှင့် ပုဆိန်လှံရှည်က သူ့လက်အတွင်း ပေါ်လာသည်။ သူက လိန်ဟုန်ကျီအား စိုက်ကြည့်ရင်း  ပုဆိန်လှံရှည်အား နောက်တဖန် ဝှေ့ယမ်းလိုက်သည်။

လိန်ဟုန်ကျီက အရမ်းကို အံ့ဩဖို့ ကောင်းလွန်းသည်။ အကယ်၍ ဖြစ်နိုင်ပါက သူက လိန်ဟုန်ကျီကို ဤနေရာတွင် သတ်ပစ်ချင်မိသည်။ ထို့ကြောင့် သူ့အတွင်းအင်္ဂါများ ထိခိုက်နေလျှင်ပင် မိုဝူကျိက နေဝင်ဓားချက် ထုတ်ဖော်ဖို့ရာ တုံ့ဆိုင်းမနေပေ။ အကယ်၍ သူ့နေဝင်ဓားချက်က လိန်ဟုန်ကျီအား မသတ်နိုင်ခဲ့လျှင် သူ့တွင် နောက်ဆုံးတိုက်ကွက် ကျန်နေသေးသည် မဟုတ်ပါလော။

သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ ကုန်ခမ်းသွားပြီ ဖြစ်သော်လည်း သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ သိုလှောင်ရေး လမ်းကြောင်းတို့ ရှိနေသေး၏။ သူက လိန်ဟုန်ကျီအား အပြီးမသတ်နိုင်ကြောင်း မယုံပေ။

လိန်ဟုန်ကျီက ဘေးပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ လေထုထဲ၌ ခြောက်ကပ်လာပြီး အဆုံးသတ်သွားတော့မလို ခံစားလိုက်ရသည်။ ကောင်းကင်ယံ၌ နေမင်း မရှိနေသော်လည်း နေဝင်သွားသလို ခံစားလိုက်ရသည်။ သူ့ဘဝမှာလည်း ထိုနေဝင်ခြင်းနှင့်အတူ ချည်နှောင်ခံထားရသလို ခံစားလာရပြီး နေဝင်သွားသည်နှင့် သူ့ဘဝသည်လည်း ပြီးဆုံးသွားလိမ့်မည်။

လိန်ဟုန်ကျီက ထိုအရာမှာ ပုံရိပ်ယောင်တစ်ခု ဖြစ်ကြောင်း သိသည်။ မိုဝူကျိက အားအရမ်းကောင်းသော်လည်း သူ့ကို သတ်နိုင်ဖို့ရာအထိ အားမကောင်းသေးပေ။ သို့သော်လည်း သူက ဆက်လက်၍ မတိုက်ခိုက်ချင်တော့ပေ။ သူ့အနေနှင့် မိုဝူကျိကို မသတ်နိုင်ကြောင်း သိနေလေ၏။

“ တစ်ရက်ကျ ငါ လိန်ဟုန်ကျီက မင်းကို ကိုယ်တိုင် သတ်ပစ်မယ် ” ထိုသို့ပြောပြီးနောက် လိန်ဟုန်ကျီ၏ ပုံရိပ်မှာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ပြန်သိမ်းထားလိုက်၏။ သူက လိန်ဟုန်ကျီနောက် ဆက်မလိုက်ပေ။ လိန်ဟုန်ကျီက ထွက်ပြေးဖို့ရာ အာရုံစိုက်ထားသရွေ့ သူ့အနေနှင့် လိန်ဟုန်ကျီကို သတ်နိုင်မည် မဟုတ်ပေ။

All Chapters