စုန့်ခုနစ် သို့မဟုတ် စုန့်ကိုး
Vol. 14 Ch. 191
“မင်း ဘာလို့ လာခဲ့တာလဲ”
လုဟောင်က ဟန်မူယဲ့အား မေးသည်။
“ဒီနေရာက စိတ်လှုပ်ရှားစရာ ကောင်းတယ်လေ။ တစ်ခေါက်လောက်တော့ လာကြည့်ရမှာပေါ့”
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
လုဟောင်က ခေါင်းညိတ်သည်။ သူက စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သိပ်မဝေးသောနေရာမှ ငိုရှိုက်သံတချို့အား ကြားရသည်။
လုဟောင် သက်ပြင်းချကာ ဘာမှ မပြောတော့ပါ။
ဖုန်းရှို့တောင် ကျဆုံးသွားခြင်းက အနောက်ဘက်ကုန်းမြေအား ကြီးမားစွာ ထိခိုက်စေခဲ့သည်။
ရုတ်တရက် လုဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားကာ သူ ပြန်ပေါ်လာသောအခါ ပေတစ်ရာကျော်ခန့် အဝေးသို့ ရောက်နေပြီ ဖြစ်သည်။
ဝုန်း…
ဓားအလင်းတစ်ခု ကျဆင်းလာ၏။ လုဟောင်က လက်ကို မြှောက်ကာ ထိုဓားအလင်းအား ပယ်ဖျက်လိုက်သည်။
“လုချန်းကျီ… ဒါ ဘာသဘောလဲ”
လုဟောင်၏ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ထကြွလာသည်။
လေထဲတွင်ကား အစိမ်းရောင်ဝတ်ထားကာ မုတ်ဆိတ်ရှည်အဖိုးကြီးတစ်ဦး ဓားရှည်တစ်လက်ဖြင့် ဒေါသတကြီး ကြည့်နေသည်။
“ကျုပ် ဘာသဘောလဲ ဟုတ်လား”
အဖိုးအိုက လုဟောင်အား ဒေါသတကြီး ပြောသည်။
“မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စစ်ကူပို့ဖို့ အချိန်ဆွဲနေတာကြောင့် မဟုတ်ရင် ဖုန်းရှို့တောင် ကျဆုံးသွားပါ့မလား”
“ဖုန်းရှို့တောင်သာ မကျဆုံးခဲ့ရင်… ငါ့ မြေးလေးလည်း…”
အဖိုးအို၏စကားတွင် အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှုများ ပါဝင်နေသည်။
လုဟောင်၏မျက်နှာ ပျော့ပြောင်းသွားကာ သူက တီးတိုးပြောသည်။
“တာအိုရောင်းရင်းလု… ကျုပ် စိတ်မကောင်းပါဘူး”
လုဟောင်နှင့် သိပ်မဝေးသော နေရာတွင် ရပ်နေသော ထန်ချီသည် ခေါင်းငုံ့ထားသည်။ သူ၏မျက်နှာက ပျက်နေကာ မည်သည့်စကားမှ မဆိုရဲချေ။
လီသုံး၊ စုန့်ကိုးနှင့် တခြားလူများသည်လည်း လုဟောင်၏နောက်ထံသို့ လှမ်းသွားကာ ရပ်လိုက်ကြသည်။
“ကောင်းတယ်… ကောင်းတယ်… မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စည်းလုံးတယ်ပေါ့။ မင်းတို့က လှည့်ကွက်တွေ သုံးဖို့တော့ တတ်တယ်”
အဖိုးအိုက အံကြိတ်ကာ လုဟောင်အား ကြည့်သည်။
“ဒီလိုဆိုမှတော့ ကျုပ်တို့ တော်ဝင်ဝိညာဉ်ဓားဂိုဏ်းက ဆုတ်ခွာတော့မယ်”
“မင်းတို့ပဲ ဒီနေရာကို ကာကွယ်ကြတော့”
အဖိုးအိုက ပြောပြီးသည်နှင့် နောက်လှည့်ကာ ပျံသန်းသွားသည်။
လုဟောင်၏အမူအရာ ပြောင်းလဲသွားသည်။
“လုချန်းကျီ… မင်းတို့ တော်ဝင်ဝိညာဉ်ဓားဂိုဏ်းက ထွက်ပြေးတော့မလို့လား”
မုတ်ဆိတ်ဖြူအဖိုးကြီး ပေတစ်ထောင်အဝေးသို့ ပျံသန်းသွားသောအချိန်၌ပင် အသံတစ်သံအား ကြားရသည်။ ထို့နောက် အစိမ်းရောင်တောင်ကုန်းတစ်လုံးသည် အဖိုးအို၏ရှေ့၌ ထွက်ပေါ် ပိတ်ဆို့ထာ၏။
“ယန်တင်းရှန်…”
အဖိုးအို၏အမူအရာက ပြောင်းလဲသွားကာ ထပ်မံ ထွက်ပြေးခြင်း မပြုတော့ပေ။ တောင်ကုန်းကြီးသည် မုတ်ဆိတ်ဖြူအဖိုးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ သူသည် အနက်ရောင်ဝတ်စုနှင့် နောက်ကျော၌ ဓားကြီးတစ်လက်အား လွယ်ပိုးထားသည်။
အလင်းတောင်ကုန်းဓားဂိုဏ်းခေါင်းဆောင် ယန်တင်းရှန်။
ယန်မင်ရွှမ်၏အဖိုး။
ယန်တင်းရှန်၏အေးစက်တင်းမာသော အကြည့်သည် လုချန်းကျိထံသို့ ကျဆင်းလာသည်။
“ခင်ဗျား တကယ် ထွက်သွားမှာလား”
သူ့စကားနောက်တွင် မမြင်ရသော ဖိအားများ စုစည်းလာနေသည်။
တောင်ကုန်းတစ်လုံးသည် ခေါင်းပေါ်၌ ရှိနေကာ အချိန်မရွေး သက်ဆင်းလာနိုင်သည့်အလား…
လုချန်းကျီသည် အံကြိတ်ကာ ယန်တင်းရှန်အား စိုက်ကြည့်သည်။
ယန်တင်းရှန်၏အမူအရာက ပြောင်းလဲခြင်း မရှိပါ။
အတန်ကြာလျှင် လုချန်ကျီသည် နှာမှုတ်ကာ နောက်လှည့်သွားသည်။
လုချန်းကျီ ထွက်သွားခြင်းမရှိသည်ကို မြင်လျှင် လုဟောင်က ယန်တင်းရှက်အား လက်နှစ်ဖက်ဆုပ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယန်”
ယန်တင်းရှန်က ခေါင်းညိတ်ကာ ဟန်မူယဲ့အား ကြည့်သည်။ ထို့နောက် သူသည် အဝေးကို ပြေးလွှားပျောက်ကွယ်သွား၏။
ယန်တင်းရှန် ထွက်သွားသည်ကို မြင်လျှင် ဘေးနားတွင် ရပ်နေသော ထန်ချီက လုဟောင်အား ဦးညွှတ်သည်။
“ကျေးဇူးပါ အကြီးအကဲ…”
လုဟောင် ပြန်မပြောပေ။ သူသည်လည်း အဝေးကို ထွက်သွားသည်။
ထန်ချီ မျက်နှာပျက်သွားကာ တခြားလူများအား ကြည့်သည်။
လီသုံးက သူ့အား ကြည့်ကာ အေးစက်စွာ ပြောသည်။
“ရှင်က ဓားသမားတစ်ယောက် မဖြစ်သင့်ဘူး”
ထို့နောက် လီသုံးလည်း အဝေးကို ထွက်သွား၏။
တခြားလူများကလည်း ထန်ချီအား တစ်ချက်မျှပင် မကြည့်ဘဲ ထွက်သွားကြသည်။
ဟန်မူယဲ့က သူ့ဘေးမှ ဖြတ်သွားသော ဝတ်စုံဖြူလူငယ်အား ကြည့်ကာ တီးတိုးပြောသည်။
“အစ်ကိုကိုး… ဒီတစ်ခေါက်…”
လူငယ်က ရပ်လိုက်သည်။ သူက နောက်မလှည့်ဘဲ ပြောသည်။
“ငါက ခုနစ်ပဲ…”
“အစ်ကိုကိုးနဲ့ အစ်ကိုတစ်ဆယ်တို့ ဆုံးသွားပြီ”
ထို့နောက် သူသည် တောအုပ်အစပ်နားသို့ သွားထိုင်ကာ သစ်ပင်တစ်ပင်ကို ကျောမှီလျှက် မျက်လုံးများကို မှိတ်ထားသည်။
စုန့်ကိုးနှင့် လုတစ်ဆယ်တို့ သေဆုံးသွားပြီ ဖြစ်သည်။
ဟန်မူယဲ့၏စိတ်နှလုံး၌ ဝမ်းနည်းသော ခံစားချက်ကြီး ဖြစ်လာသည်။
လုတစ်ဆယ်။
အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ သားရဲများမှ လွဲ၍ တစ်ခါမှ လူများကို မသတ်ဖြတ်ဖူးသော လူငယ်တစ်ယောက်။
လျှို့ဝှက်နယ်မြေ၌ လုတစ်ဆယ်သည် အမြဲတမ်းအားဖြင့် သူ့ညီအစ်ကိုများကို အသားကင်ကျွေးလေ့ရှိသူ။
သူကား သေဆုံးသွားချေပြီ။
ဟန်မူယဲ့က နောက်လှည့်ကာ သစ်ပင်အောက်တွင် ထိုင်နေသော စုန့်ခုနစ်အား ကြည့်သည်။
ယခု သူသည် စုန့်ကိုးဖြစ်သွားပြီ ဖြစ်သည်။
သူသည် စုန့်ခုနစ်ဖြစ်ကြောင်း ဟန်မူယဲ့ သိ၏။
သို့သော်လည်း သူသည် စုန့်ကိုးအဖြစ် မိမိကိုယ်ကို ခံယူလိုက်သည်။
အကြောင်းကား သူက စုန့်ကိုးကိုသာ သေစေလိုကာ စုန့်ခုနစ်အား အသက်ဆက်ရှင်စေလို၏။
“ဟန်မူယဲ့… ဒါက မင်းလိုချင်တာလား”
သူ့နောက်တွင် ထန်ချီ၏အသံကို ကြားရသည်။
သူ၏အသံတွင်ကား ကြီးမားသော အမုန်းတရားများ ပါဝင်နေ၏။
“နဂိုက ငါ့အစီအစဉ်အားလုံးက ပြည့်စုံတယ်”
“ငါက တိမ်မြုံတိုက်ပွဲကို အဆုံးသတ်နိုင်တယ်”
“အခု… ဟားဟား… လူတိုင်း ဒီနေရာမှာ သေသွားတော့မယ်”
ထန်ချီက အံကြိတ်ကာ ဟန်မူယဲ့အား ကြည့်သည်။
“မင်းရဲ့ဓားသိုင်းက ကောင်းတယ်ဆိုတာနဲ့ လုံလောက်ပြီလို့ ထင်လား”
“ဆရာကြီးထူစွန်းရှစ်ရဲ့ဓားသိုင်းလည်း ကောင်းတာပဲ။ ဒါပေမဲ့ သူလည်း နောက်ဆုတ်ပြီးတော့ တိမ်မြုံကမ်းပါးမှာ ခုခံရတာပဲမလား”
“သူ့ဓားသိုင်းက ကောင်းတယ်. ဒါပေမဲ့ သူက လူဘယ်နှစ်ယောက်ကို ကယ်တင်နိုင်မှာလဲ”
ဟန်မူယဲ့၏အကြည့်က ထန်ချီ၏လည်ပင်းပေါ်သို့ ကျဆင်းလာသည်တွင် သူ့တစ်ကိုယ်လုံးအား အေးစက်သွားစေသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ နောက်လှည့်လွက်လာခဲ့သည်။
သူ၏ဓားသိုင်းက မကောင်းပါ။ သို့တိုင်အောင် တခြားလူများအပေါ် အကွက်ဆင်လိုသေးသည်။
အဓိပ္ပာယ်မရှိလှပါ။
ဟန်မူယဲ့၏လျစ်လျူရှုခြင်းက ထန်ချီ၏မျက်နှာအား အရုပ်ဆိုးစေသည်။
သူက အံကြိတ်ကာ တောအုပ်ထံသို့ လှမ်းကြည့်၏။
ထိုနေရာတွင် အနက်ရောင်ချပ်ဝတ်ဖြင့် အဖိုးအိုတစ်ဦးက သူ့အား ခေါင်းညိတ်ပြသည်။
သူက တွန့်ဆုတ်ခြင်းမရှိဘဲ ထိုနေရာသို့ လှမ်းသွားသည်။
“စီနီယာအစ်ကိုဟန်…”
“စီနီယာအစ်ကိုဟန်…”
ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ စုဝေးရာနေရာသို့ လှမ်းသွားလျှင် လူအများအပြားက သူ့ကို ခေါ်ဆိုနှုတ်ဆက်ကြ၏။
ဟန်မူယဲ့ကလည်း ပြန်လည်ခေါင်းညိတ်ပြသည်။
သူတို့အများစုသည် ဓားစံအိမ်တွင် ဓားလက်ခံဖူးကြ၏။
အတော်များများမှာ ဟန်မူယဲ့ထံတွင် လမ်းညွှန်ပြသမှု ခံယူဖူးသည်။
“စီနီယာ… စီနီယာအစ်ကိုဟန်…”
မျက်နှာဖျော့တော့နေသော စွန်းတယုံသည် ထရပ်ရန် ကြိုးစားသည်။
သူ၏ရင်ဘတ်ကား သွေးအလိမ်းလိမ်းကပ်နေ၏။
ဟန်မူယဲ့က လက်ဆန့်တန်းကာ သူ၏ပုခုံးကို ဖိလျှက် တားလိုက်သည်။ ထို့နောက် သူ၏လက်တွင် ဆေးလုံးတစ်လုံး ပေါ်လာသည်။
“ဒီဆေးလုံးကို သောက်လိုက်… မင်း ဒဏ်ရာတွေ မြန်မြန်သက်သာလိမ့်မယ်”
ဆေးလုံးကား ဒဏ်ရာသက်သာစေသော အဌမတန်းစားဆေးလုံးတစ်မျိုး ဖြစ်သည်။
စွန်းတယုံက ဆေးလုံးကို ကိုင်ကာ တွန့်ဆုတ်နေပြီးမှ တီးတိုးပြောသည်။
“စီနီယာအစ်ကိုဟန်… ဒီဆေးလုံးကို စီနီယာအစ်ကိုကျောက်ယိုကျစ်ကို ပေးပေးပါလား”
သူက ပြောသည်။
“စီနီယာအစ်ကိုကျောက် လက်တစ်ဖက် ဆုံးရှုံးသွားတယ်”
“ညာလက်…”
ကျောက်ယိုကျစ်။
အမှန်တရားကို ချစ်မြတ်နိုးသော အတွင်းစည်းဂိုဏ်းသား။
ဟန်မူယဲ့က သူ့အား ဘယ်လက်ဖြင့် ဓားသိုင်းလေ့ကျင့်ရန် အကြံပေးခဲ့ဖူးသည်။
ဟန်မူယဲ့က စွန်းတယုံ၏ပုခုံးကို အသာပုတ်ကာ ပြောသည်။
“ဒီဆေးလုံးကို စားလိုက်။ မင်း ဒဏ်ရာကို အရင်သက်သာအောင် လုပ်ပါ”
ထို့နောက် သူက ရှေ့ကို လှမ်းသွားလိုက်သည်။
သူက ရွက်ဖျင်တဲတစ်လုံးရှေ့သို့ ရောက်သောအခါ ကျန်းဟန်နှင့် တခြားတပည့်များ သူ့ကို ကြိုဆိုကြသည်။
“ကျောက်ယိုကျစ် အခြေအနေ ဘယ်လိုလဲ”
ဟန်မူယဲ့က မေးသည်။
“စီနီယာအစ်ကိုကျောက် သတိလစ်နေတုန်းပဲ။ သူ့အတွင်းဒဏ်ရာက သိပ်မဆိုးဝါးဘူး။ ဒါပေမဲ့…”
ကျန်းဟန်က ခေါင်းယမ်းသည်။
ဟန်မူယဲ့ တဲထဲကို ဝင်လာလျှင် အတွင်း၌ လဲလျောင်းနေသော ကျောက်ယိုကျစ်အား မြင်သည်။
သူ၏ညာလက်ကား မရှိတော့ပါ။
ဟန်မူယဲ့က ရှေ့ကို တိုးသွားကာ ဆေးလုံးတစ်လုံးကို ထုတ်ယူလျှက် ကျောက်ယိုကျစ်၏ပါးစပ်ထဲကို ထည့်လိုက်သည်။
“သူ နိုးလာရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ပြန်ပို့လိုက်ပါ”
ဟန်မူယဲ့က ကျန်းဟန်တို့အား ကြည့်ကာ ပြောသည်။