ထွက်ပြေးမှာလား၊ သေမှာလား
Vol. 52 Ch. 721
ကူးဖေးယီ၏ စိတ်ထဲ အေးစက်သွားကာ မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ စတင်ကျင့်ကြံကတည်းက ရှိလာခဲ့သော ယုံံကြည်မှုတို့မှာလည်း တစစီ ကြေမွကုန်တော့သည်။
သူက သေခြင်းတရားကို ကြောက်ရွံ့၍ မဟုတ်ဘဲ ကူကယ်ရာမဲ့ ခံစားချက်က သူ့အား လွှမ်းခြုံထား၍ ဖြစ်သည်။
သူက မဟာလော့ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးသည် လူတစ်ယောက် လက်ထဲ၌ ကြက်လေးတစ်ကောင်ကဲ့သို့ သေဆုံးသွားရတော့မည်။ အင်အားချင်းကွာခြားမှုကား သူ့အတွက် လက်ခံရန် အလွန်ခက်ခဲနေပေ၏။
အင်မော်တယ်ဘုရင်အဆင့်များကို ကျိုးပျက်ကမ္ဘာလေးလွှာမြောက်အတွင်း ဝင်ခွင့်မပြုထားပေ။ ဆိုလိုသည်မှာ သူ့စွမ်းအားစက်ကွင်းကို အလွယ်လေး ဖျက်စီးနိုင်သော ထိုသူမှာ အများဆုံး မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်သာ ဖြစ်ပေလိမ့်မည်။ အဆင့်တူအတွင်း များစွာ အားနည်းနေခြင်းမှာ သူ့ယုံကြည်ချက်များ မည်သို မပျက်သုန်းဘဲ နေမည်နည်း။
“ ဘန်း ” အင်မော်တယ်စွမ်းအားများကို အားပြင်းစေလိုက်သည်နှင့် မိုဝူကျိက ကူးဖေးယီ၏ တစ်ကိုယ်လုံးကို သွေးမြူအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ကူးဖေးယီက မျှော်လင့်တကြီး ထားမိသေး၏။ သူ သေဆုံးသည်နှင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က ဝိညာဉ် အမှတ်အသားပြားထံ နောက်ဆုံးမြင်ကွင်းကို ချက်ချင်း တဆင့် ပို့ဆောင်ပေးနိုင်လိမ့်မည်။ တစ်ဖက်လူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်နေလျှင်ပင် ထိုမြင်ကွင်းကို ပို့ပေးနိုင်ဦးမည် ဖြစ်၏။ ကံဆိုးစွာဖြင့် မိုဝူကျိက ထိုအခွင့်အရေးကို မပေးခဲ့ပေ။ မိုဝူကျိက အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်သော်လည်း သူ့နည်းလမ်းများမှာ ထိုထက် ပိုကြောက်ဖို့ ကောင်းပေသည်။
“ အစ်ကိုကြီး ကျတော်ဆီမှာ ကံကြမ္မာ ကြာနီ ရှိတယ် ” တုံ့ဟွားလုံက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ့အသံမှာ အားပျော့နေသော်လည်း စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။
မိုဝူကျိက ကုသရေး ဆေးနှစ်လုံးကို ထုတ်ကာ စုရိုအာနှင့် တုံ့ဟွားလုံတို့ကို တိုက်ကျွေးလိုက်၏။ သူ့စွမ်းရည်ဖြင့် တုံ့ဟွားလုံနှင့် စုရိုအာတို့၏ ဒဏ်ရာများမှာ အပေါ်ယံ မဟုတ်ကြောင်း ပြောနိုင်သည်။
“ အစ်ကိုကြီးကို ဒီကြာနီ ပေးမလို့ ” တုံ့ဟွားလုံက သူ့စိတ်နန်းတော်ကို ပုတ်လိုက်သည့်အခါ လှလှပပ ကြာပန်းနီ တစ်ခုက သူ့ရှေ့မှောက် ပေါ်လာသည်။
မိုဝူကျိက ကံကြမ္မာကြာနီ အငွေ့အသက် ပြန့်လွှင့်သွားသည့်အထိ မစောင့်တော့ဘဲ ကြာနီကို သူ့ထာဝရ ကမ္ဘာထဲ ပို့ဆောင်လိုက်သည်။ ထိုကြာပန်းနီ ကိစ္စသာ ပေါ်ပေါက်သွားပါက သူအတွက် ယူဆောင်ပြီး ထွက်သွားဖို့ရာ အင်မတန် ခက်ခဲမည် ဖြစ်ကြောင်း သိ၏။
“ သွားကြစို့ အဲကိစ္စကို နောက်မှ ပြောကြမယ်။ ဒီကြာပန်းနီက မင်း ရလာတာဆိုတော့ မင်းရဲ့ အပိုင်ပဲ … ငါတို့တွေ ဂိုဏ်းကို ပြန်ရောက်တဲ့အခါမှ ကြာပန်းနီကို မင်းဆီ ပြန်ပေးမယ် ”
မိုဝူကျိက စိတ်သက်သာရာ ပြောလိုက်သည်။ တကယ်တော့ သူလည်း တုံ့ဟွားလုံ၏ ကံကောင်းမှုကို အံ့အားသင့်မိ၏။ ကံကြမ္မာကြာနီကို လိုချင်နေသူ အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိသော်လည်း တုံ့ဟွားလုံ လက်ထဲ၌ အဆုံးသတ်သွားလေသည်။ ကံအကောင်းဆုံးအရာကား ထိုကိစ္စကို မည်သူမှ မသိကြခြင်း ဖြစ်၏။
ထို့အပြင် တုံ့ဟွားလုံ၏ ကျင့်ကြံဆင့်မှာ ကျိုးပျက်ကမ္ဘာအတွင်း အဆင့်နိမ့်ဆုံး ဖြစ်လောက်သေး၏။
“ အစ်ကိုကြီး ကျတော်ရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေတာဆိုတော့ ကျတော် မထိန်းသိမ်းထားနိုင် …. ”
မိုဝူကျိက လက်ဝှေ့ပြကာ တုံ့ဟွားလုံ စကားကို ဖြတ်ပြောလိုက်သည်
“ အားလုံးကလည်း ကျင့်ကြံဆင့်အနိမ့်ကနေ စတင်ခဲ့ရတာပဲ။ မင်းရဲ့ ကျင့်ကြံဆင့်က အခု နိမ့်နေပေမဲ့ အမြဲတမ်း နိမ့်ကျနေမယ်လို့ ပြောတာမှ မဟုတ်တာ။ အဲကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့ … အခု ထွက်သွားကြရအောင် ”
အကယ်၍ ကံကြမ္မာကြာနီကို ဓားကြီးတောင်မှ တစ်ယောက်ယောက် ရသွားခဲ့သည်ဆိုလျှင် မိုဝူကျိက သေချာပေါက် လုယူမည် ဖြစ်သော်လည်း ရသွားသူမှာ တုံ့ဟွားလုံ ဖြစ်သောကြောင့် မိုဝူကျိက တုံ့ဟွားလုံ ကိုယ်စား ပျော်ရွင်မိ၏။
“ စီနီယာအစ်ကိုကြီး ဂိုဏ်းကို တည်ထောင်ပြီးသွားပြီလား ” စုရိုအာက တအံ့တဩ မေးလိုက်သည်။
“ ဟုတ်တယ် ဒါပေမဲ့ ဂိုဏ်းနာမည်ကို ဖင်းဖန်လို့ ပြောင်းထားတယ်။ တျန်းဂျီဂိုဏ်းရဲ့ စုကျီအန်း၊ လုမင်၊ ဟိုင်ကျန်းကွေ့နဲ့ ဖန်ဝါတို့လည်း ရှိတယ် ” မိုဝူကျိက ပြုံးကာ ပြောလိုက်၏။
ယခင် သူက စုရိုအာကို ခေါ်ဆောင်ထားခြင်းမှာ သနား၍ ဖြစ်သည်။ စုရိုအာသည် တျန်းဂျီဂိုဏ်းသား တစ်ဦး ဖြစ်နေသည့်အချက်လည်း ပါပေ၏။ သို့သော်လည်း စုရိုအာအပေါ် သူ့အမြင်များမှာ လုံးဝ ပြောင်းလဲသွားလေ၏။ စုရိုအာက ကိုယ်ကျင့်တရားကောင်းသော လူတစ်ယောက် ဖြစ်ပေသည်။ မဟုတ်လျင် တုံ့ဟွားလုံက ယခုအချိန်အထိ အသက်ရှင်နေနိုင်မည် မဟုတ်သလို ကံကြမ္မာကြာနီလည်း ရှိနေမည် မဟုတ်ပေ။
အခြေအနေတူအတွင်း ကျရောက်သွားသည့်အခါ ဖူကျိက တခြားတစ်ခုကိုသာ ရွေးချယ်လိမ့်မည်။ ထို့အပြင် ကံကြမ္မာကြာနီနှင့် ယှဉ်လျှင် အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ ညွှန်းဆိုဖို့ရာပင် မထိုက်တန်တော့ပေ။ သူက ဖူကျိအပေါ် စိတ်ဝိညာဉ် အမှတ်အသား မထားလိုက်နိုင်ခင် ဖူကျိက ထွက်ပြေးသွားပြီ ဖြစ်၏။ သူက ဖူကျိအား သစ္စာဖောက်အကြောင်း မမေးမြန်းနိုင်ခဲ့သော်လည်း အဖြစ်အပျက်ကို ကြည့်၍ မိုဝူကျိက အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။
အကယ်၍ ဖူကျိသာ အပြစ်ရှိစိတ် မရှိနေလျှင် ရင်မဆိုင်ဘဲ ထွက်ပြေးသွားမည် မဟုတ်ပေ။
“ အာ အကြီးအကဲစု အသက်ရှင်နေသေးတာပဲ …” စုရိုအာက တအံ့တဩ ရေရွတ်လိုက်သည်။ ဂိုဏ်းနာမည်မှာ သူမအတွက် ကိစ္စမရှိသော်လည်း သူမဂိုဏ်း၏ အကြီးအကဲ အသက်ရှင်နေသေးသည့် အကြောင်းမှာ သတင်းကြီး ဖြစ်နေသည်။
“ ဘုန်း ” လေထုအတွင်း ပြင်းထန်သည့် တုန်ခါမှုများ ဖြစ်ပေါ်လာသောကြောင့် မိုဝူကျိက အနောက်မြောက်ထောင့်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ ကြည့်ရတာ တိုက်ပွဲဖြစ်တဲ့ပုံနဲ့တော့ မတူဘူး ” တုံ့ဟွားလုံက ဂရုတစိုက် ပြောလိုက်
“ ငါတို့ တစ်ချက်သွားကြည့်ရအောင် …. မင်းတို့နှစ်ယောက်လုံး ငါ့နောက် လိုက်ခဲ့လိုက် … ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
အကယ်၍ တခြားတစ်ခု ဖြစ်နေပါက မိုဝူကျိက ထိုသို့မျိုး ပြောနေမည် မဟုတ်ပေ။ ယခု ကံကြမ္မာကြာနီက သူတို့လက်ထဲ ရောက်နေပြီ ဖြစ်၍ အကောင်းဆုံးအရာမှာ ဤနေရာမှ ထွက်သွားခြင်း ဖြစ်ပေသည်။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း အဖိုးတန်ဆုံးအရာမှာ ကံကြမ္မာကြာနီ မဟုတ်ပါလော။
သို့သော်လည်း ထိုပြင်းထန်သည့် တုန်ခါမှုအတွင်း မိုဝူကျိက ရင်းနှီးသော အငွေ့အသက်ကို ခံစားမိလိုက်သည်။
လော့ကျမ်းစာရွက် အငွေ့အသက် ….
မိုဝူကျိတွင်လည်း လော့ကျမ်းစာရွက် ရှိနေသည့်အတွက် တစ်အုပ်လုံး စုစည်းလိုက်လျှင် မည်မျှအထိ အံ့ဖွယ် ဖြစ်မည်မှန်း သေချာသိနေသည်။ စာအုပ်လိုက် မဖြစ်သေးသော်လည်း စာရွက်တစ်ရွက်စီကပင် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေလေပြီ။ ယခု ဤသို့ပစ္စည်းမျိုး ပေါ်လာလေရာ မည်သို့ လက်လွှတ်ပေးနိုင်မည်နည်း။
“ စီနီယာအစ်ကိုမို …. ညီမ ပြောစရာ တစ်ခုရှိတယ် ” စုရိုအာက မိုဝူကျိဘေးမှ လိုက်ပါလာရင်း ပြောလိုက်သည်။
“ ဘာကိစ္စများလဲ …” မိုဝူကျိက စုရိုအာ၏ မေးခွန်းကို တုံ့ပြန်လိုက်သော်လည်း သူ့စိတ်စွမ်းအားက ပေါက်ကွဲမှု ဖြစ်ရာဆီ ရောက်သွားပြီ ဖြစ်၏။ ထိုအရာမှာ တတိယအလွှာတွင် ရှိနေသော ကျိုးပျက်မြို့ပျက်နှင့် သိပ်မကွာခြားလှပေ။ ဤမြို့ပျက်မှာ အစီအရင်တချို့နှင့် ဖုံးကွယ်ထားဟန် ပေါ်၏။
ဤမြို့ပျက်ရှေ့၌ အနည်းဆုံး လူတစ်ရာ၊ နှစ်ရာ ရှိနေပြီး ပေါက်ကွဲမှုမှာ အစီအရင်အပေါ် ထိုလူများ ပူးပေါင်းတိုက်ခိုက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
လော့ကျမ်းစာရွက်၏ အငွေ့အသက်မှာ ဤမြို့ဟောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုအငွေ့အသက်ကို သူတစ်ယောက်တည်း ရရှိခြင်း မဟုတ်ပေ။
သူက စုရိုအာကို တုံ့ပြန်လိုက်ရင်း အသွင်ပြောင်းဆေးလုံးထုတ်ကာ စုရိုအာနှင့် တုံ့ဟွားလုံဆီ ပေးလိုက်၏ “ အရင်ဆုံး ဒီအသွင်ပြောင်းဆေးလုံးကို သောက်ထားပြီးတော့ သွင်ပြင်ကို ပြောင်းထားလိုက်ကြ …. ဂိုဏ်းကို ပြန်ရောက်မှ ပြန်ပြောင်းကြမယ် ”
မိုဝူကျိက မျက်နှာကို သုတ်လိုက်သည့်အခါ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပုံစံ ပြန်လည် ပြောင်းသွားလေ၏။
မိုဝူကျိအနေနှင့် လိန်ဟုန်ကျီက သူ့အကြောင်း ဖော်မည်ကို မစိုးရိမ်ပေ။ အကယ်၍ လိန်ဟုန်ကျီက ယခင်တိုက်ပွဲတွင် အနိုင်ရသူ ဖြစ်လျှင် လိန်ဟုန်ကျီက လျှပ်စီးဂိုဏ်းအား အကြောင်းကြား၍ ကျိုုးပျက်ကမ္ဘာ လေးလွှာမြောက် ပြင်ပ၌ သူ့ကို သတ်ဖို့ရာ စောင့်နေနိုင်ကောင်း၏။
သို့သော်လည်း လိန်ဟုန်ကျီက ရှုံးနိမ့်သွားလေရာ သူ့ထက်မြက်လွန်းလှသည့် ပါရမီနှင့် မာန်မာနတို့ကြောင့် မိုဝူကျိကို ပြန်လက်စားချေရန် သူ့ကိုယ်ပိုင်အင်အားကိုသာ မှီခိုပေလိမ့်မည်။ အကယ်၍ လိန်ဟုန်ကျီက ဤသို့စိတ်ဓာတ်မျိုး မရှိလျှင် သူ့အနာဂတ်တွင် အကန့်အသတ် ဖြစ်သွားကာ ယနေ့ရှိနေသည့် နေရာသို့ ရောက်လာမည် မဟုတ်ပေ။
ထို့ကြောင့် မိုဝူကျိက လိန်ဟုန်ကျီသည် သူ့အား ပြန်လာတိုက်မည်ကို သေချာသိနေသည်။ လိန်ဟုန်ကျီက သူ့ယုံကြည်ချက်သူ ပြန်တည်ဆောက်ရုံသာမက သူ့ကိုယ်ပိုင် တာအိုကိုလည်း သတိပြုသွားလိမ့်မည်။ အကယ်၍ သူ ဖြစ်နေပါက သူလည်း အတူတူ လုပ်မိပေလိမ့်မည်။ အကယ်၍ အဆင့်တူအတွင်း ပြိုင်ဖက်တစ်ယောက်ကို အနိုင်မယူနိုင်လျှင် ကိုယ်ပိုင်အင်အားပေါ်သာ မှီခို၍ ပြိုင်ဖက်အား အလဲထိုးပစ်မည် ဖြစ်၏။
စုရိုအာက အသွင်ပြောင်းဆေးလုံးကို သောက်သာ ပုံပန်းသွင်ပြင်ကို ပြောင်းလဲလိုက်လေသည်။ ထို့နောက် သူမက ပြောလိုက်၏
“ အရင်နှစ်တွေတုန်းက ဂျုနီယာမောင်လေး ဟွားလုံနဲ့ ညီမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ ပုန်းအောင်းနေခဲ့တာ …. အစတုန်းက စီနီယာအစ်မလျန်ရှီးဆီ သွားတွေ့မလို့ဆိုပေမဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့က စောင့်ကြည့်ခံနေရတယ်ဆိုတာကို သိလိုက်ရတယ်။ မြို့စားဝမ်လည်း မြို့ကနေ ထွက်သွားနိုင်ပုံ မပေါ်ဘူး … ”
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်၏။
ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်ပြီး ဘယ်သူကများ မြို့ကို စောင့်ကြည့်ရဲတာလဲ ….
သို့သော်လည်း ဝမ်လျန်ရှီး၏ ဖခင် ဝမ်ဟို့ ကျင့်ကြံဆင့်မှာ နည်းနည်း အဆင့်နိမ့်နေပေသည်။ သူတို့ ပြန်ရောက်သည့်အခါ ရေသဘာဝ ယင်အင်မော်တယ်မြို့ကိုလည်း တစ်ခေါက်သွားကြည့်ရမည်။ ပြောရမည်ဆိုလျှင် ဝမ်လျန်ရှီးတို့ တစ်မိသားစုလုံးကား မဆိုးလှချေ။
………………
ရေသဘာဝ ယင်အင်မော်တယ်မြို့
ယုံရင်အင်မော်တယ်နယ်မြေ၏ ကျန်သည့်နေရာများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤအင်မော်တယ်မြို့လေးမှာ အမှန်ပင် ထူးခြားပေသည်။ ယခင်က ဤနေရာလေးမှာ ယုံရင်အစွန်းအဖျား အနီးတွင် တည်ရှိသောကြောင့် မြေနေရာအနေအထားအရ အရေးပါပေသည်။ ထို့နောက် ယုံရင်အစွန်းအဖျားမှာ အမှိုက်သဖွယ် ဖြစ်လာခဲ့ပြီး ရေသဘာဝ ယင်အင်မော်တယ်မြို့မှာလည်း အင်မော်တယ်နယ်မြေ၏ အစွန်းအဖျားနေရာတစ်ခု ဖြစ်လာခဲ့သည်။
အကယ်၍ မိုဝူကျိက ယုံရင်ဆေးပညာပြိုင်ပွဲ၌ ရလဒ်ကောင်းကောင်းရခဲ့ပြီး ဤမြို့လေးအား အဆင့်မြင့် အင်မော်တယ်မြို့အဖြစ် အဆင့်တိုးပေးခဲ့သည့် အချက်ကြောင့်သာ မဟုတ်လျှင် လူအနည်းငယ်ကသာ ဤနေရာကို သိပေလိမ့်မည်။
ထိုစဉ် ရေသဘာဝ ယင်အင်မော်တယ်မြို့စား ဝမ်ဟို့က သူ့အိမ်တော်၌ ထိုင်နေပြီး သူ့မျက်နှာ၌ စိုးရိမ်မှုများ ကြီးစိုးနေသလို မျက်ဝန်း၌လည်း စိတ်ပူပင်များနှင့် ချံးချုံးကျနေသည်. သူ့စားပွဲပေါ်၌ တောက်ပသော အနီရောင်ဖိတ်ကြားလွှာ ရှိနေပြီး သူ့လက်များမှ သွေးကြောများပင် ထောင်နေမိသည်။ သူ့စိတ်နှလုံး မချမ်းမြေ့ရသည်မှာ သိသာလှ၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ရေသဘာဝ ယင်အင်မော်တယ်မြို့လေးမှာ အဆင့်မြင့် အင်မော်တယ်မြို့အဖြစ် အဆင့်တိုးပေးခြင်း ခံလိုက်ရပြီး ကပ်ဘေးကို ကျော်လွှားနိင်ခဲ့သည်။ ထိုအခါက ဝမ်ဟို့သည် ရေသဘာဝ ယင်အင်မော်တယ်မြို့လေးမှာ ပိုမို ကောင်းမွန်ကာ ကြီးကျယ်လာတော့မည် ဖြစ်ကြောင်း တွေးခဲ့မိသော်လည်း အချိန်တိုလေးအတွင်း သူကိုယ်တိုင်လည်း အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်လိမ့်မည်ဟု တွေးခဲ့မိပေသည်။ သို့သော်လည်း ဤနှစ်များအတွင်း သူ့ကျင့်ကြံဆင့်မှာ နည်းနည်းလေးပင် မြင့်တက်မလာဘဲ ယခင်အတိုင်းသာ ဖြစ်နေသည်။ သူက ပါရမီလိုအပ်နေ၍ မဟုတ်ဘဲ ရေသဘာဝ ယင်အင်မော်တယ်မြို့ အခြေအနေမှာ အဆင့်နိမ့် အင်မော်တယ်မြို့များထက်ပင် ဆိုးရွားနေသောကြောင့် ဖြစ်၏။
သူ့ဘေးတွင် ဇနီးဖြစ်သူ ယန်ချင်လင်နှင့် မိတ်ဆွေကောင်း တန်လျန့်တို့ ရှိနေသည်။ ဆေးလုံးဧကရာဇ်တို့၏ ဆွေးနွေးမှုအပြီးတွင် တန်လျန့်၏ ဆေးလုံးတာအိုမှာ အဆင့်တက်လာကာ ယခု အဆင့် ၅ ဆေးလုံးဘုရင်အဆင့်သို့ ရောက်နေလေပြီ။
“ ဝမ်ဟို့ …. လျန်ရှီးတော့ စူးခရာအင်မော်တယ် မြို့ဟောင်းဆီ ရောက်လောက်ပြီ။ တကယ်လို့ အထက်ဘုံက ရွေးချယ်မှုကို ခံရရင်တော့ အဲဒီလူက အင်မော်တယ်ဧကရာဇ်အဆင့် ရောက်သွားတယ်ဆိုရင်တောင် ကျမတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်တော့ပါဘူး ” ယန်ချင်လင်က သက်ပြင်းချကာ နူးနူးညံညံ ဆိုလိုက်သည်။
ထိုအနီရောင် ဖိတ်ကြားလွှာမှာ ယုံရင်အင်မော်တယ်နယ်မြေ ကောင်းကင်ဧကရာဇ် အင်မော်တယ်ဧကရာဇ်အဆင့် တက်လှမ်းသွားပြီးနောက် ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်၏ ဖိတ်ကြားလွှာ ဖြစ်၏။ အင်မော်တယ်နယ်မြေ ခုနှစ်ခုအတွင်း ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင် တစ်ဦးတည်းသာ လုပ်နိုင်စွမ်းထက် နာမည်က ပိုကောင်းနေခြင်း ဖြစ်သည်။ အကြောင်းမှာ သူက အင်မော်တယ်ဧကရာဇ်ပင် မဟုတ်ပေ။ မူလက ယွင်ရှန့်တောင်ကြားမှ ဧကရာဇ်တာအိုအသီးကို အသုံးပြု၍ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းရန် ပြင်ဆင်ထားသော်လည်း မိုဝူကျိက ကြားဖြတ်ယူသွားခဲ့သည်။
ဧကရာဇ်တာအို အသီး မရှိဘဲ သူက အပြင်းအထန် ကျင့်ကြံရသည့် ကလေးတစ်ဦးလိုသာ ပြုမူရတော့သည်။ ကံကောင်းစွာဖြင့် သူ့ဟုန်မုန့်စွမ်းအင်က သူ့အား တာအိုအကြောင်း အသိဝင်လာစေရန် ကူညီပေးနိုင်သောကြောင့် အင်မော်တယ် ဧကရာဇ်အဆင့်ထဲ ရောက်ရှိလာခြင်း ဖြစ်၏။
ရေသဘာဝ ယင်အင်မော်တယ်မြို့စား ဝမ်ဟို့က မိုဝူကျိနှင့် အနီးကပ် ဆက်ဆံရေး ရှိပေသည်။ မိုဝူကျိကြောင့်သာ ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်လာခြင်း မဟုတ်ပါလော။ မိုဝူကျိက သူ့ဧကရာဇ်တာအိုအသီး ယူသွားပြီးနောက် ကွေ့ဖုန်းယွင်က ဝမ်ဟို့တို့ မိသားစုကို စောင့်ကြည့်ရန် စေခိုင်းထားလိုက်သည်။ ထိုအချိန် သူ မလှုပ်ရှားသေးသည့် အကြောင်းအရင်းမှာ သူက အင်မော်တယ်ဧကရာဇ်အဆင့် မတက်လှမ်းရသေး၍ ဖြစ်သည်။ ထို့အပြင် မိုဝူကျိ၏ နာမည်မှာ အင်မော်တယ်လောကတခွင် ပြန့်နှံ့နေသောကြောင့် လှုပ်ရှားဖို့ရာ စိုးရိမ်နေလေ၏။
ယခု သူက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်လာပြီး မိုဝူကျိကိုလည်း မဟာဧကရာဇ်များ ပူးပေါင်းကာ နှိမ်နှင်းလိုက်သည့် အကြောင်းကို ကြားလိုက်ရ၍ ပထမဆုံး သူ လုပ်ချင်သည့်အရာမှာ ဝမ်ဟို့အား သတ်လိုခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် သူ ကွေ့ဖုန်းယွင်က ဝမ်ဟို့အား သွားသတ်မည် မဟုတ်ပေ။ သူက သတ်လိုမှတော့ ဝမ်ဟို့တို့ မိသားစု ကိုယ်တိုင် သူ့ရှေ့မှောက် ရောက်လာရမည်။ ထို့ကြောင့် ထိုဖိတ်ကြားလွှာကို ပို့လိုက်ခြင်း ဖြစ်၏။ သူတို့ကို ပွဲတစ်ခုဆီ ဖိတ်ကြားခြင်း မဟုတ်ဘဲ သေခြင်းတရားမှ လက်ယက်ခေါ်နေခြင်းသာ ဖြစ်ပေသည်။
ဝမ်ဟို့က သက်ပြင်းချကာ
“ ငါတော့ လျန်ရှီး ထွက်သွားနိုင်လိုက်တာကိုပဲ ကျေနပ်တယ်။ အထက်ဘုံက ရွေးချယ်ခံရဖို့က အရမ်းခက်တယ်။ အရင်တုန်းက ငါတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်လာပြီးရင် နွေဦးလေး ရောက်လာတော့မယ်ဆိုပြီး ထင်ထားခဲ့တာ …. အခုတော့ မြူတွေကြား ကောင်းကင်ဘုံကိုပဲ မြင်တွေ့နေရတယ် … ”
ယန်ချင်လင်က သက်ပြင်းချကာ “ တကယ်လို့ ဆေးလုံးဆရာမိုကြောင့်သာ မဟုတ်ရင် ကျမတို့ မိသားစု ဟိုးအရင်ကတည်းက အဆုံးသတ်သွားလောက်ပြီ ”
ဝမ်ဟို့ကလည်း ခေါင်းခါကာ
“ ချင်လင် ... ငါက ဆေးလုံးဆရာမိုကို အပြစ်မတင်ပါဘူး။ သူ့အပေါ်မှာ ငါတို့ဝမ်မိသားစုက ကျေးဇူးကြွေးတောင် တင်နေသေးတယ်လေ။ ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ …. ငါတို့ ဝမ်မိသားစု ကံဆိုးမှုကိုပဲ ငြီးတွားမိတာပါ …. ”
တန်လျန့်က ရုတ်တရက် ပြောလိုက်သည် “ အစ်ကိုဝမ် ကျုပ်တော့ ဒီမှာ အသတ်ခံရမဲ့ ဘဲတွေလိုမျိုး ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး။ ကျုပ်တို့တွေ ထွက်ပြေးရအောင်လေ ”
“ ရေသဘာဝ ယင်အင်မော်တယ်မြို့ကနေ ထွက်ပြေးရမှာလား ” ဝမ်ဟို့က တန်လျန့်အား တအံ့တဩ ကြည့်လိုက်သည်။ သူက ထွက်ပြေးဖို့ရာ တစ်ခါမှ မတွေးဖူးပေ။ အဆင့်မြင့် ပညာရှင်များစွာ ဝိုင်းထားသောကြောင့် မည်သို့ ထွက်ပြေးနိုင်မည်နည်း။ ထို့အပြင် ရေသဘာဝ ယင်အင်မော်တယ်မြို့၏ ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်ထားသူမှာ သူ မဟုတ်တော့ပေ။
“ တကယ်လို့ ထွက်မပြေးရင် သေရမှာ အသေအချာပဲ … တကယ်လို့ ထွက်ပြေးရင် အနည်းဆုံးတော့ မျှော်လင့်ချက်လေး ရှိသေးတာပေါ့ ” တန်လျန့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။