ငှက်တစ်ကောင်
Vol. 59 Ch. 814
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး မြေကြီးထဲသို့ တူးဝင်သွားစဉ် သဲပွင့်လေးအဖြစ် ပြောင်းလဲသွားခဲ့သည့် ဝမ်ပေါင်လဲ့၏ ဝိညာဥ်ခန္ဓာကိုယ်အစစ်မှာ ချက်ချင်းဆိုသလိုပင် တည်နေရာပြောင်းရွှေ့သွားသည်။ သူသည် သူ၏ နှောင်းပိုင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ တည်နေရာပြောင်းရွှေ့သွားလိုက်ခြင်းဖြစ်၏။ သူသည် ပြန်လည်ပေါ်ပေါက်လာချိန်တွင် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲ၌ ပျံသန်းနေကြသည့် အခြားသော ငှက်များနှင့်အတူ တကျည်ကျည် အော်မြည်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်း မရှိသေးပေ။ သူသည် လိုက်လံဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် မြေအောက်ရှိ သူ၏ နတ်ဘုရားအသိစိတ်နှင့် သူ ထုတ်လွှတ်ထားခဲ့သည့် အခြား နတ်ဘုရားအသိစိတ် အမျှင်အတန်းများအားလုံး ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သောအခါ နောက်ထပ်တစ်ကြိမ် ထပ်၍ အသွင်ပြောင်းလဲလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ငှက်တောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြစ်တစ်စင်း၏ ရေမျက်နှာပြင်ပေါ်သို့ ကျသွား၏။ ထို့နောက် သူသည် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားကာ မြစ်ကြမ်းပြင်အထိ ဆင်းသက်သွားလိုက်ပြီးနောက် ငါးတစ်ကောင်အဖြစ် ဆက်လက်ပြောင်းလဲသွားပြီး မြစ်ရေစီးကြောင်းနှင့်အတူ အဝေးသို့ ကူးခတ်သွားလိုက်တော့သည်။
ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် ထိုနေရာ၌ မရှိတော့သည့်အချိန်တွင် ကောင်းကင်ယံထဲရှိ ငှက်များအားလုံးမှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး သေဆုံးသွားကြ၏။ ၎င်းတို့၏ အလောင်းများ၏ ဘေးတွင် မျက်နှာအမူအရာ သုန်မှုန်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ရှာမတွေ့သောကြောင့် ဒေါသငယ်ထိပ် ရောက်သွားရ၏။
သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် အနေနှင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား လိုက်လံဖမ်းဆီးနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုတွင် ထို ကျင့်ကြံသူမှာ လွတ်မြောက်သွားပြီးဖြစ်ရာ သူ၏ ဂုဏ်သိက္ခာမှာလည်း ကျဆင်းသွားရပြီဖြစ်သည်။ ထို့အပြင် သူသည် လှည့်စားခံလိုက်ရသောကြောင့် ပို၍ပင် ဒေါသထွက်နေရ၏။
" ဒီကောင်လေးက အသွင်ပြောင်းလဲတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတာပဲ " အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အံကြိတ်လိုက်၏။ သူသည် ထိုအချက်အား ခန့်မှန်းမိထားပြီး ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အကြောင်း ပို၍ နားလည်သွားသောအခါ စိတ်ကသိကအောက် ဖြစ်သွားရပြီး ညည်းတွားမိလိုက်ဆဲပင်။ ထို့ကြောင့် သူသည် နောက်ဆက်တွဲအကျိုးဆက်များကို ဂရုစိုက်မနေတော့ဘဲ သူ၏ နတ်ဘုရားအသိစိတ်အား သူ၏ မိုင်တစ်ထောင်ပတ်ပတ်လည်သို့ ဖြန့်ကြက်လိုက်တော့သည်။ သူ၏ အသိစိတ်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သက်ရှိများအားလုံးမှာ တုန်ရီသွားကြပြီး ကြေမွပျက်စီးသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းကာ ဆက်လက် ထွက်ပြေးနေဆဲပင်။ သူသည် လမ်းတစ်လျှောက်တွင် အန္တရာယ်မရှိသော သားရဲပေါက်လေးများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်၌ ပြေးလွှားနေခဲ့၏။ ထို့အပြင် သူသည် အချို့သောအချိန်များတွင်လည်း ပိုးကောင်လေးများအဖြစ် ပြောင်းလဲကာ အက်ကွဲကြောင်းများထဲ၌ ပုန်းကွယ်နေခဲ့သေးသည်။ ထိုမျှသာမက သူ အခြားသော ဆင်းသက်သူများအဖြစ် ရုပ်ဖျက်ခဲ့သည့် အခိုက်အတန့်များပင် ရှိနေသေးသည်။ သူသည် ထိုနည်းလမ်းဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ အဝေးသို့ တဖြည်းဖြည်း ရောက်ရှိသွား၏။ အစပိုင်းတွင် မသိသာပါသော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာ လိုက်လံဖမ်းဆီးရန် မဖြစ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
ထိုသို့ဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ထပ်ခါတလဲလဲ လိုက်လံဖမ်းဆီးနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မမိသေးပေ။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား လုံးဝ မျက်ခြည်ပြတ်သွားသည့် အနေအထားသို့ပင် ရောက်ရှိသွားရတော့သည်။ ထို့ကြောင့် ထို အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ အဆုံးမဲ့မျိုးနွယ်စု တပ်ဖွဲ့ခွဲများအားလုံးဆီသို့ အကြောင်းကြားစာများ ပေးပို့ကာ ဝက်ခေါင်းမျက်နှာဖုံးနှင့် ဆင်းသက်သူအား လိုက်လံရှာဖွေရန် အမိန့်ပေးလိုက်တော့သည်။
ထိုနည်းလမ်းမှာ အလုပ်မဖြစ်လျှင်တောင် ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခြင်းထက် ပို၍ အကျိုးရှိနိုင်ပေသည်။ တစ်ချိန်ထဲမှာပင် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ထို တပ်ဖွဲ့ခွဲများအားလုံးအား ငါးစာများအဖြစ် မှတ်ယူထား၏။ ဝက်ခေါင်းမျက်နှာဖုံးနှင့် ဆင်းသက်သူကြီး ပေါ်ပေါက်လာပြီး တစ်စုံတစ်ယောက်အား သတ်ဖြတ်လိုက်သည်နှင့် သူသည် ထိုကျင့်ကြံသူအား ပြန်၍ ရှာတွေ့နိုင်သွားမည် ဖြစ်သည်။
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ အမိန့်များကြောင့် တစ်ဂြိုဟ်လုံးပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ အားလုံးမှာ သတ်ဖြတ်လိုစိတ်များ တက်ကြွလာကြပြီး သွေးရူးသွေးတန်းနှင့် လိုက်လံရှာဖွေနေကြတော့သည်။ ထို့ကြောင့် အခြား ဆင်းသက်သူများမှာ ယခင်တုန်းကနှင့် မတူလောက်အောင် ဒုက္ခရောက်နေကြရပြီဖြစ်သည်။
အမှန်တွင် အဆုံးမဲ့မျိုးနွယ်စု တစ်ခုလုံးမှာ ဝက်ခေါင်းမျက်နှာဖုံးနှင့် ဆင်းသက်သူကိုသာ လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်။ ထို့အပြင် သူတို့မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ အမိန့်များကြောင့် တစ်ယောက်ကိုတစ်ယောက် သတိထားနေကြရ၏။ ထို့ကြောင့် သူတို့မှာ အလွန်အင်မတန်မှ စိတ်သောကရောက်နေကြရသဖြင့် ဆင်းသက်သူတစ်ယောက်ယောက်အား ရှာတွေ့လိုက်သည်နှင့် ချက်ချင်းတိုက်ခိုက်လိုက်ကြသည်သာ ဖြစ်သည်။ အကယ်၍ သူတို့မှာ အခွင့်အရေးရပါက ထို ဆင်းသက်သူများအား သတ်ဖြတ်ပစ်ကြပါသော်လည်း ထိုကဲ့သို့ မသတ်ဖြတ်နိုင်လျှင်မူ သူတို့အား ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ တည်နေရာအား မေးမြန်းလိုက်ကြ၏။
ထို့ကြောင့် ဆင်းသက်သူများအားလုံး၏ စိတ်ထဲ၌ အမုန်းမီးတောက်များ တောက်လောင်လာတော့သည်။ သို့သော် သူတို့မှာလည်း ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ တည်နေရာကို မသိကြပေ။ ထို့ကြောင့် ထိုဂြိုဟ်ကြီးပေါ်ရှိ နေရာအနှံ့အပြားတွင် လိုက်လံဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာနေတော့သည်။ သို့ဖြစ်ရာ ဆင်းသက်သူများမှာလည်း ရွေးချယ်စရာမရှိတော့သဖြင့် ရင်နာနာနှင့် သူတို့၏တာဝန်အား လက်လျှော့လိုက်ရတော့သည်။ သူတို့မှာ ဆက်တိုက်သလို ပုန်းကွယ်နေကြရပြီး ဤတာဝန်ကြီး ပြီးဆုံးသွားပြီး သူတို့အား ပြန်၍ တည်နေရာပြောင်းရွှေ့ပေးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။ တစ်ချိန်ထဲမှာပင် သူတို့အားလုံး၏ အသိစိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေ၏။ ၎င်းမှာ... ဤဂြိုဟ်ပေါ်မှ ထွက်ခွာသွားပြီးလျှင် ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူအား ရှာဖွေကာ သတ်ဖြတ်ရန်ပင်ဖြစ်သည်။
မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုမြင်ကွင်းများ အားလုံးကို အစအဆုံး မြင်ခဲ့ရ၏။ တစ်ဖက်တွင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အသွင်ပြောင်းပညာရပ်အား အသုံးပြုကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ကို မြင်လိုက်ရသဖြင့် သူသည် ဖြတ်ထိုးဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပေးမိလိုက်သည်။ အခြားတစ်ဖက်တွင်လည်း သူသည် အခြားသော ဆင်းသက်သူများအားလုံး ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးနေကြသည့် ဖြစ်ရပ်မျိုးနှင့် လုံးဝမကြုံဖူးသောကြောင့် စိတ်ဝင်တစား ဖြစ်သွားရ၏။
ထိုဂြိုဟ်ကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေစဉ် ထိုရှုပ်ထွေးမှုများအားလုံး၏ တရားခံဖြစ်သူ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ငှက်တစ်ကောင်အဖြစ် ထပ်၍ ပြောင်းလဲလိုက်ပြန်သည်။ ထို့နောက် သူသည် တောအုပ်တစ်ခုထဲသို့ ဆင်းသက်သွားလိုက်ပြီး သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားရင်း ကောင်းကင်ယံထဲ၌ ပျံသန်းနေကြသည့် အဆုံမဲ့မျိုးနွယ်စုဝင်များကို မော့ကြည့်နေလိုက်တော့သည်။
" အခြေအနေ မဟန်ဘူး။ အချိန်ပြည့်ဖို့ ဆယ်နာရီလောက်ပဲလိုတော့တာ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရပြီဖြစ်သည်။ တစ်ဖက်တွင် သူသည် သလင်းကျောက်နီများ ထပ်မံရရှိလိုသောကြောင့် ဝာာဝန်အား ဆက်လက်ထမ်းဆောင်ရန် ဆန္ဒပြင်းပြနေ၏။ အခြားတစ်ဖက်တွင်လည်း သူသည် လူသတ်ကာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖောက်ထွက်နိုင်အောင် ကြိုးစားကြည့်ချင်နေသေးသည်။
မကြာသေးမီတုန်းကအထိ အရာအားလုံးမှာ အဆင်ပြေနေခဲ့၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်များအား လိုက်လံသတ်ဖြတ်နေရင်း သလင်းကျောက်နီများကို စုဆောင်းနိုင်ခဲ့ရုံသာမက သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ကိုလည်း ပိုမိုအားကောင်းလာအောင် အဆင်မြှင့်တင်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်အားရနေခဲ့၏။ နတ်ဆိုးမျက်လုံးပညာရပ်မှာလည်း အဆင့်တစ်ခုအထိ ရောက်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သိသိသာသာတိုးတက်လာပြီး နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်၏ ထိပ်ဆုံးအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ တွက်ချက်မှုများအရ အကယ်၍ ထိုနှုန်းအတိုင်း ဆက်လက်သတ်ဖြတ်နေမည်ဆိုပါက တာဝန်မပြီးဆုံးခင် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ အဆုံးမဲ့မျိုးနွယ်စုဝင်များ အားလုံး၏ ကျင့်ကြံခြင်းအဆင့်များမှာ မြင့်မားနေကြသောကြောင့် သူ့အတွက် အများကြီး အကျိုးရှိနေသည် မဟုတ်ပါလော။
" အခုတော့ တိုင်ပတ်ပြီကွာ " ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များကျသွားရ၏။ သူသည် သစ်ကိုင်းပေါ်တွင်ရပ်ရင်း သူ၏ငှက်တောင်များအား နှုတ်သီးဖြင့်ထိုးဆိတ်ကာ လက်ရှိအခြေအနေကြီးအား မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်နည်းဟု စဉ်းစားတွေးတောနေ၏။ သူ အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် သူ၏ အသိစိတ်ထဲ၌ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည့် စကားသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။
" ကယ်ပါဦး.... ကယ်ကြပါဦး... "
ထို စကားသံကြီးကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်လုံးများပြူးသွား၏။ သူသည် ချက်ချင်းဆိုသလိုပင် လေပေါ်သို့ ပျံတက်သွားလိုက်ပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ထို့အပြင် သူသည် သူ၏ နတ်ဘုရားအာရုံကိုပင် နေရာအနှံ့သို့ ဖြန့်ကြက်ကာ သူ၏ဘေးပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သေးသည်။ သို့သော် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သောကြောင့် မျက်စိမျက်နှာပျက်သွားရ၏။
ထိုစကားသံကြီး တဖြည်းဖြည်းနှင့် တိုးသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ဘေးပတ်လည်လည်ရှိ တောအုပ်ကြီးထဲ၌ မည်သည့်အရာကိုမှ အာရုံမခံမိခဲ့ပေ။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် သစ်ကိုင်းပေါ်တွင် ပြန်နားကာ မျက်လုံးများ မှေးသွား၏။
" ဒါနဲ့ဆို နှစ်ခေါက်ရှိပြီ " ဝမ်ပေါင်လဲ့မှာ သူ၏အသိစိတ်ထဲ၌ ပေါ်ပေါက်လာလဲ့သည့် စကားသံကြီးကို ကောင်းကောင်းကြီး မှတ်မိနေသည်။ ၎င်းမှာ ပထမအကြိမ်တုန်းကထက်ပင် ပို၍ ကြည်လင်ပြတ်သားနေသောကြောင့် သူသည် အထူးတဆန်း ဖြစ်သွားရ၏။ တစ်ချိန်ထဲမှာပင် သူသည် ပထမအကြိမ်တုန်းကအတိုင်း ထိုစကားသံကြီးမှာ မြေကြီးအောက်ရှိ နေရာတစ်ခုခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ခံစားနေရသည်။
" ငါတစ်ယောက်ပဲ ကြားရတာလား။ ဒါမှမဟုတ် လူတိုင်း ကြားနေရတာလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး မျက်နှာအမူအရာ အနည်းငယ်ခန့် ပြောင်းလဲသွားသည်။ သူသည် ထိုကဲ့သို့ စဉ်းစားတွေးတောနေရင်း ခေါင်းမော့ကာ ခပ်လှမ်းလှမ်းရှိ တောအုပ်ထဲသို့ လှမ်းကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ထိုတောအုပ်၏ အစွန်အဖျားပိုင်းရှိ ဝမ်ပေါင်လဲ့ လှမ်းကြည့်နေသည့် နေရာ၌ နွားခေါင်းမျက်နှာဖုံးတစ်ခု တပ်ထားသည့် လူသန်ကြီးတစ်ယောက်မှာ အရှိန်ကုန်မြှင့်တင်ကာ တောအုပ်ကြီးထဲသို့ ပြေးဝင်လာနေသည်။ ထို လူသန်ကြီးမှာ တောအုပ်ထဲသို့ ရောက်လာပြီးနောက် မျက်နှာအမူအရာ ပျက်သွား၏။ သူသည် နောက်သို့ ခဏခဏ လှည့်ကြည့်နေပါသော်လည်း အရှိန်လျော့ကျသွားခြင်းမရှိဘဲ တောအုပ်ကြီး၏ အတွင်းပိုင်းထဲသို့ ဆက်လက် ပြေးဝင်လာနေဆဲပင်။ ထိုအချိန်တွင် သူ၏ မျက်နှာဖုံးဆီမှ ထွက်ပေါ်လာသည့် ဖုံးကွယ်မှုစွမ်းအင်များကြောင့် သူ၏ အငွေ့အသက်များမှာ သူ၏ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ထပ်တူကျသွားတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ၏ အငွေ့အသက်များကို အာရုံစိုက်နေခဲ့ခြင်းမရှိပါက သူ့အား အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
" ဒီကောင်လားဟ " ဝမ်ပေါင်လဲ့မှာ သူ့အား မြင်လိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူသည် ထိုလူသန်ကြီး၏ နောက်တွင် သူ့အား လိုက်လံဖမ်းဆီးနေသည့် အဆုံးမဲ့မျိုးနွယ်စု အဖွဲ့နှစ်ဖွဲ့ ပါလာသည်ကို မြင်လိုက်ရသည်။ ထို အဖွဲ့နှစ်ဖွဲ့ထဲတွင် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ပါနေသေးသည်။
" ဒီကောင်လည်း ပျားအိမ်ကို တုတ်နဲ့ သွားထိုးမိလာတာပဲနေမှာ။ ဘာလို့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ အများကြီးက သူ့ကို လိုက်ဖမ်းနေကြတာလဲဟ " ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် အနည်းငယ်ခန့် အံ့ဩတုန်လှုပ်သွား၏။ သူ ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေစဉ် နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ သစ်ပင်ကြီးတစ်ပင်၏ အောက်သို့ အလျင်အမြန် ရောက်ရှိလာသည်။ ထို့နောက် သူသည် အမည်မသိ ပညာရပ်တစ်မျိုးကို ထုတ်သုံးလိုက်သောကြောင့် နဂိုကတည်းက အလွန်အင်မတန်မှ ရှာရခက်နေသည့် သူ၏ အငွေ့အသက်များမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။ ထို့အပြင် သူသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သူ၏ရှေ့မှ ဖြတ်သွားကြသည့်တိုင်အောင် သူ့အား မမြင်ခဲ့ကြပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့ဩမှင်တက်သွားရသဖြင့် မျက်လုံးများ မှေးသွားပြီး ထိုနေရာသို့ ပျံသန်းသွားလိုက်၏။ သူသည် ထိုလူသန်ကြီး၏ အထက်တွင်ရှိနေသော သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားလိုက်ပြီးနောက် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိုလူသန်ကြီးသည် သူ၏လက်ထဲတွင် တစ်စုံတစ်ခုအား ကိုင်ထားသည်ဖြစ်ကြောင်း သိလိုက်ရ၏။ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ နေရာအနှံ့တွင် လိုက်လံရှာဖွေခဲ့ပြီးနောက် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သဖြင့် ထိုနေရာရှိ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများအားလုံးကို ချုပ်တည်းကာ အဝေးသို့ထွက်ခွာသွားတော့သည်။ ထိုအခါမှသာလျှင် လူသန်ကြီးမှာ အသက်ကောင်းကောင်း ရှူနိုင်သွား၏။ သူသည် ထိုသို့ အကြာကြီး ပုန်းကွယ်နိုင်စွမ်း မရှိသည့်ပုံပင်။ တစ်အောင့်ခန့် ကြာပြီးနောက် သူ၏လက်ဖဝါးကို ဖြန့်လိုက်သောအခါ ကျောက်စိမ်းရောင် သစ်ရွက်လေးတစ်ရွက် ပေါ်ပေါက်လာတော့သည်။
ထိုသစ်ရွယ်လေးမှာ သာမန် သစ်ရွက်များနှင့် တစ်ပုံစံတည်းသာ ဖြစ်၏။ သို့သော် ၎င်းမှာ လူတစ်ယောက်၏ အငွေ့အသက်များကို လုံးဝပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်စွမ်းရှိသည်ဖြစ်ရာ သာမန်သစ်ရွက်တစ်ရွက်တော့ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ထို လူသန်ကြီးအား နှုတ်ဆက်ကာ သူ့ဆီမှ ထို သစ်ရွက်လေးအား ငှားရမ်းရန် သင့်မသင့် စဉ်းစားတွေးတောလိုက်၏။ သို့သော် ထိုအချိန်တွင် ထိုလူသန်ကြီးမှာ သူ၏ဘေးဘက်ရှိ မြေကြီးပေါ်သို့ တံတွေးလှမ်းထွေးကာ ဆိုလိုက်သည်။
" သောက်ကျိုးမပေးတဲ့ ဝက်ခေါင်းကွာ။ ငါ ဒီတာဝန်ကို လုပ်ဖူးတာ အကြိမ်ရေ မနည်းတော့ပါဘူး။ အဆုံးမဲ့မျိုးနွယ်စုတစ်ခုလုံး အခုလောက် သွေးရူးသွေးတန်း ဖြစ်နေတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီ ဝက်ခေါင်း သေကိုသေမှ ရမယ်။ ငါ ပြန်ရောက်ရင် သူ့ကို အရိုးတခြား အသားတခြား ဖြစ်သွားအောင် လုပ်ပစ်မယ် " ထို လူသန်ကြီးမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ထိုသို့ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်သည်...
သို့သော် ထိုအချိန်တွင် သူ၏အထက်ရှိ သစ်ကိုင်းပေါ်၌ နားနေသည့် ငှက်တစ်ကောင်မှာ သူ့အား မျက်စောင်းထိုးကြည့်ကာ ရုတ်တရက်ဆိုသလို ကျည်ကျည်ကျာကျာ အော်မြည်လိုက်တော့သည်။