တိုက်ပွဲအကြို
Vol. 14 Ch. 192
“စီနီယာအစ်ကိုဟန်… ကျုပ်တို့ ဒီမှာ ဆက်နေမယ်”
ကျန်းဟန်က ခေါင်းငုံ့ကာ လက်သီးတင်းတင်းဆုပ်၍ ပြောသည်။
“ကျုပ်တို့ ဂိုဏ်းတူညီကိုတွေ အယောက်သုံးဆယ်လောက် ဒီကို လာခဲ့ကြတယ်။ အခု ကျုပ်တို့မှာ လူဆယ့်နှစ်ယောက်ပဲ ကျန်တယ်”
သူ့စကားက တခြားလူများ၏မျက်လုံးများကိုလည်း နီရဲစေသည်။
ဟန်မူယဲ့က ဆေးတစ်လုံးထုတ်ကာ ကျန်းဟန်၏လက်ထဲကို ထည့်လိုက်သည်။
“အသက်ရှင်အောင်နေပါ”
ထို့နောက် သူ တဲထဲမှ ထွက်လာခဲ့သည်။
အဝေးတွင် မီးပုံတစ်ပုံရှိသည်။
ဟန်မူယဲ့ လှမ်းသွားကာ ဟွမ်လောင်လျှို၏ရှေ့၌ ထိုင်လိုက်၏။
ဟွမ်လောင်လျှို၏ဘေးတွင်ကား လုချန်းဖျင်သည် ခွေခွေလေး အိပ်နေကာ တခြားတစ်ဖက်တွင်ကား ကောင်းရှောင်ရွှမ်သည် မြေခွေးဖြူလေးကို ပွေ့လျက် ငေးမောနေသည်။
“ငါက ဘာလို့ သေမျိုးပဲ ဖြစ်ချင်ရတာလဲ”
ဟွမ်လောင်လျှိုက မီးစာပုံထဲတွင် ထည့်ထားသော ကန်စွန်းဥများအား တုတ်ဖြင့် ကော်ထုတ်ရင်း ပြောသည်။
“သေမျိုးတွေက ဝဝလင်လင်စားသောက်ပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ သူတို့က ဒီလို ရှုပ်ထွေးတဲ့ကိစ္စတွေ စိတ်ပူစရာ မလိုဘူး”
“ဒီလို သေခြင်းရှင်ခြင်းကိစ္စတွေက ဝမ်းသာစရာမှ မဟုတ်တာ”
သူက ကန်စွန်းဥတစ်ဥ၏အခွံကို ခွာကာ ကောင်းရှောင်ရွှမ်ထံ ကမ်းပေးသည်။
“အစ်ကိုဟွမ်… ခင်ဗျား မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်နေတာလား”
ဟန်မူယဲ့က တီးတိုးမေးသည်။
ဘေးနားတွင် ခွေခွေလေး အိပ်နေသော လုချန်းဖျင် ဆတ်ခနဲ တုန်သွားသည်။
မိစ္ဆာကျင့်စဉ်။
အနောက်ဘက်ကုန်းမြေတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အများအပြားရှိသည်။
အနောက်ဘက်ကုန်းမြေ၌ ဓားသမားများ၊ တာအိုကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများအကြား အနည်းငယ် အတားအဆီးရှိသည်။
မိစ္ဆာကျင့်ကြံသူများသည် တခြားကျင့်ကြံသူများထက် ပို၍ သွေးအေးရက်စက်ကြ၏။
ကောလာဟလများအရ အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ မိစ္ဆာကျင့်ကြံသူ လီမူပိုင်သည် သူ၏တာအိုလက်တွဲဖော်အား ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့်ပင် ယခင်က ကျန်းမင်သည် ဟန်မူယဲ့အား ပိုင်စုကျန်းနှင့် ဆက်ဆံရာတွင် သတိထားရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
“မင်းမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်အပေါ် မကောင်းမြင်တာ မရှိဘူးဆိုတာ ငါသိပါတယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။
“မဟုတ်ရင် မင်းက ပိုင်စုကျန်းနဲ့ အလုပ်တွဲလုပ်မှာ မဟုတ်ဘူးလေ”
ဟန်မူယဲ့၏အလေးအနက်မျက်နှာထားမှာ ထိုစကားကို ကြားလျှင် ပြုံးမိရသည်။
အမှန်တကယ်လည်း သူ့အမြင်တွင် ကျင့်ကြံခြင်း၌ မှားယွင်းသော လမ်းစဉ် မရှိပါ။ ၎င်းသည် စိတ်နှလုံးသားက မှန်ကန်ခြင်း မှားယွင်းခြင်းနှင့်သာ သက်ဆိုင်၏။ နည်းစနစ်တွင် မည်သည့်အပြစ်မှ မရှိပါ။ အသုံးချသူအပေါ်တွင်သာ အရာအားလုံး မှီခိုသည်။
ထန်ချီသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မှန်ကန်သော လမ်းစဉ်ကို လေ့ကျင့်ခဲ့ပေသည်။ သို့သော်လည်း သူ၏ ပုဂ္ဂိုရေးအလိုဆန္ဒကြောင့် အချိန်တမင်ဆွဲခဲ့ခြင်း မရှိလျှင် ဖုန်းရှို့တောင်သည် ကျရှုံးပါမည်လား။
“အစ်ကိုဟွမ်… ခင်ဗျားက အားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်တာပဲ”
ဟန်မူယဲ့က ခေါင်းယမ်းကာ ကန်စွန်းဥတစ်လုံးကို အခွံခွာစားလိုက်သည်။
ဟန်မူယဲ့ ဟွမ်လောင်လျှိုနှင့် စကားတချို့ ပြောဆိုကာ ထွက်လာခဲ့သည်။
ကမ်းပါး၌ လီသုံးသည် သေရည်အိုးတစ်လုံးဖြင့် သေရည်ထိုင်သောက်နေသည်။
ဟန်မူယဲ့ ထိုနေရာသို့ လှမ်းသွားကာ သူ၏သေရည်အိုးငယ်အား ထုတ်လိုက်သည်။
သူက သေရည်အိုးအား ပါးစပ်တွင် တေ့လျှက် မော့လိုက်ကာ သေရည်များအား မြေပြင်သို့ ထွေးထုတ်လိုက်သည်။
“ကျုပ်တို့ မွေးရပ်မြေမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ တစ်စုံတစ်ယောက်က သေရည်ကို မြေပြင်သို့ ထွေးထုတ်လိုက်ရင် ကွယ်လွန်ပြီးသွားတဲ့သူတွေလည်း သောက်သုံးနိုင်တယ်တဲ့”
ထို့နောက် ဟန်မူယဲ့က သေရည်အိုးကို လေထဲမြှောက်ကာ ပြောသည်။
“အစ်ကိုတစ်ဆယ်… ဆယ့်ကိုး ခင်ဗျားကို သေရည်တိုက်တယ်”
လီသုံးကလည်း ခေါင်းညိတ်ကာ သူမ၏သေရညအိုးကို လေထဲမြှောက်ကာ တစ်ကျိုက်မော့သောက်လိုက်သည်။
“လီတစ်ဆယ်… အဲဒီကောင်က ငါ့ကို စိတ်ဝင်စားနေတာ”
ဟန်မူယဲ့နည်းတူ သူမကလည်း သေရည်များအား မြေပြင်သို့ ထွေးထုတ်ကာ ရုတ်တရက် ပြောသည်။
“ငါက အစ်ကိုတင်းကို စောင့်နေတာ သူ သိတယ်လေ။ ဒါကြောင့် အဲဒီကိစ္စ ငါ့ကို ထုတ်မပြောဘူး”
“သူ ဒီကို မလာခင်တုန်းက ငါ့ဆီက သေရည်အိုးကို တမင်ငှားယူပြီးတော့ ငါ့သေရည်တွေ အကုန်လုံးကို ရောနဲ့ လဲလိုက်တယ်”
လီသုံးက အဝေးကို လှမ်းကြည့်ကာ သရော်ပြုံးပြုံးသည်။
“အဲဒီအရူးကောင်က ငါ့အတွက် အစားအသောက်ကောင်းတွေ လုပ်ပေးရုံနဲ့ သူ့ကို စိတ်ဝင်စားမယ် ထင်နေတာလေ”
“အဓိပ္ပာယ်မရှိတာ”
ထို့နောက် သူမက ထရပ်ကာ အိတ်ငယ်လေးတစ်လုံးအား ဟန်မူယဲ့ကို ပေးသည်။
“လုတစ်ဆယ်က နင့်ကို ပေးခိုင်းခဲ့တာ”
“သူ နင့်ဆီက ချေးထားတဲ့ ဆေးလုံးတွေအတွက် ပြန်ပေးခဲ့တာ”
ဟန်မူယဲ့က အဝတ်အိတ်အား ယူလိုက်သည်။ အိတ်ထဲတွင် အမျိုးမျိုးသော ဆေးပင်များ၊ လက်နက်များ၊ ဝိညာဉ်ကျောက်တုံးများ၊ သတ္တုများနှင့် ရတနာများ ရှိနေသည်။
ဟန်မူယဲ့ အဝတ်အိတ်အား တင်းတင်းဆုပ်ကိုင်ထားသည်။
သူသည် ထိုဆေးလုံးများကို လုတစ်ဆယ်တို့ထံ ပေးခဲ့စဉ်က ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်ဆပ်ရန် မမျှော်လင့်ခဲ့ပါ။
သူ့တွင် ဝိညာဉ်ကျောက်တုံး မရှားပါးပေ။
“ဒီတိုက်ပွဲပြီးရင် ငါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထွက်သွားတော့မယ်”
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လီသုံးက ထူးမခြားနားစွာ ပြောသည်။
“ထန်ချီလိုလူနဲ့ တစ်ဂိုဏ်းတည်း နေရတာ ငါ့အတွက် သက်တောင့်သက်သာ မဖြစ်ဘူး”
ထို့နောက် သူမ ထွက်သွားသည်။
ဟန်မူယဲ့ ကမ်းပါးတွင် ထိုင်ကာ အဝေးမှ မိစ္ဆာများ စခန်းချရာနေရာသို့ လှမ်းကြည့်လျှက် သက်ပြင်းချသည်။
“ဟားဟား… မင်းက အသက်ငယ်ငယ်နဲ့ သက်ပြင်းတွေ ချနေပါလား”
“ငါသာ မင်းအသက်အရွယ်မှာဆိုရင် အဲဒီထန်ချီကို သတ်ပြီးလောက်ပြီ”
ဟန်မူယဲ့ မသိလိုက်ခင်တွင်ပင် ထူစွန်းရှစ်သည် သူ့ဘေးနားသို့ ရောက်လာကာ သူ့မုတ်ဆိတ်ရှည်များအား ပွတ်သပ်သည်။ ထို့နောက် သူက နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောသည်။
“မင်းသေရည်က မဆိုးဘူး”
ဟန်မူယဲ့က သူ၏လက်ထဲမှ သေရည်အိုးကလေးအား ပစ်ပေးလိုက်သည်။
ထူစွန်းရှစ်က သေရည်အိုးအား ဖမ်းယူကာ ပါးစပ်ထဲသို့ လောင်းချလိုက်သည်။ သေရည်ငါးကျိုက်ခန့် သူ့ဝမ်းဗိုက်ထဲသို့ ရောက်သွားလျှင် သူက စိတ်ကြေနပ်စွာဖြင့် ပြောသည်။
“သေရည်ကောင်းပဲ…”
ထို့နောက် သူက ရယ်မောကာ သေရည်များကို ပါးစပ်ထဲသို့ အဆက်မပြတ် လောင်းချပြန်သည်။
“ခင်ဗျားကြိုက်ရင် အဲဒီသေရည်အိုး ယူလိုက်ပါ”
ဟန်မူယဲ့က လက်ဝှေ့ယမ်းသည်။
ယခင်က သူသည် လီတစ်ဆယ်တို့နှင့် သေရည်အတူ သောက်သောအခါ လွတ်လပ်ပေါ့ပါးသော ခံစားချက်ကို ရရှိသည်။
ယခု လီသုံးသည် ဂိုဏ်းတွင် ဆက်မနေလိုတော့သလို လီတစ်ဆယ်မှာလည်း ဆုံးပါးသွားပြီ ဖြစ်သည်။
ထိုသေရည်ကို သူက သောက်လေလေ ပို၍ ဝမ်းနည်းမှုကို ခံစားရလေ ဖြစ်သည်။
ထူစွန်းရှစ်က ရယ်မောကာ သေရည်အိုးအား သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ပြောသည်။
“ကောင်လေး… မင်း နောက်ပိုင်း အသားကျလာမှာပါ”
“ကျင့်ကြံခြင်းဟာ နဂိုကတည်းက အထီးကျန်တဲ့လမ်းစဉ်ပဲ”
“နောက်နှစ်သုံးရာ ငါးရာလောက်ကြာရင် မင်းလည်း ဒီနေ့လို ခံစားချက် ရှိတော့မှာ မဟုတ်ဘူး”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ထူစွန်းရှစ် ပြောသည်မှာ မှန်ကန်ကြောင်း သူသိသည်။
ကျင့်ကြံသူများသည် နှစ်တစ်ထောင် အလွယ်တကူ နေနိုင်ကြသည်။ အဆုံးသတ်၌ သူတို့၏အပေါင်းအသင်းမိတ်ဆွေများ၊ ဆွေမျိုးမိဘများ တစ်ယောက်ပြီး တစ်ယောက် သူ့ဘေးမှ ပျောက်ကွယ်သွားသည်ကို ကြည့်ကြရသည်။
အသက်ထောင်ကျော်သော ဘိုးတော်ကြီးများ အမှန်တကယ် သူတို့၏စိတ်ခံစားချက်များကို ဖြတ်တောက်နိုင်သည်မှာ မထူးဆန်းတော့ပါ။
“ဟင်း… မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ အတော်လေး ထူးချွန်တဲ့ ဂျူနီယာလေးတွေ ရှိတာပဲ။ သူတို့ထဲမှာ သွေးအေးရက်စက်တဲ့သူတွေလည်း ရှိတယ်။ ထန်ချီလိုမျိုးပဲ….”
“ဒီနေ့ကိစ္စမှာ သူသာ အောင်မြင်သွားရင် တကယ်လည်း အနောက်ဘက်ကုန်းမြေတခွင် ကျော်ကြားသွားနိုင်တယ်”
ထူစွန်းရှစ်က ဟန်မူယဲ့အား ကြည့်ကာ ပြုံးလျက် ပြောသည်။
“စိတ်မကောင်းစရာက ကောင်းကင်အလိုဆန္ဒဟာ ခန့်မှန်းရခက်ခဲတယ်”
ထို့နောက် ထူစွန်းရှစ်က အဝေးမှ မိစ္ဆာများစတည်းချရာစခန်းများကို ကြည့်သည်။
“ကောင်လေး… နောက်တိုက်ပွဲက မလွယ်ကူဘူး”
“ဒီမှာ မသေစေနဲ့…”
ဟန်မူယဲ့က ရယ်မောလိုက်ကာ ထူစွန်းရှစ်အား ပြန်ပြောသည်။
“စီနီယာ… ခင်ဗျားလည်း အတူတူပါပဲ”
သူ့စကားက ထူစွန်းရှစ်အား ရယ်မောစေသည်။
ထူစွန်းရှစ် ထွက်သွားပြီးနောက် ဟန်မူယဲ့သည် ကမ်းပါးတွင်ပင် ထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံသည်။ သူ၏ဒန်ထျန်၌ အင်မော်တယ်ဆေးလုံးများ အဆက်မပြတ် လည်ပတ်ကာ သူ့အား စွမ်းအင်များ ထောက်ပံ့ပေးသည်။
သူသည် ယနေ့တိုက်ပွဲသို့ မနားမနေ ခရီးနှင်လာကာ အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ ပုံမှန်အားဖြင့် သူသည် ပင်ပန်းနေပြီ ဖြစ်သည်။
သူ၏အသက်ရှုနှုန်းကို ချိန်ညှိကာ ငြိမ်သက်စွာ ကျင့်ကြံနေလိုက်သည်။ နောက်တစ်နေ့တွင် ကြီးမားသောတိုက်ပွဲတစ်ပွဲအား ရင်ဆိုင်ရန် ရှိနေ၏။