← Chapters

အားကောင်းလှသော လော့ကျမ်း

Vol. 52 Ch. 723

အားကောင်းလှသော လော့ကျမ်း

Vol. 52 Ch. 723

“ ခင်ဗျားက ကျိုးပျက်ကမ္ဘာထဲမှာ အင်မော်တယ်ဘုရင်အဆင့် ရောက်သွားတယ်ဆိုတာတော့ ကျုပ် မှန်းထားတဲ့အတိုင်း မဟုတ်ဘူး။ လော့ကျမ်းစာရွက် ရပြီးတာတောင် အဖမ်းမခံရတာ မအံ့ဩတော့ပါဘူး။ အစကတည်းက ကျိုးပျက်ကမ္ဘာထဲက ထွက်မှ မထွက်သွားတာ ….

ဒါပေမဲ့ ကျိုးပျက်ကမ္ဘာရဲ့ လေးလွှာမြောက်ကိုတော့ တနည်းနည်းနဲ့ ရောက်လာတယ် ….” မိုဝူကျိ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ အကယ်၍ ယခင်က မုရုန်ရှန်းယွီအား မိတ်ဆွေဟောင်းအဖြစ် သတ်မှတ်ထားဆဲ ဆိုလျှင် ယခုကား လုံးဝကို သူစိမ်းတစ်ယောက်အဖြစ်သာ မြင်နေရသည်။

မုရုန်ရှန်းယွီ၏ အမူအယာမှာ ခက်ထန်လာပြီး အေးစက်စွာ ပြန်ပြောလိုက်သည်

“ ဒါက ကျမကိစ္စပါ။ ကျမရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်။ စာရွက်နှစ်ရွက်ကို မြန်မြန် ပြန်ပေးလိုက်တာ အကောင်းဆုံးပဲ  မဟုတ်ရင်တော့ မျက်နှာလွဲခဲပစ်လုပ်လို့ အပြစ်မတင်နဲ့ ”

မိုဝူကျိက ရယ်မောကာ

“ မုရုန်ရှန်းယွီ မင်းမှာ အရှက်တရားရော ရှိသေးရဲ့လား။ ငါ ဘာလို့ မမြင်မိပါ့လိမ့်။ မင်းဆီ စာရွက်နှစ်ရွက် ပြန်ပေးရမှာတဲ့လား ….

ငါ့ကြောင့်သာ မဟုတ်ရင် မင်း လော့ကျမ်းစာရွက် အဖုံးကိုတောင် မြင်လိုက်မှာတောင် မဟုတ်ဘူး။ မင်းကို ကယ်ပေးပြီးတော့ စာရွက် ခုနှစ်ရွက်လုံး မင်းရဖို့ ကူညီပေးခဲ့တယ်။ အဲဒါက ငါ့အတွက် အရမ်းကို လွန်လွန်းနေပြီ။ တကယ်လို့  ငါ့နေရာမှာ တခြားတစ်ယောက်သာ ဖြစ်နေခဲ့ရင် မင်းအရိုးတွေတောင် ပုပ်နေလောက်ပြီ။

အဲဒီစာရွက်နှစ်ရွက်က မင်းက ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းဘာသာ ပေးခဲ့တာ …. တခြားဘက်ကနေ ကြည့်မယ်ဆိုရင် ငါ့ကို စာရွက် ခုနှစ်ရွက်လုံး ပေးမယ်ဆိုရင်တောင် မလွန်ဘူး။ ဒီနေ့  အရင်စာရွက်နှစ်ရွက်ကိုတောင် ပြန်တောင်းနေသေးတယ်။ ပြောစမ်းပါဦး ….. မင်းမှာ အရှက်တရားရော ရှိသေးရဲ့လား ”

မိုဝူကျိက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ တခြားတစ်ယောက်သာ ဖြစ်နေပါက ထိုသူက လော့ကျမ်းစာရွက်များကို သိမ်းထားခွင့် ပေးမည် မဟုတ်ပေ။ မုရုန်ရှန်းယွီအတွက် သူမအသက်ကို ကယ်တင်ပေးရန် စာရွက်ခုနှစ်ရွက်လုံးကို ပေးရလိမ့်မည်။ သို့သော်လည်း သူ့အား စာရွက်နှစ်ရွက်သာ ပေးခဲ့သည်။ ထိုအရာကို များလွန်းလှပြီဟု သူမက တွေးထင်နေသေး၏။ ယခု သူမက မိုဝူကျိဆီမှ စာရွက်များပင် ပြန်လည် တောင်းယူနေသေး၏။ ထိုအရာမှာ အမှန်တကယ် အရှက်မဲ့လွန်းလှသည်။ မိုဝူကျိက မုရုန်ရှန်းယွီအား လော့ကျမ်းစာရွက်အတွက် ကယ်တင်ပေးခဲ့ခြင်း မဟုတ်သော်လည်း  မုရုန်ရှန်းယွီသာ ဤမျှအထိ အရှက်မမဲ့ပါက ထိုမျှ ကျေးဇူးကြွေးများအား ပြောနေစရာ အကြောင်း မရှိပေ။

မုရုန်ရှန်းယွီက တူညီသော အတွေးမရှိသည်မှာ ကံဆိုးလှပေသည်။ သူမက မိုဝူကျိအနေနှင့် သူမကို ကယ်တင်ခြင်းမှာ မှန်ကန်သည်ဟုသာ တွေးထင်နေပြီး သူမ တစ်ယောက်တည်းသာ ထိပ်ဆုံး၌ ရပ်တည်ဖို့ရာ ထိုက်တန်သူ ဖြစ်သည်ဟု ယုံကြည်နေသည်။ မိုဝူကျိအား ပေးလိုက်သော စာရွက်နှစ်ရွက်မှာ ထိုအချိန်က သူမ ရူးမိုက်ခဲ့ခြင်းသာ ဖြစ်၏။

 ပြန်တောင်းတာက ဘာမှားနေလို့လဲ ….

ဤနေရာ၌ သူမက မိုဝူကျိနှင့် မည်သို့တွေ့ဆုံသည့်အကြောင်းကို ထည့်ပြောဖို့ရာ မလိုပေ။ သူတို့ မတွေ့လျှင်ပင် သူမက မိုဝူကျိဆီမှ စာရွက်နှစ်ရွက် ပြန်တောင်းရန် သွားရှာမည် ဖြစ်၏။

သူမက လော့ကျမ်းစာရွက် မည်မျှ အံ့ဩဖို့ကောင်းကြောင်း တခြားသူများထက် ကောင်းကောင်း သိပေသည်။ အကယ်၍ စာရွက်တစ်ရွက်ကို သန့်စင်လိုက်ခြင်းက အမှတ်တရာ ဖြစ်နေလျှင် နှစ်ရွက်ဆိုလျှင် နှစ်ရာဖြစ်ပြီး သုံးရွက်ဆို  လေးရာအထိ ဖြစ်လာလိမ့်မည်။

စာရွက်များများ ရှိလေလေ အင်အားမှာလည်း တိုးပွားလာလေလေ ဖြစ်၏။ သူမက အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း နောက်ဆုံးအဆင့်နှင့်ပင် ယှဉ်နိုင်ပြီ ဖြစ်ကြောင်း ယုံကြည်ချက် ရှိနေသည်။ ထိုယုံကြည်ချက်မှာ သူမက လော့ကျမ်းစာရွက် ငါးရွက်ကို သန့်စင်ထားပြီး၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လော့ကျမ်းစာရွက်မှာ နက်နဲသိမ့်မွေ့ပြီး တာအိုအသိအမြင်မှာလည်း ပင်လယ်တမျှ နက်ရှိုင်းပေသည်။ သူမ မုရုန်ရှန်းယွီ တစ်ယောက်တည်းသာ  ဤသို့ရတနာမျိုးနှင့် ထိုက်တန်ပေ၏။

သူမ ကျင့်ကြံဆင့်မှာ အားအကောင်းဆုံး မဟုတ်သော်လည်း လော့ကျမ်းစာရွက်က သူမလက်ထဲ ရောက်ရှိလာသေးရာ သူမ တစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့် ရရမည်ဟု ဆိုလိုသည် မဟုတ်ပါလော။

“ သေချင်နေတာပဲ …” မုရုန်ရှန်းယွီက စိတ်ရှည်မှု ကုန်ဆုံးသွားချေပြီ။ သူမက လက်ကို မြှောက်ကာ အဖြူရောင် ပိုးမျှင်များ ထုတ်လွှင့်လိုက်သည်။ ထိုပိုးမျှင်အလင်းတန်းက ရေခဲအစထောင်ချီအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိဆီ ပြေးဝင်သွားကြသည်။

မိုဝူကျိက လက်ကို ခါကာ စုရိုအာနှင့် တုံ့ဟွားလုံတို့အား တိုက်ပွဲကွင်းပြင် ပြင်ပသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။

ထိုစဉ် သူက ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ သူ့စွမ်းအားစက်ကွင်း ပေါ်လာသည်နှင့် မုရုန်ရှန်းယွီ၏ ရေခဲစွမ်းအားစက်ကွင်းအတွင်း အက်ကွဲသံများ ထွက်ပေါ်လာသည်။

မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်မှ ထုတ်ဖော်လိုက်သော လေဟုန်ဆန်မြစ်မှာ မုရုန်ရှန်းယွီဆီ အပြင်းအထန် ကျရောက်လာသည်။ မိုဝူကျိက မုရုန်ရှန်းယွီအား သူစိမ်းတစ်ယောက်လို ဆက်ဆံသည့်အကြောင်းကို ထည့်ပြောဖို့ရာပင် မလိုပေ။ အကယ်၍ သူက ရင်းနှီးသူနှင့် ရင်ဆိုင်နေရလျှင်ပင် သူ့အနေနှင့် မုရုန်ရှန်းယွီ၏ တိုက်ခိုက်မှုများကို တောင့်ခံထားနိုင်မည့် အရည်အချင်း မရှိပေ။

မုရုန်ရှန်းယွီက သူမ၏ ရေခဲစွမ်းအားစက်ကွင်းမှာ တစစီ ဖြစ်သွားကြောင်း ခံစားလိုက်ရသောအခါ စိတ်ထဲ အံ့ဩမိသွားသည်။ သူမက အင်မော်တယ်ဘုရင်အဆင့် ဖြစ်ကာ ထူးခြားလှသော ရေခဲသဘာဝ စက်ကွင်းကိုပင် ပိုင်ဆိုင်ထားသေး၏။ အကယ်၍ မိုဝူကျိက အင်မော်တယ်ဘုရင် ဖြစ်နေလျှင်ပင် သူ့အနေနှင့် သူမစက်ကွင်းအား သူ့ဘာသာ ဖျက်စီးပစ်နိုင်မည် မဟုတ်ပေ။

သို့သော် လက်တွေ့၌ သူမစွမ်းအားစက်ကွင်းမှာ မိုဝူကျိရှေ့မှောက်၌ ညွှန်းဆိုဖို့ရာပင် မထိုက်တန်ပေ။ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းဖြင့် အလွယ်တကူ ဖျက်စီးပစ်နိုင်သည်။

သူမက မိုဝူကျိ၏ ကျင့်စဉ်မှာ ထူးဆန်းကြောင်း သိထားသော်လည်း သူမ တိုက်ခိုက်လိုက်စဉ်က မိုဝူကျိအား မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဟုသာ တွေးထင်မိခဲ့သည်။ တကယ်တော့ သူမက မိုဝူကျိအား မဟာယီရှန်းအဆင့်ဟု ထင်ခဲ့သည့်အခါကပင် မြင့်မြင့် တွေးထားမိပြီးသား ဖြစ်၏။

နှစ်တချို့မျှသာ ကုန်ဆုံးသွားခဲ့လေရာ မည်သူကမှ သူမကဲ့သို့ လော့ကျမ်းစာရွက်ကဲ့သို့‌သော ရတနာကို မပိုင်ဆိုင်ထားကြပေ။ လော့ကျမ်းစာရွက်အတွင်း ကမ္ဘာတစ်ခု ရှိနေသည်။ ထိုကမ္ဘာက တည်နရာတစ်ခု ဖြစ်ရုံသာမက အချိန်လည်း ပိုင်ဆိုင်ထားသေး၏။ သူမက နှစ်အချို့လေးအတွင်း အင်မော်တယ်ဘုရင်အဆင့် ရောက်ရှိလာခြင်း မဟုတ်ပေ။ သူမက ဤကျင့်ကြံဆင့် ရောက်ရှိလာဖို့ရာ လော့ကျမ်းစာရွက်အတွင်းမှ အချိန်ကို ဆွဲဆန့်ထားခြင်း ဖြစ်၏။

သို့သော် မိုဝူကျိ၏ အင်အားဖြင့် မဟာယီရှန်းအဆင့် ကျင့်ကြံသူ မည်သို့ ဖြစ်နိုင်မည်နည်း။ သူက သာမာန် အင်မော်တယ်ဘုရင်များထက်ပင် အားကောင်းနေသေး၏။

မုရုန်ရှန်းယွီက မိုဝူကျိအား ပါးမွှားအဖြစ် မသတ်မှတ်ရဲတော့ပေ။ သူမ လက်နှစ်ဖက်က လက်ဟန်သင်္ကေများစွာ ပြုလုပ်လိုက်ပြီး လော့ကျမ်းစာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

လော့ကျမ်းစာရွက်က ကျောက်တံတားကဲ့သို့ ချက်ချင်း ပုံပြောင်းသွားလေ၏။ ကျောက်တံတားမှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို အပြည့်အဝ ဝါးမျိုလိုနေဟန် ပေါ်သည်။ မိုဝူကျိက သူ့စွမ်းအားစက်ကွင်းမှာ ထိုတံတားအောက်၌ စုပ်ယူခံနေရကြောင်း ခံစားမိလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့စွမ်းအားစက်ကွင်းမှာ တစ်လက်မစီ ပြိုလဲသွားတော့သည်။

ထိုစဉ် မိုဝူကျိက အင်မော်တယ် သဘာဝ စွမ်းအားများကို အပြင်းအထန် လှည့်ပတ်လိုက်သည်။ သူ့လေဟုန်ဆန်မြစ် ပုဆိန်လှံရှည်အလင်းတန်းမှာ ပို၍ တောက်ပလာကာ ရေတံခွန်ကဲ့သို့ စီးကျလာသည်။

မိုဝူကျိ၏ လေဟုန်ဆန်မြစ် တိုက်ကွက်မှာ လိန်ဟုန်ကျီ၏ သုံးသောင်းအလေးချိန်ရှိ တူကြီးအား ရှုံးနိမ့်သွားသည်မှာ လိန်ဟုန်ကျီ၏ လျှပ်စီးသဘာဝ တိုက်ကွက်က အားကောင်းနေ၍ မဟုတ်ဘဲ လိန်ဟုန်ကျီ၏ သုံးသောင်းအလေးချိန်ရှိ တူကြီးမှာ လျှပ်စီးသဘာဝ တစ်ခုတည်း မဟုတ်ဘဲ  အင်အားအမျိုးအစား တိုက်ကွက်ပါ ဖြစ်နေသောကြောင့် ဖြစ်၏။ သူ့လေဟုန်ဆန်မြစ်မှာ မပြီးပြည့်စုံသေးသောကြောင့် ထိုသုံးသောင်းအလေးချိန်ရှိ တူကြီးအောက်၌ ပျက်စီးသွားရခြင်း ဖြစ်သည်။ ထို့နောက် သူက ထိုတူကြီးအား သူ့လက်သီးချက်ဖြင့် ချေဖျက်နိုင်ခဲ့သည်။

သူက အင်အား ဥပဒေသများအား နားမလည်သလို သူ့တွင် အင်အားသုံး တိုက်ကွက်လည်း မရှိပေ။ သို့သော်လည်း သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်တွင် အင်အား၏ တာအိုစွမ်းအားများ ပါဝင်နေသောကြောင့် သုံးသောင်းအလေးချိန်ရှိ လျှပ်စီးတူကြီးနှင့် တူညီသော သက်ရောက်မှု ရှိခြင်း ဖြစ်သည်။

မိုဝူကျိက မုရုန်ရှန်းယွီသည် လိန်ဟုန်ကျီကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မယုံပေ။

“ ဘုန်း ခွမ်း ….” လေဟုန်ဆန်မြစ်က မုရုန်ရှန်းယွီ၏ ကျောက်တံတားပေါ် ကျရောက်လာသည့်အခါ ကျောက်တံတားကြီးက ကျိုးပဲ့သံများ ထွက်ပေါ်လာကာ တစစီ ကြေမွသွားတော့သည်။

မုရုန်ရှန်းယွီ၏ နဖူးအထက်၌ ဒဏ်ရာတစ်ခု ပေါ်လာသည်။

မုရုန်ရှန်းယွီ၏ သတ်ဖြတ်လိုစိတ်များက မြင့်တက်လာပြီး “ ဘာကြောင့် ဒီလောက်တောင် ရဲတင်းနေလဲ အောက်မေ့နေတာ …. ရှင်လည်း အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာတဲ့ပုံပဲ … အမြင်နဲ့တင် ရှင်လည်း လော့ကျမ်းစာရွက်ကို သန့်စင်ပြီးတော့ အထဲမှာ ရှိနေတဲ့ ယာယီဥပဒေသတွေကို အသုံးချခဲ့တယ် ထင်တယ်။ ဒီလိုဆိုမှတော့ သေလိုက်တော့ …. ”

မုရုန်ရှန်းယွီက ဒေါသတကြီး အော်ဟစ်လိုက်သည့်အခါ မိုဝူကျိအပေါ် အဆုံးမဲ့ ဖိအားများ ကျဆင်းလာသည်။

အသက်ရှုဖို့ရာပင် ခက်ခဲလာလေ၏။ ထိုစဉ် မိုဝူကျိက သူ့တစ်ကိုယ်လုံးကို ထိုခမ်းနားသော စွမ်းအားများဖြင့် လွှမ်းခြုံခံထားရသလို ခံစားမိလိုက်ကာ သူ့အသိစိတ်ပင်လယ်ပင် နှေးကွေးသွားသည်။ ထိုအရာမှာ သမိုင်း စွမ်းအင် ဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှု၏ ဖိအားတစ်မျိး ဖြစ်သည်။

ထိုအရာမှာ လော့ကျမ်းစာရွက်၏ လျို့ဝှက်ပညာရပ် ဖြစ်သည်။ မိုဝူကျိ စိတ်ထဲ စိုးရိမ်ပူပင်မှုများနှင့် ပြည့်နှက်သွားသည်။ ထိုဖိအားအောက်၌ သူက သေးငယ်လာသည်ဟု မခံစားရဘဲ မနေနိုင်ချေ။

သူက ဤမိန်းမအား လုံးဝ အလွှတ်မပေးနိုင်ပေ။ မိုဝူကျိ နှလုံးသား၌လည်း သတ်ဖြတ်ငွေ့များ ပြည့်နှက်လာလေ၏။

သူမက လော့ကျမ်းစာရွက် ငါးရွက်ရှိနေသည့် အင်မော်တယ် ဘုရင်အဆင့် ဖြစ်နေတော့လည်း ဘာအရေးလဲ …. သူက သူမကို သတ်ပစ်မည်သာ ဖြစ်၏။

သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ သိုလှောင်ရေး လမ်းကြောင်းတို့ကို အဆက်မပြတ် လှည့်ပတ်လိုက်သည်။ မိုဝူကျိ၏ လက်နှစ်ဖက်မှာ ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး သူ့အမြန်နှုန်းမှာလည်း မုရုန်ရှန်းယွီထက် မနှေးပေ။

သေခြင်းရှင်ခြင်း စွမ်းအားများက သူ့လက်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုသည်မှာ မိုဝူကျိ၏ ထိပ်တန်း လျို့ဝှက်တိုက်ကွက် ဖြစ်သော သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း ဖြစ်သည်။

သူက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို သုံးလိုက်သည်နှင့် သူ့ကိုယ်သူ သေဆုံးဖို့ရာ ပြင်ဆင်ထားပြီးသား ဖြစ်၏။ အကယ်၍ မုရုန်ရှန်းယွီကဲ့သို့သော လူမျိုးကို လွှတ်ပေးလိုက်လျှင် ချိန်စုယင်ဆီ ကပ်ဘေးသဖွယ် ဖြစ်သွားလိမ့်မည်။ သူ့လော့ကျမ်းစာရွက် တစ်ရွက်မှာ ချိန်စုယင်နှင့်အတူတူ ရှိနေသည် မဟုတ်ပါလော။

သူ့သတ်ဖြတ်ငွေ့များမှာ ကောင်းကင်တမျှ မြင့်တက်လာလေသည်။

သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း၏ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် မုရုန်ရှန်းယွီသည်လည်း ခံစားလိုက်ရသည်။ သူမ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း တုန်ခါလာလေ၏။ သူမက အမှန်တကယ် နားမလည်တော့ပေ။ သူမ လော့ကျမ်းစာရွက်ငါးရွက်၏ ဖိအားအောက်၌ မိုဝူကျိ မည်သို့များ ခုခံနေနိုင်သနည်း။ ထို့အပြင် သေခြင်းတရား စွမ်းအားများက သူမကို တုန်လှုပ်သွားစေသည်။ သူမက သူတို့နှစ်ယောက်ကြား၌  သေခြင်းတရား အငွေ့အသက်များကို ခံစားမိလိုက်သောကြောင့် တစ်ယောက်တော့ သေရမည် ဖြစ်ကြောင်း သေချာသိလိုက်သည်။

မုရုန်ရှန်းယွီက စတင်၍ တွေဝေလာသည်။ သူမက လော့ကျမ်းစာရွက် စွမ်းအား၏ တစ်သောင်းပုံ ပုံလျှင် တစ်ပုံပင် မပြသနိုင်ကြောင်း ကောင်းကောင်း သိထား၏။

 အကယ်၍ သူမ သေဆုံးသွားလျှင် အားလုံး အလကား ဖြစ်မသွားပေဘူးလား …..

မိုဝူကျိအပေါ်မှ လော့ကျမ်းစာရွက်ကို အချိန်မရွေး ပြန်ယူနိုင်ပေသည်။ သူမက မိုဝူကျိ၏ ကျင့်ကြံနှုန်းမှာ သူမထက် မြန်ဆန်လိမ့်မည်ဟု မယုံပေ။ သူမက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းသည့်အခါ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိပေဦးမည်။ ထိုအခါမှ မိုဝူကျိဆီမှ ပြန်ယူ၍ ရပေသည်။

သူမက ထိုအတွေးဖြင့် လက်ကို ဝှေ့ကာ လော့ကျမ်းစာရွက်အား ထုတ်ယူလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူမ ပုံရိပ်မှာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

သူမက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း မဟာလော့ရှန်းအဆင့်အထိသာ ဝင်ခွင့်ပြုထားကြောင်း မသိပေ။ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်ပင် မရှိသေးပေ။ အကယ်၍ သူမက မိုဝူကျိကို ကျင့်ကြံဆင့်နိမ့်လေးဖြင့် တိုက်ခိုက်လိုက်လျှင် ယနေ့ ထွက်မသွားနိုင်ကြောင်း သိလိုက်သည်။

မိုဝူကျိလည်း သက်ပြင်းချလိုက်သည်။ သူက မုရုန်ရှန်းယွီကို တကယ်သတ်ပစ်ချင်နေသော်လည်း လုပ်နိုင်စွမ်း မရှိကြောင်း သိထား၏။

စွမ်းဆောင်ရည်နှင့် ဆိုင်သည့် ကိစ္စ မဟုတ်ဘဲ မှော်ရတနာကြောင့် ဖြစ်၏။ အကယ်၍ မုရုန်ရှန်းယွီတွင် လော့ကျမ်းစာရွက် ငါးရွက် ရှိမနေလျှင် သူမက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သတ်နိုင်ဦးမည် ဖြစ်၏။ သို့သော်လည်း လော့ကျမ်းစာရွက်များက အားကောင်းလွန်းလှသည်။ သူ မခုခံနိုင်လောက်တော့သည့်အထိ အားကောင်းလွန်းလှသည်။

အကယ်၍ မုရုန်ရှန်းယွီက ထွက်ပြေးဖို့သာ မရွေးချယ်လျှင် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကြောင့် အသတ်ခံရသူမှာ သူ ဖြစ်သွားနိုင်လေသည်။ ကံကောင်းစွာနှင့် သူက ဤတိုက်ပွဲမှ များစွာ သင်ယူနိုင်လိုက်၏။ သေချာလေ့ကျင့်ပြီးသည့်နောက် သူက လော့ကျမ်းစာရွက်၏ ဖိနှိပ်မှုကို ဆက်မခံရတော့ကြောင်း သေချာသိနေသည်။

“ အစ်ကိုကြီး အဲဒီမိန်းမရဲ့ ကျင့်ကြံဆင့်က အရမ်းမြန်တယ် …” မုရုန်ရှန်းယွီ ထွက်သွားသည်ကို မြင်ပြီး တုံ့ဟွားလုံက မြန်မြန် သွားလိုက်သည်။ သူလည်း  မုရုန်ရှန်းယွီကို သိ၏။

စုရိုအာလည်း ရောက်လာသည်။ သူမက တုံ့ဟွားလုံထက် အတွေ့အကြုံများသောကြောင့် မိုဝူကျိ၌ သူမမှော်ရတနာနှင့် ယှဉ်နိုင်သည့် ရတနာမျိုး ရှိနေလျှင်  မုရုန်ရှန်းယွီအား အလွယ်တကူ အနိုင်ယူနိုင်ကြောင်း သိလိုက်သည်။

“ လာ.... ငါတို့တွေ ထွက်သွားကြမယ် … ဒီမှာ ကြာကြာနေလို့ မကောင်းဘူး ” မိုဝူကျိက အလေးအနက် ပြောလိုက်သည်။

သူ့တာအိုကို ကိုယ်တိုင်ဖန်တီးထားခြင်း ဖြစ်၏။ သို့သော်လည်း သူ့တာအိုမှာ ပြီးပြည့်စုံဖို့ရာ အလှမ်းကွာနေသေး၏။ လေးလွှာမြောက်အတွင်း သူက အားကောင်းသော ပြိုင်ဖက်များနှင့် ကြုံတွေ့ခဲ့ရသည်။

ကောင်းကင်ဘုံ သွေဖယ်နေသည့် လိန်ဟုန်ကျီအကြောင်း ထည့်မပြောလျှင်ပင် မုန့်ယင်စန်းပင် မရိုးရှင်းလှပေ။ လော့ကျမ်းစာရွက် ငါးရွက်ကို ပိုင်ဆိုင်ထားသော မုရုန်ရှန်းယွီလည်း ရှိနေသေး၏။

……………

မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ကွက်တိ ဖြစ်၏။ သူတို့ လေးလွှာမြောက်မှ ထွက်လာသည်နှင့် မည်သူကမှ သူတို့ကို မတားကြပေ။ သူတို့ကို စစ်ဆေးကြသော အားကောင်းသော စိတ်စွမ်းအားများ ရှိသော်လည်း အကြမ်းဖျင်းမျှသာ စစ်ဆေးခံလိုက်ရသည်။

တုံ့ဟွားလုံနှင့် စုရိုအာတို့က မိုဝူကျိ၏ လွန်းပျံယာဉ်ဖြင့်   စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်လာကြသည့်အခါမှ စိတ်အေးသွားတော့သည်။

“ ဟွားလုံ …..  ငါ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို သွားလိုက်ဦးမယ်။ ငါတို့ ဂိုဏ်းကို ပြန်ရောက်တဲ့အခါကျ မင်းရဲ့ ကံကြမ္မာကြာနီကို ပြန်ပေးမယ်နော် ….” မိုဝူကျိက တုံ့ဟွားလုံသည် ကံကြမ္မာကြာနီ၏ အငွေ့အသက်ကို မဖုံးကွယ်နိုင်၍ တစ်ယောက်ယောက် သတိပြုမိသွားမည်ကို စိုးရိမ်နေကြသည်။ အကယ်၍ သူတို့ကို တွေ့သွားလျှင် ပြဿနာများက ပိုဆိုးလာလိမ့်မည်။

တုံ့ဟွားလုံက ပြန်မဖြေခင် စုရိုအာက ပြန်ဖြေလိုက်သည်

“ စီနီယာအစ်ကိုကြီး  .. ဟွားလုံက အခုမှ ကျင်းရှန်းအဆင့်ပဲ ရှိသေးတာလေ။ သူ့အတွက် ကံကြမ္မာကြာနီကို အသုံးပြုဖို့က အင်မော်တယ်ဘုရင်အဆင့်လောက် ရောက်ဖို့ လိုမယ်လို့ ထင်တယ်။ စီနီယာက အရင်ဆုံး သုံးလိုက်ပြီးတော့  အဲဒီ အမျိုးသမီးကို ထပ်ရှာကြည့်ပါ့လား  ”

စုရိုအာက တုံ့ဟွားလုံအား အပြင်လူအဖြစ် မသတ်မှတ်ပေ။ ထို့ကြောင့်သာ ဤသို့စကားမျိုး ပြောထွက်ခြင်း  ဖြစ်၏။

All Chapters