အင်မော်တယ်ဘုရင်အဆင့်
Vol. 52 Ch. 725
အင်မော်တယ်ဘုရင်က မိုဝူကျိ အကြောင်းပြချက်မရှိ တိုက်ခိုက်သည်ကို မြင်သောအခါ ဒေါသချက်ချင်း ထွက်သွားသည်။ သူက အနှောင်အဖွဲ့ကင်းနန်းတော်၏ အားထားရသည့် လူတစ်ယောက် ဖြစ်ပေသည်။ ယုံရင်အင်မော်တယ်နယ်မြေ တစ်ခုလုံး၌ မည်သူကမှ အကြောင်းပြချက် မရှိဘဲ သူ့အား တိုက်ခိုက်ခွင့် မရှိပေ။
တစ်ဖက်လူက ပထမတန်းစားဂိုဏ်းမှ ဖြစ်နေလျှင်ပင် သူက ကောင်းကင်ဧကရာဇ်၏ နန်းတော်ကို မျက်နှာသာပေးသင့်သေး၏။ ထို့အပြင် သူက သူ့ပြိုင်ဖက်မှာ အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်သေးကြောင်း သေချာသိနေသည်။ အင်မော်တယ်ဘုရင်အဆင့်မျှဖြင့် သူ့ရှေ့တွင် လာမောက်မာရဲ၏။ သူသိသလောက်အရ သူ့ရှေမှ လူမှာ အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးပေ။
သူ့ရှေ့၌ ကြေးမုန်တစ်ချပ် ပေါ်လာပြီး မိုဝူကျိဆီ အလင်းတန်းများ စုစည်းကာ ဝှီးခနဲ ဝင်ရောက်သွားသည်။
“ ဘုန်း ” လခြမ်းကွေး ပုဆိန်လှံရှည်၏ အလင်းတန်းမှာ ထိုကြေးမုန်နှင့် တွေ့ဆုံသွားသည်။ သူတို့ဘေးပတ်လည်မှ အဆောက်အဦးများမှာ တိုက်ရိုက် မြေပြင်သို့ ပြိုကျပျက်စီးသွားသည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ လှိုင်းတံပိုးကဲ့သို့ တလိပ်လိပ် မြင့်တက်လာသည်။ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုတည်းဖြင့် သူ့အင်မော်တယ် သဘာဝစွမ်းအားများက တစ်ဖက်လူကို မယှဉ်နိင်ကြောင်း သိလိုက်သည်။ သူ့ပြိုင်ဖက်မှာ အနည်းဆုံး အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ကျင့်ကြံသူ မဟုတ်ပါလော။
မိုဝူကျိက ထိုအတွေး တွေးမိနေစဉ် ပိန်ချုံးချိနှဲ့နေသည့် လူအိုကြီး တစ်ယောက် ရောက်ရှိလာသည်။
“ ဝေရှင်း …. လာကူဦး။ ဒီလူက အလွယ်လေး မဟုတ်ဘူး။ အနည်းဆုံး အင်မော်တယ် အုပ်စိုးသူ တပိုင်းအဆင့်တော့ ရောက်နေလောက်ပြီ ” မိုဝူကျိနှင့် ရင်ဆိုင်နေသည့် အင်မော်တယ်ဘုရင်အဆင့်က မိုဝူကျိသည် သာမာန်အင်မော်တယ်ဘုရင်များထက် အားကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ သူ့အမြင်အရ မိုဝူကျိ၏ တိုက်ခိုက်မှုနှင့် စိတ်စွမ်းအားတို့မှာ သူ့ထက်ပင် အားကောင်းနေသေး၏။ အကယ်၍ မိုဝူကျိက အင်မော်တယ်ဘုရင် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်မနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
ဤလူအိုကြီးကလည်း အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်ဟန် ပေါ်သည်။ သူ့စိတ်စွမ်းအားဖြင့် နောက်ထပ် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး အပြေးအလွှားလာနေကြောင်း သိလိုက်ရသည်။ သူ့လက်ထဲ၌ အစီအရင်အလံ တချို့ ရှိနေသည်။ ကြည့်ရသည်မှာ ထိုသူက အစီအရင်ဆရာတစ်ယောက် ဖြစ်ဟန် ပေါ်ပြီး ဤကြေမွသွားသည့် အစီအရင်အား ပြန်လည် ပြုပြင်လိုခြင်းသာ ဖြစ်လိမ့်မည်။
မိုဝူကျိက ဝဲကတော့ စွမ်းအားစက်ကွင်းကို အားကုန်ထုတ်သုံးလိုက်သည်။ အင်မော်တယ်ဘုရင်နှစ်ယောက် သူ့စွမ်းအားစက်ကွင်းအတွင်း ရောက်လာသည်နှင့် သူက အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူဆီ လျှပ်စီးအားတစ်ချက် ပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အင်မော်တယ်ဘုရင်ဆေး သုံးလုံးကို ထုတ်ကာ သောက်သုံးလိုက်တော့သည်။
သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်က အသည်းအသန် လှည့်ပတ်နေပြီး မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်သည်။
သူက အင်မော်တယ်ဘုရင် သုံးယောက်နှင့် ရင်ဆိုင်ရာ၌ အင်မော်တယ်ဘုရင်အဆင့်သို့ မဝင်ရောက်မချင်း လက်ရည်တူမည် မဟုတ်ကြောင်း သေချာသိထားသည်။
“ ဘုန်း ” အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ယောက်က မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား ဖျက်စီးပစ်ရန် ကြိုးစားနေသည်။ တစ်ယောက်က မိုဝူကျိအား လှံအလင်းဖြင့် ရိုက်ဖို့ လုပ်လိုက်သည်။
မိုဝူကျိက မလှုပ်ရှားသော်လည်း ဆက်တိုက်ဆိုသလို အင်မော်တယ် ဝိညာဉ်စွမ်းအားများကို အသည်းအသန် စုပ်ယူနေလေ၏။
“ အဲဒီလူက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းဖို့ ပြင်နေတာပဲ မြန်မြန် တားကြ …” အင်မော်တယ် ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူက မိုဝူကျိ၏ အပြုအမူကို မြင်သောအခါ သူ့စိတ်ထဲ၌ ဒေါသနှင့်အတူ တုန်လှုပ်မှုများ ကြီးစိုးသွားသည်။
လူတစ်ယောက်က တိုက်ပွဲအတွင်း အဆင့်တက်လှမ်းရန် ကြိုးစားခြင်းမှာ သေခြင်းတရား ဆိုသည့် အဓိပ္ပါယ်ကို မသိသေးသည့် လူသာ ဖြစ်ရမည်။
“ မဟုတ်သေးဘူး … သူက အင်မော်တယ်အုပ်စိုးသူအဆင့် တက်လှမ်းဖို့ လုပ်နေတာ မဟုတ်ဘူး …. အင်မော်တယ်ဘုရင်အဆင့် တက်မှာ ”
မိုဝူကျိ၏ ဘေးပတ်လည်မှ တာအိုစွမ်းအားများကို ခံစားမိပြီး အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူက စကားပြောင်းသွားလေ၏။ သို့သော်လည်း သူက တစ်ဝက်မျှအထိသာ ပြောလိုက်ပြီး ဆက်မပြောရဲတော့ပေ။ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။
မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်လား …. လာနောက်နေတာလား ….
“ ဖူး ” ပထမ အင်မော်တယ်ဘုရင်၏ ကြေးမုန်က အလင်းတန်းများ စုစည်းကာ ဖြစ်တည်လာကာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ဖြတ်ကျော်သွားပြီး ရင်ဘတ်ဆီ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုကြေးမုန်က သွေးတချို့ ထုတ်နိုင်စွမ်း ရှိ၏။
မြင်ကွင်းကား ထိုကျင့်ကြံသူကို ကြောင်အမ်းသွားစေသည်။ သူ့အလင်းတန်းမှာ မိုဝူကျိပေါ် ရောက်သည်နှင့် မိုဝူကျိ၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားသင့်ပေသည်။ မိုဝူကျိက အင်မော်တယ်အုပ်စိုးသူအဆင့် ဖြစ်နေလျှင်ပင် ထိုသို့ဖြစ်ရမည် ဖြစ်၏။
အလင်းတန်းက ဘာကြောင့် သွေးနည်းနည်းလေးပဲ ထွက်စေရတာလဲ …
မြန်မြန် ထွက်သွားရမယ် ….
ထိုအတွေးကား သူတို့စိတ်ထဲ ပေါ်လာသည်။ သူတို့က မိုဝူကျိအား မသတ်နိုင်သောကြောင့် ဆက်နေနေ၍ မဖြစ်ပေ။ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်လုံးက မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက်၌ ဝင်ပါမိဖို့ရာ အလိုမရှိပေ။
မိုဝူကျိ၏ အဓိက ရည်ရွယ်ချက်မှာ မိုးကြိုးစမ်းသပ်ချက်မှ အင်အားဌားကာ ထိုလူများအား ရှင်းထုတ်ပစ်လိုခြင်း ဖြစ်၏။ ထို့ကြောင့် မည်သို့များ လက်လွှတ်ပေးနိုင်မည်နည်း။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းမှာ အားပြင်းပြင်းနှင့် လှည့်ပတ်လိုက်ပြီး ထိုထွက်ပြေးလိုနေသည့် နှစ်ယောက်ကို လွှမ်းခြုံသွားတော့သည်။
“ ဘုန်း ဘုန်း ဘုန်း ” မိုးကြိုးချက်များက ကောင်းကင်တခွင် ထွက်ပေါ်လာသည်။ မိုးကြိုးချက် ဆယ်ချက်ကျော်က ကျဆင်းလာသည်။ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ရာ ဂိတ်တံခါးဝအထိ ရောက်ခဲ့ပြီးပြီ ဖြစ်သော်လည်း ယခု အင်မော်တယ်ဘုရင် ဆေးသုံးလုံး သောက်ထားလေရာ သူ့ခန္ဓာကိုယ်တွင် တစစီ ဖျက်စီးသွားနိုင်သည့် ပြင်းထန်သော အင်မော်တယ်သဘာဝ စွမ်းအားများနှင့် အပြည့် ဖြစ်နေသည်။ အင်မော်တယ်ဘုရင်ဂိတ်တံခါးဝမှာ မိုးကြိုးချက် ကျရောက်လာသည်နှင့် ပွင့်ထွက်သွားလေ၏။
မိုဝူကျိ၏ တိုက်ခိုက်မှုကြောင့် ထိုအင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူလည်း မိုးကြိုးစမ်းသပ်ချက်အတွင်း ဆွဲခေါ်ခံလိုက်ရသည်။
မိုးကြိုးစမ်းသပ်ချက်မှာ အင်မော်တယ်တိုင်းအတွက် အတိဒုက္ခကျော်ဖြတ်ရခြင်းသာ ဖြစ်ပြီး မိုးကြိုးစမ်းသပ်ချက် ခံယူနေသော သူကို မည်သူကမှ မတိုက်ခိုက်ရဲကြပေ။ အကယ်၍ တိုက်ခိုက်လျှင် မိုးကြိုးစမ်းသပ်ချက်အတွင်း ပိတ်မိသွားလိမ့်မည်။ ကျင့်ကြံဆင့်က အရေးမပါတော့ဘဲ မိုးကြိုးစမ်းသပ်ချက်အား ရန်စသူအဖြစ်သာ မြင်ကြလိမ့်မည်။
တူညီလှစွာ တိုက်ပွဲအတွင်း မည်သူကမှ မိုးကြိုးစမ်းသပ်ချက် မဆင့်ခေါ်ရဲကြပေ။ အကြောင်းမှာ မည်မျှ အားကောင်းနေစေကာမူ မိုးကြိုးစမ်းသပ်ချက်အပြီးတွင် အားအနည်းဆုံးအခြေအနေသို့ ရောက်သွားမည် ဖြစ်၏။ ထိုအချိန်၌ တစ်ဖက်လူက အားနည်းနေလျှင်ပင် ကိုယ့်အား အလွယ်တကူ သတ်သွားနိုင်လိမ့်မည်။
“ ဘယ်လို မိုးကြိုးစမ်းသပ်ချက်မျိုးလဲ …” ထိုအတွင်း ဆွဲခေါ်ခံလိုက်ရသည့် အင်မော်တယ်ဘုရင် သုံးယောက်လုံးက ကြောင်အမ်းနေကြဆဲ ဖြစ်သည်။ အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်ပင် မိုးကြိုချက် ဆယ်ချက် တစ်ခါတည်း ကျရောက်မလာပေ။ ထို့အပြင် မိုးကြိုးချက် တစ်ချက်စီက အင်မော်တယ် အုပ်စိုးသူအဆင့်ထက်ပင် ပိုကြီးမားနေသေး၏။
“ ဖူး ဖူး ဖူး ” မိုးကြိုးချက်များကြောင့် သွေးမြူများစွာ ထွက်ပေါ်လာသည်။ ဤမိုးကြိုးစမ်းသပ်ချက်အောက်၌ ထိုအင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူသုံးယောက်မှာ လေထဲတွင် လွှင့်မျှောနေသော သစ်ရွက်များကဲ့သို့ ဖြစ်နေသည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိအား တိုက်ခိုက်ဖို့ရာ မဆိုထားနှင့်။ သူတို့ကိုယ်သူတို့ပင် ကာကွယ်ရေး ရတနာများ ထုတ်၍ မိုးကြိုးချက်များကို ခုခံနေရသည်။
မိုဝူကျိလည်း မိုးကြိုးစမ်းသပ်ချက် အင်အားကြောင့် အံ့ဩမိသွားသည်။ ယခင် သူက ထိုလူသုံးယောက်ကို မိုးကြိုးချက် ကျရောက်လာသည်နှင့် တိုက်ခိုက်ဖို့ရာ ရည်ရွယ်ထားလေသည်။ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၆ သို့ ရောက်နေပြီ ဖြစ်ရာ ဤအင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက်ကား သူ့အား ဘာမှ လုပ်နိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း လက်တွေ့ကား ပြောစရာရှာမတွေ့ ဖြစ်သွားရချေသည်။ သူ့မိုးကြိုးစမ်းသပ်ချက်အောက်၌ ထိုအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများမှာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရုံသာ တတ်နိုင်ကြသည်။ ထို့အပြင် ဤသည်မှာ မိုးကြိုးချက် ပထမအသုတ်မျှသာ ဖြစ်၏။ ဆက်ကျရောက်လာမည့် မိုးကြိုးချက်များက ပို၍ အားကောင်းပေသည်။
…………….…
ယန်ချင်လင်က လေထုအပြောင်းအလဲကို ခံစားမိလိုက်သည်။ တဂျိန်းဂျိန်း ခြိမ်းနေသော မိုးကြိုးသံများလည်း ကြားနေရပြီး သူမက နားမလည်စွာ မေးလိုက်သည် “ သခင်ကြီး ဒါက တစ်ယောက်ယောက်များ မိုးကြိုးစမ်းသပ်ချက် ခံယူနေတာများလားရှင် …. ”
“ သွားကြည့်ကြစို့ … ဒါက ငါတို့ ထွက်ပြေးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ် ….” ဝမ်ဟို့က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
မြို့စားအိမ်တော်၏ ကာကွယ်ရေး အစီအရင်ကို ဖွင့်ကာ သုံးယောက်သား အလျှင်အမြန် ထွက်လာကြသည်။
ရေသဘာဝ ယင်အင်မော်တယ်မြို့၏ ကာကွယ်ရေး အစီအရင်မှာ မိုဝူကျိကြောင့် နှစ်ခြမ်း ဖြစ်သွားလေပြီ။ ထို့ကြောင့် ဝမ်ဟို့တို့ အိမ်တော်ကနေ ထွက်လာသည်နှင့် သုံးယောက်လုံးက စိတ်စွမ်းအားအတွင်း မိုးကြိုးစမ်းသပ်ချက် ခံယူနေသော လေးယောက်ကို မြင်လိုက်ရသည်။
ဝမ်ဟို့က ပျော်ရွင်စွာဖြင့်
“ ညီလေးတန် … ရှင်မ …. ဒါက ကောင်းကင်ဘုံကနေ သနားလိုက်တဲ့ ရွှေရောင်အခွင့်အရေးကြီးပဲ။ ရေသဘာဝ ယင်အင်မော်တယ်မြို့ရဲ့ သတ်ဖြတ်ရေး အစီအရင်လည်း ပျက်စီးသွားပြီ။ ပြီးတော့ ဟိုသုံးယောက်လုံးလည်း မိုးကြိုးစမ်းသပ်ချက်အတွင်း ပိတ်မိနေပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး မြန်မြန် ထွက်ပြေးကြစို့ … ”
ဝမ်ဟို့က ပြောနေရင်း ပျံသန်းရေး ရတနာကို ထုတ်လိုက်သည်။
ယခု ကာကွယ်ရေး အစီအရင်က ပျက်စီးသွားပြီ ဖြစ်ရာ မြို့အတွင်း ပျံသန်းရေး ရတနာအပေါ် ကန့်သတ်ချုပ်ထိန်းထားမှု မရှိတော့ပေ။ သူတို့က ပျံသန်းရေး ရတနာကို သုံး၍ ရေသဘာဝ ယင်အင်မော်တယ်မြို့ကနေ တန်းထွက်နိုင်ပေသည်။
ယန်ချင်လင်က မျက်မှောင်ကျုတ်ကာ
“ သခင်ကြီး … အဲဒီလူက ကျမတို့ကို လာကယ်တာ ထင်တယ်နော် … ဒီအခွင့်အရေးကို သုံးပြီးတော့ ထွက်ပြေးရင် ကျမတို့ အရှက်မဲ့ရာ ဖြစ်မသွားဘူးလား ”
တန်လျန့်က မိုးကြိုးစမ်းသပ်ချက်ကို တစ်ချိန်လုံး လေ့လာနေကြည့်နေလေသည်။ ထိုစဉ် သူက ပြောလိုက်သည်
“ ကျုပ်နားလည်ပြီ။ ကျုပ်တို့ကို လာကယ်တဲ့သူက အင်မော်တယ်ဘုရင်အဆင့်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီအင်မော်တယ်ဘုရင် သုံးယောက်နဲ့ လက်ရည်မမျှတော့ တိုက်နေတုန်း အင်မော်တယ်အုပ်စိုးသူ မိုးကြိုးစမ်းသပ်ချက်ကို ဆင့်ခေါ်လိုက်ပြီးတော့ အဲဒီသုံးယောက်ကို ပိတ်ထားလိုက်တာပဲ နေမယ် ”
“ ကြည့်ရတာ အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်နဲ့တော့ မတူဘူး ” ဝမ်ဟို့က အရိုင်းဆန်ကာ အဆုံးမသတ်နိုင်သည့် မိုးကြိုးချက်များကို မြင်သောအခါ သံသဖြင့် ရေရွတ်လိုက်သည်။
သူက အင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက်ကို ဖြတ်ကျော်ဖူးလေရာ ဤမိုးကြိုးစမ်းသပ်ချက်၏ တာအိုအရှိန်အဝါများက အင်မော်တယ်ဘုရင် အဆင့် မိုးကြိုးစမ်းသပ်ချက််နှင့် တူကြောင်း ခံစားနေရသည်။
သို့သော် အင်မော်တယ်ဘုရင် အဆင့် မိုးကြိုးစမ်းသပ်ချက်က ဘာလို့ အဲလောက် ကြောက်ဖို့ကောင်းနေနိုင်မှာလဲ ….
အကယ်၍ ဖြစ်နိုင်လျှင် သူ သေဆုံးပြီးသည်မှာ ကြာမြင့်လောက်လေပြီ။ သူ့ကို ထည့်မပြောလျှင်ပင် အင်မော်တယ်လောကတစ်ခုလုံးရှိ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ တချို့သာ ဤသို့မိုးကြိုးစမ်းသပ်ချက်မျိုး၌ အသက်ရှင်နိုင်ကြလိမ့်မည်။
“ လေးယောက်လုံးက သူတို့ကိုယ်သူတို့ မိုးကြိုးချက်တွေကနေ ကာကွယ်နေကြတာ … ငါတို့ကို လာကယ်တဲ့သူက အန္တရာယ်ရှိနေတဲ့ပုံတော့ မပေါ်ဘူး” ဝမ်ဟို့က မိုဝူကျိသည် မိုးကြိုးစမ်းသပ်ချက်အား တကယ် ကာကွယ်နေခြင်း မဟုတ်ကြောင်း မသိပေ။ ထို့အစား သူက အင်မော်တယ်ဘုရင်အဆင့် အခြေခိုင်မာစေရန် လျှပ်စီးအဆီအနှစ်များအား စုပ်ယူနေခြင်း ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူ့ကိုယ်ပိုင်တာအိုလည်း ဉာဏ်အလင်းပွင့်လာလေသည်။
ဤမိုးကြိုးစမ်းသပ်ချက်မှာ သူ့ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ မလုံလောက်ပေ။ ဘာကြောင့်များ ခုခံနေရမည်နည်း။ ခုခံနေကြသူများမှာ မိုဝူကျီ ဆွဲသွင်းထားသော အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်သာ ဖြစ်၏။
“ အဲဆို ကျမတို့ ဒီမှာ စောင့်ရအောင်လေ … မိုးကြိုးစမ်းသပ်ချက် ပြီးသွားရင် သူ့ကို သွားကူကြတာပေါ့ ” ယန်ချင်လင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ ကိုယ်တစ်ယောက်တည်းဆို လုံလောက်ပါပြီ။ ချင်လင် ... ညီလေးတန်နဲ့အတူတူ ထွက်သွားလိုက်တော့ … ”
“ အစ်ကိုဝမ်က ဒီမှာ ဆက်နေမှတော့ အားလုံး အတူတူ နေကြတာပေါ့ ” ဝမ်ဟို့ စကားမဆုံးခင် တန်လျန့်က ဝမ်ဟို့၏ အကြံပြုချက်ကို ကန့်ကွက်လိုက်သည်။
…………….…
မိုဝူကျိက အင်မော်တယ်ဘုရင် သုံးယောက်လုံးကို မတိုက်ခိုက်ပေ။ ထို့အစား သူက မျက်လုံးပိတ်လျက် မိုးကြိုးချက်တွေကြား ထိုင်ကာ တာအိုစွမ်းအားများနှင့် သဟဇာတ ဖြစ်လာအောင် ကြိုးစားနေသည်။ ထိုစဉ် သူ့ကျင့်ကြံဆင့်မှာလည်း ဆက်တိုက်ကို မြင့်တက်နေသည်။
ထိုစဉ် သူ့စိတ်ထဲ၌ လျို့ဝှက်ပညာရပ်များ တစ်ခုပြီး တစ်ခု ပေါ်လာရင်း ပြီးပြည်စုံလာသည်။ မိုဝူကျိက သူ့ကိုယ်ပိုင်လမ်းဖောက်၍ ကျင့်ကြံလမ်း လျှောက်လှမ်းစဉ်ကတည်းက သူက ယခုကဲ့သို့ တစ်ခါမှ မကြုံတွေ့ဖူးသေးပေ။ သူ့ကိုယ်ပိုင် လျို့ဝှက်ပညာရပ်များနှင့် တာအိုကို ရှင်းရှင်းလင်းလင်း နားလည်သွားလေ၏။
ဝေဝါးနေသော တာအိုအသိဉာဏ်များက ချက်ချင်းဆိုသလို ကြည်လင်လာလေ၏။
သူ့စိတ်ထဲ၌ ခန္ဓာပေါ်တွင် ကြီးကျယ်ထည်ဝါသော စွမ်းအားများ စုစည်းနေသည်ကို ခံစားမိနေသည်။ သူ့အင်မော်တယ် သဘာဝစွမ်းအားများမှာ ကျယ်ပြန့်လာပြီး စိတ်စွမ်းအားမှာလည်း နောက်တစ်ဆင့် တက်လှမ်းသွားသလို ကြည်လင်ပြတ်သားလာသည်။ သူက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူ့မျက်ဝန်းများမှာလည်း တည်ငြိမ်နေဆဲ ဖြစ်၏။
သူ့ကျင့်ကြံဆင့် တိုးတက်လာသောကြောင့် ဉာဏ်အလင်းများလည်း နက်ရှိုင်းလာလေသည်။ မိုဝူကျိက သူ့အနေနှင့် မလုံလောက်သေးကြောင်း သတိပြုမိလိုက်သည်။ မိုးကြိုးစမ်းသပ်ချက်ကား ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော်လည်း မိုဝူကျိက မဟာတာအို၏ အဆုံးမဲ့လမ်းစဉ်ပေါ်၌ ခြေတစ်လှမ်း တိုးလိုက်ပြီ ဖြစ်ကြောင်း ခံစားမိလိုက်၏။
“ မင်းက ဘယ်သူလဲ ….” မိုးကြိုးစမ်းသပ်ချက် အဆုံးသတ်သွားသည်နှင့် အင်မော်တယ်ဘုရင် သုံးယောက်လုံးက အသက်တစ်ဝက်လောက် ပျောက်ဆုံးသွားသလို ခံစားလိုက်ကြရသည်။ မိုဝူကျိအား တုန်လှုပ်တကြီး ကြည့်လိုက်ကြ၏။ မေးခွန်း မေးလိုက်သူမှာ မိုဝူကျိအား တားထားသော ပထမဆုံး အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသည်။
“ အင်မော်တယ်ရောင်းရင်း ကျုပ်တို့က ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်ဧကရာဇ်နန်းတော်ကပါ။ ကျုပ်တို့အားလုံး ကိုယ့်အလုပ်ကို ရှိကြတယ်ဆိုတာ သိပါတယ်။ အရင်နားလည်မှု လွဲတာတွေကို မေ့ပစ်ပြီးတော့ ကိုယ့်လမ်းကို သွားကြရအောင်လား ” ပြောလိုက်သူမှာ ဝေရှင်း ဖြစ်၏။
သူလည်း အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ကာ ဒုတိယမြောက် ရောက်လာသူ ဖြစ်သည်။ သူက မိုဝူကျိကို တစ်ခါမျှသာ တိုက်ခိုက်ဖူးသော်လည်း မိုးကြိုးစမ်းသပ်ချက်အတွင်း ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်၏။
နောက်ဆုံးမှ ရောက်ရှိလာသော အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူက ဘာမှမပြောပေ။ သူက ကုသဆေးလုံးများ ထုတ်ကာ သောက်လိုက်သည်။
သုံးယောက်လုံးက မျက်တွင်းများပင် ချောင်ကျနေသည်။ သူတို့ခန္ဓာကိုယ်အနှံ့၌ လောင်ကျွမ်းရာများ ရှိနေပြီး မိုးကြိုးစမ်းသပ်ချက်ကား အလွန်ကြောက်ဖို့ ကောင်းလှပေသည်။
သုံးယောက်လုံးက ထွက်မပြေးကြပေ။ သူတို့ မလုပ်ချင်၍ မဟုတ်ဘဲ မလုပ်ရဲ၍ ဖြစ်သည်။ ထိုကြောက်မက်ဖွယ် မိုးကြိုးစမ်းသပ်ချက်ကို ခံယူပြီးနောက် သုံးယောက်လုံးမှာ အသက်ပျောက်လုမတတ် ခံစားခဲ့ရသည်။ တစ်ဖက်တွင် မိုးကြိုးစမ်းသပ်ချက်ကို ဆင့်ခေါ်ထားသော မိုဝူကျိက ဒဏ်ရာတစ်ချက်မှ မရှိဘဲ အကောင်းတိုင်း ဖြစ်နေသည်။
ထို့အပြင် ဤသည်မှာ အပေါ်ယံအကြောင်းပြချက်မျှသာ ဖြစ်ပြီး သူ့အား ပို၍ ကြောက်စေသည်မှာ မိုဝူကျိက မိုးကြိုးစမ်းသပ်ချက် မခံယူခင်ကပင် အားကောင်းနေပြီးသား ဖြစ်နေသည့်အချက် ဖြစ်ပေသည်။ ယခု မိုးကြိုးစမ်းသပ်ချက် အဆုံးသတ်သွားသောကြောင့် မိုဝူကျိက နောက်တဆင့် တက်လှမ်းသွားလေပြီ။ ဤသို့လူမျိုးရှေ့မှောက်၌ သုံးယောက်လုံးက ထွက်မသွားရဲကြပေ။
မိုဝူကျိ၏ အကြည့်က သူတို့သုံးယောက်ဆီ ရောက်ရှိလာသည်။ သူက သူတို့အဆင်ပြေနေသေးသည့် အကြောင်းအရင်းမှာ သူ့ကြောင့်သာ ဖြစ်ကြောင်း သိထား၏။ သူ့ကျင့်ကြံဆင့် အခြေခိုင်ဖို့ရာ သူက လျှပ်စီးအဆီအနှစ် အများအပြားကို စုပ်ယူခဲ့ရသည်။ ထို့ကြောင့် မိုးကြိုးစမ်းသပ်ချက်၏ အင်အားကို သိသိသာသာ လျော့ကျသွားစေခြင်း ဖြစ်၏။
“ ကွေ့ဖုန်းယွင်က မင်းတို့ သုံးယောက်ကို လွှတ်လိုက်တယ်ဆိုတော့ သူက အင်မော်တယ်ဧကရာဇ် ရောက်တော့မှာလား ဒါမှမဟုတ် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးသွားပြီလား ” မိုဝူကျိက ရုတ်တရက် မေးလိုက်သည်။