← Chapters

နတ်ဆိုးညီအစ်မအဖွဲ့

Vol. 6 Ch. Chapter 36

နတ်ဆိုးညီအစ်မအဖွဲ့

Vol. 6 Ch. Chapter 36

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V6 Chapter 36 - နတ်ဆိုးညီအစ်မများအဖွဲ့

S rank အဆင့်ခွန်အားတွေကို ထုတ်ဖော်ထားတဲ့ ကြေးစားတပ်မှူး​လေးယောက်က ရုပ်သေးဆန်ဆန် လှုပ်ရှားရင်း အမြွှာနှစ်ယောက်ဆီကို ခုန်ဝင်လာကြတယ်။ သူတို့တွေမှာ သီးသန့်မြူတန့်စွမ်းအားရှိနိုင်ပေမဲ့ လောလောဆယ်တော့ အရိုင်းဆန်တဲ့ခွန်အားနဲ့ရက်စက်မှုကိုပဲ ဖော်ပြနေတယ်။

လီရာက ရှေ့တိုးလာတဲ့ မြူတန့်နှစ်ယောက်ကိုဓားနဲ့ရိုက်ထုတ်လိုက်ပြီး လီနာက လီရာကိုနောက်ကနေ တိုက်ဖို့ကြိုးစားနေတဲ့ မြူတန့်နှစ်ယောက်ရန်ကနေ တားဆီးကာကွယ်ပေးလိုက်တယ်။ ဓားနှစ်လက်က အဆင့်မြင့်မြူတန့်တွေနဲ့တိုက်ကွက်ချင်းဖလှယ်ပြီးတဲ့နောက် မီးပွားတွေဖြာထွက်လာတယ်။

ထန်း... ထန်း....

"သူတို့အရေပြားတွေက သံမဏိတွေအတိုင်းပဲ တော်တော်ထူတာပဲ။" လီနာက စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။ လီရာကလည်း ခေါင်းညိတ်ပြီးပြောပါတယ်။

"ဒီလေးယောက်ထဲက တစ်ယောက်ယောက်မှာ သံမဏိအရေခွံစွမ်းအားရှိလိမ့်မယ်။ ​စစ်ပွဲနှင်းဆီက အဲဒီစွမ်းအားကို လေးယောက်လုံးဆီမျှပေးနေတာ။"

လီရာနဲ့လီနာတို့က တစ်ယောက်ကိုတစ်ယောက်ခေါင်းညိတ်ပြလိုက်ပြီး ဓားတွေကို ကြမ်းပြင်ပေါ်ချကာ စစ်ပွဲနှင်းဆီဆီကို ပြိုင်တူပြေးတယ်။ ဓားတွေက ကြမ်းခင်းကိုခြစ်မိသွားပြီး ကွန်ကရစ်မျက်နှာပြင်အက်ကွဲလာတယ်။ အမြွှာနှစ်ယောက်လှမ်းတဲ့ခြေလှမ်းတိုင်းက ခွန်အားအပြည့်နဲ့ပါ။

သံမဏိလိုမာကြောနေတဲ့ ရုပ်သေးလေးရုပ်ကလည်းချက်ချင်းခုန်ဝင်လာပြီး သူတို့ကိုထိန်းချုပ်နေတဲ့သူကို ကာကွယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အမြွှာတွေက ပြိုင်တူပြုံးလိုက်ပြီး သူတို့ဓားနှစ်လက်ကို ပြိုင်တူမြှောက်လိုက်တယ်။ ဓားနှစ်လက်က လေထဲမှာတိုက်မိသွားပြီး ဧရာမဆူနာမီလိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာတယ်။

ဓားရဲ့အသွားတွေကနေတစ်ဆင့် မြူတန့်စွမ်းအားထွက်ပေါ်လာတာဖြစ်ပြီး ရေဓားက ခိုင်မာပါတယ်ဆိုတဲ့ စစ်အေးခေတ်စတိုင် ခံတပ်ကြီးရဲ့ခေါင်မိုးကိုပါ နှစ်ပိုင်းပြတ်ထွက်သွားစေတယ်။ ရုပ်သေးတွေလည်းလွင့်စင်သွားတယ်။ ဂွမ်နဲ့စစ်ပွဲနှင်းဆီလည်း ရေလိုင်းလုံးကို ကဗျာကယာရှောင်လိုက်ရတယ်။

ရေဓားသွားက ကောင်းကင်ပေါ်အထိထိုးတက်သွားပြီး တိုက်ခိုက်နေကြတဲ့ နှစ်ဖက်စစ်သည်တွေအပေါ်မိုးရေအဖြစ် ပြန်လည်ကျဆင်းလာပါတယ်။ စစ်ပွဲနှင်းဆီလည်း တစ်နေရာမှာရပ်နေရင်း သူ့လက်မှာရှိနေသေးတဲ့ ငွေကြိုးတွေကိုကြည့်လိုက်တယ်။ ကြိုးစ​တချို့ ပြတ်သွားပေမဲ့ ထိန်းချုပ်ခံရသူတွေမသေသေးသလို သူထိန်းချုပ်လို့ရနေတုန်းပဲ။

"ကောင်မလေးတွေ၊ နင်တို့က မဆိုးဘူးပဲ။" နောက်တော့ သူက လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းယမ်းလိုက်တယ်။ ရုပ်သေးလေးယောက် ပြန်ထလာပြီး သူတို့ခန္ဓာကိုယ်တွေက ခရမ်းရောင်တောက်ပလာကာ အမြွှာတွေဆီကို ပြေးဝင်လာတယ်။

လီနာက သူ့ဆီကိုပြေးဝင်ပြီး ရင်ဝကိုကန်ဖို့ကြိုးစားတဲ့ရန်သူရဲ့ခြေထောက်ကို ဓားပြားနဲ့ပိတ်ဆို့လိုက်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ခွန်အားကြောင့် နောက်ကိုနည်းနည်းဆုတ်လိုက်ရပြီး သွေးအန်လိုက်ရတယ်။

"ခွန်အားလား။" လီရာ မျက်မှောင်ကြုတ်လိုက်ပြီး မတိုက်ခိုက်နိုင်သေးတဲ့ လီနာကို ကာကွယ်ပေးလိုက်ပါတယ်။ မကြာခင်မှာပဲ လီရာက ရန်သူလေးယောက်ကို အနားမကပ်နိုင်အောင် ရေလှိုင်းလုံးတစ်ခုဖန်တီး​ပြီး နှစ်ယောက်လုံးကိုလွှမ်းခြုံကာကွယ်လိုက်တယ်။

"လီနာ၊ နင်အဆင်ပြေသွားပြီလား။" လီနာစကားကိုကြားတော့ ကိုယ့်ခြေပေါ်ကိုယ်ပြန်ရပ်နိုင်ပြီဖြစ်တဲ့ လီနာက ခေါင်းညိတ်ပြလိုက်ပြီး အသံမြန်နှုန်းကို ချိုးဖျက်ကာ သူတို့ရပ်နေတဲ့နေရာကနေ လူစုခွဲလိုက်တယ်။

မကြာခင်မှာပဲ လျှပ်စီးတန်းတွေက သူတို့အရင်ရပ်နေတဲ့နေရာဆီ လာရောက်ထိမှန်ပြီး ကျန်နေသေးတဲ့ ကွန်ကရစ်ကြမ်းပြင်ပျက်စီးကာ ပြိုကျသွားတယ်။ ဌာနချုပ်က လိုဏ်ခေါင်းအဆင့်ဆင့်နဲ့တည်ထားတာဖြစ်လို့ အောက်ကလိုဏ်ခေါင်းတွေကို ဆက်မြင်နေရတယ်။

"ဒီလှိုဏ်ခေါင်းတွေကို ငါတို့သုံးလို့ရတယ်။" လီရာက ပြောပြောဆိုဆိုနဲ့ ကြမ်းခင်းကို ဓားနဲ့ရိုက်ခွဲလိုက်တယ်။ ကွန်ကရစ်ကြမ်းခင်းပြိုကျသွားပြီး အားလုံးမှာ ရပ်စရာမြေကြီးမရှိတော့ဘူး။ ရုပ်သေးတွေနဲ့စစ်ပွဲနှင်းဆီပါ အောက်ကိုကျွံကျသွားတယ်။

အမြွှာနှစ်ယောက်ကတော့ ပြုတ်ကျနေချိန်အတွင်းမှာ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး လေထုထဲမှာ သုံးရာ့ခြောက်ဆယ်ဒီဂရီလည်အောင် ဆွဲလှည့်တယ်။ အဲဒီနောက် တစ်ယောက်လက်ကိုတစ်ယောက်လွှတ်လိုက်ကြတယ်။

လီရာနဲ့လီနာတို့က တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်ဘက်ကို ခုန်ပျံသွားပြီး ရုပ်သေးနှစ်​ရုပ်ဆီကို မြေပေါ်ပြန်မကျခင် နောက်ဆုံးအနေနဲ့ တိုက်ခိုက်တယ်။ ဒါပေမဲ့ ရုပ်သေးတွေရဲ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားတာမဟုတ်ဘဲ ရုပ်သေးကြိုးတွေကို ပစ်မှတ်ထားတာပါ။

ဘုန်း... ခယောင်း... ဂလောက်ဂလောက်...

အုတ်အပိုင်းအစအကျိုးအပဲ့တွေက ပိုပြီးခိုင်မာတဲ့ မြေအောက်ထပ်တစ်ခုပေါ်ကို ကျဆင်းသွားပြီး ပြိုကျနေတာရပ်သွားတယ်။ လီနာနဲ့လီရာတို့က သူတို့ဓားတွေကို စနစ်တကျကိုင်ပြီး မြေပေါ်ကို စတိုင်ကျကျဆင်းလိုက်နိုင်တယ်။ ဂွမ်နဲ့စစ်ပွဲနှင်းဆီတို့ကတော့ သူတို့နဲ့ဆန့်ကျင်ဖက်မှာ ဆက်ပြီးရပ်နေကြတယ်။

ရုပ်သေးတွေက ကြမ်းခင်းပေါ်ကို အရုပ်ကြိုးပြတ် ပြုတ်ကျလာတယ်။ နောက်တော့ သူတို့စွမ်းအားတွေပျောက်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြပါတယ်။ လီရာက ပြုံးလိုက်ပြီး စစ်ပွဲနှင်းဆီကို ကြည့်ကာ ပြောလိုက်တယ်။

"အခုရှင့်ရုပ်သေးတွေအကုန်လုံး ပြန်သတိဝင်လာကြပြီ။ ကျွန်မတို့ ရှင့်ကိုသတ်လို့မရအောင် ဘယ်နည်းနဲ့တားမှာလဲ။" စစ်ပွဲနှင်းဆီ မျက်နှာပျက်သွားတယ်။ ရုပ်သေးတွေက သူ့ရဲ့ဝှက်ဖဲပါ။ တကယ်ပဲ ဒီကောင်မလေးတွေကို သူ့မှာတခြားရင်ဆိုင်စရာနည်းလမ်းမရှိသေးဘူး။

ရုပ်သေးအဖြစ် အသုံးချခံရတဲ့ တပ်မှူးတစ်ယောက်က သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို နာကျင်စွာကိုင်ရင်း စစ်ပွဲနှင်းဆီကို လက်ညိုးထိုးကာ အော်ဟစ်လိုက်တယ်။

"ခွေးမ၊ နင်ကများ ငါ့ကိုရာရာစစ ထိန်းချုပ်ရဲတယ်။" ဒါပေမဲ့ သူစကားမဆုံးခင်မှာပဲ သူ့အကြည့်တွေက ထူးဆန်းသွားတယ်။ သူသွေးတစ်လုပ်ကို အန်ချလိုက်ပြီး ဒူးထောက်ကျသွားတယ်။ အဲဒီနောက်မှာတော့ သူ့အရိုးတွေက သူ့အရေပြားကို ဖောက်ထွက်လာပြီး သူ့ကြွက်သားတွေ စတင်အရည်ပျော်လာပါတယ်။ နောက်တော့ အမြွှာနှစ်ယောက်ရှေ့မှာတင် ဘာမှမရှိတဲ့အဖြစ်ကိုရောက်သွားတယ်။ ကျန်တဲ့တပ်မှူးသုံးယောက်လည်း အတူတူပဲ။

အမြွှာနှစ်ယောက်က ငြိမ်းချမ်းရေးမဟာမိတ်နဲ့ပွဲမှာ ဒီလိုပုံစံမျိုးမြင်ဖူးပေမဲ့ ရန်သူ့အစွမ်းကြောင့်ဖြစ်သွားတယ်ပဲ ထင်နေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲဒီလိုမဟုတ်ခဲ့တာ သေချာသွားပါပြီ။ စစ်ပွဲနှင်းဆီက ပြုံးလိုက်တယ်။

"ရူးဒေါ့ဖ်၊ ဘယ်လိုသေသွားလဲသိလား။ သူ့ဆေးမှာ အခုလိုဆိုးကျိုးရှိနေတာကို နင်တို့ကိုယ်ထဲထိုးသွင်းဖို့ ငါဖိအားပေးခဲ့တယ်လေ။ နင်တို့ကတော့ အရည်မပျော်ဘဲ မွန်းစတားဖြစ်သွားမှာ ဆိုပေမဲ့ပေါ့။"

"မကောင်းဆိုးဝါးမ။" လီနာက စိတ်မထိန်းနိုင်ဘဲ အော်ဟစ်ပြီး ရှေ့ကိုပြေးတက်လာတယ်။ စစ်ပွဲနှင်းဆီက အကာအကွယ်မဲ့နေတဲ့အတွက် ဂွမ်ကရှေ့ကိုတက်လာပြီး ကာလိုက်တယ်။ လီနာရဲ့ဓားက ဂွမ်ရဲ့ရင်ဘတ်ကို ထောင့်ချိုးအတိုင်းပိုင်းဖြတ်သွားပြီး ဘယ်ဖက်ကို လေးဆယ့်ငါးဒီဂရီစောင်းကာ ခန္ဓာကိုယ်က ထက်ဝက်ပိုင်းကျသွားတယ်။

ဂွမ်ရဲ့သွေးတွေက လီနာနဲ့စစ်ပွဲနှင်းဆီရဲ့မျက်နှာကိုလာစင်တယ်။ စစ်ပွဲနှင်းဆီက အံ့အားသင့်နေပေမဲ့ လီနာက နောက်တစ်ချက်ထက်ပိုင်းဖို့ အသင့်ဖြစ်နေတာကြောင့် အသိစိတ်ရှိနေသေးတဲ့ ဂွမ်က သူ့လက်ထဲမှာကိုင်ထားတဲ့ ဒင်္ဂါးပြားကိုပစ်ထုတ်ရင်း အော်ဟစ်လိုက်တယ်။

"ပြေး...."

စစ်ပွဲနှင်းဆီလည်း ချက်ချင်းကျီးကန်းတွေကို ဆင့်ခေါ်ပြီး တွင်းနက်ထဲကနေ ထွက်ပြေးဖို့လုပ်တယ်။ ဂွမ်ပစ်လိုက်တဲ့ ကြေးဒင်္ဂါးပြားက လီရာရဲ့ရင်ဘတ်ထဲကို ဖောက်ဝင်သွားတယ်။ လီရာရဲ့မျက်စိရှေ့မှာတင်ပဲ လီနာရောဂွမ်ပါ လဲကျသွားတယ်။

တစ်ချိန်တည်းမှာပဲ စစ်မြေပြင်အပေါ်က အောင်ပွဲခံတဲ့အော်သံတွေ ထွက်ပေါ်လာတယ်။ တစ်​ယောက်ယောက်နိုင်သွားပြီ။ လီရာက စစ်ပွဲနှင်းဆီနောက်ကို လိုက်ပြီးသတ်ချင်ပေမဲ့ လီနာက သူ့လက်ကိုလှမ်းဆွဲထားလိုက်တယ်။ လီရာငုံကြည့်တော့ လီနာက ခေါင်းခါပြတယ်။ သူ့ကိုဆက်မလိုက်စေချင်တော့တဲ့သဘော။

"ဘာဖြစ်လို့လဲ၊ ပါမောက္ခဖိုးဖိုးအတွက် ငါတို့သူ့ကို လက်စားချေရဦးမယ်လေ။"

လီရာရဲ့စကားကိုကြားတော့ လီနာက ပြုံးလိုက်ပြီး သူ့ရင်ဘတ်ကိုဖောက်ဝင်သွားတဲ့ ဒင်္ဂါးပြားရာကို ပြလိုက်တယ်။ "ဒါဆိုရင်လည်း နောက်မှငါ့အတွက်ပါ ပေါင်းပြီး လက်စားချေပေးပါ။ အနည်းဆုံးတော့ ငါနင့်ကို အနားမှာရှိနေစေချင်သေးတယ်။"

"မဖြစ်နိုင်တာ...." လီရာက ဂွမ်ကိုကြည့်လိုက်တယ်။ ဂွမ်က ဘယ်လိုစွမ်းအားနဲ့ ဘယ်လိုလုပ်ပြီး သူတို့ဝတ်ထားတဲ့ ချပ်ဝတ်တွေကို ဖောက်ပြီး သူတို့ကိုဒဏ်ရာရအောင် လုပ်နိုင်ရတာလဲ။

"သူ့မှာရှိသမျှစွမ်းအားကို တစ်ခါတည်းဖောက်ခွဲပြီး စစ်ပွဲနှင်းဆီကို ကယ်ခဲ့တာပဲ။" လီနာက အားနည်းလာတဲ့လေသံနဲ့ ပြောလိုက်ပြီး သူ့အစ်မကို ဓားကမ်းပေးလိုက်တယ်။

"စစ်ပွဲနှင်းဆီရဲ့စကားမှန်တယ်ဆိုရင် ငါမွန်းစတားမဖြစ်ချင်ဘူး။ အဲဒီမတိုင်ခင် ငါ့ကိုသတ်လိုက်ပါ။" ဒီစကားကိုပြောနေတဲ့အချိန်မှာပဲ လီနာရဲ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာနေပါပြီ။

"​မြန်မြန်..." လီနာက ပြောပြောဆိုဆိုနဲ့ မျက်လုံးကိုမှိတ်ပြီး သူ့ကံကြမ္မာကို ခံယူလိုက်တယ်။ လီရာက အော်ဟစ်ငိုယိုရင်း လီနာရဲ့လည်ပင်းကို ဓားနဲ့ခုတ်ချလိုက်တယ်။ မကြာခင်မှာပဲ လီနာရဲ့မပြည့်စုံတော့တဲ့ခန္ဓာကိုယ်က မွန်းစတားအဖြစ်မပြောင်းနိုင်တော့ဘဲ တခြားလူတွေနဲ့အလားတူပဲ အရည်ပျော်ကျသွားတယ်။ ဒါပေမဲ့ လီနာရဲ့နှလုံးကတော့ ကျန်နေသေးပြီး အခုထိခုန်နေတုန်းပဲ။ လီရာက အဲဒီနှလုံးကို သူ့လက်နှစ်ဖက်နဲ့ ​ဖြည်းဖြည်းချင်းဆုတ်ကိုင်လိုက်ပါတယ်။ အဲဒီနှလုံးက သာမန်လူသားတစ်ယောက်ရဲ့နှလုံးမဖြစ်နိုင်တော့တာ အသိသာကြီးပါ။

  နောက်တော့ အဲဒီနှလုံးကလည်း ပြဒါးရောင်အရည်တွေအဖြစ် အရည်ပျော်ကျသွားတယ်။ ဒါပေမဲ့အဲဒီအရည်တွေက လီရာရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီးသူ့ရဲ့ရွှေရောင်ဆံပင်တွေကြားမှာ ငွေရောင်ဆံစတချို့ ထပ်ပေါက်လာတယ်။ သူ့မျက်လုံးတစ်ဖက်ကလည်း အရောင်ပြောင်းသွားတယ်။ လီရာက ပြုံးလိုက်တယ်။

"ငါတို့က အမြဲတမ်းအတူတူရှိနေကြဦးမှာ။"

သိပ်မကြာခင်မှာပဲ အပေါ်ကနေ လော့ဒ်မာရှယ်ဆင်းလာတယ်။ သူ့ပုံစံက လက်ရှိနိုင်ပွဲကြောင့် ပျော်နေပုံပဲ။ သူက လီရာတစ်ယောက်တည်းရှိနေပြီး ဓားနှစ်ချောင်းလုံးကိုင်ထားတာတွေ့တော့မှ အပြုံးကိုရပ်ထားလိုက်တယ်။

"မင်းညီမရော..." လီရာက လော့ဒ်မာရှယ်ကို မျက်စောင်းထိုးပြီးကြည့်လိုက်တယ်။ သူ့မျက်လုံးတစ်ဖက်က ငွေရောက်ဖြစ်နေပြီ။

"ကျွန်မနဲ့အတူရှိနေတာ ရှင်မမြင်ဘူးလား။" လီရာဆီက အားကောင်းတဲ့အရှိန်အဝါကြောင့် လော့ဒ်မာရှယ်အလိုလိုနေရင်း နောက်ကိုဆုတ်လိုက်မိတယ်။ စစ်ပွဲနှင်းဆီဆီကနေတောင် အခုလိုဖိအားမျိုးကို သူမခံစားရဖူးဘူး။

"ကောင်းပြီ၊ အခုဘာဆက်လုပ်ကြမလဲ။ မင်းငါနဲ့အတူတူ အဖွဲ့ကိုအုပ်ချုပ်ချင်စိတ်ရှိလား။" လော့ဒ်မာရှယ်က တတ်နိုင်သလောက် အရင်းနှီးဆုံးပြုံးပြရင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ လီရာက ခေါင်းခါပြပါတယ်။

"ကျွန်မဒီနေရာကိုမုန်းတယ်၊ ကျွန်မက အဝေးကြီကို ထွက်သွားတော့မှာ။"

"ဒါပေမဲ့၊ မင်းမှာ အဖွဲ့ကလွဲပြီး ဘယ်သွားစရာရှိလို့လဲ။"

"ဘယ်နေရာဖြစ်ဖြစ်ပေါ့။" စကားတချို့ဖလှယ်ပြီးတာနဲ့ လော့ဒ်မာရှယ်ရှေ့ကနေ လီရာလုံးဝပျောက်သွားတယ်။ သူဘယ်ကို ဆက်သွားမလဲ စစ်ပွဲနှင်းဆီကို လိုက်ရှာဦးမှာလားဆိုတာတော့ ဘုရားမှပဲသိတော့မယ်။

....

စစ်ပွဲနှင်းဆီ တောင်တန်းတွေပေါ်မှာ လျှောက်သွားနေခဲ့တာ အတော်ကြာပြီ။ ကြာလွန်းလို့ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာနဲ့ ဘယ်လောက်ကြာသွားပြီဆိုတာတောင် မမှတ်မိနိုင်တော့ဘူး။ သူမှတ်မိတာဆိုလို့ သူ့ဘဝမှာ အရေးအပါဆုံးသူ သေသွားပြီဆိုတာပဲ။

အခုလိုမျိုး ခြေဦးတည့်ရာ ထွက်ပြေးတာမျိုးကို သူမလုပ်ခဲ့ရတာကြာပြီ။ နောက်ဆုံးတစ်ကြိမ်က အရင်ဆယ့်ငါးနှစ်လောက်က။

စစ်ပွဲနှင်းဆီရဲ့ဘဝအစက သာမန်သူလိုကိုယ်လူ ဗီလိန််တစ်ယောက်လိုပါပဲ။ သူ့အမေက ကြေးစားစစ်တပ်ထိန်းချုပ်နယ်မြေက အပျော်မယ်တစ်ယောက်ပေါ့။ အဖမသိဘဲမွေးလာတယ်။ အပျော်မယ်တန်းမှာပဲကြီးလာပြီး ပြည့်တန်ဆာခေါင်းက သူ့ကိုအကြံကြီးကြီးနဲ့ကျွေးမွေးစောင့်ရှောက်ထားတာ။ ကံကောင်းပြီး ခိုလေးတွေ ကျီးကန်းလေးတွေကို ထိန်းချုပ်နိုင်တဲ့မြူတန့်စွမ်းအားကို ပြသနိုင်သွားတော့ ပြည့်တန်ဆာခေါင်းက သူ့ကို ကြေးစားစစ်တပ်ဆီရောင်းလိုက်တယ်။

အဲဒီကနေမှတစ်ဆင့် ကြေးစားစစ်တပ်ရဲ့ကလေးစစ်သားလေ့ကျင့်ရေးဌာနကို ရောက်လာခဲ့တာပါ။ အဲဲဒီတုန်းက ဒုက္ခမခံနိုင်ဘဲ စခန်းကနေ ထွက်ပြေးခဲ့ဖူးတယ်။ နောက်တော့ သူ့ကိုအရာရှိတွေမိသွားပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတယ်။ အဲဲဒီနောက်တော့ စစ်ပွဲနှင်းဆီဟာ နာမည်နဲ့လိုက်အောင် ကြံ့ခိုင်သွားတယ်။

ဒုက္ခချီးတွင်းထဲကနေလွှတ်ဖို့ အများကြီးပိုဒုက္ခခံခဲ့တယ်။ ကြေးစားတပ်မှူးတချို့ရဲ့အပျော်မယားအဖြစ်လည်းနေဖူးတယ်။ ရာထူးတက်မြန်အောင် အန္တရာယ်အများဆုံးတာဝန်တွေကိုလည်း ယူဖူးတယ်။ သူ့ကိုယ်သူ အဲဒီလိုညစ်ပတ်တဲ့နွံတွေထဲမှာ အကြာကြီးနေပြီးမှ ပထမဆုံးအလင်းရောင်အဖြစ် ဂွမ်ကိုစသိခဲ့တာ။ ဂွမ်က သူ့အတွက် တကယ့်ကိုအပြစ်ကင်းတဲ့ ဂျူနီယာလေးလိုပဲ။ ဒါကြောင့်လည်း သူ့လိုအစွန်းအထင်းမဖြစ်ရအောင် စောင့်ရှောက်ပေးခဲ့တာ။ သူတို့အတူတူကြိုးစားရင်း အရင်မာရှယ်ရဲ့ထောက်ခံမှုနဲ့စစ်ပွဲနှင်းဆီ လက်ရှိမာရှယ်ဖြစ်လာပေမဲ့ တစ်ဝက်လောက်က ဂွမ်ကြောင့်။

အခုတော့ သူ့ရှေ့မှာတင်ပဲ ဂွမ်သေသွားပြီ၊ သေရတဲ့အကြောင်းအရင်းက သူမဆင်မခြင်လုပ်မိခဲ့တဲ့ အမှားတစ်ခုကနေ အစပြုတာ။ တဖြည်းဖြည်းပြန်တွေးကြည့်ရင်း သူ့ကိုယ်သူအပြစ်တင်လို့မဆုံးတော့ဘူး။ နောက်ဆုံးတော့ တောင်ကုန်းလေးအကျော်က ကားသချိုင်းတစ်ခုဆီ သူရောက်လာတယ်။ ကားအင်ဂျင်ဖြုတ်ထားတဲ့ ကားအနီလေးတစ်စီးကို မှီထိုင်ရင်း သူ့အပြစ်တွေကိုသူ ပြန်စဥ်းစားမိတယ်။ ဂွမ်သေသွားတဲ့မြင်ကွင်းကို သူ့မျက်လုံးထဲကနေ ထုတ်လို့မရသေးဘူး။

"ဒါတွေအကုန်လုံး ငါ့အမှား... အားလုံးငါ့အမှား...." စစ်ပွဲနှင်းဆီအရူးတစ်ယောက်လိုမျိုးအော်ဟစ်ရင်း သူ့မျက်နှာသူ လက်ဝါးနဲ့အကြိမ်ကြိမ်ရိုက်မိတယ်။ ဒါနဲ့တင်အားမရလို့ လက်သီးနဲ့သူ့ခေါင်းသူထုမိသေးတယ်။

ဒါပေမဲ့... ဒါပေမဲ့... ဒီလိုတွေလုပ်နေတော့ရော ဂွမ်က ပြန်အသက်ရှင်လာမှာမလို့လား။

မျှော်လင့်ချက်ကင်းမဲ့မှုက စစ်ပွဲနှင်းဆီကို ဖုံးလွှမ်းသွားတယ်။ သူ့နှလုံးသားက လုံးဝညစ်ထွေးနေတာမှန်ပါတယ်။ အခုလိုအဖြစ်မျိုးနဲ့ သူထိုက်တန်နေတာလည်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဂွမ်လေ၊ သူဆုံးရှုံးသွားတာက သူ့ဘဝရဲ့အလင်းရောင်လေး။

အဲဒီစမ်းသပ်ခန်းထဲက ကြွက်တွေနဲ့နောက်တစ်ခါ ထပ်ရင်ဆိုင်ချင်ပေမဲ့ သူက ခွန်အားကင်းမဲ့လွန်းနေပြန်တယ်။ အခုသူကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ကုန်ပြီ။ သူကအခု ကြေးစားစစ်တပ်ရဲ့မာရှယ်မဟုတ်တော့ဘူး။ ဒီအတိုင်း လမ်းလေးမှာလေလွင့်နေတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့သမီးသာသာပဲ။

"ဝေ့... တစ်ယောက်ယောက်ကိုကြည့်ရတာ အတော်စိတ်ညစ်နေပုံပဲနော်။"

စကားသံတစ်သံကို ကြားလိုက်ရတဲ့အတွက် စစ်ပွဲနှင်းဆီ အသံလာရာကို လှည့်ကြည့်တယ်။ နေ့ဖက်ဖြစ်ပေမဲ့ သူ့ရဲ့စိတ်ဖိအားကြောင့် လောကကြီးတစ်ခုလုံး မှောင်မိုက်နေတယ်လို့ ခံစားရတယ်။

ကောက်ကျစ်တော့မယ့်အပြုံးရှိတဲ့ မိန်းမပျိုတစ်ယောက် သူ့အနားကို ချဥ်းကပ်လာနေတယ်။ သူ့ကို စစ်ပွဲနှင်းဆီ ရင်းနှီးတာထက်ကိုပိုတယ်။ အဲဲဒီမိန်းမပျိုက သူ့အနားကိုရောက်လာပြီး ပခုံးကိုဆွဲဖက်လိုက်တယ်။

"ကောင်မလေး၊ နင့်မျက်လုံးတွေကိုကြည့်ရတာ လုံးဝမျှော်လင့်ချက်မဲ့နေပုံပဲနော်။ ဘယ်လိုဖြစ်သွားတာလဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတောင် နင်က ဗီလိန်အဖွဲ့ကြီးရဲ့ခေါင်းဆောင်မဟုတ်လား။"

မိန်းမပျိုက စကားဆုံးတာနဲ့ စစ်ပွဲနှင်းဆီကို ပြန်လွှတ်ပေးလိုက်ပြီး လှောင်ရယ်လိုက်တယ်။ စိတ္တဇဆန်ဆန်လှောင်ရယ်သံက စစ်ပွဲနှင်းဆီရဲ့နားထဲမှာ ပဲ့တင်သံထပ်ကျန်နေခဲ့တယ်။ စစ်ပွဲနှင်းဆီက အဲဲဒီမိန်းမပျိုရဲ့မျက်နှာကို မော့ကြည့်ပြီးပြောလိုက်တယ်။

"နင်ဒီကိုရောက်လာတာ ငါ့ကိုလာပြီးလှောင်ဖို့သက်သက်ပဲလား၊ ဗီးနပ်စ်။"

ဟုတ်တယ်၊ အဲဒီစိတ္တဇမျက်နှာနဲ့မိန်းကလေးက စစ်ပွဲနှင်းဆီလိုပဲ တခြားဗီလိန်တစ်ယောက်ဖြစ်တဲ့ ဗီးနပ်စ်ပါ။ ဗီးနပ်စ်အကြောင်းကို စစ်ပွဲနှင်းဆီသေချာမသိပေမဲ့ ဘယ်ဗီလိန်အမျိုးသမီးမှာမှ ကောင်းတဲ့အတိတ်မရှိမှန်း သူသိတယ်။

"ဒီကမ္ဘာကြီးက ငါတို့တွေခံစားရဖို့အတွက် ဖြစ်တည်နေတဲ့ကမ္ဘာကြီးလို့ နင်တွေးဖူးလား။" ဗီးနပ်စ်က ခပ်ညစ်ညစ်ထပ်ပြုံးရင်း မေးတယ်။ စစ်ပွဲနှင်းဆီလည်းမော့ကြည့်တယ်။

"တခြားသူတွေကျ မင်းသမီးလေးတွေလို ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီးတော့ ငါတို့ကျမှ ဘာလို့ဒုက္ခခံစားနေရတာလဲ။"

"ငါတို့တွေဒုက္ခခံစားနေရသလို သူတို့တွေကိုလည်း ဒုက္ခဆိုတာ ခံစားရအောင်လုပ်ရရင်ရော။ လောကကြီးတစ်ခုလုံး ဒုက္ခတွေနဲ့ပြည့်သွားရင်ရော မကောင်းဘူးလား။ ဒါဆိုရင် အနည်းဆုံးတော့ ငါတို့အားလုံးတန်းတူညီသွားလိမ့်မယ်။"

ဗီးနပ်စ်က သူ့ရဲ့ပုံပျက်နေတဲ့ အတွေးအခေါ်တွေကို စစ်ပွဲနှင်းဆီဆီ ဖောက်သည်ချတယ်။ စိတ်ပုံမှန်ရှိတဲ့ လူတစ်ယောက်ဆိုရင် ဒီလိုရူးကြောင်ကြောင်အတွေးတွေကို ဘယ်တော့မှမယုံမှာသေချာတယ်။ ဒါပေမဲ့ လောလောဆယ် စစ်ပွဲနှင်းဆီက စိတ်အခြေအနေကောင်းမှာ ရှိမနေပါဘူး။

"ဒီတော့၊ ငါက ဘာလုပ်ရမှာလဲ။ ဒီအတိုင်းယဥ်ယဥ်ကျေးကျေးလေး လူတွေကို ငါတို့​ဒုက္ခတွေကို စာနာပေးဖို့တော့ ပြောလို့ရမယ်မထင်ဘူး။"

ဗီးနပ်စ်ကလည်း သူ့အကွက်ထဲဝင်လာပြီဆိုတဲ့ပုံစံမျိုးနဲ့ ပုံပျက်နေတဲ့အပြုံးမျိုး ထပ်ပြုံးကာ စစ်ပွဲနှင်းဆီရဲ့ခေါင်းလေးကို သူ့လက်တွေနဲ့ပိုက်ပြီး ရင်ခွင်ထဲ ပွေ့ထားလိုက်တယ်။

"ဒါပေါ့၊ ငါတို့တွေအတူတူ နာကျင်မှုတွေကိုမျှဝေပြီး သူတို့တွေကို ဒုက္ခခံစားရအောင်လုပ်မယ်လေ။ ဒီနည်းနဲ့ဆိုရင် ပိုမမြန်ပေဘူးလား။"

စစ်ပွဲနှင်းဆီကတော့ မျက်လုံးသေတွေနဲ့ ကွန်ကရစ်ကြမ်းခင်းကြားမှာပေါက်နေတဲ့ မြက်ခင်းတွေကိုပဲ စိုက်ကြည့်နေမိတယ်။ "ဒါပေမဲ့ ငါ့ရဲ့နာကျင်မှုတွေကို နင်က နားလည်နိုင်မှာမလို့လား။"

ဗီးနပ်စ်က နောက်တစ်ခါရယ်မောလိုက်ပြန်တယ်။ သေချာပေါက် ဗီးနပ်စ်က စစ်ပွဲနှင်းဆီရဲ့ခံစားချက်တွေကို နားလည်နိုင်မှာမဟုတ်ဘူး။ နှစ်ယောက်လုံးက ဗီလိန်တွေဖြစ်ပေမဲ့ မတူညီတဲ့နောက်ခံတွေကနေ လာကြတာပါ။

"အေးနော်၊ အဲဒါကတော့ ခက်သားပဲ။" ဗီးနပ်စ်က နှုတ်ခမ်းပေါ်ကို လက်တင်ပြီး စဥ်းစားလိုက်တယ်။ ခဏနေတော့ အကြံတစ်ခုရလာပြီး ပြောလိုက်ပါတယ်။

"နင်နဲ့ငါနဲ့ ညီအစ်မတွေဖြစ်သွားမယ်ဆိုရင်တော့ မျှဝေခံစားပေးလို့ရမယ်ထင်တယ်။ အခုအချိန်ကနေစပြီး ငါက အစ်မကြီး၊ နင်က ညီမလေးဆိုရင်ရော။"

"ကြားရတာ နားခါးပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့လေ။" တခြားဘာမှတွေးမရတဲ့အဆုံး စစ်ပွဲနှင်းဆီက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ ဒီလိုနဲ့ ကမ္ဘာရဲ့အဆိုးဝါးဆုံး ကသောင်းကနင်းအဖွဲ့အစည်း နတ်ဆိုးညီအစ်မများအဖွဲ့ မွေးဖွားလာပါတော့တယ်။

All Chapters