← Chapters

အကူအညီတောင်းခံခြင်း

Vol. 53 Ch. 726

အကူအညီတောင်းခံခြင်း

Vol. 53 Ch. 726

“ ဟုတ်ပါတယ် … ကောင်းကင်ဧကရာဇ်က သူ့တာအိုကို အကျိုးအကြောင်း သဘောပေါက်သွားတာနဲ့ ကျုပ်တို့က ဒီကို လာပြီး ဖိတ်ကြားလွှာ လာပို့တာပါ ” ဝေရှင်းက လေးလေးစားစား ပြောလိုက်သည်။

မိုဝူကျိက မထူးမခြားနား‌ ပြောလိုက်သည်  “ အဲဆို သူက အင်မော်တယ်ဧကရာဇ် အဆင့် ရောက်သွားပြီပေါ့ … ”

စကားတစ်ဝက်မျှသာ ပြောလိုက်ပြီးနောက် မိုဝူကျိ၏ ပုဆိန်လှံရှည်မှာ လခြမ်းကွေး ပုဆိန်လှံရှည် အလင်းတန်းအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုပုဆိန်လှံရှည် အလင်းတန်းမှ ထွက်ပေါ်လာသော သတ်ဖြတ်ငွေ့များက ထိုအင်မော်တယ်ဘုရင် သုံးယောက်အား ဝန်းရံထားလေ၏။

မိုဝူကျိ၏ သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်နှင့် အင်မော်တယ်ဘုရင် သုံးယောက်လုံး ခံစားမိလိုက်ကြသည်။ သူတို့က ချက်ချင်း ထွက်ပြေးဖို့ရာ ကြိုးစားလိုက်ကြသည်။

အကယ်၍ မိုဝူကျိက မဟာလော့ရှန်းအဆင့်မျှသာ ဖြစ်နေသေးပါက သူက တစ်ယောက်ကိုသာ ချုပ်ထိန်းထားနိုင်မည် ဖြစ်၏။ သို့သော် ယခုကား အင်မော်တယ်ဘုရင်အဆင့်ထိ တက်လှမ်းပြီးသွားလေရာ သူ့အင်အားမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာသည်။ ပုဆိန်လှံရှည်အလင်း ထွက်ပေါ်လာသည်နှင့် မိုဝူကျိက သူတို့ဘေးပတ်လည်ကို အာကာပြင် ချုပ်နှောင်မှု ထုတ်သုံးထားလိုက်သည်။

ထိုစဉ် အင်မော်တယ်ဘုရင် သုံးယောက်လုံးမှာ မိုဝူကျိ၏ ချုပ်နှောင်မှုကို ခံနေရသည်။ အသက်တစ်ရှိုက်စာမျှ ဖြစ်သော်လည်း ထိုအချိန်တိုလေးမှာ မိုဝူကျိက သူတို့သုံးယောက်ကို  အကြိမ်ကြိမ် အခါခါ သတ်ပစ်ဖို့ရာ လုံလောက်ပေသည်။

“ ဖူး ဖူး ” သွေးမြူနှစ်ခု ထွက်ပေါ်လာကာ မိုဝူကျိလက်ထဲ သိုလှောင်လက်စွပ် နှစ်ကွင်း ပြုတ်ကျလာသည်။

အသက်ရှင်ကျန်ရစ်သော အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူက အသက်မဲ့နေသော အလောင်းနှစ်လောင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။ ထိုအလောင်းများတွင် ကမ္ဘာဦး စိတ်ဝိညာဉ်များပင် မကျန်ရစ်ပေ။ အချိန်ကြာပြီးမှ သူက အသိပြန်ဝင်ကာ တုန်တုန်ယင်ယင်ဖြင့်  “ စီနီယာ …. ”

မိုဝူကျိက သူ့ကို  မသတ်နိုင်၍ ချန်ထားခဲ့ခြင်း မဟုတ်ကြောင်း သိ၏။ သူ အသက်ရှင်ကျန်ရစ်သည်မှာ မိုဝူကျိက သူ့အပေါ် ညှာတာထား၍သာ ဖြစ်ပေသည်။

“ မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေး …” မိုဝူကျိက မပြောင်းလဲစွာ ပြောလိုက်သည်။

ဤအင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူလေးက တုံ့ဆိုင်းမနေဘဲ လက်စွပ်ကို ချက်ချင်း ချွတ်ပေးလိုက်သည်။

ထိုလက်စွပ်များကို သိမ်းဆည်းပြီးနောက် မိုဝူကျိက ပြောလိုက်သည်

“ မင်းကို ဘာလို့ ချန်ထားလဲဆိုတာ သိချင်နေတယ်မလား။ မင်းက ငါ့အတွက် ကွေ့ဖုန်းယွင်ဆီ သတင်းသွားပို့ပေးရမှာမလို့ပဲ … ငါ သူနဲ့ ဖြေရှင်းရဦးမယ် ဆိုပေမဲ့ ယုံရင်အင်မော်တယ်မြို့ကို သွားဖို့ ပျင်းနေတယ်။ အဲကြောင့် သူ့ကို ငါ့ပိုင်နက်ထဲ လာရှာခိုင်းလိုက် …. မှတ်ထား ငါ့ပိုင်နက်က ဖင်းဖန်လို့ခေါ်တဲ့ အသစ်တည်ထောင်ထားတဲ့ အင်မော်တယ်ကျောင်းတော်ပဲ …. ”

“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ … ဂျုနီယာလေး သေချာပေါက် သွားပြောပေးပါ့မယ် ” အင်မော်တယ်ဘုရင် ကျင့်ကြံသူက မြန်မြန် ပြောလိုက်သည်။ သူက မိုဝူကျိ စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေမိသည်။

“ အဲဆို ဖယ်စမ်း ….” မိုဝူကျိက လက်ကို မြှောက်လိုက်ပြီး ပုဆိန်လှံရှည်ကို သိမ်းထားလိုက်သည်။

ထိုအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက လှည့်ပင် မကြည့်ရဲဘဲ ထွက်ပြေးသွားတော့သည်။ နောက်အခိုက်အတန့်လေး၌ သူက ရေသဘာဝ ယင်အင်မော်တယ်မြို့ နယ်နမိတ်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ့အတွက် အသက်ရှင်နေသည်ကပင် ကံကောင်းလှပြီ ဖြစ်၏။

“ စီနီယာ ကျုပ်တို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ..” မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်အား အလွယ်လေး သတ်လိုက်သည်ကို မြင်ကာ ဝမ်ဟို့ပင် အနည်းငယ် ကြောက်ရွံ့မိသွားသည်။ သူ၊ တန်လျန့်နှင့် ယန်ချင်လင်တို့က ကျေးဇူးတင်ကြောင်း ပြောရန် ရှေ့တိုးလာကြသည်။

ဝမ်ဟို့က မိုဝူကျိသည် အင်မော်တယ်ဘုရင်အဆင့် မိုးကြိုးစမ်းသပ်ချက် ခံယူထားကြောင်း သံသယဝင်မိသော်လည်း အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်က အင်မော်တယ်ဘုရင်အဆင့် သုံးယောက်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိလိမ့်မည်ဟု မယုံပေ။ ထို့အပြင် မိုဝူကျိ လွတ်ပေးလိုက်သော အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူက မိုဝူကျိအား စီနီယာဟုပင် လေးလေးစားစား ခေါ်ဝေါ်သွားသေး၏။

မိုဝူကျိက နဂိုသွင်ပြင်ကို ပြန်ပြောင်းကာ ပြုံးလိုက်ရင်း  “ မြို့စားဝမ်… ဆေးလုံးဆရာတန် ကျုပ်က စီနီယာ မဟုတ်ပါဘူးဗျာ ”

“ ဆေးလုံးဆရာမို …” ဝမ်ဟို့တို့က မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ကြသည်။ သူတို့က မိုဝူကျိသည် ဤမျှအထိ အားကောင်းလာလိမ့်မည်ဟု တစ်ခါမှ မတွေးကြည့်ဖူးပေ။

သူတို့က ရေသဘာဝ ယင်အင်မော်တယ်မြို့အတွင်း ပိတ်မိနေကြသော်လည်း မိုဝူကျိကို မဟာဧကရာဇ်များ ဝိုင်းတိုက်ကြသည့် အဖြစ်အပျက်အကြောင်း သိလိုက်ကြသေး၏။  လက်တွေ့၌ သူတို့မိသားစုနှင့် ကွေ့ဖုန်းယွင်၏ ရန်ကြွေးမှာ မိုဝူကျိနှင့် ပတ်သတ်နေသည်။ ကွေ့ဖုန်းယွင်၏ ဧကရာဇ် တာအိုအသီးကို မိုဝူကျိက လုယူသွားခဲ့စဉ် ကွေ့ဖုန်းယွင်က မိုဝူကျိအပေါ် ဘာမှမလုပ်နိုင်သောကြောင့် သူတို့မိသားစုအပေါ် ဒေါသပုံချလိုက်ခြင်း ဖြစ်၏။

“ မတွေ့တာ ကြာပြီနော် ” မိုဝူကျိက ရယ်မောကာ ပြောလိုက်သည်။

“ တကယ်ကြီး ဆေးလုံးဆရာမိုပဲ ….” တန်လျန့်က တအံ့တဩ ပြောလိုက်သည်။ သူက နောက်တစ်ကြိမ် ဦးညွှတ်ကာ

“ ဆေးလုံးဆရာမို … အာ မဟုတ်သေးပါဘူး  အခု ဆေးလုံးဧကရာဇ်လို့ ခေါ်ရတော့မှာပဲ …. ကျုပ် တန်လျန့် အဆင့် ၅ ဆေးလုံးဘုရင်အဖြစ် တက်လှမ်းနိုင်တာ ခင်ဗျားရဲ့ လမ်းညွှန်မှုကြောင့်ပါ။ ဒီနေ့ ဆေးလုံးဧကရာဇ်မိုက ကျုပ်အသက်ကို ကယ်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ကျေးဇူးကြွေးက ကျုပ် တန်လျန့် တစ်သက်လုံး ပြန်ပေးဆပ်လို့ကို ကုန်နိုင်မှာ မဟုတ်ပါဘူး ”

တန်လျန့်က မိုဝူကျိ တစ်ယောက် မဟာဧကရာဇ်များ လက်အတွင်းမှ ထွက်ပြေးသွားနိုင်ကြောင်း ကြားသောအခါ တကယ် စိတ်ရှပ်ထွေးမိသွားသည်။ သို့သော် မိုဝူကျိက အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်အား အလွယ်လေး သတ်လိုက်နိုင်သည်ကို မြင်ပြီးနောက် မိုဝူကျိသည် အမှန်တကယ် အားကောင်းကြောင်း သိလိုက်ရသည်။ ဤသို့ အားကောင်းလှသည့် အင်မော်တယ်က သူ့လိုမျိုး မဟာလော့ရှန်းအဆင့်မျှ ကျင့်ကြံသူ၏ အကူကို အဘယ်ကြောင့်များ လိုအပ်မည်နည်း။

သူက ဆေးလုံးများ ဖော်စပ်နိုင်သော်လည်း တစ်ဖက်လူမှာ ဆေးလုံးဧကရာဇ် ဖြစ်နေပြန်သည်။

“ စီနီယာမို  ကျမတို့ မိသားစုကို နောက်တစ်ကြိမ် ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် ” ယန်ချင်လင်က ရှေ့ထွက်လာကာ လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။

မိုဝူကျိက လက်ဝှေ့ပြကာ

“  အားလုံးက ဒီလောက် အားနာနေဖို့ မလိုပါဘူး။ ကျုပ်က လျန်ရှီးနဲ့ မျိုးဆက်အတူတူပါပဲ။ အားလုံးက ကျုပ်ကို ဆေးလုံးဆရာမိုလို့ပဲ ခေါ်လို့ရပါတယ်ဗျာ …. ကျုပ်က အင်မော်တယ်ကျောင်းတော် တစ်ခု တည်ထောင်ထားတာလေ။ တကယ်လို့ စိတ်ဝင်စားရင် ကျုပ်ရဲ့ ဖင်းဖန်မှာ ဝင်လို့ ရပါတယ်။

တကယ်လို့ ဖင်းဖန်ကို မဝင်ချင်ရင်လည်း ကျုပ် ပိုင်နက်ထဲမှာ နေလို့ရပါတယ်။ ကွေ့ဖုန်းယွင်က ဘယ်လောက် အားကောင်းကောင်း ကျုပ်ရဲ့ အင်မော်တယ်ကျောင်းတော်ကိုတော့ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး  …. ”

မိုဝူကျိက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ သူ့ဖင်းဖန်တွင် အင်မော်တယ်ဧကရာဇ်များစွာ ရှိပေသည်။ ထို့အပြင် ဝေကျီတောက်က မဟာဧကရာဇ်အဆင့် တက်လှမ်းတော့မည် ဖြစ်၏။ ကွေ့ဖုန်းယွင်အနေနှင့် ရောက်လာခဲ့လျှင် ကိုယ့်သေတွင်းကို တူးနေခြင်းနှင့်အတူတူ ဖြစ်လိမ့်မည်။

“ ဂိုဏ်းချုပ်မိုကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ဖင်းဖန်ကို ဝင်ချင်ပါတယ် ” ဝမ်ဟို့က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

သူက မိုဝူကျိသည် ဖင်းဖန်ကို တည်ထောင်လိုက်ခြင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်းနှင့် တခြားသော ဂိုဏ်းကြီးများနှင့် ရင်ဆိုင်ရန် ဖြစ်ကြောင်း ခန့်မှန်းမိသော်လည်း သူက ဖင်းဖန်ကို ဝင်ဖို့ရာ ဆန္ဒရှိသေး၏။ သူက အင်မော်တယ်ဘုရင် အဆင့် ဖြစ်သောကြောင့် မိုဝူကျိအတွက် အကူအညီတချို့ ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

ဝမ်ဟို့က ဂိုဏ်းကို ဝင်ဖို့ရာ တွေးပင် မတွေးကြည့်ဖူးပေ။ မိုဝူကျိ မရှိလျှင် သူ့ဝမ်မိသားစုမှာ အုတ်ဂူထဲ ရောက်နေလောက်လေပြီ။

ထို့ကြောင့် ဘာကိုများ တွေဝေနေရဦးမည်လဲ …

မိုဝူကျိက ရယ်မောလိုက်ရင်း  “ ကောင်းပြီလေ… အဲဆို ဖင်းဖန်ကို ပြန်ကြတာပေါ့ ”

……………

မိုဝူကျိက ဖင်းဖန်၏ တည်နေရာမှာ ယုံရင်အင်မော်တယ်နယ်မြေအတွင်း ရှိကြောင်း ပြောသောအခါ ဝမ်ဟို့တို့က သက်ပြင်းချလိုက်ကြသည်။ အင်မော်တယ်လောက၌ တခြားဘယ်နေရာများ ရှိဦးမည်နည်း။ ယုံရင်အင်မော်တယ်နယ်မြေအပြင် ဘယ်နေရာမှာများ ဂိုဏ်းကို တည်ထောင်နိုင်မည်နည်း။ ယုံရင်အင်မော်တယ်နယ်မြေက နေရာရှိသော်လည်း အင်မော်တယ်ဝိညာဉ်စွမ်းအား မပေါများလှချေ။ အင်မော်တယ်နယ်မြေ ခုနှစ်ခုအတွင်း ယုံရင်အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ဝိညာဉ်စွမ်းအားများမှာ အပါးလွှာဆုံး ဖြစ်၏။

ဝမ်ဟို့တို့က ဖင်းဖန်အပြင်ဘက်သို့ ရောက်လာသည့်အခါ အဆုံးမဲ့ကျယ်ဝန်းလှသော စိုက်ပျိုးရေးနယ်မြေကို မြင်လိုက်ရ၍ ကြောင်အမ်းသွားကြသည်။

ဒါက အင်မော်တယ်ဂိုဏ်းလား ဒါမှမဟုတ် လယ်သမားရွာလား …

မဟုတ်သေးပါဘူး …. ဒီနေရာက အင်မော်တယ်ဝိညာဉ်စွမ်းအားက ယုံရင်အင်မော်တယ်မြို့ထက်တောင် သိပ်သည်းနေသေးပါ့လား  ပြီးတော့ အဲဒီကောက်ပဲသီးနှံတွေကလည်း သာမာန် ကောက်ပဲသီးနှံ့တွေ မဟုတ်ဘူး ….

ဒါက မျိုးရောတစ်ထောင် စပါးနှံ့တွေ မဟုတ်ဘူးလား …. အိုး ထပ်ရှိသေးတာလား ….

အင်မော်တယ် သဘာဝမြက်၊ တောက်ပမြက်၊ ငွေကွင်းပန်း ….. အဆင့်လေး အင်မော်တယ် သစ်ကတိုးလည်း ရှိနေသေး၏။

“ ဒီနေရာက ….” တန်လျန့်က သူ့ဘာသာ ရေရွတ်မိလိုက်သည်။ သူတို့က ယုံရင်အင်မော်တယ်နယ်မြေအတွင်း ဟုတ်သေးရဲ့လားဟု သံသယဝင်လာမိသည်။ အကယ်၍ ယုံရင်အင်မော်တယ်နယ်မြေအတွင်းဆိုလျှင် အင်မော်တယ်ဆေးပင်များ ပြည့်နှက်နေသည့် တော်ဝင်မြေက မည်သို့ ရှိနေနိုင်မည်နည်း။ မိုဝူကျိ ရှာတွေ့ဖို့ရာအတွက် ပိုင်ရှင်မဲ့ မည်သို့များ ဖြစ်နေသနည်း။

“ ကောင်းလိုက်တဲ့ စာလုံး…” ဝမ်ဟို့က အပေါ်၌ ချိတ်ဆွဲထားသော ဖင်းဖန်ဆိုသည့် စာလုံးကို ကြည့်ကာ ပြောလိုက်သည်။ သူက ထိုစာလုံးနှစ်လုံး၌ တာအိုစွမ်းအားများ ပါဝင်နေကြောင်း ခံစားမိနေသည်။ ကြည့်ရသည်မှာ စကြဝဠာအတွင်း၌ သာမာန်အရာများ၏ တာအိုစွမ်းအား ဖြစ်ဟန် ပေါ်သော်လည်း ထိုထက်ကြီးမားထည်ဝါသော တာအိုစွမ်းအားလည်း ပါဝင်နေပြန်သည်။

အနည်းဆုံးတော့ သူက ထိုစာလုံးမှ တာအိုကို နားလည်နိုင်ခြင်း မရှိပေ။

မိုဝူကျိက ပြုံးကာ လက်ဟန်များပြုလုပ်လိုက်သည်။ ထိုချိတ်ဆွဲထားသည့် စာလုံးနှစ်လုံးက စတင် ပြောင်းလဲလာ၏။ ထိုမျှတင် မကသေးဘဲ ဂိုဏ်းရှေ့မှ စာလုံးကိုးလုံးလည်း စတင် ပြောင်းလဲလာသည်။

“ တာအိုတွေက ကွဲပြားပေမဲ့ လူသားတိုင်းက အတူတူပဲ ” ဝမ်ဟို့က ထိုပြောင်းလဲသွားသည့် စာလုံးများကို တိတ်တဆိတ် သုံးသပ်နေမိသည်။ သူ့နှလုံးသားထဲမှ မထင်မရှား သေးနုပ်သွားသည့် ခံစားချက်က ထွက်ပေါ်လာလေ၏။ သူက အင်မော်တယ်ဧကရာဇ် တစ်ယောက်ရှေ့၌ပင် ဤသို့ မခံစားဖူးပေ။ ဆိုလိုသည်မှာ စာလုံးအတွင်း ရှိနေသော တာအိုက အင်မော်တယ်ဧကရာဇ်ထက်ပင် ကျော်လွန်နေခြင်း ဖြစ်ပေသည်။

“ ဒါက ဖင်းဖန်ပါ ။ အားလုံး ဝင်ကြစို့ ….” မိုဝူကျိက လက်ကို ကြိုဆိုဟန် ပြလိုက်သည်။

ဝမ်ဟို့၏ သုံးသပ်ချက်မှာ မမှားးယွင်းပေ။ မိုဝူကျိ တစ်ယောက်တည်းသာ သူ့ကျင့်ကြံဆင့် တိုးလာသည်နှင့် ထိုစာလုံး ၁၁ လုံးအတွင်းရှိ တာအိုအရှိန်အဝါမှာလည်း ဆက်တိုက် ပြောင်းလဲလာမည် ဖြစ်ကြောင်း သိထားသည်။ ယခု သူက အင်မော်တယ် မော်တယ်ကျင့်စဉ်၏ အမြင်များကို ထိုစာလုံးများထဲ၌ ရေးထည့်ထားသော်လည်း သူ့စွမ်းရည် နောက်တဆင့် ရောက်သည့်အထိ စောင့်ဆိုင်းရပေမည်။ ဤနည်းဖြင့် သူက ကျင့်ကြံဆင့် တိုးလာသည်နှင့် စာလုံးများပြောင်းလဲဖို့ရာ ဂိုဏ်းကို ပြန်လာဖို့ မလိုတော့ပေ။

အကယ်၍ သူ့တာအိုက ဤလောက၏ တစ်စိတ်တပိုင်းထက် ကျော်လွန်သွားလျှင် ထိုစာလုံးများမှာလည်း ဤလောက၏ ထိုတစိတ်တပိုင်းကို ကျော်လွန်သွားပေလိမ့်မည်။

အင်မော်တယ်လောကအတွင်း မိုဝူကျိထက် အားကောင်းသော လူများစွာ ရှိပေသည်။ သို့သော်လည်း မိုဝူကျိကဲ့သို့ သူတို့၏ ကိုယ်ပိုင်တာအိုကို စာလုံးထဲ ထည့်သွင်းထားပြီး အကျုံးဝင်စေဖို့ရာ လုပ်နိုင်မည့် လူအရေအတွက်မှာ သုညပင် ဖြစ်နေနိုင်သည်။

သူက ကိုယ်ပိုင်တာအိုကို ဖန်တီးခဲ့သူ ဖြစ်၍ ထိုစာလုံး  ၁၁ လုံးမှာ သူ့အမွေအနှစ် ဖြစ်ပေသည်။

“ သိပ်သည်းလိုက်တဲ့ စွမ်းအားတွေ …” ယန်ချင်လင်က မိုဝူကျိအား သိချင်စွာ ကြည့်လိုက်သည်။ သူမက ယုံရင်အင်မော်တယ်နယ်မြေတစ်ခုလုံး စူးစမ်းရှာဖွေဖူးသော်လည်း အဆုံးအစွန်ပင်လယ်က အင်မော်တယ်စွမ်းအား အနည်းပါးဆုံး နေရာ ဖြစ်ပေသည်။

 ဒီသိပ်သည်းလှတဲ့ အင်မော်တယ်ဝိညာဉ်စွမ်းအားတွေက ဘယ်နေရာက ရောက်လာတာလဲ …

အင်မော်တယ် ဝိညာဉ်စွမ်းအားမျာ ရှိသည့်အချက်မှာ သူတို့နားလည်နိုင်သော်လည်း ဂိုဏ်းအတွင်း အင်မော်တယ် ဝိညာဉ်စွမ်းအားများ အင်မတန် ပေါကြွယ်လွန်းသည့် ကိစ္စမှာ နားလည်မှု ကျော်လွန်နေပေ၏။

“ ဂိုဏ်းချုပ် …” စုကျီအန်းက မိုဝူကျိအား ချက်ချင်း လာရောက်နှုတ်ဆက်၏။

စုကျီအန်းဘေးတွင် လူငယ်လေးတစ်ယောက် ရှိနေသည်။ ထိုလူငယ်လေးမှာ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

“ ကျောင်းချန်က ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ် …” မိုဝူကျိကို မြင်ပြီး လူငယ်လေးက အရင်ဦးစွာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

မိုဝူကျိက ဘာမှမမေးခင် စုကျီအန်းက မြန်မြန် ရှင်းပြလိုက်သည်  “ ဂိုဏ်းချုပ် … ဒါက ကျုပ် ငြိမ်းချမ်းရေးကျွန်းဆွယ်ကို သွားတုန်းက ကျုပ်ကို ကယ်ပေးခဲ့တဲ့ ကျောင်းချန်ပါ … ”

မိုဝူကျိက ချက်ချင်း နားလည်သွားသည်။ ယခင်က စုကျီအန်းသည် ငြိမ်းချမ်းရေးကျွန်းဆွယ်သို့ သွားစဉ် သေလုမတတ် ဒဏ်ရာများ ရရှိခဲ့ပေသည်။ သူ့ကို ပြန်လိုက်ပို့သူမှာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း ပြောခဲ့ဖူး၏။ သို့သော်လည်း ထိုသူက စုကျီအန်းကို ပို့ပြီးပြီးချင်း ထွက်ခွာသွား၍ မတွေ့လိုက်ရပေ။ ဤသူက သူ့ဖင်းဖန်ဆီ ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားပေ။

“ မင်းကို သိပါတယ်။ အကြီးအကဲစုကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အစ်ကိုကျော့က ဘယ်မှာလဲ သိလား ” မိုဝူကျိက ပြန်လည်၍ နှုတ်ဆက်လိုက်သည်။

“ ကျောင်းချန်က ဆရာကို ကယ်ပေးဖို့ ဂိုဏ်းချုုပ်မိုကို အကူအညီတောင်းပါတယ် ” ကျောင်းချန်က နောက်တစ်ဖန် ဦးညွှတ်၍ ပြောလိုက်သည်။ သူ့လေသံတွင် မျှော်လင့်တကြီး အားကိုးသည့် အရိပ်အယောင်များ ပါဝင်နေလေ၏။

“ မင်းက အစ်ကိုကျော့ရဲ့ တပည့်လား ” မိုဝူကျိက မရေမရာ မေးလိုက်သည်။

ကျောင်းချန်က မြန်မြန် ပြောလိုက်သည် “ ဆရာက ကျတော်ရဲ့တုံးအမှုကို မကြိုက်လို့ အမည်ခံ တပည့်အဖြစ်ပဲ လက်ခံခဲ့တာပါ ”

“ ဂိုဏ်းချုပ် ကျောင်းချန် ရောက်နေတာ အတော်ကြာပြီ။ သူက စီနီယာကျော့ရဲ့ သတင်းစကားကို ယူလာတယ် ” စုကျီအန်းက မြန်မြန် ဝင်ပြောလိုက်ရပြန်သည်။

မိုဝူကျိက ကျောင်းချန်ကို သတင်းစကားအကြောင်း ချက်ချင်း မမေးပေ။ သူက ဤကိစ္စရပ်များကို ဤနေရာ၌ မဆွေးနွေးသင့်ကြောင်း သိထားသည်။ ထို့ကြောင့် သူက ဝမ်ဟို့တို့အား အရင်မိတ်ဆက်ပေးလိုက်ပြီးနောက် စုရိုအာနှင့် တုံ့ဟွားလုံတို့အား မိတ်ဆက်ပေးလိုက်သည်။

“ စုရိုအာက စီနီယာဦးလေးစုကို ဂါရဝပြုပါတယ်။ ကျမရဲ့ ဆရာက စီနီယာဦးလေးအကြောင်း ခဏတိုင်း ပြောပြဖူးပါတယ် ….” သူမက တျန်းဂျီဂိုဏ်း၏ စုကျီအန်းကို မြင်လိုက်ရသည့်အခါ မျက်လုံးများက နီရဲလာလေ၏။ မျက်ရည်များပင် စီးကျလုမတတ် ဖြစ်နေလေပြီ။

“ မင်းကို သိတယ်။ မင်းက ယုကျဲရဲ့ တပည့်မလား …. မင်းတို့ အသက်ရှင်နေဦးမယ်လို့ မထင်ထားမိဘူး ..” စုကျီအန်းက တျန်းဂျီပျက်စီးသွားပုံကို ပြန်လည် အမှတ်ရသွားသည့်အခါ သူ့စိတ်နှလုံးသားထဲ နာကျင်လာမိပြန်သည်။

***

All Chapters