← Chapters

အထက်ဘုံ၏ အမိန့်မှာတမ်း

Vol. 53 Ch. 727

အထက်ဘုံ၏ အမိန့်မှာတမ်း

Vol. 53 Ch. 727

မှုန်မှိုင်းမှိုင်း လေထုကို ခံစားမိပြီး ဝမ်ဟို့က မြန်မြန် ရှေ့ထွက်လာကာ လက်နှစ်ဖက် ယှက်လျက် “ အကြီးအကဲစုရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ ဖင်းဖန်မှာ အကြီးအကဲစုကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ တကယ်ကို တွေ့ရတာ ဝမ်းသာပါတယ် ”

မိုဝူကျိက စုကျီအန်းတို့ကို ဝမ်ဟို့ကို မိတ်ဆက်ပေးပြီးခါစ ဖြစ်သောကြောင့် စုကျီအန်းက ဝမ်ဟို့အား မမှတ်မိပေ။ တျန်းဂျီဂိုဏ်းက မည်မျှဆိုးရွားစေခဲ့ကာမူ ဂိုဏ်းတစ်ခု ဖြစ်ခဲ့ပြီးတော့ စုကျီအန်းမှာ ဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်ခဲ့ဖူးသည်။ တစ်ဖက်တွင် ဝမ်ဟို့က မြို့စားတစ်ယောက် ဖြစ်သော်လည်း အဆိုးရွားဆုံး အင်မော်တယ်နယ်မြေမှ အဆင့်နိမ့် အင်မော်တယ်မြို့စားမျှသာ ဖြစ်၏။

မိုဝူကျိက ပြောလိုက်သည်  “ အတိတ်ကို ထားလိုက်ပါတော့။ အခု ညာဘက်ရုံးဝေ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ကျုပ်တို့တွေ မဟာဓားလမ်းစဉ်ဂိုဏ်းဆီ သွားကြမယ်။ အကြီးအကဲစုက ဝမ်ဟို့တို့ နေရာချထားဖို့ ကူညီပေးလိုက်ပါဦး။ အခုကစပြီးတော့ ဝမ်ဟို့က ကျုပ်တို့ ဖင်းဖန်ရဲ့ လူသားနယ်မြေ တာဝန်ခံပဲ …. ”

“ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ..” စုကျီအန်းက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။

ဝမ်ဟို့က စိတ်ထဲ စိတ်လှုပ်ရှားမိသွားသည်။ သူက စုကျီအန်း၏ အဆင့်အတန်းကို သေချာသိပေရာ စုကျီအန်းသည် အင်မော်တယ်အုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး တျန်းဂျီဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့သေးသည်။ ယခု မိုဝူကျိ၏ ဂိုဏ်းသို့ ရောက်နေလေသည်။ ဖင်းဖန်တွင် ရှိနေသော သိပ်သည်းလွန်းသည့် အင်မော်တယ်ဝိညာဉ်စွမ်းအားများ ရှိနေသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ဤနေရာမှာ  တာအိုတော်ဝင်မြေ တစ်ခု ဖြစ်ပေသည်။ မိုဝူကျိ ကိုယ်တိုင်ပင် အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေလေရာ ဖင်းဖန်သည် အင်မော်တယ်လောကတစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မည်။

ဤသို့မျိုး တော်ဝင်မြေမှာ လူများနှင့် သေချာပေါက် ပြည့်နှက်နေလိမ့်မည်။ ယခု သူက ဖင်းဖန်ကို ဝင်နိုင်ပြီး တာဝန်ခံရာထူး ရခဲ့သည်မှာ သူ့သမီးဖြစ်သူ လျန်ရှီးကြောင့်သာ ဖြစ်၏။ သူမက မိုဝူကျိလို ကောင်းကင်ဘုံ သွေဖယ်နေသည့် တည်ရှိမှုမျိုးနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့လေသည်။

“ကျီအန်း .. စီနီယာချင်းရုရော တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား ” မိုဝူကျိက နောက်ထပ် မေးလိုက်သည်။

ယခင် သူတို့ ဂိုဏ်းကို တည်ထောင်စဉ် ဟန်ချင်းရုက အင်မော်တယ်တောင်တစ်တောင်၌  ပိတ်ကာ ကျင့်ကြံနေခဲ့သည်။ မိုဝူကျိက အကြိမ်များစွာ သွားရောက်သော်လည်း မတွေ့ခဲ့ရပေ။

မိုဝူကျိက အကြောင်းအရင်းမှာ သူ ဖြစ်ကြောင်း ကောင်းကောင်း သိထား၏။ သူတို့တွေ ဓားအကျဉ်းထောင်ထဲ ရှိစဉ် သူက ဟန်ချင်းရုကို ရှင်းရှင်းလင်းလင်း မငြင်းခဲ့သော်လည်း သူမစကားလုံးများကို ကောင်းကောင်းလည်း မတုံ့ပြန်ခဲ့ပေ။ ထို့အပြင် ဓားအကျဉ်းထောင်မှ ထွက်လာပြီးနောက် သူက ထိုအကြောင်းကို တစ်ခါမှ မပြောတော့ပေ။

ဟန်ချင်းရုက မိန်းကလေးတစ်ယောက် ဖြစ်၍ အလိုလိုသိစိတ် ရှိပေသည်။ သူမက တံခါးပိတ် ကျင့်ကြံနေသည်မှာ သူမက လိုအပ်၍ မဟုတ်ဘဲ သူ့ကို ရှောင်ချင်၍သာ ဖြစ်ရမည်။

“ ထွက်မလာသေးဘူး ” စုကျီအန်းက ဟန်ချင်းရုနှင့် မိုဝူကျိတို့ကြားမှ ဆက်ဆံရေးအကြောင်း အနည်းငယ် အရိပ်အခြည် သိသော်လည်း သူက ဘာမှမပြောပေ။

မိုဝူကျိ လက်စွပ်တစ်ကွင်း ထုတ်ကာ စုကျီအန်းအား ပေးလိုက်သည်  “ ကျီအန်း … တကယ်လို့ ချင်းရု ထွက်လာလို့ ကျုပ် ဂိုဏ်းမှာ မရှိတဲ့အချိန် ဖြစ်နေရင် ဒါလေး တဆင့် ပေးပေးပါ ”

“ ဟုတ်ကဲ့ ” စုကျီအန်းက လက်စွပ်ကို လက်ခံလိုက်သည်။ သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်  “ ဂိုဏ်းချုပ် တကယ်လို့ စီနီယာကျော့ဆီ သွားမယ်ဆိုရင် ညာလက်ရုံးဝေ ထွက်လာမှ သွားတာ ကောင်းမယ် ထင်တယ် ”

စုကျီအန်းက မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေမည်ကို စိုးရိမ်မိနေသည်။ ကျော့ဖျင်အန်းကဲ့သို့သော မဟာဧကရာဇ်ပင် ထိုအန္တရာယ်ကို မကိုင်တွယ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက မိုဝူကျိအား တစ်ယောက်တည်း သွား၍ အန္တရာယ်ကို ရင်မဆိုင်လိုပေ။ အကယ်၍ မိုဝူကျိသာ တစ်ခုခု ဖြစ်သွားပါက ဤကြီးကျယ်ထည်ဝါလှသော ဖင်းဖန်သည်လည်း ကျဆုံးသွားလိမ့်မည်။

အကယ်၍ ကျော့ဖျင်အန်း၏ တပည့်က သူ့အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူးကြွေးကြောင့်သာ မဟုတ်လျှင် သူက ဂိုဏ်းချုပ်အား မသွားဖို့ရာ တိုက်တွန်းမိလိမ့်မည်။

မိုဝူကျိက လက်ခါပြကာ

“ စိုးရိမ်ဖို့ မလိုပါဘူး။ ကျုပ် ထွက်သွားပြီးရင် ဒီနေရာကို ခင်ဗျားလက်ထဲ အပ်ခဲ့မယ်။ ညာလက်ရုံးဝေ ထွက်လာရင် ဖင်းဖန်ကို ကျုးကျော်ရဲတဲ့ အင်အားစု ဒါမှမဟုတ် ကျုးကျော်ရဲတဲ့ တစ်ယောက်ယောက် ရှိခဲ့ရင် အားလုံးကို သတ်ပစ်ဖို့ ပြောလိုက်ပါ …. ”

ဖင်းဖန်က တည်ထောင်ခါစ ဖြစ်သောကြောင့် ဂုဏ်သတင်း ကျော်ကြားမှု မရှိသေးပေ။ ထို့ကြောင့် သူတို့ဆီ အကျိုးမြတ်လာရှာကြသော လူများမှာ အနည်းငယ်မျှသာ ရှိပေသည်။ သို့သော် ဖင်းဖန်သာ နာမည်ကျော်ကြားလာပါက အင်အားစုများက သွေးဆာနေသည့် ဝံပုလွေများကဲ့သို့ အပြေးအလွှား ရောက်လာကြလိမ့်မည်။ သူတို့က ထိုလူများကို ရက်စက်ကာ ညှာတာမှု ကင်းမဲ့သင့်ပေသည်။ ထိုအခါမှ ဖင်းဖန်သည် ကြီးထွားလာပြီး စည်ပင်ကြီးပွားလာမည် ဖြစ်သည်။

တစ်ဖက်တွင် မိုဝူကျိက သူ့ဘေးကင်းမှုအတွက် များစွာ မစိုးရိမ်မိပေ။ မဟာဧကရာဇ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ထွက်ပြေးဖို့ရာ အခွင့်အရေး ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။ သူ့ရုပ်ခန္ဓာအဆင့်မှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၆  ရောက်နေကြောင်း မပြောလျှင်ပင် အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းပြီးနောက် လေလွှတ်မြောက်ရေး နည်းစနစ်မှာ နောက်တဆင့်သို့ ရောက်ရှိသွားလေပြီ။

သူက တစ်ခါမှ ထုတ်မသုံးရသေးသော်လည်း မိုဝူကျိက လေရွေ့ပြောင်းအဆင့်၏ အဆုံးသို့ ရောက်နေကြောင်း ခံစားမိနေသည်။

သူက မဟာဧကရာဇ်များစွာ ထပ်ဝိုင်းခံရလိမ့်မည်ဟု မထင်ပေ။ အကယ်၍ ထိုသို့ထပ်ဖြစ်ခဲ့လျှင်ပင် သူ့နတ်ဘုရား ရုပ်ခန္ဓာအဆင့်နှင့်အတူ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် သူက ထွက်ပြေးနိုင်လိမ့်မည်။ အကယ်၍ ဒဏ်ရာအပြင်းအထန် ရရှိသွားလျှင်ပင် အသက်ဆက်ရှင်ဖို့ရာ အသက်တစ်ရှိက်စာလောက်သာ လိုအပ်ပေသည်။

“ ကျုပ် နားလည်ပါပြီ ” စုကျီအန်းက ဖြေလိုက်သည်။ သူက တျန်းဂျီဂိုဏ်း ဖျက်စီးခံလိုက်ရသည့် အကြောင်းအရင်းကို ကောင်းကောင်း သိထားသည်။ သူတို့က အင်အားလိုအပ်နေ၍ မဟုတ်ဘဲ ပြတ်သားမှု ကင်းမဲ့နေ၍ ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက မဟာဓားလမ်းစဉ်ဂိုဏ်းက သူတို့အား စိတ်ကူးတည့်ရာ ရှင်းထုတ်ပစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူတို့ ပျက်စီးမှုကို ဖြစ်စေခဲ့သည့်သူမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ဖြစ်၏။

ဖင်းဖန်တွင် လုံလုံလောက်လောက် အင်အား ရှိသော်လည်း တျန်းဂျီဂိုဏ်းကဲ့သို့ ခြိမ်းခြောက်မှု ရင်ဆိုင်ရလျှင်တခြားလူများ လာပြီး ဖျက်စီးစရာ မလိုဘဲ သူ့အလိုလိုသာ ပျက်စီးသွားလိမ့်မည်။

……….…

စုကျီအန်းက ဝမ်ဟို့တို့နှင့် ထွက်သွားပြီးနောက် မိုဝူကျိက ကျောင်းချန်ကို တိတ်ဆိတ်ငြိမ်သက်သည့် ဧည့်တွေ့ရာ အခန်းသို့ ခေါ်လာခဲ့သည်။

“ အင်မော်တယ်ရောင်းရင်းကျောင်း … အစ်ကိုကျော့က ဘာဖြစ်တာလဲ။ ကျုပ်ကို အသေးစိတ် ရှင်းပြပါဦး ” မိုဝူကျိက ကျော့ဖျင်အန်းအား အန္တရာယ်ဖြစ်စေသောသူမှာ သူ ရင်ဆိုင်နိုင်မည့် လူ မဟုတ်ကြောင်း ကောင်းကောင်း သိ၏။

ကျောင်းချန်က မိုဝူကျိသည် သာမာန်ဖြစ်လွန်းနေကြောင်း ခံစားမိသော်လည်း သူ့ဆရာ၏ မိုဝူကျိအပေါ် သဘောထားကို ပြန်လည် အမှတ်ရလိုက်သည်။ ထို့အပြင် မိုဝူကျိက ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ် မဟုတ်ပါလော။ ထို့ကြောင့် ကျောင်းချန်က မိုဝူကျိအပေါ် မျှော်လင့်ကာ အားကိုးမိသွားသည်။

“ အရင်တုန်းက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ယီမင်ရှုနဲ့ လျှပ်စီးဂိုဏ်းရဲ့ လိန်ကူယွင်တို့က ပူးပေါင်းပြီးတော့ ကျုပ်ဆရာကို တိုက်ခိုက်ကြတယ်။ ကျုပ်ဆရာက ဒဏ်ရာအပြင်းအထန် ရသွားပြီးတော့ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ နှစ်ယောက်လုံးက ဆက်တိုက် လိုက်ဖမ်းကြတာ ….

အဲဒီအချိန်တုန်းက ဟွမ်ရှားလို့ခေါ်တဲ့ အင်မော်တယ် အုပ်စိုးသူလည်း ပါတယ်။ ကျုပ်ဆရာ ထွက်ပြေးသွားတော့ ဟွမ်ရှားက ငြိမ်းချမ်းရေးကျွန်းဆွယ်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာ။ ငြိမ်းချမ်းရေးကျွန်းဆွယ်ထဲက ဘယ်သူမှ မလွတ်ဘူး။ သူတို့အားလုံး အသတ်ခံလိုက်ရတယ် …. -”

“ အဲဆို မင်းက ဒါကို ဘယ်လိုသိတာလဲ။ ပြီးတော့ ဘယ်လိုလုပ် လွတ်လာတာလဲ ” မိုဝူကျိက ဟွမ်ရှားသည် သွေးဆာကာ ရက်စက်တတ်သူမှန်း သိထားလေရာ ငြိမ်းချမ်းရေးကျွန်းဆွယ်အတွင်းရှိ အပြစ်မဲ့လူများအားလုံးကို သတ်ပစ်သည်က ဖြစ်နိုင်ပေသည်။

ငြိမ်းချမ်းရေးကျွန်းဆွယ်မှာ အင်မော်တယ်လောကတစ်ခုလုံး၌ ဘေးကင်းရာနေရာတစ်ခု ဖြစ်ခဲ့သည်။ ငြိမ်းချမ်းရေးကျွန်းဆွယ်သို့ ရောက်လာသူတိုင်းလည်း ဘေးကင်းမှုကို လာရှာခြင်းသာ ဖြစ်၏။ ဟွမ်ရှားလက်ချက်ဖြင့် အသတ်ခံရလိမ့်မည်ဟု တစ်ခါမှ တွေးမိမည် မဟုတ်ပေ။ ဤဟွမ်ရှားက အင်မတန် ရက်စက်တတ်သူ ဖြစ်၏။ မိုဝူကျိက ထိုအရာကို တွေးမိသွားပြီး ကိုင်ကွမ်းယီတို့ အဆင်ပြေရဲ့လား သိချင်မိသွားသည်။

ကျောင်းချန်က ရှင်းပြလိုက်သည်

“ ကျုပ်က အမည်ခံတပည့်ဆိုတော့ ပင်လယ်အောက်ခြေက ကာကွယ်ရေး အစီအရင်ကို စောင့်ကြပ်နေတာပါ။ ပြီးတော့ ကျုပ်ရဲ့ ကျင့်စဉ်က ပင်လယ်ရေအောက်မှာ ကျင့်ကြံဖို့ သင့်တော်တယ်လေ။  အဲဒီမှာ စောင့်ကြည့်ရေး အစီအရင်တစ်ခု ရှိလို့ ငြိမ်းချမ်းရေးကျွန်းဆွယ်ပေါ်က ကိစ္စတွေကို ကျုပ် ရှင်းရှင်းလင်းလင်း သိလိုက်ရတာပါ ”

ထိုအရာကို ကြားသည့်အခါ မိုဝူကျိက ကျောင်းချန်ကို အနည်းငယ် သဘောကျမိသွားသည်။ ကျော့ဖျင်အန်းသည် ကျောင်းချန်အား အမည့်ခံတပည့်အဖြစ်သာ လက်ခံထားသော်လည်း ကျောင်းချန်က ကျော့ဖျင်အန်းအား တကယ့်ဆရာအဖြစ် သတ်မှတ်ပေသည်။ သူက ပင်လယ်ရေအောက်မှ ကာကွယ်ရေး အစီအရင်ကို စောင့်ကြပ်ပေးရုံသာမက ကျော့ဖျင်အန်းကိုလည်း ကယ်ဖို့ရာ နည်းလမ်းများ ရှာဖွေနေခဲ့သည်။ အကယ်၍ တခြားကျင့်ကြံသူသာ ဆိုလျှင် ထွက်ပြေးဖို့ရာသာ အခွင့်အရေး ရှာကြလိမ့်မည်။

စုကျီအန်းအား ကယ်နိုင်လိုက်သည်မှာ အံ့ဩစရာ မရှိတော့ပေ။ စုကျီအန်း ရောက်သွားသည့်အခါ ကျောင်းချန်လည်း ပင်လယ်အောက်မှ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေလိမ့်မည်။

“ ဆက်ပြောပါ ” မိုဝူကျိက ခေါင်းညိတ်ကာ ကျောင်းချန်၏ ရှင်းပြချက်ကို အသိမှတ်ပြုလိုက်သည်။

“ ဟွမ်ရှား ထွက်သွားပြီးတော့ ကျုပ်ဆရာကို လာရှာတဲ့ စီနီယာစုကို ကျုပ် ကယ်လိုက်တယ်။ ကျုပ်ဆရာက မိတ်ဆွေဖွဲ့ဖို့ အထိုက်တန်ဆုံးသူက ဂိုဏ်းချုပ်မိုဆိုပြီး ခဏတိုင်း ပြောဖူးတယ်။ အဲဒါကြောင့်မလို့ စီနီယာစုကို လွတ်လိုက်တာ ဂိုဏ်းချုပ်မို ဆိုတာနဲ့ စီနီယာစုကို ပြန်လိုက်ပို့ပြီးတော့ ကျုပ်ဆရာကို ရှာဖို့ ပြန်ထွက်သွားခဲ့တာ …. ”

ထိုစဉ် ကျောင်းချန် အသံမှာ စိုးရိမ်မှုများ ပါဝင်လာပြီး

“ ကျုပ်ဆရာက ခြေရာလက်ရာတချို့ ချန်ခဲ့တယ်။ အဲဒါနဲ့ အမှတ်အသားတွေ မပျောက်သွားခင်အထိ ဆက်လိုက်သွားတာ။ ဒါပေမဲ့ နောက်ပိုင်းကျ ဘာအမှတ်အသားမှ ရှာလို့ မတွေ့တော့ဘူး။ အရင်တုန်းက ဆရာက ကျုပ်ကို ပြောဖူးတယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် သူ့ကို ကယ်တင်ချင်တဲ့ တစ်ဦးတည်းသော သူက  … ”

ကျောင်းချန်က ဆက်မပြောနိုင်တော့ဘဲ မိုဝူကျိအား မျှော်လင့်တကြီး ကြည့်လိုက်သည်။

မိုဝူကျိက မတ်တတ်ရပ်ကာ

“ ကျုပ်က အစ်ကိုကျော့အပေါ် အကြွေးတင်နေတယ်။ အင်မော်တယ်ရောင်းရင်းကျောင်း  ခင်ဗျားရဲ့ ဆရာ အမှတ်အသားတွေ ပျောက်သွားတဲ့နေရာဆီ ကျုပ်ကို ခေါ်သွားပေး … ကျုပ် သွားကြည့်ကြည့်မယ် … ”

ကျောင်းချန်က ပြန်မဖြေခင်  တံခါးဝမှ  ဖေးလင်၏ အသံ ထွက်ပေါ်လာလေ၏  “ ဂိုဏ်းချုပ် အထက်ဘုံက အမိန့်မှာတမ်း ပို့လိုက်တယ် …. ”

အထက်ဘုံလား …

မိုဝူကျိက နည်းနည်း ကြောင်အမ်းသွားလေ၏။

ဖင်းဖန် တည်ထောင်ပြီးတာ ဘယ်လောက်ကြာပြီမလို့လဲ …..

သူတို့က အထက်ဘုံနဲ့ ဘယ်လိုများ ပတ်သတ်သွားတာလဲ …. ဒီအမိန့်မှာတမ်းက ဘာအဓိပ္ပါယ်လဲ ….

“ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် တက်လှမ်းသွားတဲ့အတွက် ဂုဏ်ပြုပါတယ် …” မိုဝူကျိက တံခါးဖွင့်ကာ ဖေးလင်အား ပြောလိုက်၏။

“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ဂိုဏ်းချုပ်နောက်သာ မလိုက်ရင် ကျုပ် ဒီအဆင့် ရောက်ဖို့ နှစ်ဘယ်လောက်ထပ်ကြာမလဲဆိုတာတောင် မသိတော့ပါဘူးဗျာ ” ဖေးလင်က ပျော်ရွင်စွာ ပြောလိုက်၏။ သူက စိတ်အရင်းအတိုင်း ပြောခြင်း ဖြစ်၏။ မိုဝူကျိ၏ အကူအညီမရှိဘဲ သူက ဓားအကျဉ်းထောင်ထဲ မဟုတ်တော့လျှင်ပင် ဤမျှအချိန်တိုလေးအတွင်း အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။

ထို့အပြင် မိုဝူကျိသာ မရှိလျှင် ဓားအကျဉ်းထောင်မှ ထွက်လာနိုင်မည် မဟုတ်ပေ။

“ အထက်ဘုံရဲ့ အမိန့်မှာတမ်းက ဘာလဲ ” မိုဝူကျိက မေးလိုက်သည်။

ဖေးလင်က ပြန်ဖြေလိုက်သည်

“ အထက်ဘုံက အင်မော်တယ်နယ်မြေ ခုနှစ်ခုမှာ ရှိနေတဲ့ ဂိုဏ်းတိုင်းရဲ့ ဂိုဏ်းချုပ်တွေကို စူးခရာအင်မော်တယ်မြို့ဟောင်းမှာ နောက်တလကြာရင် ဆုံဖို့ ပြောထားပါတယ်။ အရေးကြီးကိစ္စ ဆွေးနွေးဖို့ အားလုံး တက်ရောက်ရပါ့မယ်တဲ့ …. ”

မိုဝူကျိက မျက်မှောင်ကျုတ်ကာ သူက အထက်ဘုံကို ဂရုမစိုက်ပေ။ သို့သော်လည်း အထက်ဘုံနှင့် ပဋိပက္ခ ဖန်တီးဖို့ရာ အချိန်မဟုတ်ကြောင်း သိ၏။

“ ညာလက်ရုံးဝေရော ဘယ်လိုလဲ ” ခဏတာ တွေးတောပြီးနောက် မိုဝူကျိက စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားရောက်ခြင်းက ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်သည်။

အထက်ဘုံမှာ အရမ်းအားကောင်းလွန်း၏။ အင်မော်တယ်နယ်မြေအမျိုးမျိုး၌ သူတို့ကိုယ်ပိုင် ခေါင်းဆောင်များ ရှိသော်လည်း အထက်ဘုံက ထိုအင်မော်တယ်နယ်မြေ ခုနှစ်ခု၏ အုပ်ချုပ်သူ ဖြစ်နေသည်။

တည်ထောင်ခါစ ဂိုဏ်းဖြစ်သည့် ဖင်းဖန်အကြောင်း ပြောနေစရာ မလိုပေ။ အင်မော်တယ်နယ်မြေ ခုနှစ်ခု၌ နံပါတ်တစ်ဂိုဏ်းပင်  အထက်ဘုံ၏ အမိန့်ကို လွန်ဆန်ရဲမည် မဟုတ်ပေ။ အကယ်၍ သူက အထက်ဘုံကို ဆန့်ကျင်လျှင် အရှင်းခံရမည့် ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် မဟာဧကရာဇ်အဆင့် ရောက်သွားပါပြီ ” ဝေကျီတောက်၏ ရယ်ရယ်မောမော စကားသံကို ကြားလိုက်ရသည်။ သူ့အသံ၌ ပျော်ရွင်မှုနှင့် ဝမ်းသာနေမှုကိုပါ ကြားနေရသည်။

“ ညာလက်ရုံးဝေကို ဂုဏ်ပြုပါတယ် …” မိုဝူကျိလည်း ထပ်တူ ပျော်ရွင်မိနေသည်။ ဝေကျီတောက်၏ အဆင့်တက်လှမ်းသွားမှုမှာ ဖင်းဖန်အတွက် ကိစ္စအကြီးကြီး ဖြစ်၏။

ဖေးလင်က မြန်မြန် ဦးညွှတ်ကာ  “ညာလက်ရုံးဝေ မဟာဧကရာဇ် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ”

ယခု သူတို့တွင် မဟာဧကရာဇ် ရှိနေပြီ ဖြစ်ရာ မိုဝူကျိက ဖင်းဖန်သည် အင်မော်တယ်လောက၌ ခြေကုပ်ရလာတော့မည် ဖြစ်ကြောင်း ခံစားမိ၏။ သူက ဖေးလင်ကို ကြည့်ကာ မေးလိုက်သည်  “ အထက်ဘုံရဲ့ အမိန့်ထဲမှာ တခြားတောင်းဆိုချက်တွေရော ပါသေးလား ”

“ မပါဘူး …. ဂိုဏ်းချုပ်တစ်ယောက်စီက အကြီးအကဲတစ်ယောက်နဲ့ တပည့်နှစ်ယောက် ခေါ်လာလို့ ရတယ်တဲ့ ….” ဖေးလင်က လေးလေးစားစား ထပ်ပြောလိုက်သည်။

“ ကောင်းပြီ …. ညာလက်ရုံးဝေ ပြင်ဆင်ထားလိုက်ပါ။ ကျုပ် ငြိမ်းချမ်းရေးကျွန်းဆွယ်ဆီ ခဏသွားလိုက်ဦးမယ်။ ကျုပ် ပြန်ရောက်လာလို့ အချိန်ရှိသေးရင် စူးခရာ အင်မော်တယ်မြို့ဆီ မသွားခင် မဟာဓားလမ်းစဉ်ဂိုဏ်းကို သွားဖျက်စီးကြမယ်။

တကယ်လို့ အချိန်မလုံလောက်ရင်တော့ စူးခရာအင်မော်တယ်မြို့ဟောင်းကို အရင်သွားပြီးမှ မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးပစ်ကြတာပေါ့ …” မိုဝူကျိက တက်ကြွစွာ ပြောလိုက်သည်။

ဂိုဏ်းကြီးတစ်ခုကို ဖျက်စီးပစ်မည့် ကိစ္စအား ပြောခြင်းမှာ မိုဝူကျိ ပါးစပ်မှ ထွက်လာသည့်အခါ သာမာန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို ဖြစ်နေသည်။

***

All Chapters