မဟာဓားလမ်းစဉ်ဂိုဏ်းကို သုတ်သင်ခြင်း
Vol. 53 Ch. 728
ရက်များစွာ ကြာပြီးနောက် မိုဝူကျိက ကျောင်းချန်နောက်မှ လိုက်ပါလာရင်း မဟာကင်းမဲ့ပင်လယ်နား ရောက်သည့်အခါ ရပ်တန့်လိုက်သည်။
“ ဆရာက ဒီနားလေးမှာ ပျောက်သွားခဲ့တာ … ကျတော် ဘယ်လိုနည်းလမ်းကို သုံးသုံး ဆရာရဲ့ တည်နေရာကို လုံးဝကို ရှာမတွေ့ဘူး ” ကျောင်းချန်က သူ့ရှေ့မှ ပင်လယ်ပြင်ကြီးကို ကြည့်ကာ စိတ်ပူစွာ ပြောလိုက်၏။
မိုဝူကျိလည်း ထိုရင်းနှီးလှသည့် မြင်ကွင်းကြောင့် တိတ်ဆိတ်သွားမိသည်. ယခင် သူနှင့် ဟန်လုံတို့ မဟာကင်းမဲ့ပင်လယ်အတွင်း ဝူပန် ဇနီးမောင်နှံနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူက ကုံဝူယူကို သတ်တော့မည့်ဆဲဆဲတွင် ခွမ်းပန်ဟို့က ကုံဝူယူအသက်နှင့် လဲလှယ်ရန် လျို့ဝှက်ချက်တစ်ခု ပြောပြခဲ့သည်။ ထိုလျို့ဝှက်ချက်မှာ အင်မော်တယ်လောကမှ ထွက်သွားနိုင်သည့် လူမသိသေးသော လမ်းကြောင်း ဖြစ်နေ၏။
ထိုလမ်းကြောင်းမှာ မဟာကင်းမဲ့ပင်လယ်အတွင်း တည်ရှိပြီး သူ့လက်ရှိနေရာနှင့် သိပ်မကွာဝေးလှပေ။ ယခု ကျော့ဖျင်အန်းက ဤနေရာ၌ ပျောက်ကွယ်သွားသောကြောင့် သူက ထိုလမ်းကြောင်းကို သုံး၍ အင်မော်တယ်လောကသို့ ထွက်သွားခြင်းလည်း ဖြစ်နေနိုင်သည်။
အကယ်၍ မိုဝူကျိက သူလည်း အဆင့်မြင့် ပညာရှင်များစွာကို ရန်စမိခဲ့လျှင် ဤလမ်းကြောင်းအား အသုံးပြုရန် အစီအစဉ် ရှိ၏။
သို့သော်လည်း မိုဝူကျိက အင်မော်တယ်လောက၌ သူ မဖြေရှင်းရသေးသည့် ကိစ္စများစွာ ရှိနေလေရာ ထွက်ခွာမသွားနိုင်သေးပေ။
ကျော့ဖျင်အန်းက သူ့မိတ်ဆွေ ဖြစ်ပေသည်။ ထို့ကြောင့် ဖြစ်နိုင်ပါက သူ့ကို ကယ်တင်ရန် သူအနေနှင့် အားများစွာ စိုက်ထုတ်ဖို့ လိုလားပေ၏။ ယခု တစ်ခုတည်းသော ပြဿနာမှာ သူက အင်မော်တယ်လောကမှ ထွက်ခွာ၍ အမည်မသိနေရာသို့ သွားကာ ကျော့ဖျင်အန်းအား ကယ်တင်ရမည် ဖြစ်ရာ ပြန်လာနိုင်လိမ့်မည်ဟု အာမခံချက် မရှိပေ။ မိုဝူကျိက ထိုသို့ မလုပ်နိုင်ခြင်းမှာ သူက ချိန်စုယင်နှင့် မတွေ့ရသေးသလို ယန်အာ၏ သတင်းများလည်း မကြားရသေးပေ။ သူက မည်သို့များ အင်မော်တယ်လောကမှ ဤသို့ ထွက်သွားနိင်မည်နည်း။
“ အင်မော်တယ်ရောင်းရင်းကျောင်း … ကျုပ် ဒီနေရာကို ကောင်းကောင်း သိတယ်။ တကယ်လို့ ကျုပ်တို့တွေ ရှေ့ဆက်သွားမယ်ဆိုရင် အခုအနေနဲ့ အသက်ရှင်ဖို့ လုံလုံလောက်လောက် အားမကောင်းသေးဘူး။ ကျုပ် နောက်တဆင့် တက်လှမ်းသွားတဲ့အခါကျမှ အစ်ကိုကျော့ကို သွားရှာနိုင်စွမ်း ရှိလိမ့်မယ် ….” မိုဝူကျိက ရိုးရိုးသားသား ရှင်းပြလိုက်သည်။
အင်မော်တယ်လောကမှ ထွက်သွားနိုင်သည့် လမ်းကြောင်းကို မပြောပြလိုက်သော်လည်း သူက ကျောင်းချန်ကို ယခု ကူညီနိုင်စွမ်း မရှိသေးကြောင်း ပြောပြလိုက်သည်။
ကျောင်းချန်၏ မျက်လုံးများမှာ မှိုင်းကျသွားသည်။ သူက မိုဝူကျိကို ရှာရန် ဆုံးဖြတ်စဉ်က ကံတရားကို ကြိုးစားကြည့်ရုံမျှသာ ဖြစ်ပေသည်။ သူ မယုံကြည်နိင်သည့် အမှန်တရားမှာ မိုဝူကျိက သူ့ဆရာအား ကူညီနိုင်စွမ်း မရှိ ဖြစ်နေလေ၏။ သူ့မျှော်လင့်ချက် မှိန်မှိန်လေးလည်း ရေစုန်မျှောသွားလေပြီ။
မိုဝူကျိ၏ စကားမှာ အမှန် ဖြစ်ပြီး ရှေ့ဆက်သွားပါက မဟာကင်းမဲ့ပင်လယ်ပိုင်နက်အတွင်း ရောက်သွားပေလိမ့်မည်။ မဟာကင်းမဲ့ပင်လယ် အနက်ပိုင်း၌ ထိပ်ဆုံးအဆင့် အင်မော်တယ်သားရဲများ ရှိနေပြီး ဂရုမစိုက်မိပါက ထိုသားရဲများ ဝန်းရံခြင်းကို ခံရပေလိမ့်မည်။ သူ မသိသည်က မိုဝူကျိအနေနှင့် အင်မော်တယ်သားရဲများကို ပြောနေခြင်း မဟုတ်ဘဲ အင်မော်တယ်လောကမှ ထွက်လမ်း ရှိနေကြောင်း ဖြစ်၏။
“ ဂိုဏ်းချုပ်မိုကို ကျေးဇူးတင်ပါတယ် ….” သူက မိုဝူကျိ ကူညီမပေးနိုင်ကြောင်း သိသော်လည်း ဤအထိ လာပေးသည့်အတွက် ကျေးဇူးတင်မိနေသေးသည်။
“ တကယ်လို့ အင်မော်တယ်ရောင်းရင်းကျောင်းက စိတ်မရှိရင် ကျုပ်တို့ ဖင်းဖန်မှာ ကျင့်ကြံလို့ ရပါတယ် ….” မိုဝူကျိက အနည်းငယ် အားနာမိနေသည်။ သူက ဤနေရာသို့ တစ်ရက်ရက်ကျ ပြန်လာမည် ဖြစ်သော်လည်း ယခုတော့ မဟုတ်သေးပေ။
ကျောင်းချန်က လက်နှစ်ဖက် ယှက်ကာ
“ ဂိုဏ်းချုပ်မိုကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် အရင်ဆုံး အင်မော်တယ်လောကတခွင် လျှောက်စူးစမ်းကြည့်ဖို့ ရည်ရွယ်ထားတယ်။ နောက်ကျ ကျုပ် ဘယ်မှ သွားစရာမရှိတော့တဲ့ နေရက် ရောက်လာနိုင်တယ်လေ။ တကယ်လို အဲဒီနေ့ရက်မျိုး တကယ်ရောက်လာခဲ့ရင် ဂိုဏ်းချုပ်မိုဆီ ခိုလှုံမှု တောင်းဆိုပါ့မယ် …. ”
ကျောင်းချန်က ဖင်းဖန်၏ ဖိတ်ခေါ်ချက်ကို သွယ်ဝှက်ငြင်းပယ်လိုက်လေသည်။ ထို့နောက် မိုဝူကျိအား နှုတ်ဆက်၍ ထွက်ခွာသွားလေ၏။
…………….…
ခြောက်ရက်အကြာတွင် မိုဝူကျိက ဖင်းဖန်အင်မော်တယ်ကျောင်းတော်သို့ ပြန်ရောက်လာလေ၏။ ကံကြမ္မာကြာနီကို တုံ့ဟွားလုံဆီ ချက်ချင်း ပြန်ပေးလိုက်ပြီး ဝေကျီတောက်နှင့် စုကျီအန်းတို့ကို ချက်ချင်း ခေါ်လိုက်သည်။
သူက ကျော့ဖျင်အန်းကို ရှာဖို့ရာ အချိန်များစွာ မသုံးတော့ပေ။ အကယ်၍ ကျော့ဖျင်အန်းသာ အင်မော်တယ်လောကမှ တကယ် ထွက်သွားခဲ့လျှင် ဆက်ရှာဖွေနေခြင်းက အချိန်ဖြုန်းတီးနေခြင်းသာ ဖြစ်၏။
“ ကျန့်မင်ချန်းနဲ့ နျဲ့ချုံးအန်းတို့ရော ထွက်မလာသေးဘူးလား ” မိုဝူကျိက ဝေကျီတောက်နှင့် စုကျီအန်းတို့ကို မြင်လိုက်သည့်အခါ တခြားအင်မော်တယ် ဧကရာဇ်နှစ်ယောက်အကြောင်း မေးလိုက်လေ၏။
ဝေကျီတောက်က မိုဝူကျိ ပြန်အလာအား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အကြောင်းမှာ မိုဝူကျိတွင် ဖြေရှင်းရမည့် ကိစ္စများ ရှိနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူတစ်ယောက်တည်း မဟာဓားလမ်းစဉ်ဂိုဏ်းကို အပြတ်သွားရှင်းပစ်လောက်သည်။ ယခင် မဟာဓားလမ်းစဉ်ဂိုဏ်းက သူ့တာအိုတွဲဖက်အား သတ်ပစ်ကာ တာအိုနေရာအား လုယူပြီး ဓားအကျဉ်းထောင်ထဲ ဖမ်းထည့်ထားခဲ့သည်။ သူက မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် မဟာရန်ကြွေးကို လုံးဝ မေ့မရပေ။
“ မင်ချန်းက အခုလေးတင် ထွက်လာပြီတော့ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ရောက်သွားပြီ။ နျဲ့ချုံးအန်းကတော့ နည်းနည်း လိုနေသေးတယ် ” ဝေကျီတောက်က တစ်ခုချင်းစီ ဖြေလိုက်သည်။
ဝေကျီတောက်က ပြောနေစဉ် ကျန့်မင်ချန်း၊ လုမင်နှင့် ဖေးလင်တို့က အသစ်ရောက်လာသော ဝမ်ဟို့နှင့်အတူ ခန်းမဆီ အလျှင်အမြန် ရောက်ရှိလာကြသည်။ ကျန့်မင်ချန်း၏ စွမ်းအားများက တောက်ပနေပြီး အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် တက်လှမ်းသွားသည်မှာ အမှန်ပင် ဖြစ်၏။
“ ကောင်းတယ် …. ညာလက်ရုံးဝေ၊ အကြီးအကဲချာလွေ့၊ ဖေးလင်နဲ့ လုမင်တို့က ကျုပ်နဲ့အတူ မဟာဓားလမ်းစဉ်ဂိုဏ်းကို လိုက်ခဲ့ … ဖင်းဖန်ကိစ္စတွေကို ကျီအန်းဆီ အပ်ခဲ့မယ် ..” မိုဝူကျိက သူတို့အချိန်မှာ ကပ်နေကြောင်း သိ၍ မဟာဓားလမ်းစဉ်ဂိုဏ်းအား မြန်မြန် အဆုံးသတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
စုကျီအန်းက ချက်ချင်း ထရပ်ကာ
“ ဂိုဏ်းချုပ် …. ကျုပ် ကျန်တဲ့အရာတွေ ဘာမှမလုပ်ရလည်း အဆင်ပြေပါတယ် ဒါပေမဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းက ကျုပ်ရဲ့ တျန်းဂျီဂိုဏ်းကို ဖျက်စီးသွားတာဆိုတော့ မသွားလိုက်ရရင် စိတ်ထဲက အစိုင်အခဲကို ချေဖျက်နိုင်မှာ မဟုတ်တော့ဘူး ”
မိုဝူကျိက စုကျီအန်းသည် မဟာဓားလမ်းစဉ်ဂိုဏ်းက တျန်းဂျီဂိုဏ်းကို အမြစ်ဖြတ်ရှင်းထုတ်သွားခြင်းအပေါ် မကျေမှန်း သိပေ၏။ ယခု ဖင်းဖန်ကို တည်ထောင်ပြီးပြီ ဖြစ်ရာ သူ့အနေနှင့် မဟာဓားလမ်းစဉ်ဂိုဏ်းအား ရှင်းထုတ်နိုင်မည့် အခွင့်အရေးကို လက်မလွှတ်လိုပေ။
မိုဝူကျိက ဖေးလင်ကို ကြည့်လိုက်သည့်အခါ ဖေးလင်က မိုဝူကျိဘာမှ မပြောခင် အရင်ဦးစွာ ပြောလိုက်၏ “ ဂိုဏ်းချုပ် ကျုပ်လည်း မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းတဲ့အထဲ ပါမှရမယ်။ တကယ်လို့ ကျုပ်ဘာသာ ရန်ကြွေးမဆပ်ရရင် စီနီယာအစ်ကိုစုလိုမျိုး ကျုပ်နှလုံးသားထဲမှာ အရိပ်ကြီး ကျန်ရှိနေလိမ့်မယ် ”
“ ဒီလိုဆိုမှတော့ ဖင်းဖန်ကို ဝမ်ဟို့လက်ထဲ ယာယီအပ်ခဲ့လိုက်မယ်။ မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းပြီးတာနဲ့ ကျီအန်းက ပြန်ပြီး တာဝန်ယူလိုက်ပေါ့ …” မိုဝူကျိအတွက် ရွေးချယ်ဖို့ရာ တစ်ခုသာ ကျန်ရှိတော့သည်။
“ ဟုတ်ကဲ့ ကျုပ်ဝမ်ဟို့က အင်မော်တယ်ကျောင်းတော်ကို သေချာစောင့်ကြပ်ထားလိုက်ပါ့မယ် …” ဝမ်ဟို့က သူ့တာဝန်ကို အသိမှတ်ပြုကာ လေးလေးစားစား တုံ့ပြန်လိုက်သည်။
ဖင်းဖန်၌ ဆယ်ရက်ကျော် နေပြီးနောက် ဝမ်ဟို့၏ နှလုံးသားမှာ ဆက်တိုက်ကို တုန်လှုပ်နေမိသည်။ သူ ဖင်းဖန်ဆီ ပထမဆုံးရောက်လာစဉ်က ဤနေရာရှိ အဆုံးမဲ့ အင်မော်တယ် ဆေးပင်များ၊ သိပ်သည်းလှသော အင်မော်တယ်စွမ်းအားများနှင့်အတူ အင်မော်တယ်များနှင့် သေမျိုးများကို ညီတူညီမျှ ဆက်ဆံနေသည်ကို ကြည့်ကာ တအံ့တဩ ဖြစ်မိသည်။
ယခု သူက ဖင်းဖန်၏ အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် မိုဝူကျိသည် ကွေ့ဖုန်းယွင်အား မကြောက်သည့် အကြောင်းအရင်းကို အမှန်တကယ် နားလည်သွားလေပြီ။ ကွေ့ဖုန်းယွင်က အင်မော်တယ်ဧကရာဇ် ဖြစ်သွားလျှင်ပင် ဝမ်ဟို့အနားသာ ဟန်ပါပါနှင့် လျှောက်လှမ်းနိုင်လိမ့်မည်။ အကယ်၍ ဖင်းဖန်သို့ ရောက်လာရဲလျှင် သေချင်နေသည်သာ ဖြစ်ရမည်။
ဖင်းဖန်၏ အင်အားကို သိပြီးနောက် ဝမ်ဟို့က မိုဝူကျိကု ပို၍ လေးစားမိလာသည်။
နှမြောစရာကောင်းသည်က မိုဝူကျိသည် ဝမ်လျန်ရှီးနှင့် နေရာချပေးမည့် သူ့ဇနီးအကြံပြုချက်ကို လက်မခံခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် ဤဂိုဏ်းချုပ်မိုမှာ သူ့သားမက် ဖြစ်နေမည် မဟုတ်ပါလော။
“ ဂိုဏ်းချုပ် ကျုပ်တို့တွေ မဟာဓားလမ်းစဉ်ဂိုဏ်းကို လျော့တွက်လို့ မရဘူး။ သူတို့မှာ အင်မော်တယ်ဧကရာဇ် သုံးယောက်ရှိတယ်။ မဟာဧကရာဇ် ယီမင်ရှုအပြင် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဒါမှမဟုတ် နောက်ပိုင်းအဆင့်လောက် ရောက်နေတဲ့ မဟာအကြီးအကဲတစ်ယောက်လည်း ရှိသေးတယ်။ ပြီးတော့ ကျုပ် ဓားအကျဉ်းထောင်ထဲ မရောက်ခင် ဖုန်းကျန်းလို့ခေါ်တဲ့ အင်မော်တယ် ဧကရာဇ် လူငယ်လည်း ရှိသေးတယ် ” ကျန့်မင်ချန်းက မဟာဓားလမ်းစဉ်ဂိုဏ်းကို စိတ်အားထက်သန်နေသော်လည်း ဆင့်ခြင်နိုင်စွမ်း ကျန်ရှိနေသေး၏။
မိုဝူကျိက ခေါင်းညိတ်ကာ “ မင်ချန်း ပြောတာ မှန်တယ်ဆိုပေမဲ့ စိတ်ပူဖို့ မလိုဘူး။ ယီမင်ရှုနဲ့ လိန်ကူယွင်တို့က ကျော့ဖျင်အန်းနောက် လိုက်နေတာဆိုတော့ တကယ်လို့ ကျုပ်သာ မမှားရင် အဲနှစ်ယောက်က အချိန်မီ ပြန်မရောက်လောက်ဘူး။ ပြောချင်တာက ကျုပ်တို့ အင်အားချင်း ယှဉ်ရင် အရေးသာနေတယ် …. ”
အကယ်၍ မဟာကင်းမဲ့ပင်လယ် လမ်းကြောင်းက တကယ်ပေါ်လာပြီး ကျော့ဖျင်အန်းက ထွက်ပြေးသွားခဲ့လျှင် ကျော့ဖျင်အန်းနောက် သည်းကြီးမည်းကြီး လိုက်နေကြသော ယီမင်ရှုနှင့် လိန်ကူယွင်တို့လည်း လိုက်မဝင်သွားနိုင်စရာ အကြောင်းအရင်း မရှိပေ။
“ ဂိုဏ်းချုပ် …. မဟာဓားလမ်းစဉ်ဂိုဏ်းကို သွားရှင်းမှာကို ကျုပ် နျဲ့ချုံးအန်းကို ဘယ်လိုလုပ် ထားသွားမလို့လဲဗျာ … ” နျဲ့ချုံးအန်း၏ သာယာကြည်လင်လှသော အသံကို ကြားလိုက်ရပြီး ခန်းမအတွင်း ခမ်းနားကြီးမားသော စွမ်းအားများ ဝင်ရောက်လာသည်။
နျဲ့ချုံးအန်းက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် တက်လှမ်းခါစ ဖြစ်ရာ သူ့ဘေးပတ်လည်မှ တာအိုစွမ်းအားများက အပြည့်အဝ မစုပ်ယူရသေးပေ။
မိုဝူကျိက ကျေနပ်စွာဖြင့် “ ချုံးအန်းပါ ပါပြီဆိုရင်တော့ ကျုပ်တို့တွေ ဒီတိုက်ပွဲကို နိုင်မှာ သေချာသွားပြီ။ သွားကြစို့ … မဟာဓားလမ်းစဉ်ဂိုဏ်းဆီ သွားကြမယ် … ”
………….…
မဟာဓားလမ်းစဉ်ဂိုဏ်း
လော့လင်အင်မော်တယ်နယ်မြေ၏ ထိပ်သီးဂိုဏ်း
အကယ်၍ လော့လင်အင်မော်တယ်နယ်မြေမှ ထိပ်သီးဂိုဏ်းကို ရွေးချယ်ရမည်ဆိုလျှင် မဟာဓားလမ်းစဉ်ဂိုဏ်းသာ ဖြစ်လိမ့်မည်။ အကယ်၍ တစ်ယောက်ယောက်က ထိပ်ဆုံးဂိုဏ်းငါးဂိုဏ်းကို ရွေးချယ်ရလျှင်ပင် မဟာဓားလမ်းစဉ်ဂိုဏ်းလည်း ပါဝင်ပေဦးမည်။
မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဓားကျင့်စဉ်က အဆင့်တူအတွင်း အနိုင်ရနိုင်စွမ်း ရှိ၍ လော့လင်အင်မော်တယ်နယ်မြေအတွင်း သူတိုဂုဏ်သတင်းမှာ ဟိုးလေးတစ်ကျော် ဖြစ်နေခြင်း ဖြစ်၏။
မဟာဓားလမ်းစဉ်ဂိုဏ်းကို ရောက်လာသည်မှာ မိုဝူကျိအတွက် ဒုတိယအကြိမ် ဖြစ်၏။ ပထမအကြိမ် ရောက်လာစဉ်က ဓားအကျဉ်းထောင်ထဲ ဝင်ရန် ရောက်လာခြင်း ဖြစ်၏။
ဤတစ်ကြိမ်၌မူ သူက မဟာဓားလမ်းစဉ်ဂိုဏ်းကို အပြတ်ရှင်းရန် ရောက်လာခြင်း ဖြစ်သည်။ သူက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ပြင်ပတွင် ရပ်နေရင်း မိုဝူကျိက မဟာဓားတောင်၏ ကျယ်ဝန်းလှသော နေရာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ ကျုပ် ပထမဆုံးရောက်လာတုန်းက ကျုပ်သာ ဒဏ်ရာမရခဲ့ရင် ဒီနေရာက အားလုံးကို သတ်ပစ်ခဲ့မိမှာ ” မိုဝူကျိဘေးတွင် ရပ်နေသည့် ဝေကျီတောက်က အငြိုးတကြီးဖြင့် ပြောလိုက်သည်။
“ ဒီလို ကြီးကျယ်ထည်ဝါတဲ့ အင်မော်တယ်ဂိုဏ်းတစ်ခုက ညစ်ပတ်အောက်တန်းကျတဲ့ လျို့ဝှက်ချက်တွေ ရှိနေမယ်လို့ မယုံနိုင်ဘူး …” စုကျီအန်းက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောလိုက်သည်။
တျန်းဂျီဂိုဏ်းက စွပ်စွဲခံရပြီး မဟာဓားလမ်းစဉ်ဂိုဏ်း၏ ရှင်းပစ်ခြင်းကို ခံလိုက်ရလေရာ စုကျီအန်းအနေနှင့် သူ့ကိုယ်သူ ငြိမ်းချမ်းမှု မရှာဖွေနိုင်သေးသည့် အကြောင်းအရင်းလည်း ဖြစ်နေပေသည်။
မိုဝူကျိက ခပ်တိုးတိုး ပြောလိုက်သည် “ ဒီအင်မော်တယ်ဂိုဏ်းက ဘယ်လောက် ခမ်းနားနား ကြီးကျယ်ကျယ် ဘယ်လိုဖြစ်ဖြစ် မဟာဓားလမ်းစဉ်ဂိုဏ်းက ဒီနေ့ပြီးသွားရင် တည်ရှိမှု ပျောက်ပျက်သွားမှာပဲ … ”
ယီမင်ရှု၏ လုပ်ကြံခြင်းကို ပြန်တွေးမိပြီး တာ့ဟွမ်ကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ပြန်လည် အမှတ်ရသွားသည့်အခါ မိုဝူကျိ၏ သတ်ဖြတ်လိုစိတ်များက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။
ယခင် တာ့ဟွမ် အသတ်ခံလိုက်ရစဉ် သူက မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့အား အပြတ်ရှင်းပစ်မည်ဟု ကျိန်ဆိုခဲ့သည်။ နောက်ဆုံး၌ ယနေ့ တာ့ဟွမ်အတွက် လက်စားချေရန် နေ့ရက် ရောက်လာလေပြီ။
မိုဝူကျိက လက်ကို မြှောက်ကာ တာ့ဟွမ်၏ ပစ္စည်း စိတ်ဝိညာဉ်ကို မထုတ်ခင် ကျောက်စိမ်းစားပွဲလေးကို ထုတ်လိုက်သည်။ ထို့နောက် သူက စားပွဲအလယ်၌ ပစ္စည်း စိတ်ဝိညာဉ်ကို တင်လိုက်သည်။ သူက ကျောက်စိမ်းစားပွဲလေးအား အကာအကွယ်လုပ်ကာ
“ တာ့ဟွမ် … ဒီနေ့ မင်းအတွက် ငါ ဘယ်လို လက်စားချေပေးမလဲဆိုတာ ကိုယ်တိုင် ကြည့်နော် …. ”
သူက ပြောပြီးနောက် သတ်ဖြတ်ငွေ့များ ထွက်ပေါ်နေသည့် လူအုပ်ကြီးဘက် လှည့်ကာ
“ ဒီနေရာမှာ ရှိနေတဲ့ အားလုံးက မဟာဓားလမ်းစဉ်ဂိုဏ်းအကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေချည်းပဲ … အခုတော့ ဖင်းဖန်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပြီ။ ကျုပ်တို့ မဟာဓားလမ်းစဉ်ဂိုဏ်းကို မရှင်းခင် နည်းနည်းလောက်တော့ ပြောချင်သေးတယ်။ အင်မော်တယ်ဂိုဏ်းက ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့တွေ အားနည်းတဲ့သူတွေကို အနိုင်မကျင့်ဘူး။ ဒါက ဖင်းဖန်ရဲ့ ရည်ရွယ်ချက်ပဲ ….
ကျုပ်တို့ရှေ့မှာ ရှိနေတဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းက အကောင်းဆုံး နမူနာပဲ။ ကျုပ်တို့ရဲ့ ဖင်းဖန်က နောင်အခါ ဒီလိုမျိုး ဖြစ်လာလို့ မဖြစ်ဘူး။ ဒါကို မှတ်ထားကြပါ …. တာအိုကို အောင်မြင်မှု ရဖို့ ကျုပ်တို့တွေ ကူညီရမယ်။ ကျင့်ကြံခြင်းဆိုတာက လျို့ဝှက်ပညာရပ်တွေရော၊ ကိုယ်ကျင့်တရားရော ပါဝင်နေတယ် … ”
အားလုံး၏ စိတ်ထဲ အေးစက်သွားပြီး ဝေကျီတောက်နှင့် ကျန့်မင်ချန်းတို့ပင် ပြောစရာ ရှာမတွေ့ ဖြစ်သွားရသည်။ မိုဝူကျိ၏ စကားများမှာ တကယ်ကို လက်တွေ့ကျလွန်း၏။ အကြောင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းက မည်မျှ အားကောင်း၍ ကိုယ်ကျိုးကြည့်စေကာမူ သူတို့က အသစ်တည်ထောင်ခါစ ဖင်းဖန်၏ ရှင်းပစ်ခြင်းကို ခံရတော့မည် ဖြစ်၏။ အတိတ်တုန်းက မဟာဓားလမ်းစဉ်ဂိုဏ်းသာ အနိုင်မကျင့်ခဲ့ပါက ဤသို့အဖြစ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ နောင်ကျ ဖင်းဖန်ကို ရှင်းထုတ်နိုင်မည့် ရှိလားမလားဆိုတာ ဘယ်သူက သိမည်နည်း။
ထို့ကြောင့် တာအိုကို ကျင့်ကြံသည့်အခါ ကိုယ့်ကျင့်တရားကိုလည်း လေ့ကျင့်ဖို့ရာ လိုအပ်ပေသည်။
“ ဂိုဏ်းချုပ်မိုကို စောင့်နေတာ ကြာလှပြီ။ နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ ဟားဟား ” ကျယ်ကျယ်လောင်လောင် ရယ်မောသံကြီးကို ကြားလိုက်ရပြီးနောက် ပိန်ပါးပါး ကျင့်ကြံသူ တစ်ဦးက မိုဝူကျိဆီ လျှောက်လှမ်းလာသည်။
“ ပိုင်ယဲ့လား … ခင်ဗျားက မဟာဓားလမ်းစဉ်ဂိုဏ်းဘက်က ပါမလို့လား ” ဝေကျီတောက်က ဤလူကို တွေ့လိုက်ရ၍ စိတ်မပျော်ဆုံး ဖြစ်သည်။ ပိုင်ယဲ့က သူ့အားအနည်းဆုံးအချိန်တွင် တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက ခေါင်းခါကာ ဝေကျီတောက်အား တားလိုက်၏။ ထို့နောက် ပိုင်ယဲ့အား ကြည့်ကာ “ အင်မော်တယ်ရောင်းရင်းပိုင်က ရှေ့ဖြစ်ကိန်း ကျွမ်းကျင်တဲ့သူဆိုတော့ မဟာဓားလမ်းစဉ်ဂိုဏ်းကို ပေါင်းတိုက်ဖို့ ကျုပ်တို့ကို စောင့်နေတာမလား ”
“ ဂိုဏ်းချုပ်မိုက တကယ်ဉာဏ်ကောင်းတာပဲ … ဟုတ်ပါတယ် ကျုပ်လည်း လက်စားချေရမဲ့ အခွင့်အရေး ဘယ်လိုလုပ် လက်လွတ်ခံပါ့မလဲ။ ကျုပ်က တစ်ယောက်တည်းဆိုတော့ အားနည်းနေလို့ စောင့်နေတာ။ ဂိုဏ်းချုပ်မိုက ကျုပ်ကို စိတ်မပျက်စေဘူးပဲ …. ” ပိုင်ယဲ့၏ လေသံတွင် လေးစားမှုများ ပါဝင်နေလေ၏။
အကြောင်းမှာ သူက မိုဝူကျိ၏ လက်ချက် အတော်ခံစားခဲ့လေရာ မိုဝူကျိ၏ သနားညှာတာမှုကြောင့်သာ မဟုတ်လျှင် သူ သေနေလောက်လေပြီ။ ဓားအကျဉ်းထောင်မှ ထွက်လာပြီးနောက် သူက ဒဏ်ရာများ ပျောက်ကင်းရုံမျှသာ ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် မတက်လှမ်းရသေးပေ။ အမှန်တရားမှာ သူက ဟိုးကတည်းမှ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တက်လှမ်းနိုင်သော်လည်း မိုဝူကျိ၏ တိုက်ခိုက်မှုများကြောင့် သူက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သာ ဝေ့ဝဲနေသေး၏။
ထို့ကြောင့် သူက မိုဝူကျိရှေ့တွင် အကြောက်တရားများ ခံစားနေရဆဲ ဖြစ်သည်။
***