← Chapters

မဟာဓားလမ်းစဉ်ဂိုဏ်း၏ မသိတတ်မှု

Vol. 53 Ch. 729

မဟာဓားလမ်းစဉ်ဂိုဏ်း၏ မသိတတ်မှု

Vol. 53 Ch. 729

မိုဝူကျိက ပိုင်ယဲ့အား ကြည့်လိုက်သည်။ သူက ရှေ့ဖြစ်ကိန်း တာအိုကို မသိသော်လည်း မိုဝူကျိက ပိုင်ယဲ့တွင် လျို့ဝှက် ရည်ရွယ်ချက် တစ်ခုခု ရှိကြောင်း သံသယဝင်နေမိသည်။

ပိုင်ယဲ့က မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ရန်ကြွေးရှိသည်မှာ အမှန်ဖြစ်သော်လည်း မိုဝူကျိက ပိုင်ယဲ့တစ်ယောက် မဟာဓားလမ်းစဉ်ဂိုဏ်းကို ပူးပေါင်း၍ မရင်ဆိုင်ခင် သူတို့ကို စောင့်နေသည်က သံသယဖြစ်ဖွယ် ကောင်းလွန်းလှပေသည်။

မိုဝူကျိအနေနှင့် ပိုင်ယဲ့က မည်မျှဉာဏ်များ၍ အကြံအစည်ကြီးကြောင်း သိထားပေသည်။ အကယ်၍ သူက ဖင်းဖန်အင်မော်တယ် ကျောင်းတော်က မဟာဓားလမ်းစဉ်နှင့် တိုက်ခိုက်မည်မှန်း သိနေလျှင် အင်အားစုနှင့် သေချာပေါက် ပူးပေါင်းမည် မဟုတ်ပေ။ သူက ဘေးမှသာ ကြည့်နေပြီး ထွက်ပြေးလာသော တချို့လူများကိုသာ  တိုက်ခိုက်လိမ့်မည်။

ထိုအပြင် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ရောက်ရှိဖို့ရာ အချိန်ခဏမျှသာ လိုအပ်တော့သည်။ သူက ဤလက်စားချေခြင်း၌ ပါဝင်လိုလျှင်ပင် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် မတက်လှမ်းသေးဘဲ လုပ်စရာ မလိုပေ။

ထို့ကြောင့် ပိုင်ယဲ့ ရုတ်တရက် ပေါ်လာမှုက အနည်းငယ် ထူးဆန်းနေခြင်း ဖြစ်၏။

“ ကောင်းပြီလေ … အင်မော်တယ်ရောင်းရင်းပိုင်က ကျုပ်တို့နဲ့ ပူးပေါင်းပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းထုတ်ချင်တယ်ဆိုတော့ ဘာမှမလုပ်ခင် အရင်ဆုံး ပြောထားရဦးမယ်။ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ မဟာဧကရာဇ် ထွက်လာတာနဲ့ အင်မော်တယ်ရောင်းရင်းပိုင်က ဝင်မရှုပ်ဖို့ တောင်းဆိုချင်ပါတယ် …” မိုဝူကျိက ပိုင်ယဲ့၏ အကြံအစည်ကို မသိသော်လည်း ပိုင်ယဲ့သည် မဟာဓားလမ်းစဉ်ဂိုဏ်းကို ကူညီမည် မဟုတ်သောကြောင့်  သူ့ပူးပေါင်းမှုကား သူတို့အင်အားကို ပို၍ တိုးလာစေခြင်းသာ ဖြစ်၏။

“ ရတာပေါ့ …. မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းနေတုန်း ကျုပ် ပိုင်ယဲ့က ဂိုဏ်းချုပ်မိုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ် ” ပိုင်ယဲ့က တုံ့ဆိုင်းခြင်းမရှိ ကတိစကားဆိုလိုက်သည်။

သူက မိုဝူကျိ၏ အင်အားကို အပြည့်အဝ မသိသေးသော်လည်း မိုဝူကျိသည် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိထား၏။ မိုဝူကျိက ဓားစွမ်းအင်မြစ်ထဲ  ဝင်နိုင်ပြီး တစ်ဖွဲ့လုံးကို ကာကွယ်ပေးကာ ဓားစွမ်းအင်မြစ်မှ ခေါ်ထုတ်ခဲ့ပုံကို ပြန်လည် တွေးမိသွားသောအခါ သူ့စိတ်ထဲ၌ ဘယ်တော့မှ မတက်လှမ်းနိုင်မည့် တောင်တစ်လုံး ရှိနေသလို ခံစားလိုက်ရသည်။

“ ဘယ်သူက ငါ့မဟာဓားလမ်းစဉ်ဂိုဏ်းနား ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ … မင်းတို့တွေ အသက်သုံးရှိုက်စာအတွင်း ထွက်မလာရင် အားလုံးကို ချွင်းချက်မရှိ သတ်ပစ်မယ် ” မိုဝူကျိတို့ တည်ရှိမှုမှာ နောက်ဆုံး၌ မဟာဓားလမ်းစဉ်ဂိုဏ်းသားတစ်ဦး၏ အာရုံကို ဖမ်းစားနိုင်လိုက်၏။

“ အင်မော်တယ်ရောင်းရင်းပိုင် တိုက်ကြစို့ ” မိုဝူကျိက အသာပြောလိုက်သည်။

“ ဟုတ်ပြီ ” ပိုင်ယဲ့က ရှေ့တိုးလိုက်သည်နှင့် လက်ထဲ၌ ဓားကြီးတစ်ချောင်း ပေါ်လာသည်။ ဤမဟာလော့ရှန်း ကျင့်ကြံသူက မတုံ့ပြန်နိုင်ခင် သူက ပိုင်ယဲ့၏ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်သွားလေသည်။

ထို့နောက် ပိုင်ယဲ့က သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားကို ထုတ်ပစ်လိုက်သည့်အခါ  မဟာဓားလမ်းစဉ်ဂိုဏ်း၏ အစီအရင်နှင့် ထိတွေ့သွားသည်။

မိုဝူကျိက ဝေကျီတောက်တို့အား ချက်ချင်း သတင်းပို့ကာ မဟာဓားလမ်းစဉ်ဂိုဏ်းအား  ဖျက်စီးပြီးသည်နှင့် သူတို့  ပထမဆုံး သိမ်းမည့်အရာမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်း၊ အင်မော်တယ် ဝိညာဉ်သွေးကြောများ၊ သိုလှောင်ခန်းများနှင့် အင်မော်တယ် ဆေးဥယျာဉ်တို့ ဖြစ်သည်။

ထိုအရာများအပြင် အရေးကြီးသည့် အချက်တစ်ချက် ကျန်သေး၏။ မဟာဓားလမ်းစဉ်ဂိုဏ်း၏ အင်မော်တယ် သွေးကြောများ ယူသွားခြင်းမှာ ပိုင်ယဲ့အနေနှင့် အခွင့်ကောင်း မယူနိုင်ရန် ဖြစ်သည်။

အင်မော်တယ်လောကတွင် နှစ်များစွာ တည်ရှိလာသော ကြီးကျယ်သော အင်မော်တယ်ဂိုဏ်းတစ်ခုအတွက် မဟာဓားလမ်းစဉ်ဂိုဏ်းတွင် အရေးကြီးသော သတင်းအချက်အလက်များနှင့် လျို့ဝှက်ချက်များ ကိန်းအောင်းနေလေ၏။ ဖင်းဖန်က တည်ထောင်ခါစ ဖြစ်ပြီး မိုးမြေ တာအိုစွမ်းအားများ ပေါင်းစပ်ထားသော်လည်း ဖင်းဖန်ကိုယ်တိုင်၌ သတင်းအချက်အလက်များနှင့် ရတနာများစွာ ရှိမနေသေးပေ။ ယခု သူတို့က မဟာဓားလမ်းစဉ်ဂိုဏ်းကို နှိမ်နှင်းတော့မည် ဖြစ်၍ ဖင်းဖန်၏ သတင်းအချက်အလက်များကို တိုးပွားအောင် လုပ်ဖို့ရာ သင့်တော်လွန်းလှပေသည်။

ပိုင်ယဲ့ တိုက်ခိုက်မှုအပြီးတွင် မိုဝူကျိက အစီအရင်အလံ ဆယ်ခုကို ထုတ်ကာ အော်ပြောလိုက်သည် “ အားလုံး အတူတူ တိုက်ကြစို့ ”

မိုဝူကျိက အဆင့် ၇ အစီအရင်ဆရာ တစ်ယောက် ဖြစ်သောကြောင့် သူ့လမ်းညွှန်မှုအောက်၌ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်က မည်မျှ အားကောင်းနေစေကာမူ  အင်မော်တယ် ဧကရာဇ် လေးယောက်၊ အင်မော်တယ် ဧကရာဇ် တပိုင်းအဆင့်နှင့် အင်မော်တယ် အုပ်စိုးသူများ  ပူးပေါင်းတိုက်ခိုက်မှု၌ ခံနိုင်ရည်စွမ်း မရှိတော့ပေ။

စက္ကန့်ပိုင်းလေးကြာပြီးနောက် မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှ အက်လာသံများ ကြားလိုက်ရသည်။

လေထုထဲ အက်ကြောင်းတချို့ ပေါ်လာပြီးကာ သူတို့က မမြင်ရသော်လည်း အားလုံးက မဟာဓားလမ်းစဉ်ဂိုဏ်း၏ အစီအရင်မှာ တစစီ အက်ကွဲလာကြောင်း သိလိုက်ကြသည်။

ချာလွေ့၏ ဟစ်ကြွေးသံက မဟာဓားလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပြန့်နှံသွားကာ တောက်ပသော အလင်းတန်းများစွာလည်း ထွက်ပေါ်လာသည်။ တစစီ ကျိုးပျက်လာသည့် အစီအရင်က အက်ကွဲခြင်း ရပ်တန့်သွားပြီး သူ့အလိုလို ပြန်ကောင်းမွန်လာနေသည်။

“ အားလုံး ဆက်တိုက်ကြ … ဒါက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အစီအရင်ဆရာက အင်မော်တယ်သွေးကြောကို သုံးပြီးတော့ အစီအရင်ကို ပြန်ပြုပြင်ဖို့ လုပ်နေတာ ။ ကျုပ် ကိစ္စလေးတချို့ ဖြေရှင်းပြီးသွားရင် ကျုပ် ပြန်လာခဲ့မယ် ….” မိုဝူကျိက သူ့စကားအဆုံးတွင် အစီအရင်အလံ ပစ်လွှတ်လိုက်၏။

တကယ်တမ်း သူ မေ့လျော့နေသည့် အရေးကြီးကိစ္စတစ်ခု ရှိနေသည်။ ထိုအရာမှာ မဟာဓားလမ်းစဉ်ဂိုဏ်းကို မတိုက်ခိုက်ခင် တည်နေရာ ချုပ်နှောင်ခြင်း ခင်းကျင်းထားရန် ဖြစ်၏။ သူက မဟာဓားလမ်းစဉ်ဂိုဏ်းမှ ကျင့်ကြံသူများ ထွက်ပြေးသွားခြင်းအား တားဆီးနိုင်ရန် အစီအရင်အမျိုးမျိုးကို  ပိတ်ထားမည် ဖြစ်သည်။

သူက သူတိုကို အမြစ်ဖြတ်ရှင်းလင်းရန် ဆုံးဖြတ်လိုက်သောကြောင့် တစ်ဂိုဏ်းလုံးကို ရှင်းရှင်းလင်းလင်း ရှင်းထုတ်ပစ်ရမည်။

မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကျင့်ကြံသူတိုင်းက ချက်ချင်းဆိုသလို တအံ့တဩ ဖြစ်ကုန်ကြသည်။ သူတို့က မဟာဓားလမ်းစဉ်ဂိုဏ်းကို လာတိုက်ရဲသည့်သူ ရှိလိမ့်မည်ဟု တစ်ခါမှ မထင်ထားကြပေ။ အနီရောင် အချက်ပေးသံများ ထွက်ပေါ်လာသည့်အခါမှ အားလုံးက တကယ် တိုက်ခိုက်ခံနေရကြောင်း ယုံကြည်သွားတော့သည်။

အကယ်၍ သာမာန် အင်မော်တယ်ဂိုဏ်းသာ တိုက်ခိုက်ခံရလျှင် အင်မော်တယ်များက အကြောက်တရား၊ တုန်လှုပ်မှုတိုကို ခံစားကာ မြန်မြန် သွားနိုင်သမျှ ထွက်ပြေးကြမည် ဖြစ်၏။ သို့သော် မဟာဓားလမ်းစဉ်ဂိုဏ်းသားများ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးဖို့ရာ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုသာ ဖြစ်နေသည်။

ဟုတ်ပေ၏  …. သူတို့တွေ အမှန်တကယ်ကို စိတ်လှုပ်ရှားမိနေကြသည် …..

မဟာဓားလမ်းစဉ်ဂိုဏ်းက ဓားကျင့်စဉ်ကို အလေးထားပြီး သဘောတရားမှာ အမြဲရှေ့တိုး၍ ဘယ်တော့မှ နောက်မဆုတ်ခြင်း ဖြစ်သည်။ မဟာဓားလမ်းစဉ်ဂိုဏ်းက သူတို့တောင်များ၌ ဓားစွမ်းအင် တာအိုစွမ်းအားများကို ချန်ထားလေ့ ရှိပြီး သူတို့ကျင့်ကြံသူများအား ဓားတာအိုက သတ်ဖြတ်ခြင်းတာအိုဟု ပြောနေဟန် ပေါ်သည်။

ဓားကို ထုတ်ပြီးသည်နှင့် သနားညှာတာမှု မရှိသင့်ပေ။

ဓားတာအို၏ အစစ်အမှန် အနှစ်သာရမှာ တစ်ဖက်လူအား ဝိညာဉ်အဖြစ် ပြောင်းလဲပစ်ပြီး သူတို့ဓားအောက်၌ တောင်းဆိုခိုင်းခြင်း ဖြစ်၏။ မဟာဓားလမ်းစဉ်ဂိုဏ်း၌ အားကောင်းသူများအတွက်သာ နေရာရှိပေသည်။

ဓား ….. လက်နက်အားလုံး၏ ကနဦးဟု ဆိုရပေမည်။

“  ဂိုဏ်းချုပ်ဟယ် ကျုပ်တို့အားလုံး ထွက်သတ်ပစ်ကြစို့ … ကျုပ်တို့ မဟာဓားလမ်းစဉ်ဂိုဏ်းက ဘယ်အချိန်ကတည်းက လာတိုက်တဲ့သူတွေကို ရင်ဆိုင်ဖို့ အစီအရင်ပေါ် မှီခိုနေရတဲ့သူတွေ ဖြစ်သွားတာလဲ ” နောက်ကျောတွင် သံမဏိဓားတစ်ချောင်း သယ်ဆောင်ထားသည့် လူငယ်လေးက မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားနား လျှောက်လှမ်းလာကာ မကျေမနပ် ပြောလိုက်သည်။

မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားမှာ ဟယ်ချင်လင် ဖြစ်ပြီး ယီမင်ရှု ထွက်သွားပြီးနောက် ယာယီဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်၏။

ထိုစဉ်  သူက နောက်ထပ်အကြီးအကဲတစ်ယောက်နှင့်အတူ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်အား ပြန်လည် ပြုပြင်နေရသည်။

မကျေမနပ်အသံနှင့် လူငယ်လေး နာမည်မှာ ကုန်းလျန်ယဲ့ဖြစ်၏။ သူတွင် ခန့်ညားချောမောသော မျက်နှာ၊ မျက်ခုံးထူထူ၊ မျက်ဝန်းတောက်တောက်နှင့် အချိုးအစား ကောင်းသော တည်ဆောက်ပုံမျိုး ရှိ၏။ သို့သော်လည်း သူကို သံမဏိဓားဟု လူသိများလေ၏။ အကြောင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းအတွင်းမှ သူ့ရုပ်ရည်အစား သူ့နောက်ကျောတွင် အမြဲရှိနေတတ်‌သော သံမဏိဓားတစ်လက်ကြောင့် ဖြစ်သည်။ ကုန်းလျန်ယဲ့အတွက်  ရုပ်ရည်အစား အရည်အချင်းနှင့် ဓားပညာရပ်တို့၌ ဂုဏ်မောက်နေတတ်သည်။

မဟာဓားလမ်းစဉ်ဂိုဏ်းအတွင်း အားလုံးက သူ့အား  ဖန့်ရှီကျန်းနှင့် ဟွမ်ရှားနောက်တွင်သာ ရှိသော  ထိပ်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ထားကြသည်။ သို့သော်လည်း ထိုအရာက ကုန်းလျန်ယဲ့ အနေနှင့် တွေးမိထားခြင်း မဟုတ်ပေ။ သူက သူ့ကိုယ်သူ မဟာဓားလမ်းစဉ်ဂိုဏ်း၌ နံပါတ်တစ် ပါရမီရှင်အဖြစ်သာ ယုံကြည်ထား၏။ သူက ဖန့်ရှီကျန်းနှင့် ဟွမ်ရှားလောက် ဂုဏ်သတင်းကျော်ကြားမှု မရှိသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အင်မော်တယ်လောကဝန်းကျင် သူ့နာမည် ဖြန့်ရန် တစ်ခါမှ မထွက်ခွာဖူး၍ ဖြစ်သည်။

အမြဲတမ်းလိုလို သူတို့နာမည်များကို ကြွားလုံးထုတ်တတ်သည့် ဟွမ်ရှားနှင့် ဖန့်ရှီကျန်းတို့နှင့် မတူပေ။ ထို့အပြင် သူက ဖန့်ရှီကျန်းထက် များစွာ ငယ်သေးပြီး အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။

ယနေ့ သူတို့ မဟာဓားလမ်းစဉ်ဂိုဏ်းအား ပွင့်လင်းမြင်သာ စိမ်ခေါ်ရဲသူ ရှိလာလေရာ ကုန်းလျန်ယဲ့အနေနှင့် သူ့အင်အားကို ဦးဆုံး ထုတ်ပြနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ယနေ့ သူက စူးခရာအင်မော်တယ်မြို့ဟောင်းသို့ သွား၍ တခြားပါရမီရှင်များနှင့် မတွေ့ဆုံခင် ရန်သူများကို သွေးချောင်းစီးအောင် သတ်ပစ်ရမည်။

“ ပါးစပ်ပိတ်ထားစမ်း ” လက်ရှိ ကာကွယ်ရေး အစီအရင်အား ဆက်တိုက် ပြုပြင်နေရသည့် မုတ်ဆိတ်ရှည် အမျိုးသားက ကုန်းလျန်ယဲ့အား ဒေါသတကြီး အော်ပြောလိုက်သည်။

ကုန်းလျန်ယဲ့က အလွန်အမင်း မကျေမနပ် ဖြစ်မိနေသော်လည်း သူ့အား အော်လိုက်သူကို ကောင်းကောင်း သိပေသည်။ ထိုသူမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ မဟာအကြီးအကဲ ဝမ်ချွမ် ဖြစ်ကာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ နံပါတ်တစ် အစီအရင်ဆရာလည်း ဖြစ်သလို ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်၏။ မဟာဓားလမ်းစဉ်ဂိုဏ်းအတွင်း ဝမ်ချွမ်၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး အင်မော်တယ် ဧကရာဇ်တချို့နောက်တွင် ရှိ၏။ ပြောရမည်ဆိုလျှင် သူ့အဆင့်အတန်းမှာ ယာယီဂိုဏ်းချုပ် ဟယ်ချင်လင်ထက်ပင် ပိုမြင့်နေသေးသည်။

ထို့ကြောင့် ဝမ်ချွမ်၏ ဆူပူမှုကို ခံလိုက်ရသော ကုန်းလျန်ယဲ့အနေနှင့် ဒေါသတရားကို မျိုသိပ်၍ ရှင်းပြလိုက်ရုံသာ တတ်နိုင်ပေသည်

“ မဟာအကြီးအကဲဝမ် … မဟာဓားလမ်းစဉ်ဂိုဏ်းကို တည်ထောင်ကတည်းက ဘယ်သူကိုများ ကြောက်ဖူးလို့လဲ။ ကျုပ်တို့တွေ ဓားတာအိုကို ကျင့်ကြံခဲ့ကတည်းက ကျုပ်တို့က ဓားပညာရပ်ကို ဂုဏ်ဆောင်ကြတယ် မဟုတ်ဘူးလား။

လူတွေက ကျုပ်တို့ဓားတွေကို ကြောက်ကြတယ်။ ကျုပ်တို့ဂိုဏ်းချုပ်  ဂိုဏ်းက ခဏထွက်သွားတာနဲ့ ကျုပ်တို့သတ္တိက သူနဲ့ အတူတူ ပါသွားပြီလား ”

ဝမ်ချွမ်က ခဏတာ အသက်ရှုလိုက်ပြီး အစီအရင်အလံများကို ပစ်ထည့်ပြီးနောက် ကုန်းလျန်ယဲ့အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

“ ကုန်းလျန်ယဲ့ … မင်းက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲ တစ်ယောက်ဆိုတာ ငါသိတယ်။ မင်းရဲ့ လက်ရှိအနေအထားက အားနည်းတဲ့ အင်မော်တယ် အုပ်စိုးသူတွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ”

ကုန်းလျန်ယဲ့က ထိုစကားကို ကြားသောအခါ ဂုဏ်ယူစွာ မတ်တတ်ရပ်လိုက်သည်။ သူ့အနေနှင့် နှိမ့်ချနေစရာ မလိုအပ်တော့ပေ။ ဝမ်ချွမ် ပြောနေသည့် စကားများမှာ အမှန်တရား အတိုင်း ဖြစ်၏။ အကြောင်းမှာ သူက သာမာန် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူများကို အပြတ်ရှင်းနိုင်စွမ်း ရှိသည်။ ထိုသည်မှာ သူ့လှည့်ကွက် ဖြစ်သလို မဟာဓားလမ်းစဉ်ဂိုဏ်း၏ လှည့်ကွက်လည်း ဖြစ်ပေသည်။

“ ဒါပေမဲ့ အဲလူတွေက ဘယ်သူတွေလဲ သိလား ” ဝမ်ချွမ်က စိတ်ပူစရာအားလုံး သက်ပြင်းနှင့် အတူပါသွားသည့်အလား လေပူများ မှုတ်ထုတ်၍ ပြောလိုက်သည်။

“ သူတို့တွေ ဘယ်လိုဖြစ်ဖြစ် မဟာဓားလမ်းစဉ်ဂိုဏ်းကို ရန်လာစရဲမှတော့ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုက သေခြင်းတရားပဲ …” ကုန်းလျန်ယဲ့က သူရဲဘောကြောင်ရသည်ကို မကြိုက်သည့်အလား  မော်မော်ကြွားကြွား ပြောလိုက်၏။

“ ဟားဟား  …” ဝမ်ချွမ်က ကုန်းလျန်ယဲ့၏ မောက်မာမှုကို ရယ်မောကာ ကုန်းလျန်ယဲ့အား လက်ညိုးထိုးလိုက်ရင်း ဘာမှဆက်မပြောတော့ပေ။ အသက်ရှိုက်စာ အနည်းငယ်ကြာပြီးနောက်မှ သူ့ဘာသာ ထိန်းကာ  “  ငါတို့ကို လာတိုက်တဲ့သူက မိုဝူကျိပဲ …. ပြီးတော့ သူက …. ”

ဝမ်ချွမ်က မိုဝူကျိသည် သူနှင့်အတူ အင်မော်တယ် ဧကရာဇ်များကို ခေါ်လာသည့်အကြောင်း မပြောလိုက်နိုင်ခင် ကုန်းလျန်ယဲ့က အေးစက်စွာ ပြောလိုက်သည်

“ တကယ်လို့ ကောင်းကင်ဘုံက နတ်သိကြား ဆင်းလာပြီးတော့ ကျုပ် မဟာဓားလမ်းစဉ်ဂိုဏ်းကို ရန်လာစလို့ အဆုံးသတ်ကျ ကျုပ် သေရမယ် ဆိုရင်တောင် ဘယ်တော့မှ နောက်မဆုတ်ဘူး  … ”

“ ကောင်းပြီ ကောင်းပြီ …” ဝမ်ချွမ်က အရမ်းစိတ်ဆိုးနေကာ  ကာကွယ်ရေး အစီအရင်အား ပြန်လည် ပြုပြင်ခြင်းကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်  “ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲဒီ မိုဝူကျိကို ငါတို့ဂိုဏ်းချုပ်ယီ၊ လိန်ကူယွင်၊ ကျင်းယွီရှန်းနဲ့  ကွမ်းနဉ်တို့ ဝိုင်းပြီး ဖမ်းခဲ့ရတယ်။ တကယ်လို့ မင်းသာ မင်းပြောသလောက် အားကောင်းနေမယ်ဆိုရင် သူနဲ့ သွားရင်ဆိုင်ချည်လေ …. ”

“ အကြီးအကဲဝမ်က ကျုပ်ကို အများကြီး တွေးထားတာပဲ … ကျုပ်က အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ပဲ ရှိသေးတာလေ။ မဟာဧကရာဇ်နဲ့ ရင်ဆိုင်ချင်နေတာလား ” ကုန်းလျန်ယဲ့က အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေခြင်း  သို့မဟုတ် သူတို့လျို့ဝှက်နယ်မြေအတွင်း၌သာ ရှိနေတတ်သောကြောင့် မိုဝူကျိအကြောင်း တစ်ခါမှ မကြားဖူးပေ။

သူ့အတွက် အင်မော်တယ် ဧကရာဇ် လေးယောက် ဝိုင်းဖမ်းခြင်းမှ လွတ်မြောက်သွားသူမှာ မဟာဧကရာဇ်သာ ဖြစ်ပေသည်။

“ မှားတယ် … မိုဝူကျိက မဟာဧကရာဇ် အဆင့် မပြောနဲ့ အင်မော်တယ်ဘုရင်အဆင့်တောင် မရောက်သေးဘူး။ သူ့တိုးတက်နှုန်းက ကြောက်ခမန်းလိလိ မြန်ဆန်တယ်ဆိုတော့ အခု အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေလောက်ပြီ။

အရင်တုန်းက  အင်မော်တယ် ဧကရာဇ် လေးယောက် ကြားကနေ ထွက်ပြေးသွားဖို့ နည်းလမ်းတွေ အကုန်ထုတ်သုံးပြီးတော့ သူ့ရဲ့ မဟာဧကရာဇ်အဆင့် အင်မော်တယ်အရုပ်ကို စတေးလိုက်ရတယ် …” ဝမ်ချွမ်အသံမှာ အေးစက်နေလေ၏။ ကာကွယ်ရေး အစီအရင် ပြန်လည် ပြုပြင်သည့် သူ့အကူအညီသာ မရှိလျှင် ဟယ်ချင်လင်က တစစီ ဖြစ်သွားခြင်းမှ ကာကွယ်နိုင်ရုံလေးမျှသာ တတ်နိုင်ပေလိမ့်မည်။

“ ကောင်းပြီလေ … အဲဆို ကျုပ် ကုန်းလျန်ယဲ့ ဖြေရှင်းကြည့်တာပေါ့ ” မိုဝူကျိက အင်မော်တယ် ဘုရင်အဆင့်မျှသာ ဖြစ်ကြောင်း ကြားသောအခါ ကုန်းလျန်ယဲ့က တုံ့ဆိုင်းခြင်းမရှိ တုံ့ပြန်လိုက်သည်။

သူက မဟာဓားလမ်းစဉ်ဂိုဏ်း၏ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ကာ သူက တခြားသော အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူကို ကြောက်နေမိလျှင် ကိုယ့်ဘာသာ သတ်သေသင့်ပေသည်။

………..…

မိုဝူကျိက အတားအဆီးများ ချပြီးနောက် သက်ပြင်းချလိုက်တော့သည်။ မည်သူကမှ ထွက်သွားဖို့ရာ မကြိုးစားကြသောကြောင့် သူပင် ကြောင်အမ်းသွားမိသည်။ မိုဝူကျိ မသိသည်က မဟာဓားလမ်းစဉ်ဂိုဏ်း၌ ကုန်းလျန်ယဲ့လို မော်မာဝင့်ကြွားနေသော ကျင့်ကြံသူများစွာ ရှိနေသည့် အချက် ဖြစ်သည်။

သူတို့လက်ထဲ၌ ဓားရှိနေလျှင် ဘာကိုမှ မကြောက်ရွံ့ကြပေ။ အမှန်တရားမှာ အားလုံးက မဟာဓားလမ်းစဉ်ဂိုဏ်းမှ လူ ရောက်ရှိလာသည်ဟု ကြားလျှင် လူအများက လမ်းဖယ်ပေးကြ၏။ အချိန်ကြာလာသည်နှင့်အမျှ မဟာဓားလမ်းစဉ်ဂိဏ်းသားတို့က သူများအပေါ် နှိမ့်ချကြည့်တတ်သည့် သဘောထား ဖြစ်လာပေသည်။ ယာယီဂိုဏ်းချုပ်ဟယ်နှင့် မဟာအကြီးအကဲဝမ်ချွမ်တို့၏ အစီအရင် ပြန်လည် ပြုပြင်ဖို့ရာ ကြိုးစားနေမှုကြောင့်သာ မဟုတ်လျင် တချို့တလေက ထွက်တိုက်လောက်ပြီးလေပြီ။

“ ဂိုဏ်းချုပ်….. တစ်ယောက်ယောက်က အစီအရင်ကို ဆက်တိုက် ပြန်ပြင်နေတာပဲ … ကျုပ်တို့တွေ အချိန်မှီ ချိုးဖောက်နိုင်ပါ့မလား ” ဝေကျီတောက်က မိုဝူကျိကို မြင်သောအခါ သွားပြောလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ ပြောလိုက်၏  “ ခင်ဗျားတို့ ခဏနောက်ဆုတ်ကြ … ကျုပ် ဖြေရှင်းလိုက်မယ် … ”

***

All Chapters