အင်မော်တယ်ဘုရင်အဆင့် ပါရမီရှင်များ တိုက်ပွဲ
Vol. 53 Ch. 730
ဤကာကွယ်ရေး အစီအရင်က အရမ်း အားကောင်းပြီး အဆင့် ၉ အင်မော်တယ် အစီအရင်ဟုပင် ယူဆ၍ ရလုနီးပါး ဖြစ်၏။ သို့သော်လည်း အပျက်အစီး များနေပြီ ဖြစ်သောကြောင့် မိုဝူကျိအနေနှင့် သူ့ပုဆိန်လှံရှည်နှင့် အချိန်မှန် အစီအရင် ဗဟိုချက်အား ရိုက်လိုက်သည့်အခါ ချက်ချင်း ချိုးဖောက်နိုင်ပေလိမ့်မည်။ ဝေကျီတောက်တို့က သူ့ထက် ကျင့်ကြံဆင့်များစွာ မြင့်နေလျှင်ပင် အစီအရင်ဗဟိုချက်ကို အတိအကျ ရှာတွေ့နိုင်သူမှာ သူ တစ်ဦးတည်းသာ ဖြစ်ကြောင်း ယုံကြည်ထားသည်။
မိုဝူကျိက လက်ဖြန့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်က ပေါ်လာသည်။ မိုဝူကျိဘေးနား ရပ်နေသည့် ပိုင်ယဲ့က ပုဆိန်လှံရှည်ကို မြင်သောအခါ ကြက်သီးတဖြန်းဖြန်း ထသွားမိကာ နောက်နှစ်လှမ်းပင် ဆုတ်မိသွားသည်။ ယခင် သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခြမ်းပစ်ခဲ့သည့်မှာ မိုဝူကျိ၏ ပုဆိန်လှံရှည် မဟုတ်ပါလော။ မိုဝူကျိ၏ ညှာတာမှုကြောင့်သာ မဟုတ်လျှင် ယနေ့အထိ မည်သို့များ အသက်ဆက်ရှင်နေနိုင်မည်နည်း။
မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် အက်ကြောင်းအနက်ကြီးကို စိုက်ကြည့်လိုက်ရင်း အသက်ပြင်းပြင်း ရှုလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံကို ခွဲလုမတတ် စွမ်းအားများက မိုဝူကျိ ခန္ဓာပတ်လည်ဆီ ဝန်းရံလာသည်။ ထိုအချိန်လေး၌ မဟာဧကရာဇ် ဝေကျီတောက်ပင် နောက်ဆုတ်လိုက်မိ၏။
မိုဝူကျိက ပိုင်ယဲ့ကို တိုက်ခိုက်စဉ်က သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လက်ရှိ မိုဝူကျိက ထိုသို့တူညီသော စွမ်းအားများကို စုစည်းလိုက်သောအခါ ဝေကျီတောက်က မိုဝူကျိသည် ယခင်ထက် အနည်းဆုံး ဆယ်ဆမက အားကောင်းလာကြောင်း သိလိုက်သည်။ အားကောင်းလာသည်မှာ တစ်ချက်ဖြစ်ပြီး ပို၍ အရေးကြီးသည်က မိုဝူကျိ၏ တာအိုစွမ်းအားများက နောက်တခါ ဆက်တိုက် တိုးမြင့်လာခြင်း ဖြစ်၏။ ထိုအရာမှာ ဝေကျီတောက်ပင် မိုဝူကျိ၏ တိုက်ခိုက်ရေး ပုံစံကို ဆက်မပြောတတ်တော့သည့် အနေအထားအထိ ဖြစ်ပေသည်။
တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် ဒါမှမဟုတ် အင်မော်တယ် အုပ်စိုးသူအဆင့်အထိ မတက်လှမ်းရသေးကြောင်း ကောင်းကောင်း သိ၏။
ထိုသို့ဆိုလျှင်ပင် ဝေကျီတောက်က မိုဝူကျိနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရလျှင် သူက မိုဝူကျိအား ထိန်းထားနိုင်စွမ်း ရှိလိမ့်မည်ဟု မယုံပေ။ သူ့အတွက် ဂိုဏ်းချုပ်မိုမှာ အရမ်းဆန်းကြယ်လွန်းပေသည်။ အကြောင်းမှာ မည်သူကများ ဓားစွမ်းအင်မြစ်ထဲ ဝင်ဖို့ တွေးရဲမည်နည်း။ ဂိုဏ်းချုပ်မို တစ်ယောက်တည်းသာ ဖြစ်၏။ ဂိုဏ်းချုပ်မိုက ဓားစွမ်းအင်မြစ်ထဲကို ဝင်နိုင်ရုံသာမက လူများကိုပင် ဓားအကျဉ်းထောင်မှ ခေါ်ထုတ်လာနိုင်၏။ ဝေကျီတောက်က မိုဝူကျိကို အနိုင်ယူနိုင်လျှင်ပင် မိုဝူကျိအား ထိန်းချုပ်ထားနိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။
ထိုအရာများမှာ ဝေကျီတောက်အနေနှင့် မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူအဆင့် မတက်လှမ်းရသေးသော်လည်း မည်မျှ ကြောက်ဖို့ကောင်းကြောင်း ပြောနေခြင်း ဖြစ်၏။ အကယ်၍ မိုဝူကျိက ထိုအရာများကို အင်မော်တယ် ဧကရာဇ်အဆင့်ဖြင့် ပြုလုပ်သည်ဆိုလျှင် ဤမျှ ကြောက်မက်ဖို့ ကောင်းမည် မဟုတ်ပေ။
အကယ်၍ မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မရောက်ခင် ဤမျှရှိန်နေပြီ ဖြစ်လျှင် သူသာ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်သွားသည်နှင့် မည်သူကများ သူနှင့် ယှဉ်နိုင်တော့မည်နည်း။ ဝေကျီတောက်၏ အမြင်၌ မိုဝူကျိလို လူမျိုးသည် သူ့အင်မော်တယ် ဧကရာဇ်တာအိုအား သတိပြုနိုင်စွမ်း ရှိလား၊ မရှိလား သံသယဝင်သင့်သည့်သူကို မဟုတ်ပေ။
ဝေကျီတောက်က ဖင်းဖန်အဖွဲ့သား ဖြစ်နေသည့်အချက်ကို ထည့်မပြောလျှင်ပင် သူက ဖင်းဖန်၌ မဟုတ်နေလျှင် မိုဝူကျိလို လူမျိုးကို အကောင်းဆုံးကြိုးစား၍ ရှောင်ရှားမည် ဖြစ်၏။
မိုဝူကျိ၏ စွမ်းအားများက ထိပ်ဆုံးအထိ စုစည်းသွားပြီး ပုဆိန်လှံရှည်ကို အားအပြည့်ဖြင့် ဝေ့ယမ်းလိုက်သည်။
မြင်တွေ့နိုင်သည့် လှိုင်းတွန့်လေးက ပေါက်ကွဲမှု၊ အရှိန်အဝါ သို့မဟုတ် သတ်ဖြတ်ငွေ့များမရှိဘဲ ဖြစ်ပေါ်လာလေ၏။
မိုဝူကျိက ရိုးစင်းသော လှိုင်းတွန့်လေးတစ်ခု ဖြစ်စေလိုက်သော်လည်း အားလုံး၏ စိတ်စွမ်းအားက ထိုလှိုင်းတွန့်လေးပေါ် ရောက်ရှိသွားသည့်အခါ အားလုံး၏ စိတ်စွမ်းအားမှာ ဝါးမျိုခြင်း ခံလိုက်ရသည်။
“ ဘုန်း ” ခဏအကြာတွင် လှိုင်းတွန့်လေးက ကောင်းကင်ကို ဝါးမျိုပစ်မည့် ပုဆိန်လှံရှဉ်အလင်း ချောက်နက် တစ်ခု ဖြစ်လာဖို့ရာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားလေ၏။
ဤပုဆိန်လှံရှည်အလင်းတန်း ချောက်နက်မှာ အညှောင့်ပေါက်လာသည့်အလား အချိန်တိုလေးအတွင်း ဘေးပတ်လည်မှ အရာအားလုံးကို တစစီ ဆွဲဖြဲသွားတော့သည်။
“ ဘုန်း ” မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှာ ချက်ချင်းဆိုသလို ပေါက်ပြဲသွားပြီး မီတာ သုံးရာအရှည်ရှိ ပုဆိန်လှံရှည် ချောက်နက်ကြီး ပေါ်လာသည်။ လူများ၏ ခြေထောက်အောက်မှ မဟာဓားလမ်းစဉ်အတွင်းအထိ တောက်လျှောက် ရှိနေလေ၏။ ထိုစဉ် မဟာဓားလမ်းစဉ်ဂိုဏ်းမှ အားလုံးရှေ့၌ အဝတ်များ စုတ်ဖြဲခံလိုက်ရသော မိန်းမပျိုလေးသဖွယ် ဖြစ်နေသည်။
မြင်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အားလုံးက မီတာ သုံးရာနက်သည့် ချောက်နက်ကြီးကို တအံ့တဩ တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ ချောက်တစ်ဖက်ကမ်းကား မဟာဓားလမ်းစဉ်ဂိုဏ်းသားများ ဖြစ်ပြီး တစ်ဖက်တွင် ပြောလိုက်သည်နှင့် ချီတက်ဖို့ရ အသင့်ဖြစ်နေသည့် ဖင်းဖန်အဖွဲ့သားများ ရှိနေသည်။
မဟူရာအရိပ် ချောက်နက်ကြီးမှာ အပင်ပေါက်လာသကဲ့သို့ ဘေးဝန်းကျင်မှ အရာအားလုံးကို ဆက်တိုက် တစစီ စုတ်ဖြဲသွားသည်။ ချောက်နက်ကြီးနှင့် နီးနေသည့် မဟာဓားလမ်းစဉ်ဂိုဏ်း၏ တချို့အားနည်းသော ကျင့်ကြံသူများက ချက်ချင်းဆိုသလို ထိုချောက်ကြီးကျယ်ပြန့်လာမှုကြောင့် တစစီ ဖြစ်သွားကြသည်။
နဂိုက မောက်မာကာ ယုံကြည်ချက် ပြင်းထန်နေသည့် မဟာဓားလမ်းစဉ်ဂိုဏ်းသားတို့က မိုဝူကျိ၏ ပုဆိန်လှံရှည်တစ်ချက်ကြောင့် စိတ်ဓာတ်ကျကာ အားငယ်သွားတော့သည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ အကြောင်းမှာ ထိုအရာမှာ နတ်ဘုရားကောင်းကင် ချောက်နက်အတွင်း ဉာဏ်အလင်းပွင့်ခဲ့သော မဟူရာအရိပ် ချောက်နက် လျို့ဝှက်တိုက်ကွက် ဖြစ်ပေသည်။ သူက ထိုတိုက်ကွက်ကို တစ်ခါသာ ထုတ်သုံးဖူးလေ၏။ သူက ထိုတိုက်ကွက်အပေါ် အပြည့်အဝ နားမလည်သေးပေ။ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက် လျို့ဝှက်ပညာရပ်များအပေါ် နားလည်နိုင်စွမ်းက နောက်တဆင့် တက်လှမ်းသွားသောကြောင့် ဤတိုက်ကွက်ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခြင်း ဖြစ်၏။
ပိုင်ယဲ့က တုန်တုန်ယင်ယင် ဖြစ်လာကာ မိုဝူကျိအား ပို၍ ကြောက်လာမိသည်။ သူက မိုဝူကျိ၏ ကျင့်ကြံဆင့်သည် သူ့ထက် နိမ့်ကျကြောင်း သိထားသော်လည်း သူ့တွင် ယခုထက် သတ္တိ အဆတစ်သန်းလောက် ရှိနေလျှင်ပင် သူက မိုဝူကျိအား ရင်မဆိုင်ရဲပေ။
“ သတ်ကြ …” ဝေကျီတောက်က အခြေအနေကို အရင်ဆုံး တုံ့ပြန်နိုင်သူ ဖြစ်ပြီး ချောက်နက်ကြီးမှ အကြည့်ခွာလိုက်သည်နှင့် မဟာဓားလမ်းစဉ်ဂိုဏ်းဆီ သတ်ဖြတ်ရေး အလင်းတန်းများစွာ ပစ်လွှတ်ကာ ဝင်ရောက်သွား၏။
ဝေကျီတောက်က လှုပ်ရှားလိုက်သောကြောင့် ဖင်းဖန်မှ အားလုံးလည်း ချီတက်လာကြသည်။
ဖင်းဖန်က အရေအတွက် မမျှသော်လည်း ဖင်းဖန်တွင် အင်မော်တယ် ဧကရာဇ်များ ရှိနေပြီး ပိုင်ယဲ့ကိုပါ ထည့်တွက်လျှင် သူတို့ဘက်၌ အင်မော်တယ် ဧကရာဇ် လေးယောက် ရှိနေသည်။ ယာယီဂိုဏ်းချုပ် ဟယ်ချင်လင်က ပိုင်ယဲ့၏ သတ်ဖြတ်ခြင်းကို တန်းခံလိုက်ရသည်။
“ ဘယ်သူက ငါ့မဟာဓားလမ်းစဉ်ဂိုဏ်းမှာ လာမောက်မာရဲတာလဲ ” ဒေါသတကြီးအသံ တစ်သံ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းလေး ကြာပြီးနောက် မုဆိတ်ဖြူ အကြီးအကဲတစ်ယောက် ရောက်ရှိလာသည်။ ထိုအကြီးအကဲနောက်တွင် နောက်ကျော၌ ဓားရှည်တစ်ချောင်း သယ်ဆောင်ထားသည့် လူငယ်လေးတစ်ယောက်ပါ ပါရှိ၏။
“ ရောက်လာတဲ့သူနှစ်ယောက်က မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကွေ့ကျန်းချန်နဲ့ လူငယ်လေးက ဖုန်းကျန်းပဲ …. ဖုန်းကျန်းက အင်မော်တယ် ဧကရာဇ်အဆင့်ကို လတ်တလောလေးမှ ရောက်ထားတာဆိုပေမဲ့ အတော်လေး ထူးချွန်တယ်လို့ ပြောကြတယ် …. ” ကျန့်မင်ချန်းက အချိန်မဖြုန်းဘဲ ရှင်းပြလိုက်သည်။
မိုဝူကျိက နေရာမှာတင် ပြောလိုက်၏
“ ပိုင်ယဲ့ ... ဖုန်းကျန်းကို တားလိုက် … ဝေကျီတောက်က ကွေ့ကျန်းချန်နဲ့ ရင်ဆိုင်လိုက် … ကွေ့ကျန်းချန်ကို သတ်ပြီးသွားရင် ဖုန်းကျန်းနဲ့ တိုက်နေတဲ့ ပိုင်ယဲ့ကို ကူပေးလိုက် … ကျန့်မင်ချန်းနဲ့ နျဲ့ချုံးအန်းတို့က ရှေ့ကို သွားပြီးတော့ ဒီနေရာမှာ ရှိနေတဲ့ ဧကရာဇ်တပိုင်းနဲ့ အင်မော်တယ် အုပ်စိုးသူအဆင့်တွေကို ရှင်းပစ်လိုက် …. ”
အပြစ်ကင်းကြသူများစွာ ရှိနေနိုင်သော်လည်း သူတို့က မဟာဓားလမ်းစဉ်ဂိုဏ်းသား ဖြစ်နေသည့်အတွက် မိုဝူကျိက ညှာတာမှု မပြသတော့ပေ။
ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်သင့်သည် မဟုတ်ပါလော။ ဆိုးသည့်အရာများအတွက် ကောင်းသည့်အရာများနှင့် ပြန်လည် တုံ့ပြန်ခြင်းကို မိုဝူကျိအနေနှင့်နားမလည်ပေ။ တာ့ဟွမ်ကို မည်သို့ ဖျက်စီးပစ်ခဲ့သည့် အကြောင်းနှင့် ဟန်ချင်းရုအား အရိုးသာ ကျန်အောင်အထိ ဓားအကျဉ်းထောင်ထဲ ဖမ်းထားသည့်အကြောင်းများကို ပြန်တွေးမိလျှင် သူ့စိတ်ထဲမှ ဒေါသမီးများ လောင်မြိုက်လာလေ၏။ သူ့ကို အင်မော်တယ် ဧကရာဇ်များ အဝိုင်းခံရသည့်အချက်မှာ သူ့အတွက် ဤမျှအရေးမကြီးပေ။
“ ခင်ဗျားက မိုဝူကျိလား …. ကျုပ်တို့ မဟာဓားလမ်းစဉ်ဂိုဏ်း ဒီနေ့ ရှင်းထုတ်ခံလိုက်ရရင်တောင် ခင်ဗျားကိုတော့ အရင်ဆုံး သတ်ပစ်ရမယ် …” ကုန်းလျန်ယဲ့က မိုဝူကျိ၏ ပုဆိန်လှံရှည် ရိုက်ချက်ကို တွေ့ကာ အံ့ဩမိသော်လည်း မိုဝူကျိ၏ အသက်ရွယ်က သူ့အား မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်သေးကြောင်း သေချာသွားစေသည်။
မိုဝူကျိက အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်သေးသရွေ့ သူက ကုန်းလျန်ယဲ့ အမြင်၌ ဘာမှ မဟုတ်သေးပေ။ ကုန်းလျန်ယဲ့က ဤတိုက်ပွဲ၌ မဟာဓားလမ်းစဉ်ဂိုဏ်း၏ အောင်နိုင်ခြေမှာ သိပ်မမြင့်မှန်း သတိပြုမိပေသည်။ အကြောင်းမှာ သူတို့ဂိုဏ်း၌ အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ယောက်သာ ရှိပြီး တစ်ဖက်တွင် လေးယောက်တောင် ရှိနေလေ၏။
“ ထွက်သွားစမ်း ” မိုဝူကျိက ကုန်းလျန်ယဲ့အား မည်သို့ စိတ်ထဲ ထည့်နေမည်နည်း။ သူက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ရတနာများနှင့် ကျမ်းစာတိုက်ကိုသာ စိတ်ဝင်စားနေမိသည်။
လွန်ခဲ့သည့်နှစ်တွေက မဟာဓားလမ်းစဉ်ဂိုဏ်းသည် တာ့ဟွမ်ကို ဖျက်စီးပစ်ခဲ့ပြီး ဟန်ချင်းရုနှင့် သူ့အား သတ်လုနီးပါးအထိ ဖြစ်ခဲ့သည်။ မိုဝူကျိက ဂိုဏ်းကိုဖျက်စီးပြီး ပစ္စည်းများကို မသိမ်းဘဲဖြင့် မိုဝူကျိပင် သူ့ကိုယ်သူ စိတ်ပျက်စေမိလိမ့်မည်ဟု ခံစားနေမိသည်။
ကုန်းလျန်ယဲ့က ဘယ်သူလဲ ….
မိုဝူကျိက စိတ်ထဲပင် မထားပေ။ အကြောင်းမှာ သူက အင်မော်တယ်အုပ်စိုးသူအဆင့်အောက်ရှိ မည်သူကိုမှ ဂရုမစိုက်ပေ။
လခြမ်းကွေး ပုဆိန်လှံရှည်ကို ဝေ့ယမ်းပြီးနောက် မိုဝူကျိက လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ပုဆိန်လှံရှည်အရိပ်က ကြောက်ဖို့ ကောင်းသော်လည်း မိုဝူကျိ၏ သတ်ဖြတ်ရေး အကွက် မဟုတ်ပေ။ သူ့သတ်ဖြတ်ရေး တိုက်ကွက်မှာ ပုဆိန်လှံရှည်အရိပ်နောက်မှ လိုက်ပါလာသော စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်ပေသည်။ မိုဝူကျိအတွက် ဤလက်သီးချက်မှာ တစ်ဖက်လူကို ဒဏ်ရာပေးနိုင်စွမ်း ရှိပြီး သူ ထွက်သွားဖို့ ကြိုးစားသည့်အခါ ပုဆိန်လှံရှည်က ကုန်းလျန်ယဲ့၏ အသက်လေးကို ယူဖို့ရာ ပြန်လှည့်လာလိမ့်မည်။
ကုန်းလျန်ယဲ့လည်း အတူတူ ဖြစ်ပြီး မိုဝူကျိကို စိတ်ထဲ မထည့်ထားပေ။ သူ့အမြင်၌ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းမှာ ပါးမွှားမျှသာ ဖြစ်ပြီး သူကိုယ်တိုင်လည်း အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော်လည်း သူ့အင်မော်တယ်ဘုရင်အဆင့်မှာ တခြားသူများနှင့် ခြားနားကြောင်း အမြဲယုံကြည်ထားသူ ဖြစ်၏။
သံမဏိဓားကို ဆွဲထုတ်လိုက်သည့်အခါ မည်းနက်နေသည့် ဓားအလင်းတန်း ထွက်ပေါ်လာသည်။
မဟာဓားလမ်းစဉ်ဂိုဏ်း တစ်ခုလုံး၌ ကုန်းလျန်ယဲ့၏ ဓားအလင်းသာ အနက်ရောင် ဖြစ်၏။ ကုန်းလျန်ယဲ့ အသုံးပြုသည့် ကျင့်စဉ် ခြားနားကွဲပြား၍ မဟုတ်ဘဲ သူ့သံမဏိဓားကြောင့် ဖြစ်ပေသည်။
“ ဘုန်း ” အနက်ရောင် ဓားအလင်းတန်းနှင့် ပုဆိန်လှံရှည်အလင်းတို့ တွေ့ဆုံသွားပြီး ပေါက်ကွဲထွက်သွားသည်။
ကြက်သီးထစရာ ပုဆိန်လှံရှည်အလင်းတန်းက ကုန်းလျန်ယဲ့၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်သွားကာ အကြောက်တရားကို ဖြစ်လာစေသည်။ သူက မိုဝူကျိကို အထင်သေးမိကြောင်း သိလိုက်သည်။ အပြောင်းအလဲမရှိသော သူ့သတ်ဖြတ်ရေး နည်းလမ်းမှ သူ့အတွေ့အကြုံအရ သူ့သံမဏိဓားမှာ အနက်ရောင် ဓားစွမ်းအားမှာ အချိန်မရွေး မိုဝူကျိဆီ ပစ်လွှတ်နိုင်လိမ့်မည်။
သို့သော်လည်း ဤအခိုက်အတန့်၌ သူ မလုပ်ရဲပေ။ သူက သံမဏိဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး ဓားစွမ်းအင် အကာအရံ အထပ်ထပ်အဖြစ် ပြောင်းလဲလိုက်သည်။
“ ဘုန်း …” သံမဏိဓား အကာအရံဆီ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ကျရောက်လာသည့်အခါ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရသည်။ ကုန်းလျန်ယဲ့က သွေးတစ်ပွက် အန်လိုက်ရကာ နောက်ဆုတ်လိုက်ရသည်။
မိုဝူကျိလည်း ရပ်လိုက်သည်။ သူက ကုန်းလျန်ယဲ့ကို အမြန်အပြီးသတ်ရန် လုပ်ဆောင်လိုက်သော်လည်း ထိုသို့ ဖြစ်မလာပေ။
“ မဟာဓားလမ်းစဉ်ဂိုဏ်းထဲမှာ ဟွမ်ရှားလိုမျိုး အင်မော်တယ်ဘုရင် ထပ်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက အတော်လေး တော်သားပဲ …. ဒီလိုဆိုမှတော့ ငါရဲ့ ပုဆိန်လှံရှည် တိုက်ကွက်လေး တစ်ခုလောက် ခံကြည့်လိုက်ပေါ့ …” ဤတစ်ကြိမ်၌ မိုဝူကျိက ချုပ်တည်းမထားတော့ဘဲ ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်ရင်း ပုဆိန်လှံရှည်ကိုလည်း လေဟုန်ဆန်မြစ် တိုက်ကွက် ထုတ်ဖော်လိုက်သည်။
သူက လျို့ဝှက်ပညာရပ် ထုတ်သုံးခြင်းမှာ မိုဝူကျိက ကုန်းလျန်ယဲ့ကဲ့သို့ အားကောင်းသော အင်မော်တယ်ဘုရင်တစ်ယောက်နှင့် အချိန်ဆက်မဖြုန်းလို၍ ဖြစ်သည်။
ကုန်းလျန်ယဲ့၏ စိတ်နှလုံးသားမှာ အေးစက်သွားလေ၏။ သူက အင်မော်တယ်လောကတစ်ခုလုံး၌ သူ့ပြိုင်ဖက် ဖြစ်နိုင်သည့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူမရှိဟု တကယ် ယုံကြည်ထားလေသည်။ ယနေ့ သူ့အား အလွယ်တကူ အနိုင်ယူနိုင်သော အဆင့်တူတစ်ယောက် တွေ့ခဲ့ရလေပြီ။
သူက ရေတွင်းထဲက ဖားသူငယ် ဖြစ်နေခဲ့တာလား …. အပြင်ဘက်က ပါရမီရှင်တွေလည်း ဒီလို အားကောင်းကြတာလား ….
ကုန်းလျန်ယဲ့က သတိပြန်ကပ်မလာခင် မိုဝူကျိ၏ ပုဆိန်လှံရှည်က မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားကာ ခေါ်ဆောင်သွားလေ၏။
ကုန်းလျန်ယဲ့က အင်မော်တယ်စွမ်းအားများကို အတင်းကျပ် ထိန်းချုပ်ကာ အနက်ရောင် ဓားကို ထုတ်လွှင့်တော့မည်ဆဲဆဲတွင် ဝဲကတော့အတွင်း စုပ်ယူခံလိုက်ရသလို ခံစားမိလိုက်သည်။
ကုန်းလျန်ယဲ့က တစ်ဖက်လူမှာ အားကောင်းနေခြင်းမှာ လျို့ဝှက်ပညာရပ်ကြောင့်မျှ မဟုတ်ဘဲ ဝဲကတော့ စွမ်းအားစက်ကွင်းကြောင့်လည်း ပါဝင်နေကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုဝဲကတော့မှ သူ့ကိုယ်သူ လွတ်မြောက်လာအောင် မလုပ်နိုင်လျှင် ထို ကျဆင်းလာသည့် မြစ်ကြောင့် နှစ်ပိုင်း ပြတ်သွားပေလိမ့်မည်။
ကုန်းလျန်ယဲ့က အင်မော်တယ်စွမ်းအားများကို နှိုးဆွဥာ ဓားစွမ်းအားများနှင့်အတူ သူ့ခန္ဓာကိုယ်ပတ်လည်၌ ဓားစွမ်းအင် အကာအရံများ တထပ်ပြီး တထပ်ပြီး ပြောင်းလဲကာ ဝဲကတော့ စွမ်းအားစက်ကွင်းအား ကျော်လွန်အောင် လုပ်လိုက်သည်။
“ ဘုန်း ” စွမ်းအားစက်ကွင်းနှစ်ခု တွေ့ဆုံသွားသောအခါ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းမှာ နောက်ဆုံးတော့ ရပ်တန့်သွားရသည်။
ကုန်းလျန်ယဲ့က အသက်ပင် မရှုလိုက်နိုင်ခင် သူ့သံမဏိဓားမှာ အက်ကွဲသံ ထွက်လာလေ၏။ သူ့သံမဏိဓားမျက်နှာပြင်မှာ မိုဝူကျိ၏ လေဟုန်ဆန်မြစ် ရိုက်ချက်ကြောင့် ပျက်စီးသွားရသည်။ သူ့လေဟုန်ဆန်မြစ်မှာ ကုန်းလျန်ယဲ့ ခေါင်းထက်သို့ ဆက်လက် ကျဆင်းလာသည်။
အမှောင်ထုက သူ့ဆီ တိုးဝင်လာသလို ဖြစ်ကာ ကုန်းလျန်ယဲ့၏ စိတ်နှလုံးသား၌ ဝမ်းနည်းမှုများ ကြီးစိုးလာသည်။ သူက အင်မော်တယ်ဘုရင်အဆင့်ကို ရှုံးခဲ့ရပြီး ထိုသူ လက်ထဲ၌ပင် သေဆုံးရတော့မည်။
“ ခင်ဗျားက အင်မော်တယ် အုပ်စိုးသူ တပိုင်းအဆင့် မလား ” ကုန်းလျန်ယဲ့က ခန္ဓာကိုယ်တစ်ခြမ်းဖြင့် လဲကျလာစဉ် မနေနိုင်ဘဲ မေးလိုက်သည်။
“ မဟုတ်ဘူး …. ကျုပ်က လွန်ခဲ့တဲ့လကမှ အင်မော်တယ်ဘုရင်အဆင့် ရောက်တာ ” မိုဝူကျိက ကုန်းလျန်ယဲ့သည် သေတော့မည်မှန်း သိလိုက်၍ ရိုးရိုးသားသားသာ ဖြေပေးလိုက်သည်။
ကုန်းလျန်ယဲ့၏ မျက်ဝန်းမှာ အမှောင်ထုကြီးစိုးသွားပြီး နောင်တများစွာဖြင့် သေဆုံးသွားခဲ့သည်။ သူ မသေခင် မိုဝူကျိနှင့် သူ့ကြားရှိ ကွာခြားချက်မှာ အရမ်းကြီးမားနေ၍ မဟုတ်ဘဲ သူက လုံလုံလောက်လောက် အားမကောင်းခြင်းသာ ဖြစ်ကြောင်း နားလည်လိုက်သည်။ အကြောင်းမှာ သူက အင်မော်တယ်များနှင့် တိုက်ပွဲအတွေ့အကြုံ လိုအပ်နေ၍ ဖြစ်သည်။ သူ့လျို့ဝှက်နယ်မြေအတွင်း အသတ်ခံရခြင်းမှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။
မိုဝူကျိက ကုန်းလျန်ယဲ့၏ သိုလှောင်လက်စွပ်နှင့် သံမဏိဓားကို ယူကာ သိမ်းဆည်းလိုက်သည်။ သူက ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ပြီး ပိုင်ယဲ့မှာ အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့လိုက်ရသည်။
***