← Chapters

ပိုင်ယဲ့၏ ရည်ရွယ်ချက်

Vol. 53 Ch. 731

ပိုင်ယဲ့၏ ရည်ရွယ်ချက်

Vol. 53 Ch. 731

ယခု ဖုန်းကျင်းနှင့် ရင်ဆိုင်နေသူမှာ ကျန့်မင်ချန်း ဖြစ်ကာ ဖင်းဖန်က အရေးသာနေပုံ မပေါ်တော့ပေ။

ထိုစဉ် မိုဝူကျိက ဓားတာအိုမှာ အဘယ်ကြောင့် ဂုဏ်သတင်းကြီးနေရလဲ ဆိုသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထိုလူ၏ ဓားတာအိုမှာ အမှန်တကယ် အားကောင်းပေ၏။

ဝေကျီတောက်မှာ ဓားအကျဉ်းထောင်ထဲ အချိန်အတော်ကြာ ပိတ်လှောင်ခံထားရသော အင်မော်တယ် ဧကရာဇ် ဖြစ်သော်လည်း လက်ရှိတွင် သူက ကွေ့ကျန်းချန်နှင့် ရင်ဆိုင်နေပြီး အသာစီးနေရဟန် မပေါ်ပေ။

တူညီလှစွာ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ရောက်ကာ ရုပ်ခန္ဓာ လေ့ကျင့်ထားသော ကျန့်မင်ချန်းသည်လည်း ဖုန်းကျန်းကို အရေးမသာသေးပေ။ ဖုန်းကျန်းမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှသာ ရှိသေး၏။

မိုဝူကျိတွင် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်သော နျဲ့ချုံးအန်း ရှိနေသေးသည်။ တကယ်တမ်း ယီမင်ရှု ရှိမနေသည်က ကံကောင်းလှပေသည်။ အကြောင်းမှာ ယီမင်ရှုသာ မဟာဓားလမ်းစဉ်ဂိုဏ်း၌ ရှိနေပါက  သူတို့ မဟာဓားလမ်းစဉ်ဂိုဏ်းအား ဖျက်စီးမည့် အကြံမှာ ဟာသတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ဖင်းဖန်က အစီအစဉ်တကျ မဖြစ်သေးမှန်း သိပေသည်။ မိုဝူကျိ၏ စိတ်ထဲ ပိုင်ယဲ့ကို တွေးမိသည့်အခါ ဒေါသထွက်လာပြီး အင်မော်တယ်ဘုရင် စွမ်းအားစက်ကွင်းကို အထိန်းအချုပ်မရှိ ထုတ်လွှင့်လိုက်မိသည်။  တိုက်ပွဲမျှခြေကို ချိုးဖောက်ဖို့ရာ မိုဝူကျိက မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိ၏။

သူ့စွမ်းအားစက်ကွင်း ထွက်ပေါ်လာသည်နှင့် မိုဝူကျိက လက်ကို ဖြန့်ကာ လျှပ်စီးကွန်ယက်ကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် ပုဆိန်လှံရှည်အလင်းတန်းက  နျဲ့ချုံးအန်း ပတ်လည်တွင် ဝန်းရံနေသော အင်မော်တယ် အုပ်စိုးသူအဆင့်များနှင့် ဧကရာဇ် တပိုင်းအဆင့် ကျင့်ကြံသူများဆီ ဝင်ရောက်သွားသည်။

နျဲ့ချုံးအန်းက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူများကို သတ်ဖို့ရာ လွယ်ကူသည့် ကိစ္စ ဖြစ်သင့်ပေသည်။ သို့သော်လည်း ဤဧကရာဇ်တပိုင်းအဆင့်များနှင့် ထိပ်တန်း အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူများစွာက ဓားဝင်္ကပါ သုံးကာ နျဲ့ချုံးအန်းအား ချောင်ပိတ်ဖို့ ကြိုးစားနေကြသည်။

ပိုင်ယဲ့ ထွက်သွားသည်က နှမြောစရာ ကောင်းလှသည်။ မဟုတ်လျှုင် ဤနေရာ၌ မဟာဓားလမ်းစဉ်ဂိုဏ်း တပည့်များ၏ အလောင်းများ စုပုံနေပေလိမ့်မည်။

သူတို့တိုက်ပွဲများအတွင်း အသာစီးရနေသူမှ ချာလွေ့ ဖြစ်၏။ ချာလွေ့က ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူက အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် အုပ်စိုးသူတချို့နှင့် ရင်ဆိုင်နေခြင်း ဖြစ်ကာ သူ့အသာစီးရနေသည်က ဖြစ်သင့်ပေသည်။ အင်မော်တယ် အုပ်စိုးသူအဆင့် ဖေးလင်နှင့် စုကျီအန်းတို့ပင် တိုက်ပွဲ၌ အသာစီးရမနေကြပေ။

နဂိုအခက်တွေ့နေကြသော တိုက်ပွဲကိုယ်စီ၌ မိုဝူကျိ၏ ဝဲကတော့စွမ်းအားစက်ကွင်း ထွက်ပေါ်လာသည့်အခါ ချက်ချင်းဆိုသလို အလှည့်အပြောင်း ဖြစ်သွားသည်။ သူတို့က မြောက်များစွာသော လျှပ်စီးကွန်ယက်များက သူတို့ဆီ ကျရောက်လာသည်ကို ကြည့်နေကြပြီး မဟာဓားလမ်းစဉ်ဂိုဏ်းရှိ အင်မော်တယ်ဘုရင်အဆင့်အောက်ရှိ ကျင့်ကြံသူတိုင်းမှ ခုခံနိုင်ခြင်းမရှိ ဖြစ်ကုန်ကြသည်။

ထို့နောက် မိုဝူကျိက လက်သီးချက် မထုတ်ခင် ဖုန်းကျန်းအား ပိတ်လှောင်ဖို့ရာ  ထူးထူးဆန်းဆန်း တည်နေရာ အကြွင်းအကျန်ကို ပစ်လွှတ်ရင်း ချီတက်သွားလိုက်သည်။ အစပိုင်း၌ ဖုန်းကျန်းနှင့် ကျန့်မင်ချန်းတို့မှာ လက်ရည်တူနေကြပြီး မိုဝူကျိ၏ အင်အားမှာ ဖုန်းကျန်းနှင့် အကွာကြီး ကွာနေလေ၏။ သို့သော်လည်း ဖုန်းကျန်းနှင့် ကျန့်မင်ချန်းတို့က တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေသောကြောင့် မိုဝူကျိက ဖုန်းကျန်းအား စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကို မထုတ်လွှင့်ခင် အာကာပြင် ချုပ်နှောင်မှုကို ထုတ်သုံးလိုက်သည်။ ထိုအခါ ဖုန်းကျန်းလည်း သူ့အပေါ် ကျရောက်လာသော ဖိအားကို ချက်ချင်း ခံစားမိလိုက်သည်။

မိုဝူကျိ၏ အာကာပြင် ချုပ်နှောင်မှုမှာ ဖုန်းကျန်းကို အသက်တစ်ရှိုက်စာမျှပင် မထိန်းထားနိုင်ပေ။ သူ့လက်သီးချက်ကိုလည်း ဖုန်းကျန်းက ရှောင်လိုက်လေ၏။ သို့သော်လည်း ထိုထွေပြားမှုလေးမှာ ကျန့်မင်ချန်းအတွက် လုံလောက်ပေသည်။ အကြောင်းမှာ ဖုန်းကျန်းက မိုဝူကျိ၏  စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကို ခုခံလိုက်စဉ် ကျန့်မင်ချန်း၏ မျက်နှာကိုးဖက် ရွှေဖရုံက ဖုန်းကျန်း၏ စွမ်းအားစက်ကွင်းကို ဖျက်စီးကာ ဖုန်းကျန်း၏ နဖူးဆီ ဝင်ရောက်သွားတော့သည်။

ဖုန်းကျန်း၏ ဦးခေါင်းမှာ အတော်လေး မာကျောသည်ဟု ယူဆရလျှင်ပင် မျက်နှာကိုးဖက် ရွှေဖရုံကြောင့် ကျိုးကြေသွားရသည်။ ဖုန်းကျန်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ချက်ချင်း ထွက်ပေါ်လာပြီး ထွက်ပြေးဖို့ရာ အဆင့်သင့် ဖြစ်နေသည်။

မိုဝူကျိက တစ်ဖက်မှ စောင့်နေကာ ဖုန်းကျန်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်ဆီ လျှပ်စီးချက် တုတ်တုတ်ကို ပစ်လွှတ်လိုက်သည်။

သူက ဖုန်းကျန်းလို အင်မော်တယ် ဧကရာဇ်ကို အနိုင်မယူနိုင်သေးလျှင်ပင် သူ့လျှပ်စီးချက်က ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ရင်ဆိုင်ရာ၌ အကောင်းဆုံး လက်နက် ဖြစ်၏။

“ မင်ချန်း … ဘေးနားက ဟာတွေကို အပြီးသတ်ပြီးတော့ ညာလက်ရုံးဝေကို သွားကူညီလိုက် …” မိုဝူကျိက တိုက်ပွဲကို ကူညီပြီးနောက် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေ၏။

သူက အချိန်များစွာ ဖြုန်းတီးလိုက်ရပြီး  ပိုင်ယဲ့ကို လွတ်မပေးချင်ပေ။

အချိန်ခဏလေးအတွင်း မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ပင်မတောင် စာကြည့်တိုက် ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ကံကောင်းသည်က ဘေးပတ်လည်မှ အတားအဆီးများမှာ မပျက်စီးသေးသောကြောင့် ပိုင်ယဲ့ ရောက်မလာသေးကြောင်း ဖော်ပြနေလေ၏။

မိုဝူကျိက စာကြည့်တိုက်ကို ချက်ချင်း မထိသေးဘဲ အစီအရင်အလံများကို ပစ်လွှတ်ကာ စာကြည့်တိုက်ပတ်လည်၌ ကာကွယ်ရေး အစီအရင် ထပ်မံ၍ ချလိုက်သည်။ ပုံမှန်အားဖြင့် ဂိုဏ်း၏ စာကြည့်တိုက်မှာ အတင်းကျပ်ဆုံးနှင့် အကာအကွယ်အများဆုံး နေရာ ဖြစ်လေသည်။ သူက မဟာဓားလမ်းစဉ်ဂိုဏ်းထဲ ရောက်နေမှန်း သိသော်လည်း မိုဝူကျိက ပိုင်ယဲ့အား အချိန်များစွာ မပေးလိုပေ။ သူက စာကြည့်တိုက်ကိုတော့ ကိုယ့်အတွက်သာ သိမ်းထားလိုလေ၏။

သူက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ခန်းမကို ရောက်ရှိလာသည်နှင့် မိုဝူကျိက လက်ကို မြှောက်ကာ ထူးဆန်းရှုပ်ထွေးလှသော သင်္ကေတများ ရေးဆွဲလိုက်သည်။

သူ့ရှေ့၌ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာရင်း တည်နေရာ တစ်ခုသို့ သွားနေလေ၏။

မိုဝူကျီက မြေခွေးအိုကြီး ပိုင်ယဲ့မှာ  ခြေရာလက်ရာအားလုံး ဖျက်သွားပြီး ထွက်သွားသည်ကို တွေးမိလိုက်လျှင် စိတ်ထဲ ဆက်တိုက် ကျိန်ဆဲမိနေသည်။ အကယ်၍ သူသာ အာကာပြင် သင်္ကေတများကို ထိန်းချုပ်နိုင်သည့် အချက်နှင့် မိုးမြေ တာအိုပေါ်၌ ကိုယ်ပိုင်နားလည်နိုင်စွမ်း ရှိထားပြီး အင်မော်တယ် အစီအရင်ဆရာ တစ်ယောက်သာ မဟုတ်နေပါက သူက ထိုမှုန်ဝါးဝါး ခြေရာလက်ရာကို အာရုံခံမိမည် မဟုတ်ပေ။

…………..…

မိုဝူကျိက ဖုန်းကျန်းကို သတ်ဖို့ ကူညီကာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိုက်၏။ ကျန့်မင်ချန်းလည်း ဓားအစီအရင်ဆီ ပြေးထွက်သွားသည့်အခါ ဓားအစီအရင်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ဓားအစီအရင် မရှိတော့သည့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့်တိုက်ခိုက်နေရသော နျဲ့ချုံးအန်းကို ဝင်ကူပေးလိုက်သည်။ ကျန်ရှိနေသော ဧကရာဇ်တပိုင်းနှင့် အင်မော်တယ် အုပ်စိုးသူအဆင့်များမှာ သူတို့အတွက် ပုရွက်ဆိတ်နှင့် ဘာမှမခြားနားတော့ပေ၊

မဟာဓားလမ်းစဉ်ဂိုဏ်းမှာ အမှန်တကယ် အားကောင်းသော်လည်း ကန့်သတ်ချက်တော့ ရှိပေသည်။ သူတို့က ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူအား အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ဖို့ရာ မမျှော်လင့်ထားသင့်ပေ။

လက်စားချေဖျု့ ရောက်လာကြသော လူတိုင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ လူမဆန်မှုကို ခံစားထားရသူများ ဖြစ်ကြပြီး ယခုအခါ သူတို့က အခွင့်အရေး ရရှိလာပြီ ဖြစ်ရာ အဘယ်ကြောင့်များ သနားညှာတာနေရမည်နည်း။ မျှခြေမှာ ကျိုးပျက်သွားပြီ ဖြစ်သောကြောင့် ကျန်ရှိနေသောအရာမှာ စိတ်ကြိုက်သတ်ဖြတ်ခြင်းသာ ဖြစ်၏။

အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်အောက်တွင် ရှိနေသည့် မဟာဓားလမ်းစဉ်ဂိုဏ်းသားအားလုံး အသတ်ခံလိုက်ရပြီး ကွေ့ကျန်းချန်မှာ မည်မျှ တော်နေစေကာမူ သူက အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် ယှဉ်မတိုက်နိုင်ချေ။ မဟာဓားလမ်းစဉ်ဂိုဏ်းကို မိုဝူကျိက ချိတ်ပတ်ထားပြီးပြီ ဖြစ်ရာ ကွေ့ကျန်းချန်အနေနှင့် ထွက်ပြေးဖို့ရာလည်း မဖြစ်နိုင်တော့ပေ။

“ မင်ချန်း ..ခင်ဗျားနဲ့ ချုံးအန်းက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ စာကြည့်တိုက်ထဲက ရှေးဟောင်းအမွေအနှစ်တွေနဲ့ အင်မော်တယ် ဆေးပင်တွေကို ချက်ချင်း သိမ်းလိုက် … ကျုပ်က အင်မော်တယ်တောင်တွေကို သိမ်းလိုက်မယ်။ ကျန်ရှိနေတဲ့ ဖင်းဖန်အဖွဲ့သားတွေက ကျီအန်းရဲ့ ညွှန်ကြားချက်အတိုင်း မဟာဓားလမ်းစဉ်ဂိုဏ်း တစ်ခုလုံးကို ရှင်းထုတ်ပြီးတော့ သယ်နိုင်တာ ယူသွားကြ ….” ဝေကျီတောက်က အမြန်နှုန်းမှာ လိုအပ်ကြောင်း သိထားပေ၏။ အကြောင်းမှာ တခြားဂိုဏ်းများသာ ဤအကြောင်း သိသွားပါက သူတို့အတွက် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပေသည်။

မဟာဓားလမ်းစဉ်ဂိုဏ်း ကျရှုံးသွားသည်နှင့် လူများက ကောလဟာလ ဖြန့်ကောင်း ဖြန့်နိုင်သော်လည်း မည်သူကများ ဖင်းဖန်ကို ပြဿနာ လာရှာရဲမည်နည်း။

…………..…

မဟာဓားလမ်းစဉ်ဂိုဏ်းက ကျယ်ဝန်းလွန်းသောကြောင့် နှစ်နာရီကျော် လိုက်ပြီးသည့်အခါမှ မိုဝူကျိက ပိုင်ယဲ့၏ ပုံရိပ်ကို မဟာဓားတောင် ကျောက်လှေကားအောက်ထဲ၌ မြင်လိုက်ရသည်။

ပိုင်ယဲ့က သွားနေရင်း  ခြေရာလက်ရာများ ဖယ်နေလေသည်။ သို့သော် သူ မသိထားသည်က သူ မည်မျှ ကြိုးစားစေကာမူ မိုဝူကျိ၏ ကိုယ်ပိုင် ဖန်တီးထာသော တာအိုကြောင့် မိုဝူကျိလက်မှ လွတ်မြောက်မည် မဟုတ်ကြောင်း ဖြစ်၏။ မိုဝူကျိ၏ စိတ်စွမ်းအားမှာ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်သောကြောင့် ပိုင်ယဲ့က လုံးလုံး သတိမပြုမိပေ။

မဟာဓားတောင်၏ ကျောက်လှေကားမှာ အင်မတန် ရှည်လျားလွန်းပြီး မိုဝူကျိက အကြမ်းဖျင်း အာရုံခံကြည့်လိုက်သည်။ စုစုပေါင်းအားဖြင့် လှေကားထစ်ပေါင်း ကိုးထောင်နီးပါး ရှိပေလိမ့်မည်။

ပိုင်ယဲ့က ဤနေရာသို့ ယခင်က လာဖူးဟန် ရှိ၏။ သူက အမြန်ဆုံးသွားကာ ကျောက်တံခါးကြီးရှေ့ ရပ်တန့်လိုက်သည်။

ပိုင်ယဲ့က ထိုနေရာ ရောက်သွားသည်နှင့် သက်ပြင်းချကာ သိုလှောင်လက်စွပ်ထဲမှ သော့တစ်ချောင်းကို ထုတ်လိုက်ရင်း ကျောက်တံခါးမှ သော့ပေါက်ထဲ ထည့်လိုက်သည်။

ကျောက်တံခါးကြီးက ကျွီခနဲ ဖြည်းဖြည်းချင်း ပွင့်လာလေ၏။

လက်သီးနှစ်လုံးအရွယ်ရှိ ညအလင်းပုလဲက အရမ်းမကျယ်ဝန်းသည့် ခန်းမအတွင်း ထွန်းလင်းတောက်ပနေလေ၏။ ခန်းမအလယ်တွင် စင်မြင့်နေရာတစ်ခုလို ရှိနေသည်။ ထိုစင်မြင့်ပတ်လည်၌ ချိတ်ပိတ်ထားပြီး ကာကွယ်ထားသော ပစ္စည်းမှာ သာမာန်ပုံစံ ဓားရှည်တစ်ချောင်းသာ ဖြစ်နေသည်။ ဘေးပတ်လည်မှ အစီအရင်ကြောင့် မိုဝူကျိ၏ စိတ်စွမ်းအားက ဖောက်ထွင်း၍ မမြင်ရပေ။

ပိုင်ယဲ့က လှည့်ကာ ကျောက်တံခါးကို ပိတ်တော့မည့်ဆဲဆဲတွင် မိုဝူကျိသည် ကျောက်တံခါးရှေ့ ရောက်နေသည့် မြင်ကွင်းကို မြင်သွားကာ ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ သူက မိုဝူကျိသည် ဘယ်အချိန်က ဘယ်လိုနည်းဖြင့် သူ့နောက် လိုက်လာမှန်း ခေါင်းပေါက်မထွက် စဉ်းစားကြည့်နေသည်။

“ ဖြောင်း ဖြောင်း …” မိုဝူကျိက လက်ခုပ်နှစ်ခေါက်တီးကာ

“ ပိုင်ယဲ့ …. ခင်ဗျားက တကယ်ကို အကြံသမားပဲ။ မဟာဓားလမ်းစဉ်ဂိုဏ်းသားတွေကို ကျုပ်ဖင်းဖန်အဖွဲသားတွေဆီ လွဲပေးပြီးတော့ ခင်ဗျားက ဒီမှာ ပစ္စည်းကောင်းတွေ လာယူနေတာပေါ့။ ကျုပ်တို့က ခင်ဗျား ချမ်းသာဖို့အတွက် ဘေးဒုက္ခ ခံပေးရမှာလား …. ကောင်းပြီလေ အရမ်းကို ကောင်းတယ် … ”

ပိုင်ယဲ့က မိုဝူကျိအား နေရခက်စွာ ကြည့်လိုက်ရင်း ရယ်မောကာ “ဂိုဏ်းချုပ်မိုက ကျုပ်ကို အထင်မလွဲပါနဲ့။ ဂိုဏ်းချုပ်မိုက မဟာဓားလမ်းစဉ်ဂိုဏ်းကို ရှင်းဖို့ လူတွေ ခေါ်လာတာလေ … ”

“ အဲဆိုတော့ ကျုပ်ကို ကျေးဇူးတင်ချင်တာလား … အဲဓားကို ပေးမလို့လား။ ဒါမှမဟုတ် ခင်ဗျားက ကျုပ်ကို အံ့ဩအောင်လို့ ကျုပ်မသိစေချင်တာများလား  …. အဲလို ဟုတ်ရဲ့လား ” မိုဝူကျိက ပြုံးနေဆဲ ဖြစ်သော်လည်း တိုက်ခိုက်ဖို့ရာ ပြင်ဆင်ထားပြီးသား ဖြစ်၏။

ပိုင်ယဲ့က အပြည့်အဝ ပြန်မကောင်းလာသေးပေ။ သူ့အသက်ကို စတေး၍ ဤဓားကို လာရှာခြင်းက ဤမျှရိုးရှင်းမည် မဟုတ်ပေ။

“ အာ …” ပိုင်ယဲ့က ကိုယ့်ဘာသာ စိတ်ရှုပ်ထွေးနေဟန် ပေါ်သည်။ အကယ်၍ တခြားအရာ ဖြစ်နေပါက သူက နောက်ထပ် မတွေးဘဲ လိုလိုလားလား ပေးမည် ဖြစ်။ သို့သော်လည်း ဤဓားရှည်မှာ တခြားပစ္စည်း မဟုတ်ပေ။

သူလည်း မိုဝူကျိနှင့် ရင်မဆိုင်လိုပေ။ အကြောင်းမှာ မိုဝူကျိ ပေးထားသော အရိပ်မည်းကြီးက သူ့အပေါ်မှ ပျောက်ကွယ်မသွားသေးပေ။ သူက မိုဝူကျိကို အနိုင်ယူနိုင်လိမ့်မည်ဟု သေချာနေလျှင်ပင် မလုပ်ရဲပေ။ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သူ့ကျင့်ကြံဆင့်က မိုဝူကျိထက် များစွာ မြင့်နေလျှင်ပင် မိုဝူကျိအား အချိန်တိုလေးအတွင်း အပြီးသတ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက သူ့ကို အချိန်ဆွဲထားနိုင်သရွေ့ ဝေကျီတောက်တို့က ရောက်လာကြလိမ့်မည်။ ထိုအခါ ပိုင်ယဲ့အနေနှင့် ဦးနှောက်တစစီ ဖြစ်ကာ သေဆုံးနိုင်ဖွယ် ရှိ၏။ ထို့အပြင် သူက မိုဝူကျိကို မယှဉ်နိုင်ကြောင်း အမြဲတမ်း သံသယဝင်နေမိခဲ့သည်။

“ ဂိုဏ်းချုပ်မို ….  မဟာဓားလမ်းစဉ်ဂိုဏ်းမှာ နာမည်ကျော်ဓားတွေရှိတဲ့ နေရာတွေ အများကြီး ရှိတယ်။ ကျုပ်က ဒီဓားလေးကို သဘောကျနေတာဆိုတာ့ ဂိုဏ်းချုပ်မိုများ …”

ပိုင်ယဲ့က သူ့စကားမဆုံးခင် မိုဝူကျိက ဓားပတ်လည်မှ အစီအရင်များကို တစစီ လုပ်ပြီးလိုက်လေပြီ။ လက်တစ်ချက် အဝှေ့ဖြင့် မိုဝူကျိက ဓားကို သိမ်းဆည်းထားလိုက်၏။

ပိုင်ယဲ့ မျက်ဝန်း၌ လိုချင်တောင့်တမှုများနှင့်အတူ စိတ်ပျက်မှုများပါ ပြည့်နှက်လာသည်။ သူက ဤဓားအတွက် များစွာ ခံစားခဲ့ရသော်လည်း အဆုံးသတ်၌ မရရှိခဲ့ပေ။ မိုဝူကျိ ဓားကို သိမ်းဆည်းလိုက်သည့် အခိုက်အတန့်၌ ပိုင်ယဲ့က တိုက်ခိုက်ချင်သွားသော်လည်း သူ့ဆင်ခြင်တုံတရားက တားဆီးလိုက်ပေသည်။

ပိုင်ယဲ့က ဓားအကျဉ်းထောင်ထဲ အဖမ်းခံခဲ့ရသည့် အကြောင်းမှာ ကျန်သောသူများနှင့် ကွဲပြားပေသည်။ ဝေကျီတောက် အဖမ်းခံခဲ့ရသည့် အကြောင်းအရင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းက သူ့တာအို ထုံးတမ်းကို သဘောကျ၍ ဖြစ်ပြီး စုကျီအန်းနှင့် တခြားလူတို့  အဖမ်းခံခဲ့ရသည့် အကြောင်းအရင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းက သူတို့ဂိုဏ်းများကို အမြစ်ဖြတ်ရှင်းထုတ်ခဲ့၍ ဖြစ်သည်။ သို့သော် ပိုင်ယဲ့မှာ ဤဓားကို ခိုးယူချင်ခဲ့သောကြောင့် ဓားအကျဉ်းထောင်ထဲ  ပို့လွတ်ခံလိုက်ရခြင်း ဖြစ်၏။

ဓားအကျဉ်းထောင်မှ လူများကြား ပိုင်ယဲ့က အဖမ်းခံရဖို့ရာ အထိုက်တန်ဆုံးဟု ယူဆ၍ ရပေသည်။

ပိုင်ယဲ့က မိုဝူကျိ ရရှိသွားသော ပစ္စည်းကို ပြန်ရဖို့ရာ တွေးကြည့်ရုံနှင့်ပင် မဖြစ်နိုင်ကြောင်း သိလိုက်၏။

တစ်ခုခုတော့ မှားနေပြီ ….

သဘောတရားအရပြောရလျှင် မိုဝူကျိက ဤဓားကို ပုံမှန်အတိုင်း သိမ်းလိုက်နိုင်မည် မဟုတ်ပေ။ ဤဓားကို ဤနေရာ၌ သိမ်းဆည်းထားခြင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းမှ မည်သူကမှ အသုံးမပြုနိုင်၍ ဖြစ်ကာ မိုဝူကျိက မည်သို့များ အလွယ်တကူ  သိမ်းဆည်းလိုက်သနည်း။

ဒီဓားက အတုကြီးလား ….

“ ဂိုဏ်းချုပ်မို …. ကျုပ်ကို အခု သိမ်းလိုက်တဲ့ ဓားလေး ခဏပြလို့ ရမလား ” ပိုင်ယဲ့က မိုဝူကျိအား မျှော်လင့်တကြီး ကြည့်လိုက်သည်။

မိုဝူကျိက နှာခေါင်းရှုံ့ကာ

“ ပိုင်ယဲ့ အဲဓားကို ကြည့်ဖို့ အလျှင်မလိုပါနဲ့ဦး။ ကျုပ်တို့တွေ အရင်ဖြေရှင်းရအောင် … အရင်တုန်က မဟာဓားလမ်းစဉ်ဂိုဏ်းကို အတူတူ တိုက်ဖို့ သဘောတူခဲ့ပေမဲ့ ခင်ဗျားက ဖင်းဖန်ကိုပဲ အကုန်အပ်ပစ်ပြီးတော့ ကိုယ့်ဘာသာ ပစ္စည်းလာရှာနေတယ်။ ကြည့်ရတာ ကျုပ်တို့ သဘောတူညီချက်နဲ့ ကွဲလွဲနေတဲ့ပုံပဲ … ”

“ ဂိုဏ်းချုပ်မို ကျုပ်မှားနေတာ ဝန်ခံပါတယ်။ ဂိုဏ်းချုပ်မိုကို အဲဒီ ဓားရဲ့ ဇာစ်မြစ်အကြောင်း ပြောပြနိုင်ပါတယ်ဗျာ …. ကျုပ်က ဂိုဏ်းချုပ်မိုနဲ့ ဖင်းဖန်တို့နဲ့ ရန်သူမဖြစ်ဖို့ပဲ မျှော်လင့်တာပါ။ ” ပိုင်ယဲ့က မိုဝူကျိရှေ့တွင် နေနေခြင်းက မည်မျှ အန္တရာယ်များကြောင်း နားလည်လာသည်။ ဓားမှာ မိုဝူကျိဆီ ပါသွားပြီ ဖြစ်ရာ သူ့အနေနှင့် ပြန်မယူနိုင်တော့သည်မှာ အသေအချာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိကို ဆက်လက် ဒေါသထွက်အောင် လုပ်မိပါက အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ချေ။

***

All Chapters