ခွန်းဝူဓား
Vol. 53 Ch. 732
မိုဝူကျိက ခံစားချက်ကင်းမဲ့ကာ စကားပြန်မပြောသေးသည်ကို မြင်ပြီး ပိုင်ယဲ့က သိမ်းထားသော ဓားကို ပြခိုင်းသည့် အပြူအမူက မိုဝူကျိကို ဒေါသထွက်သွားစေခြင်း နားလည်သွားသည်။
“ ဂိုဏ်းချုပ်မို … ကျုပ် ကတိစကားကို ဖောက်ဖျက်မိတာ ကျုပ်အပြစ်ပါ။ နောက်တစ်ခါ ထပ်တောင်းပန်ချင်ပါတယ် …. ” ပိုင်ယဲ့ လေသံမှာ အလွန်လေးနက်နေဟန် ပေါ်သည်။
မိုဝူကျိက ဤလူ၏ စကားများကို နောက်ထပ် မယုံသင့်တော့ကြောင်း သိ၍ တိတ်တဆိတ်သာ နေနေလိုက်သည်။ သူက ပိုင်ယဲ့အား သင်ခန်းစာ ပေးရမလားဟုသာ အလေးအနက် တွေးတောနေမိသည်။
“ ဂိုဏ်းချုပ်မို …. ကျုပ်က အခု ဝိညာဉ်လှည့်ပတ် တာအိုရဲ့ အကြီးအကဲ ဖြစ်နေပါပြီ။ ကျုပ်ရဲ့ ဝိညာဉ်လှည့်ပတ် တာအိုက ဂိုဏ်းချုပ်မိုရှေ့ ဘာမှမဟုတ်ပေမဲ့လည်း ဒီတစ်ခါက ကျုပ်အမှားဆိုတာ ဝန်ခံပါတယ် …. ”
“ ခင်ဗျားက ဝိညာဉ်လှည့်ပတ် တာအိုဆီ ဝင်လိုက်တာလား …” မိုဝူကျိက တအံ့တဩ မေးလိုက်၏။
မိုဝူကျိက ပိုင်ယဲ့၏ စကား အဓိပ္ပါယ်ကို နားလည်လိုက်ပေသည်။ ယခုအခါ ပိုင်ယဲ့တွင် နောက်ခံ ရှိနေလေပြီ။ ဝိညာဉ်လှည့်ပတ် တာအိုမှာ မဟာဓားလမ်းစဉ်ဂိုဏ်းလောက် အားမကောင်းသော်လည်း သူတို့က နတ်ဆိုးအင်မော်တယ် နယ်မြေမှ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
မိုဝူကျိက ဖင်းဖန်၏ ဂိုဏ်းချုပ် ဖြစ်နေပြီ ဖြစ်ရာ ဤသို့ ကိစ္စအသေးအမွှားလေးဖြင့် ဝိညာဉ်လှည့်ပတ် တာအိုဂိုဏ်းနှင့် ရန်ငြိုးဖွဲ့မည် မဟုတ်ပေ။
ထိုအတွေးဖြင့် မိုဝူကျိက ခေါင်းညိတ်ကာ
“ ကျုပ်တို့က ရင်းနှီးနေတာဆိုတော့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ ခင်ဗျား သိသမျှ ပြောပြပြီးတော့ ကျုပ် ကျေနပ်ဖို့ ဆုတောင်းထားလိုက်တော့ …. ”
“ စိတ်မပူပါနဲ့ ဂိုဏ်းချုပ်မို …. ကျုပ်ဘာမှ ချန်မထားပါဘူး ” မိုဝူကျိက ဤကိစ္စကို ခွင့်လွတ်ပေးလိုက်မည့်အကြောင်းကို ကြားပြီး ပိုင်ယဲ့က သက်ပြင်းချမိလိုက်၏။
သူက ဝိညာဉ်လှည့်ပတ် တာအိုအကြောင်း ပြောလိုက်ခြင်းမှာ သူက မိုဝူကျိအား အနည်းငယ် ကြောက်လန့်သွားစေရန် ဖြစ်၏။ ဝိညာဉ်လှည့်ပတ် တာအိုက မိုဝူကျိအား ခြိမ်းခြောက်နိုင်မည် မဟုတ်မှန်း သိနေပေသည်။ အကြောင်းမှာ ဖင်းဖန်အဖွဲ့သားများကြောင့် ဖြစ်၏။ သူတို့က လတ်တလောမှ တည်ထောင်လိုက်ခြင်း ဖြစ်သော်လည်း ဝိညာဉ်လှည့်ပတ် တာအိုဂိုဏ်းမှာ သူတို့နှင့် မယှဉ်နိုင်ပေ။ ဖင်းဖန်ကို ရန်စမိ၍ ဖြစ်ပျက်လာမည့် အကျိုးဆက်ကို သိချင်လျှင် အမြစ်ဖြတ် အရှင်းခံလိုက်ရသော မဟာဓားလမ်းစဉ်ဂိုဏ်းက နမူနာကောင်း မဟုတ်ပါလော။
မိုဝူကျိက ဓားအကျဉ်းထောင်မှ အင်မော်တယ် ဧကရာဇ်များကို သူဖင်းဖန်ဆီ ခေါ်လာနိုင်ခြင်းက အမှန်တကယ် ကံကောင်းလှပေသည်။ သို့သော်လည်း ကံကောင်းခြင်းမှာ အင်အား၏ ပြယုဂ်သာ ဖြစ်၏။ ထို့အပြင် မိုဝူကျိ လုပ်နိုင်သည့်အရာကို မည်သူကများ လုပ်နိုင်မည်နည်း။ သူက ဓားအကျဉ်းထောင်မှ ထွက်ပြေးလာနိုင်ရုံသာမက ထွက်ထွက်လာချင်း အားကောင်းသော ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ကာ မဟာဓားလမ်းစဉ်ဂိုဏ်းအား ရှင်းထုတ်ပစ်လိုက်သည်။
ပိုင်ယဲ့က အကြောင်းပြချက် ကောင်းကောင်းမရှိသရွေ့ သူ့ရှေ့တွင် ရှိနေသော မိုဝူကျိကို ရန်မစသင့်ကြောင်း ကိုယ့်ဘာသာ ပြန်၍ သတိပေးနေရသည်။
ပိုင်ယဲ့က အသက်ပြင်းပြင်းရှုကာ “ ဂိုဏ်းချုပ်မို ရသွားတဲ့ ဓားနာမည်က ခွန်းဝူဓားတဲ့ … ”
“ ခွန်းဝူလား …” မိုဝူကျိက သိချင်စွာ မေးလိုက်သည် “ ဘာလို့ ဒီနာမည်နဲ့ ရင်းနှီးနေပါ့လိမ့် … ”
ပိုင်ယဲ့က ရယ်မောကာ “ ဂိုဏ်းချုပ်မို ရင်းနှီးနေတာ မထူးဆန်းပါဘူး။ ရှေးဟောင်းနတ်ဓားဆယ်လက်ထဲမှာ ခွန်းဝူဓားလည်း အပါအဝင်လေ … ”
“ ဘယ်လို ရှေးဟောင်းနတ်ဓား ဆယ်လက်လဲ …” မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်သည့် အခိုက်အတန့်လေး၌ သူ့ခေါင်းထဲ ဥပမာတချို့ ပေါ်လာလေ၏။
“ သူတို့က ခွန်းဝူဓား၊ ကျစ်ထန်းဓား၊ ချင်းဖျင်ဓား၊ ယွမ်တုဓား၊ ကျူရှန်းဓား၊ အာပိဓား၊ ပျောက်ဆုံး ဒဏ္ဏာရီဓား၊ ကျွယ်ရှန်းဓား၊ နတ်ဆိုးဓား နဲ့ ရှချန် ဓားတို့ပဲ ” ပိုင်ယဲ့က အသေးစိတ် ဖြေလိုက်သည်။ သို့သော် သူက ခွန်းဝူဓားမှ လျို့ဝှက်ချက်ကို သိသည့် တစ်ဦးတည်းသော သူ ဖြစ်၏။
သူက မိုဝူကျိအား ထိုလျို့ဝှက်ချက်ကို သိခွင့် မပြုနိုင်ပေ။ အကြောင်းမှာ ရှေးဟောင်း နတ်ဓားတိုင်းက ရှန်းထျန်း ရတနာတိုင်းနှင့် ယှဉ်နိုင်စွမ်း ရှိနေ၍ ဖြစ်ကာ သူက မပြောဖို့ရာ ရွေးချယ်လိုက်ခြင်းမှာ တစ်ရက်ရက်ကျ ခွန်းဝူဓားကို ပြန်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ယောင်ယောင်လေး ထားမိနေ၍ ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း ပိုင်ယဲ့က ထိုနောက်ဆုံးမျှော်လင့်ချက်လေးကို လက်မလွှတ်ချင်သေးပေ။
မိုဝူကျိက ခေါင်းညိတ်ကာ “ အဲလိုဆို ရှေးဟောင်းနတ်ဓား ဆယ်လက်ရှိတာပေါ့။ တချို့ကို အခုတော့ မှတ်မိလာပြီ ”
မိုဝူကျိ၏ စိတ်ထဲ ငြိမ်းချမ်းမနေပေ။ အကြောင်းမှာ ကံကြမ္မာကြာနီက ပေါ်လာပြီးနောက် ရင်းနှီးသော နာမည်များ ဖြစ်သည့် ရှချန်ဓား၊ ယွမ်တုဓားနှင့် အာပိဓားတို့ပါ ကြားဖူးလိုက်သည်။ သူက ကမ္ဘာမြေမှ ဖြစ်သောကြောင့် မိုဝူကျိက ကမ္ဘာမြေမှ ဒဏ္ဍာရီများက ရှာမတွေ့သေးကြောင်း သံသယဝင်လာမိသည်။
“ ဒီလိုဆိုမှတော့ အင်မော်တယ်ရောင်းရင်းပိုင် ထွက်သွားလို့ ရပါပြီ …” မိုဝူကျိက စိတ်စွမ်းအားကို သုံးကာ တစ်နေရာလုံးကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်၍ ခွန်းဝူဓားအပြင် ဘာဆိုဘာမှ ရှိမနေကြောင်း သိနေသည်။
ပိုင်ယဲ့၏ မျက်ဝန်းထဲ၌ မလိုလားမှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသော်လည်း လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် မိုဝူကျိ၏ မြင်ကွင်းရှေ့မှ ထွက်သွားလိုက်တော့သည်။
သူက မိုဝူကျိကို သူ့အား မည်သို့ ရှာတွေ့တာလဲဟု မေးချင်နေသော်လည်း မျိုသိပ်ထားလိုက်ရသည်။ သူက မိုဝူကျိသည် ဘာကိုမှ မပြောပြကြောင်း သေချာသိနေသည်။
မိုဝူကျိ ထွက်လာသည့်အခါ အင်မော်တယ်တောင်များကိုပင် ဝေကျီတောက်က သိမ်းဆည်းထားပြီးပြီ ဖြစ်၏။ သူ့တို့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က မဟာဓားလမ်းစဉ်ဂိုဏ်းအား အကုန်ရှင်းလင်းနေလေပြီ။
“ ဂိုဏ်းချုပ် …. ဒါက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကွေ့ကျန်းချန်ဆီက ရလာတဲ့ ကမ္ဘာငယ်လေးနဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အင်မော်တယ်တောင်တွေရယ်၊ အင်မော်တယ် ဆေးပင်တွေရယ် ပြီးတော့ စာကြည့်တိုက်ထဲက အမွေအနှစ်တွေရယ် ပါပါတယ်။ ပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အဓိက အင်မော်တယ် သွေးကြောနဲ့ သိုလှောင်လက်စွပ်တွေလည်း ပါပါတယ် …” မိုဝူကျိ ထွက်လာသည့်အခါ ဝေကျီတောက်က မိုဝူကျိဆီ ပုလဲတစ်လုံး ပေးလိုက်သည်။
ကျန့်မင်ချန်းတို့က မဟာဓားလမ်းစဉ်ဂိုဏ်းအား ရှင်းပစ်နေသည်မှာ ပြီးလုနီးပါး ဖြစ်နေလေပြီ။
“ စာကြည့်တိုက်ကို ဝင်တုန်းက တစ်ခုခုများ ဖြစ်ခဲ့သေးလား ” မိုဝူကျိက မေးလိုက်သည်။
“ အဆင့် ၉ သားရဲတစ်ကောင် ရှိပေမဲ့ ကျုပ်တို့ သုံးယောက် သတ်ပစ်လိုက်ပါပြီ ..” နျဲ့ချုံးအန်းက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်လိုက်ရင်း ကမ္ဘာငယ်လေးကို စုကျီအန်းဆီ ပေးကာ ပြောလိုက်သည်
“ ကျီအန်း … အဲဆို ကာကွယ်သူ မင်ချန်းနဲ့ ကာကွယ်သူ ချုံးအန်းတို့က ကျုပ်တို့ စီစဉ်ထားတဲ့အတိုင်း အင်မော်တယ်တောင်တွေကို နေရာချထားလိုက်ပါ။ ပြီးတော့ အင်မော်တယ်ဆေးပင်တွေကို ကျုပ်တို့ အင်မော်တယ် ဆေးဥယျာဉ်ဆီ ရွေ့ပြောင်းလိုက်ပြီးတော့ အမွေအနှစ်တွေကို ဖင်းဖန်ရဲ့ စာကြည့်တိုက်ထဲ ထည့်ထားလိုက်ပါ …. ကျုပ် ညာလက်ရုံးဝေနဲ့ အတူတူ စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားလိုက်ဦးမယ် ….”
ခဏတာ ရပ်တန့်လိုက်ပြီးနောက် မိုဝူကျိက သူ့အမိန့်ကို ထပ်ပြောလိုက်သည်
“ ကျုပ် အားလုံးကို သတိပေးစရာ ရှိတယ်။ ကျုပ်တိုကို ပြဿနာ လာရှာတဲ့ ရန်သူတွေ ရောက်လာရင် ဘယ်သူဖြစ်ဖြစ် အရင်ဆုံး ကျုပ်တို့ ဖင်းဖန်ရဲ့ ကာကွယ်ရေး အစီအရင်ကို အသက်သွင်းဖို့ပဲ …. ရန်သူဘက်က ဘယ်လောက်အားကောင်းလဲဆိုတာ သိပြီးမှ တိုက်သင့်၊ မတိုက်သင့် ဆုံးဖြတ်ကြမယ် …. ”
မဟာဓားလမ်းစဉ်ဂိုဏ်းကို နှိမ်နှင်းလိုက်ခြင်းက မိုဝူကျိအတွက် သတိပေးမှုတစ်ခုသာ ဖြစ်၏။ အကယ်၍ ဖင်းဖန် ရောက်လာသည့်အခါ မဟာဓားလမ်းစဉ်ဂိုဏ်းသားများက အထဲမှ အကူကိုသာ စောင့်ဆိုင်းနေပြီး ကာကွယ်ရေး အစီအရင်ကို ဆက်တိုက် ပြုပြင်ဖို့ရာ ရွေးချယ်နေခဲ့လျှင် မဟာဓားလမ်းစဉ်ဂိုဏ်းမှာ အလွယ်တကူ ရှင်းထုတ်ခံရမည် မဟုတ်ချေ။ မဟာဓားလမ်းစဉ်ဂိုဏ်း အလွယ်တကူ ပျက်သုန်းသွားသည့် အဓိကရည်ရွယ်ချက်မှာ သူတို့စွမ်းဆောင်ရည်၌ ယုံကြည်ချက် လွန်ကဲနေ၍ ဖြစ်၏။
“ ဟုတ် …” စုကျီအန်းတို့က အမိန့်ကို နာခံလိုက်ရင်း ဦးညွှတ်ကာ ထွက်သွားကြသည်။
…………..…
စူးခရာအင်မော်တယ်မြို့ဟောင်းမှာ ယခုလောက် တစ်ခါမှ မစည်ကားဖူးသေးချေ။
ကျိုးပျက်ကမ္ဘာဖွင့်တုန်းကပင် ယခုလောက် လူမများခဲ့ပေ။ ဤအချိန်၌ စူးခရာအင်မော်တယ်မြို့ဟောင်းက လူများနှင့် ပြည့်နှက်နေခြင်းမှာ အထက်ဘုံရှိ တမန်တော်က အင်မော်တယ်နယ်မြေ ခုနှစ်ခုမှ ဂိုဏ်းချုပ်များ၊ ထိပ်တန်း အင်မော်တယ်မြို့များ၏ မြို့စားများနှင့် အင်မော်တယ်နယ်မြေ ခုနှစ်ခု၏ ကောင်းကင်ဧကရာဇ်များကို ဖိတ်ခေါ်ထား၍ ဖြစ်သည်။
ထို့ကြောင့် စူးခရာအင်မော်တယ်မြို့ဟောင်း၌ နေစရာ ရှာတွေ့ပါက ကံကောင်းသည်ဟု ယူဆရပေလိမ့်မည်။
အထက်ဘုံမှ တမန်တော်က ကျိုးပျက်ကမ္ဘာ လေးလွှာမြောက် အပြင်ဘက်၌ စတည်းချမည့် ကိစ္စကို လက်လျော့လိုက်သည့် အကြောင်းအရင်းမှာ စူးခရာအင်မော်တယ်မြို့ဟောင်းတစ်ခွင် ပြန့်နှံ့သွားပြီ ဖြစ်၏။
ကံကြမ္မာကြာနီကို တစ်ယောက်ယောက်က ယူသွားပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။ ကံကြမ္မာကြာနီ ပိုင်ဆိုင်သည်ဟု သတင်းထွက်နေသော မဟာကျီရှန်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ တခြားသူများ၏ တားဆီးခြင်းကို ခံရပြီးနောက် သူတို့တွင် တကယ်မရှိကြောင်း သိခဲ့ကြရသည်။ ဓားကြီးတောင်ဂိုဏ်းမှ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ၏ ဝန်ခံချက်အရ သူ ရေကန်သို့ ရောက်သွားစဉ်ကတည်းက ကံကြမ္မာကြာနီမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပေသည်။
တခြားလူများက ထိုဝန်ခံချက်အကြောင်း မေးခွန်းများ ထုတ်နေကြသော်လည်း အထက်ဘုံမှ တမန်တော်လည်း မမေးပေ။ သူ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်သို့ လွတ်လိုက်သော တုံဟွေ့ဖြစ်နေ၍ ဖြစ်သည်။ သူက တုံဟွေ့ပေါ်၌ စိတ်ဝိညာဉ် အမှတ်အသားထားထားလေရာ တုံဟွေ့သာ ကံကြမ္မာကြာနီ ရရှိခဲ့ပါက သူက အရင်ဦးစွာ တန်း၍ သိပေလိမ့်မည်။
………………
ဝေကျီတောက်နှင့် မိုဝူကျိတို့ စူးခရာအင်မော်တယ်မြို့ဟောင်းဆီ ရောက်လာသည့်အခါ သူတို့က နောက်ဆုံးသတင်းများကို နားစွန့်ခြင်း ဖြစ်သည်။ သူတို့က တည်းခိုဆောင်များနှင့် ဧည့်ရိပ်သာများနား စုံစမ်းနေသော်လည်း လူအရေအတွက် များလွန်းသောကြောင့် နေစရာ ရှာမတွေ့ပေ။
“ ဂိုဏ်းချုပ် ကြည့်ရတာ ကျုပ်တို့တွေ ကုန်သွယ်ရေး အဖွဲ့ဆီမှာ နေရတော့မဲ့ပုံပဲ …” ဝေကျီတောက်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ကုန်သွယ်ရေး အဖွဲ့၏ နေရာထိုင်ခင်းမှာ ဆိုးရွား၍ မဟုတ်ဘဲ သူတို့က ဖင်းဖန်ကို ကိုယ်စားပြုကာ ရောက်ရှိလာသည့်အတွက် ကုန်သွယ်ရေး အဖွဲ့၌ နေထိုင်လျှင် သူတို့အဆင့်အတန်း နိမ့်ကျဟန် ပေါ်နေပေလိမ့်မည်။
ဤစုဝေးပွဲမှာ အထက်ဘုံမှ တမန်တော် စီစဉ်ထားသောကြောင့် ကိုယ်ပိုင် လုပ်ငန်းစဉ်များ ရှိလေသည်။ ဂိုဏ်းတစ်ခုချင်းစီကား တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်နေကြဆဲ ဖြစ်သည်။ သူတို့က တည်းခိုဆောင် အသေးလေး၌ နေလျှင်ပင် မျက်နှာများစွာ ပျက်ရမည် မဟုတ်ပေ။
အကယ်၍ မိုဝူကျိသာ နယ်လှည့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပါက နေစရာ ရှိသရွေ့ ဘာမှ မပူပေ။ သို့သော်လည်း ယခုကား သူက ဖင်းဖန်ဂိုဏ်းချုပ် ဖြစ်နေပြီး သူ ပြုမူလိုက်သမျှ အရာအားလုံးမှာ ဖင်းဖန်၏ ဂုဏ်သတင်းပေါ် သက်ရောက်မှု ရှိနေသည်။ အကယ်၍ ယနေ့မျက်နှာပျက်ရလျှင် တခြားလူများက ဖင်းဖန်အဖွဲ့သားများကို သူတို့ဂိုဏ်းချုပ် လမ်းဘေးတွင် အိပ်ခဲ့ရသည့် အကြောင်းများကို ဟာသလုပ်နေပေလိမ့်မည်။
မိုဝူကျိက ကုန်သွယ်ရေးအဖွဲ့တွင် မအိပ်ချင်သောကြောင့် လက်ခါပြကာ “ စိတ်မပူပါနဲ့ …. ကျုပ်က ဒီမှာ ဆေးစံအိမ်တစ်ခု ရှိတယ်။ အဲကို သွားကြည့်ကြစို့ … ”
…………..…
“ ဂိုဏ်းချုပ် … ကြည့်ရတာ ပိုင်ရှင်အသစ် ရောက်နေတဲ့ပုံပဲ …” မိုဝူကျိက ဝေကျီတောက်အား သူ့တျန်းဂျီဆေးစံအိမ်ရှေ့ ခေါ်သွားသည့်အခါ ဝေကျီတောက်က တျန်းဂျီဆေးစံအိမ်၏ နာမည်ဘုတ်ပြားကို ကြည့်ကာ ပြောလိုက်၏။
ဝေကျီတောက်က သံသယရှိနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူတို့က အင်မော်တယ်လောကတွင် ဖြစ်စေ၊ သေမျိုးလောကတွင် ဖြစ်စေ ပိုင်နက်များက ကာကွယ်မှုအောက်တွင်သာ ရှိသင့်သည်။ မည်မျှအားကောင်းနေစေကာမူ တခြားလူ၏ ပိုင်နက်ကို ယူ၍ မဖြစ်ပေ။ ကျင့်ကြံသူတစ်ယောက်၏ လက်လုပ် အင်မော်တယ်ဂူက ထိုသူ တစ်ယောက်တည်းသာ အပိုင် ဖြစ်ပေသည်။ အကယ်၍ ထိုသူက ခဏတာ ထွက်သွား၍ တခြားလူက သူ့အင်မော်တယ်ဂူကို ယူလိုက်မည်ဆိုလျှင် သူနှင့် မဟာရန်ကြွေး ဖွဲ့လိုက်သလို ဖြစ်သွားလိမ့်မည်။
ဤမဟာရန်ကြွေးက မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ဖင်းဖန်ကြားမှာ ရှိသော ရန်ကြွေးနှင့် တူပေ၏။ တစ်ဖက်လူက အခြားလူကို မဖယ်ရှားနိုင်သရွေ့ ပြီးဆုံးမည် မဟုတ်ပေ။
သူ့တျန်းဂျီဆေးစံအိမ်ရှေ့၌ လက်ရှိ ဆိုင်းဘုတ်မှာ “အနှောင်အဖွဲ့ကင်း ရတနာတစ်ရာ အဆောက်အဦး” ဖြစ်နေသည်။ တခြားလူက ယူသွားသည်မှာ သိသာလှသည်။
“ အဲဆိုင်းဘုတ်ကို ဖျက်စီးပစ်လိုက် …” မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
ဝေကျီတောက်ကလည်း မိုဝူကျိ၏ အမိန့်များကို လိုက်နာဖို့ရာ မတွန့်ဆုတ်ပေ။ လက်မြောက်လိုက်သည်နှင့် ထိုဆိုင်းဘုတ်ကြီးမှာ တစစီ ဖြစ်သွားတော့သည်။
မိုဝူကျိက ထိုအဆောက်အဦး ပတ်လည်မှ အစီအရင်နှင့် အတားအဆီးများကို ဖယ်ရှားလိုက်သည်။
“ ဘယ်သူက ငါ့ရတနာ တစ်ရာအဆောက်အဦးကို ထိရဲတာလဲ ” ဒေါသတကြီးအသံကို ကြားလိုက်ရပြီး မဟာကျီရှန်းအဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာလေ၏။
“ဘုန်း ” ဝေကျီတောက်က လက်ဝါးတစ်ချက် ရိုက်လွတ်လိုက်သည့်အခါ ထိုမဟာကျီရှန်းအဆင့် ကျင့်ကြံသူက လွှင့်စင်သွားတော့သည်။ ထိုမဟာကျီရှန်းအဆင့် ကျင့်ကြံသူ၏ သွားများပင် သွေးချင်းနီရဲသွားလေ၏။
အကယ်၍ စူးခရာအင်မော်တယ်မြို့ဟောင်းအတွင်း သတ်ဖြတ်ခြင်းကို ခွင့်မပြုထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဝေကျီတောက်က ထိုသူအား သတ်ပြီးလောက်လေပြီ။
“ ဆေးလုံးဆရာမိုလား …” တအံ့တဩ အသံကို အဝေးမှ ကြားလိုက်ရသည်။ နောက်အခိုက်အတန့်လေး၌ အဝါဝတ် အမျိုးသမီးတစ်ယောက် ပေါ်လာလေ၏။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြုံးလိုက်ရင်း “ အင်မော်တယ်ရောင်းရင်း မူချင် မတွေ့ရတာ ကြာပြီနော် … ”
ရှန်းမူချင်က နှုတ်ခမ်းကို ကိုက်မိသွားသည်။ သူမက မိုဝူကျိကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူမက မိုဝူကျိကို ဤနေရာမှာ မြန်မြန် ထွက်သွားရန် သတိပေးချင်သော်လည်း ပြောဖို့ရာ စကားလုံးများအား ရှာမတွေ့ပေ။ သူမက မိုဝူကျိ၏ အဖြစ်အပျက်တချို့ကို ကြားလိုက်ရသည်။ ဤဆေးစံအိမ်မှာလည်း မိုဝူကျိ အပိုင်ဖြစ်ကြောင်း သိထား၏။ ယခု မိုဝူကျိက ပြန်လာပြီ ဖြစ်ရာ ဤဆေးစံအိမ်ကို သေချာပေါက် ပြန်ယူပေလိမ့်မည်။
သို့သော် ဤနေရာ၌ ဆက်ဆက်နေလျှင် သူ့အသက်လေး အလွယ်တကူ ပျောက်ဆုံးသွားနိုင်သည်ကို သူ မသိပေဘူးလား …..
“ ဆေးလုံးဆရာမို ….” ရှန်းမူချင်က ခဏတာ တုံ့ဆိုင်းနေပြီး မည်သည့်နေရာမှ စပြောရမှန်း မသိတော့ပေ။
လက်ရှိ ဝေကျီတောက် လက်ချက်ဖြင့် လွှင့်စင်သွားသည့် မဟာကျီရှန်းအဆင့် ကျင့်ကြံသူက သူ့ဆိုင် အတိုက်ခိုက်ခံရကြောင်း သတင်းလှမ်းပို့နေလေ၏။ ခဏအကြာတွင် ပုံရိပ်များစွာ ရောက်ရှိလာကြသည်။
***