အခန်း(၁၃၈) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သတင်း၊ ရှားဝမ်ချွေ့ရဲ့ အလုပ်ကပ်ဆိုက်ခြင်း
Vol. 10 Ch. 138
အခန်း(၁၃၈) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သတင်း၊ ရှားဝမ်ချွေ့ရဲ့ အလုပ်ကပ်ဆိုက်ခြင်း
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ လူကြိုက်များမှုမှာ အင်တာနက်တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ပါသည်။
"ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ..."
"သူတို့ ဘယ်တော့ ဒုတိယတွဲကို ရိုက်မှာလဲ။ ငါ လင်းဖန်ကို မျှော်နေပြီ။”
"ဒုတိယတွဲမှာ ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ လူစားမထိုးပါနဲ့။ ဒီဒရမ်မာထဲက လူတိုင်းက ပြီးပြည့်စုံပါတယ်။”
ဝေ့ပေါ် ပေါ်က ကောမန့်များက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မျှော်နေကြသော ကောမန့်များသာ ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှု၏ လူကြိုက်များမှုက အနုပညာလောကတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
အနုပညာလောကထဲက ပြိုင်ဆိုင်မှုများက ပြင်းထန်ပြီး ရက်စက်လွန်းပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲက အလွန်ရေပန်းစားလွန်းသဖြင့် ဖျော်ဖြေရေးကုမ္ပဏီအားလုံးက ယွဲ့ဟွာ ချက်ချင်း ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်လုပ်လိမ့်မည်ဟု သဘောတူခဲ့ကြပါသည်။
ဘဝရဲ့ပျော်ရွှင်မှုသာ အတွဲနှစ်ခုကို ဆက်တိုက် ထုတ်လုပ်ပြီး ဒီတိုင်း ရေပန်းစားလာနိုင်ပါက တခြားဖျော်ဖြေရေးကုမ္ပဏီများ တဖြည်းဖြည်းနဲ့ ယွဲ့ဟွာဖျော်ဖြေရေး၏ ဖိနှိပ်ခြင်းကို ခံလာရနိုင်သည်။
ယွဲ့ဟွာဖျော်ဖြေရေး၏ ဖွံ့ဖြိုးမှုကို ရှင်းလင်းဖို့ အဓိက ဖျော်ဖြေရေး ကုမ္ပဏီကြီးများက စတင်ပြီး လှုပ်ရှားလာခဲ့ကြသည်။
၎င်းတို့ထဲတွင် ထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီကြီး သုံးခုထဲက တစ်ခုဖြစ်သည့် ဟွာစဲရုပ်ရှင်ကလည်း ချက်ချင်း လှုပ်ရှားပါသည်။
ဟွာစဲရုပ်ရှင်တွင် အထက်လူကြီများ အားလုံး အစည်းအဝေးထိုင်နေကြ၏။
မားကတ်တင်းဌာန ခေါင်းဆောင်၊ စီးပွားရေးဌာနခေါင်းဆောင်၊ ဟွာစဲရုပ်ရှင်၏ စီအီးအို၊ ကုမ္ပဏီ၏ ရှယ်ယာဝင်များတောင် အစည်းအဝေး တက်ရောက်နေကြပါသည်။
ဟွာစဲရုပ်ရှင်၏ စီအီးအိုက လျို့ရှန်းဟုခေါ်သည်။ အတိုချုံးအားဖြင့် စီအီးအိုလျို့ဖြစ်၏။
လျို့ရှန်းက ဟွာစဲရုပ်ရှင်၏ ဘော့စ်ကြီး ဖြစ်သည်။ ဟွာစဲရုပ်ရှင်က ဖျော်ဖြေရေး ကုမ္ပဏီအဆင့် သတ်မှတ်ချက်များတွင် ယွဲ့ဟွာထက် အများကြီး သာလွန်ခဲ့သည်။
သို့သောလည်း ဒီရက်ပိုင်းထဲ ယွဲ့ဟွာ၏ လူကြိုက်များမှု မြင့်တက်လာသောကြောင့် ဖျော်ဖြေရေး ကုမ္ပဏီအားလုံး ခြိမ်းခြောက်ခံရသလို ခံစားလာရပါသည်။
လျို့ရှန်းက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အားလုံးပဲ ဘာမှ အမှားအယွင်း မဖြစ်ဘူးဆိုရင် ယွဲ့ဟွာဖျော်ဖြေရေးက သေချာပေါက် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို အမြန်ဆုံး ထုတ်လုပ်ကြလိမ့်မယ်။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲလည်း ရေပန်းစားလာမယ်ဆိုရင် ယွဲ့ဟွာ လုံးဝ နာမည်ကြီးသွားလိမ့်မယ်။ သူတို့ရမယ့် အရင်းအမြစ်နဲ့ ဝင်ရောက်ကြည့်ရှုသူတွေကလည်း ဟွာစဲရုပ်ရှင်ကို လုံးဝ ကျော်လွန်သွားလိမ့်မယ်။”
"အဲ့တာကြောင့် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို တုန့်ပြန်တဲ့အနေနဲ့ ယွဲ့ဟွာကို... ကျုပ်တရားဝင် စစ်ကြေညာလိုက်တယ်" လျို့ရှန်းက အားလုံးကိုကြည့်ရင်း ပြောလိုက်ပါသည်။
လျို့ရှန်းက ဆက်ပြော၏။ "ဘဝရဲ့ပျော်ရွှင်မှုက အရမ်းရေပန်းစားပြီး သဘောကျဖို့ ကောင်းပေမယ့် အနိုင်ယူဖို့ မဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ ကျုပ်တို့ ကုမ္ပဏီက လက်ရှိနံပါတ်တစ် အမျိုးသမီးအနုပညာရှင် လင်းခယ့်ရှင်းကို ဆက်သွယ်ပြီးပြီ။”
"လင်းခယ့်ရှင်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်ရဲ့ အချောအလှ စံပြကျောင်းသူတစ်ယောက်ပဲ။ သူ့ရုပ်ရည်က အရမ်းချောမောပြီး သန့်စင်တယ်။ သူ ငယ်ငယ်ကလေးကတည်းက သရုပ်ဆောင်လာတာ။ သူ့လူကြိုက်များမှုက ရှားဝမ်ချွေ့ထက်တောင် ပိုသာလွန်သေးတယ်။ အဲ့တာကြောင့် ကျုပ်တို့တွေ လင်းခယ့်ရှင်းကို မြေတောင်မြှောက်ပေးနိုင်တာနဲ့ ပရိသတ်တွေအားလုံးကို အော်ဟစ်အောင် လုပ်ပစ်လိုက်လို့ ရတယ်။”
"အဲ့တာကြောင့် ကုမ္ပဏီက လင်းခယ့်ရှင်းကို ဂရုတစိုက် ပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျုပ်တို့ ဇာတ်ညွှန်းကောင်းကောင်းရေးဖို့ ထိပ်တန်း ဇာတ်ညွှန်းဆရာ ငါးယောက်ကို ငှားမယ်။ တစ်ချိန်တည်းမှာပဲ ယွဲ့ဟွာ လက်အောက်က နာမည်ကျော်တွေ အကုန်လုံးကို ပစ်မှတ်ထားမယ်။ အထူးသဖြင့် ရှားဝမ်ချွေ့ပေါ့။ အရမ်းအလားအလာရှိမှာပါ။”
"ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့မှာ မရှင်းမရှင်း ဆက်ဆံရေးမျိုး ရှိတယ်လို့ ကျုပ်ကြားတယ် ဟုတ်လား" လျို့ရှန်းက ရွှင်မြူးသော အရိပ်အယောင်ဖြင့် အနည်းငယ် ပြုံးလိုက်ပါသည်။
ဖျော်ဖြေရေးလောကထဲက ပြိုင်ဆိုင်မှုများက အလွန်ကြမ်းတမ်းပြင်းထန်လှပါသည်။ အောင်မြင်သည့် လူများကိုသာ တခြားသူများ မြင်နိုင်၏။ ရှုံးနိမ့်သွားသူများက အလောင်းပင် ပြန်မပေါ်ဘဲ အနုပညာလောကထဲက လုံးဝ ပျောက်ကွယ်သွားပါလိမ့်မည်။
"ဟုတ်ပါတယ်" မားကတ်တင်း ခေါင်းဆောင်က ပြောလိုက်သည်။
"ဒါဆို ကျုပ်တို့ အသုံးချလို့ရတာပေါ့...
"ကျုပ်တို့ မကောင်းသတင်းတချို့ လွှင့်ပြီး ရှားဝမ်ချွေ့ရဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်မယ်။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီက အကောင်းဆုံးကြိုးစားပြီး လင်းခယ့်ရှင်းကို မြေတောင်မြှောက်ပေးမယ်။ ပြီးရင် မဟာ ဇာတ်ညွှန်းကြီးတစ်ခုကို ရေးသားနိုင်ဖို့ အနုပညာလောကထဲက အားအကောင်းဆုံး ဇာတ်ညွှန်းရေး ဆရာ ငါးယောက်ကို ဖိတ်ကြားမယ်။”
"ကျုပ်တို့ ကုမ္ပဏီက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို လုံးဝ အနိုင်ယူနိုင်တဲ့ ရုပ်သံဒရမ်မာမျိုး ရိုက်ကူးနိုင်ရမယ်။"
"ကျုပ်တို့ရဲ့ သရုပ်ဆောင်အင်အား၊ ဇာတ်ညွှန်းရေးအစွမ်းအစနဲ့ ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏတွေနဲ့ ယွဲ့ဟွာကို လုံးဝ ချေမှုန်းပစ်လို့ ရတယ်။ ယွဲ့ဟွာဖျော်ဖြေရေးကို ပစ်မှတ်ထားဖို့ ပထမ ခြေလှမ်းက ရှားဝမ်ချွေ့နဲ့ စတင်မယ်။ နာားလည်ကြလား" လျို့ရှန်းက ပြောလိုက်ပါသည်။
ဒီလိုနဲ့ ဟွာစဲရုပ်ရှင် တစ်ခုလုံး စတင်လှုပ်ရှားကြတော့သည်။
တစ်ချိန်တည်းမှာပင် ဟွာစဲရုပ်ရှင်က ကုမ္ပဏီ၏ ကြယ်ပွင့်ကြီး လင်းခယ့်ရှင်းကို မြေတောင်မြှောက်ပေးလိုက်သည်။
ထိပ်တန်း ဇာတ်ညွှန်းရေးဆရာကြီးငါးယောက်တို့၏ စုပေါင်းအင်အားဖြင့် မကြုံစဖူး အထူးကောင်းမွန်သော ဇာတ်ညွှန်း "ကြယ်ဥယျာဥ်" ကို ရေးသားခဲ့ပါသည်။
လင်းခယ့်ရှင်း၏ လူကြိုက်များမှုက အနုပညာလောကထဲတွင် အမျိုးသမီးအနုပညာရှင်များ၏ ထိပ်ဆုံးဟု သတ်မှတ်နိုင်သည်။
တစ်တော့၏ အနုပညာရှင် အဆင့်သတ်မှတ်ချက်များကို ပြန်စဥ်းစားကြည့်လိုက်ပါ။ လင်းခယ့်ရှင်းက အမြဲတမ်း နံပါတ်တစ်သာ ဖြစ်သည်။ သူမ၏ လူကြိုက်များမှုက ရှားဝမ်ချွေ့ထက် ၃ ဆလောက် ပိုများပါသည်။
"ကြယ်ဥယျာဥ်" ၏ ပါဝင်သရုပ်ဆောင်များကို ဝေ့ပေါ် တွင် တရားဝင် ကြေညာလိုက်ပြီးနောက် အင်တာနက်တစ်ခွင်လုံး ဗြောင်းဆန်ကာ လူပြောများလာကြသည်။
ပေကျင်းရုပ်ရှင်တက္ကသိုလ်က အလှအပ စံပြကျောင်းသူဖြစ်သည့် လင်းခယ့်ရှင်းက နောက်ဆုံးတော့ ဘွဲ့ရပြီးနောက် လူထုရှေ့ထွက်လာပြီး သူမ၏ ပထမဆုံးရုပ်သံဒရမ်မာကို ရိုက်ကူးတော့မည်။
ခဏလောက်အထိ အနုပညာလောကက လူကြိုက်များမှုအားလုံး လင်းခယ့်ရှင်းဘက်ကို ကူးပြောင်းသွားခဲ့ပါသည်။
လင်းခယ့်ရှင်း၏ ရေပန််းစားမှုက အတော်လေး မြင့်မားသည်။
တစ်ချိန်တည်းမှာပဲ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့၏ ကောလဟာလများစွာ အွန်လိုင်းပေါ်မှာ ပေါ်လာခဲ့ပါသည်။
ကီးဘုတ်ဖိုက်တာ နောက်တစ်အုပ်လည်း စတင်လှုပ်ရှားကြသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လှိုင်းပြာပင်လယ်အော်အိမ်ရာ ရှေ့ဝင်ပေါက်မှာ ရှိနေသည့် ဓာတ်ပုံများပင် အင်တာနက်ပေါ် တက်လာခဲ့ပါသည်။
ဓာတ်ပုံများစွာကို မြင်ရပြီးနောက် အင်တာနက်ပေါ်မှာ နောက်ထပ် လှိုင်းတစ်ခု ထလာပြန်သည်။
မုန်းတီးရေးသမားပေါင်းစုံ ပေါ်ထွက်လာကြသည်။
အနုပညာလောကတွင် အမျိုးသမီးနာမည်ကျော်တစ်ယောက်အတွက် အရေးအကြီးဆုံးအရာက မကောင်းသတင်းများ မထွက်ဖို့ ဖြစ်သည်။
အသက် ၂၀ ကျော် အမျိုးသမီးနာမည်ကျော်များ မကောင်းသတင်း မထွက်ဖို့က အထူးတလည် ပိုအရေးကြီးပါသည်။
ဥပမာအားဖြင့် ကောင်မလေးတစ်ယောက်က Girl Group Shows များတွင် ပါဝင်ပြီး ထိုကောင်မလေးက လက်ထပ်ပြီးသား သို့မဟုတ် ကောင်လေးရှိပြီးသားဟု ပေါ်ထွက်လာပါက သူမ၏ လူကြိုက်များမှုကို အတော်လေး သက်ရောက်မှုရှိနိုင်ပါသည်။
ပရိသတ်များက အမျိုးသမီးနာမည်ကျော်များ၏ အချစ်ရေးများကို သေချာ အလေးထားကြသည်။
အထူးသဖြင့် ရှားဝမ်ချွေ့ဖြစ်၏။ သူမက အသက် ၂၃ နှစ်သာ ရှိသေးပြီး အလွန်ငယ်ပါသေးသည်။
အသက် ၃၀ ဝန်းကျင် အမျိုးသမီး နာမည်ကျော်တစ်ယောက် အချစ်ရေးကိစ္စ ပေါ်လာရင် ကိစ္စ မရှိပါ။
သို့သော်လည်း အသက် ၂၀ အစောပိုင်းသာ ရှိသေးသည့် ရှားဝမ်ချွေ့အတွက်တော့ မကောင်းသတင်း ထွက်လာပါက သူမ၏ လုပ်ငန်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာနိုင်သည်။
ထိုဓာတ်ပုံသက်သေများကော၊ နောက်ကွယ်က ကီးဘုတ်ဖိုက်တာများကြောင့် ရှားဝမ်ချွေ့က အာရုံစိုက်ခံရသည့် ဗဟိုချက် ဖြစ်လာခဲ့ပါသည်။
"ဟားဟား ရှားဝမ်ချွေ့ ဟိုးအရင်တုန်းကတည်းက ဘာလို့ အကြင်နာပေးခန်း မရိုက်လဲ၊ အနုပညာလောကထဲမှာ အရမ်းဖြူစင်သလို လုပ်နေတာလဲလို့ တွေးနေတာ။”
"ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အတူတူရှိတာ တော်တော်ကြာပြီထင်တယ်။ သူတို့က အထက်တန်းကျောင်းမှာကတည်းက အရမ်းနီးစပ်ခဲ့ကြပြီး လင်းဖန်ရဲ့ ပခုံးပေါ်တောင် မှီအိပ်သေးတယ်။ အနုပညာလောကထဲမှာ ဖြူစင်ချင်ယောင် ဆောင်တာကတော့ တကယ်ရွံဖို့ကောင်းတယ်။”
"အောင်မယ်လေး ရှားဝမ်ချွေ့က ဒီလိုလူမျိုးပါလား။ အဲ့တာကြောင့်လည်း လင်းဖန်နဲ့မှ အကြင်နာပေးခန်း ရိုက်တာကိုး။”
"ငါ့အမြင်မှာတော့ ရှားဝမ်ချွေ့က ပရိသတ်တွေကို လှည့်စားဖို့အတွက် စရိုက်တစ်ခုကို တမင်တကာ လုပ်ယူခဲ့တယ်လို့ ထင်တာပဲ။ နောက်ဆုံးတော့လည်း ဟန်မဆောင်နိုင်တော့ဘဲ သူ့သရုပ်မှန်ကို ထုတ်ပြလိုက်ရတော့တာပဲ။”
"ငါ သူ့ပရိသတ် မလုပ်တော့ဘူး။ ညီမလေး လင်းခယ့်ရှင်းကို ပိုကြိုက်သွားပြီ။ သူက ပေကျင်းရုပ်ရှင်တက္ကသိုလ်က အချောအလှ စံပြကျောင်းသူလေးဖြစ်ပြီး မကြာသေးခင်ကမှ ဘွဲ့ရထားတာ။ ရှားဝမ်ချွေ့ထက်လည်း ၁ နှစ် ငယ်တယ်။”
“လင်းခယ့်ရှင်းက အရမ်းလှတာပဲ။ ရှားဝမ်ချွေ့ကို လင်းခယ့်ရှင်းနဲ့ ယှဥ်လို့ရပါ့မလား။”
တိုက်ခိုက်သံ မြောက်များစွာကို ကြားနေရသည်။
အမှန်ပင်။ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့၏ ပရိသတ်အစစ်အမှန်များလည်း လိုင်းပေါ်မှာ အများကြီး ရှီပါသည်။ နှစ်ဖက်စလုံး၏ ပရိသတ်များ၏ လိုင်းပေါ်က တိုက်ပွဲများ စတင်ပါတော့သည်။
ကောလဟာလများစွာ ထွက်လာ၏။ ရှားဝမ်ချွေ့နဲ့ လင်းဖန်ကို နာမည်ပျက်စေသော အရာများပါ ပါသည်။ အားလုံးနီးပါး ပေါ်ထွက်လာကြသည်။
တစ်ဖက်မှာတော့ လင်းခယ့်ရှင်းက ချီးကျူးစကားများကိုသာ ခံနေရပါသည်။
သူမကရေပန်းစားပြီး ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ အလှအပ စံပြကျောင်းသူအဖြစ် ဘွဲ့ရထားသူ ဖြစ်သည်။ သူမက အလွန် စင်ကြယ်ပြီး သူမ၏ သရုပ်ဆောင်စွမ်းရည်များကလည်း အတော်လေး ကောင်းမွန်ပါသည်။ ထို့အပြင် လင်းခယ့်ရှင်း ပါဝင်သရုပ်ဆောင်ထားသည့် "ကြယ်ဥယျာဥ်" ရုပ်သံဒရမ်မာကိုလည်း စတင်ရိုက်ကူးပါတော့မည်။
ခဏလောက်အထိ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်းပိုင်း၏ လူကြိုက်များမှု တဖြည်းဖြည်းချင်း ဖိနှိပ်ခံလာရပါသည်။
ဟွာစဲရုပ်ရှင်၏ စျေးကွက်တန်ဖိုးကတော့ မြင့်တက်နေပြီး လင်းခယ့်ရှင်း၏ လူကြိုက်များမှုလည်း မြင့်တက်နေသည်။
ဝေဖန်မှုမြောက်များစွာဖြင့် ရင်ဆိုင်ရရင်း ရှားဝမ်ချွေ့က အားလုံး၏ ပစ်မှတ် ဖြစ်လာသည်။ ကောလဟာလများက နေရာတိုင်းသို့ ပျံ့နှံ့သွား၏။
ဟွာစဲရုပ်ရှင်၏ တွန်းအားပေးမှုအောက်တွင် ကောလဟာလများက ဆက်လက်ပြန့်နေဆဲပင်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ အိပ်တောင် အိပ်ပြီးကြပြီဟု တချို့က ပြောလာကြသည်။ ရှားဝမ်ချွေ့က အပျို မဟုတ်တော့ဘူး စသဖြင့်။
ယွဲ့ဟွာဖျော်ဖြေရေးက ဒီလောက် ကောလဟာလအများကြီးကို မျှော်လင့်မထားခဲ့ပါ။
ထင်ထားသည့်အတိုင်း ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားပြီးနောက်၊ ဒုတိယတွဲကို ထုတ်လုပ်ခါနီးတွင် သူတို့နောက်က အင်အားများက ရှားဝမ်ချွေ့ကို စတင်ပစ်မှတ်ထားလာပါသည်။
ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပရိသတ်ကလည်း သန်း ၉၀ ကျော်မှ ၈၆ သန်းအထိ လျော့ကျသွားသည်။
ရှားဝမ်ချွေ့တစ်ယောက် သူမ လုပ်ငန်းမှာ ဒီလိုကပ်ဘေးကြီးကို ဒီလောက်စောစော တွေ့လာရလိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပါ။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ထုတ်လုပ်ဖို့ ပြင်ဆင်မှုများတောင် ထိခိုက်မှု ရှိလာခဲ့သည်။
ယွဲ့ဟွာဖျော်ဖြေရေးတစ်ခုလုံး ဒီဝဲဂယက်ကြီးထဲ မျောပါသွားခဲ့ပါသည်။