အခန်း(၁၄၁) ဓားနှင့်နတ်သမီး၏ဒဏ္ဌာရီ၊ထိပ်တန်း ရုပ်သံဒရမ်မာနောက်တစ်ခု
Vol. 10 Ch. 141
အခန်း(၁၄၁) ဓားနှင့်နတ်သမီး၏ဒဏ္ဌာရီ၊ထိပ်တန်း ရုပ်သံဒရမ်မာနောက်တစ်ခု
"လင်းဖန် ငါလည်း ပါမယ်။ ငါ တခြားဒရမ်မာတွေကို ငြင်းထားတယ်။ မင်း ဇာတ်ဝင်ခန်းရိုက်ဖို့ ငါ့ကို လိုရင် ပွင့်ပွင့်လင်းလင်းသာပြော" ရှုယန်က လင်းဖန်၏ ပခုံးကိုပုတ်ကာ ပြောလိုက်ပါသည်။
"ဆရာ ငါကောပဲ။ ရှောင်းယွီက အရမ်းတော်တယ်။" စုရှောင်းယွီက လင်းဖန်ကို ပြုံးပြလိုက်ပါသည်။
"ငါကောပဲ" လင်းကျင်းကျင်းကလည်း အတည်ပေါက် ပြောလိုက်ပါသည်။
"ငါတို့ ဝမ်ချွေ့ကို လူတွေ အနိုင်ကျင့်တာမျိုး သည်းခံလို့ မဖြစ်ဘူး။ သူတို့ ယွဲ့ဟွာမှာ ဘာမှ မရှိဘူးလို့ ထင်နေလား။ လင်းခယ့်ရှင်းနဲ့ စာချုပ် ချုပ်ထားလည်း ဘာဖြစ်လဲ။ ငါတို့လက်ရာ ကောင်းကောင်း ထုတ်လုပ်လို့ ရသေးတာပဲ" ဒါရိုက်တာ လုပမ်ခိုင်းက စားပွဲခုံကို ရိုက်လိုက်ပါသည်။
အားလုံး လင်းဖန်ကို ယုံကြည်မှု ပြည့်ဝနေကြသည်။
လင်းဖန်သာ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်လုပ်နိုင်ပြီး မူလသရုပ်ဆောင်များသာ ပါဝင်သရုပ်ဆောင်လိုက်ပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက လင်းခယ့်ရှင်း ပါဝင်သရုပ်ဆောင်ထားသည့် ကြယ်ဥယျာဥ်ကို မရှုံးလောက်ပါ။
စီအီးအိုလီက လင်းဖန်ကိုကြည့်ပြီး ပြောလိုက်ပါသည်။ "လင်းဖန် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲဇာတ်ညွှန်းက အခြေအနေ ဘယ်လိုရှိလဲ။ ဖြစ်နိုင်ရင် ငါတို့ ရိုက်ကူးရေးစပြီး သူတို့ကို စစ်ကြေညာကြရအောင်။”
ဇာတ်ညွှန်းကောင်းတစ်ခုက ရုပ်သံဒရမ်မာတစ်ခု၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
ဟွာစဲရုပ်ရှင်မှာ ထိပ်တန်း ဇာတ်ညွှန်းရေး ဆရာကြီးငါးယောက် ရှိသော်လည်း လင်းဖန်ကလည်း စစ်မှန်သည့် ဇာတ်ညွှန်းရေးဆရာကြီး ဖြစ်ပါသည်။
လင်းဖန်ရဲ့ ဇာတ်ညွှန်းက ဒီလူတွေကို မမှီဘဲ နေပါ့မလား။
လင်းဖန်၏ ဒီလောကထဲက အတွေ့အကြုံက မမြင့်သေးတာ မှန်သော်လည်း လင်းဖန်နဲ့ ဆက်ဆံဖူးသူများသာ သူ့ဇာတ်ညွှန်းရေး စွမ်းရည်ကို ကြုံတွေ့ဖူးပါလိမ့်မည်။
စီအီးအိုလီက ဆက်ပြော၏။ "လင်းဖန် ဇာတ်ညွှန်းတစ်ခုကို ထုတ်မယ်ဆို ကုမ္ပဏီက မူပိုင်ခွင့် ဝယ်ယူပြီး မင်းရဲ့ ဇာတ်ညွှန်းကို ပြန်ရိုက်ကူးမယ်။ စျေးမနှိမ်ဘဲ အရင်ကထက်တောင် မြင့်မယ်။”
အားလုံး၏ မျှော်လင့်စောင့်စားသော အကြည့်အောက်တွင် လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "စီအီးအိုလီ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲဇာတ်ညွှန်းက မပြီးသေးပါဘူး။ ဟုတ်တာပေါ့။ ဒီစီးရီးရဲ့ ဒုတိယတွဲကို သေချာပေါက် ရိုက်မှာပါ။ ဒါပေမယ့် အချိန်ယူရမယ်။”
"ကျွန်တော် မကြာသေးခင်ကမှ ဇာတ်ညွှန်း အသစ်တစ်ပုဒ် ရေးထားသေးတယ်။ ရုပ်သံဒရမ်မာအဖြစ် ပြန်လည်ရိုက်ကူးဖို့ စီစဥ်ထားတယ်ဗျ။” လင်းဖန်က ပြောလိုက်၏။
လင်းဖန် ဇာတ်ညွှန်းသစ် ရေးထားသည်ဟု ကြားလိုက်ရသောအခါ အားလုံး တုန်လှုပ်သွားပါသည်။
လင်းဖန် ဇာတ်ညွှန်း အသစ်စက်စက်တစ်ခု ရေးထားတာလား။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ကုမ္ပဏီ လောလောဆယ် မရိုက်ကူးနိုင်သေးရင်တောင် အဆင်ပြေသည်။
"ကောင်းပြီ။ ငါ ဇာတ်ညွှန်းကို မဖတ်တော့ဘူး။ ကုမ္ပဏီက တစ်ပိုင်းကို ၆၀၀,၀၀၀ နဲ့ ဝယ်မယ်။”
"ဟုတ်တာပေါ့။ စျေးကွက်ထဲက ဖျော်ဖြေရေး ကုမ္ပဏီတွေကိုလည်း မင်းဇာတ်ညွှန်းပြကြည့်လို့ ရပါတယ်။ ဒီဇာတ်ညွှန်းအတွက် ရိုက်ကူးခွင့်ကို ဘယ်သူရရ အရေးမကြီးဘူး။ မင်းသေချာပေါက် ရေပန်းစားတဲ့ ရုပ်သံဒရမ်မာ အသစ်စက်စက်တစ်ခုကို သေချာပေါက် ရိုက်ကူးနိုင်မယ်ဆိုတာ ငါယုံကြည်တယ်။” စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
ဒါ လင်းဖန်အပေါ် ထားရှိသော သူ့ယုံကြည်မှု ဖြစ်ပါသည်။
လင်းဖန်က ကုမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာ မဟုတ်ပါ။ ထို့ကြောင့် သူ့ဇာတ်ညွှန်းကို သူလုပ်ချင်တာ လုပ်လို့ ရပါသည်။
လင်းဖန်၏ ဇာတ်ညွှန်းများကို စျေးမြင့်မြင့်ဖြင့် ရောင်းနိုင်သည်။
လက်ရှိ လင်းဖန်က အနုပညာလောကထဲတွင် အတော်လေး နာမည်ကြီးသူ ဖြစ်၏။
တစ်ပိုင်းကို ၆၀၀,၀၀၀ စျေးကပင် အတော်လေး မြင့်မားနေပါပြီ။
"ဟုတ်ကဲ့ပါ။ ကျွန်တော်ဇာတ်ညွှန်းကို အရင် တင်ပြပြီး မူပိုင်ခွင့် ယူလိုက်ဦးမယ်။ ပြီးမှ ဇာတ်ညွှန်းအတွက် စာချုပ်ချုပ်ပြီး ရိုက်ကူးရေး စလို့ရပါပြီ။" လင်းဖန်က ပြုံးလိုက််ပါသည်။
"ဒါနဲ့ လင်းဖန် မင်းဇာတ်ညွှန်းနာမည်က ဘာတဲ့လဲ။" စီအီးအိုလီက မေးလိုက်ပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဌာရီတဲ့။"
လင်းဖန်၏ ဇာတ်ညွှန်းအသစ်က "ဓားနှင့်နတ်သမီး ဒဏ္ဌာရီ" ဖြစ်ပါသည်။
သူက တကယ့် ဂန္ဓဝင်လက်ရာစစ်စစ်ကို ဖန်တီးချင်ပြီး လူတွေလေးလေးနက်နက် သဘောကျမည့် ရုပ်သံဒရမ်မာမျိုး ဖန်တီးချင်သည်။
ထို့ကြောင့် ဒီဇာတ်ညွှန်းက လင်းဖန်၏ ဆန်းသစ်မှု ဖြစ်ပါသည်။
သူ့ရဲ့ မာစတာအဆင့် ဖန်တီးနိုင်စွမ်းနှင့် လူတိုင်း သိသည့် ဂန္ဓဝင်လက်ရာတစ်ခုကို လင်းဖန် ဖန်တီးချင်သည်။
မူပိုင်ခွင့်တင်ပြီးနောက် ဖျော်ဖြေရေး ကုမ္ပဏီများစွာက လင်းဖန်၏ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဇာတ်ညွှန်းကို ကြည့်လိုက်ကြပါသည်။
အစကတော့ ဖျော်ဖြေရေးကုမ္ပဏီများစွာက ဇာတ်ညွှန်းအတွက် ယှဥ်ပြိုင်ကြလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း အံ့သြဖို့ကောင်းစွာ ယွဲ့ဟွာဖျော်ဖြေရေးကလွဲပြီး တခြား ဖျော်ဖြေရေးကုမ္ပဏီများက လင်းဖန်၏ ဇာတ်ညွှန်း ရိုက်ကူးခွင့်ကို ဘယ်သူမှ မဝယ်ကြပါ။
"ဟယ်လို မစ္စတာလင်း။ ကျွန်တော်တို့ ကုမ္ပဏီက မစ္စတာလင်းရဲ့ ဇာတ်ညွှန်းရေး စွမ်းရည်ကို အရမ်းလေးစားပါတယ်။ ဒီဇာတ်ညွှန်းထဲက ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် စာချုပ် မချုပ်နိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ နောက်ဇာတ်ညွှန်းတစ်ခုအတွက် အတူတူ အလုပ်တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။”
"မစ္စတာလင်း။ ခင်ဗျားရဲ့ ဇာတ်ညွှန်း ဇာတ်လမ်းက မဆိုးပါဘူး။ ဇာတ်သိမ်းက မလှတာတော့ နှမြောစရာပဲ။ တရုတ်ရုပ်သံဒရမ်မာတွေ အကုန်လုံးက ဟာသတွေချည်းပဲလေ။ ပရိသတ်ကလည်း ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းကို ပိုကြိုက်ကြတယ်။ ဇာတ်သိမ်းမလှရင် အဆင်ပြေမှာ မဟုတ်ဘူး ထင်တယ်။”
"ဇာတ်သိမ်း မလှတဲ့ ရုပ်သံဒရမ်မာ ဖြစ်နေလို့ပေါ့။ စျေးကွက်ထဲက လိုအပ်ချက်တွေနဲ့ ပြည့်မှီတယ်လို့ ကျွန်တော်တို့ မထင်ဘူး။ အတူတူ အလုပ် မလုပ်နိုင်တာ စိတ်မကောင်းပါဘူး။ ဟာသအဖြစ် ပြောင်းလဲလိုက်ရင်တော့ ကျွန်တော်တို့ အတူတူ တွဲလုပ်နိုင်မှာပါ။ ပြောင်းလဲချင်လား။”
ဖျော်ဖြေရေး ကုမ္ပဏီအားလုံးနီးပါးက လင်းဖန်၏ "ဓားနဲ့နတ်သမီးဒဏ္ဌာရီ" ကို ငြင်းလိုက်ကြပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဌာရီ၏ ဇာတ်သိမ်းက ခေါင်းဆောင်မင်းသမီးတစ်ယောက် ဇာတ်လိုက်၏ လက်ထဲတွင် သေဆုံးသွားခြင်း ဖြစ်သည်။
ငှက်အဖြစ် ပြောင်းလဲသွားပြီး အတူတူ ပျံသန်းသွားသည့် ဇာတ်ကောင်နှစ်ကောင်လည်း ရှိသေးသည်။ သူတို့က ကောင်းကင်ပေါ်မှာ အတူတူ ပျံသန်းချင်သည့် အချစ် ငှက်ကလေးနှစ်ကောင် ဖြစ်ချင်ခဲ့ခြင်း ဖြစ်သည်။
ဇာတ်လမ်းက ပြောင်မြောက်သည်။ အချစ်ရေး ဇာတ်ဝင်ခန်းများကလည်း ကြည်နူးစရာ ဖြစ်၏။ သို့သော်လည်း ရင်ကွဲစရာကောင်းလွန်းပါသည်။
ယနေ့ခေတ် တရုတ်ရုပ်သံဒရမ်မာများထဲတွင် အများစုက လူငယ်ကြိုက်များသာ ဖြစ်သည်။ အားလုံးက ပြန်လည်ဆုံစည်းခြင်းကိုသာ သဘောာကြကြသည်။ စျေးကွက်ပေါ်မှာ ဇာတ်သိမ်း မလှသည့် ရုပ်သံဒရမ်မာဆိုတာ မရှိခဲ့ဖူးပေ။
ထို့ကြောင့်လည်း ဒီလို ဇာတ်ညွှန်းမျိုးက ရက်စက်လွန်းသဖြင့် အဓိက ဖျော်ဖြေရေး ကမ္ပဏီကြီးများ အားလုံး ငြင်းဆန်လိုက်ခြင်း ဖြစ်ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးတွင်။
လူများစွာ လင်းဖန်၏ ဇာတ်ညွှန်းကို ဖတ်နေကြသည်။
လင်းဖန်ဘာကြောင့် ဇာတ်သိမ်းမလှသည့် ဇာတ်ညွှန်းမျိုး ရေးရတာလဲ နားမလည်ကြပေ။
ရှုယန်တောင် နားမလည်ပါ။
သို့သော်လည်း လင်းဖန်ကို အမြဲတမ်း ထောက်ခံသည့် လူတစ်ယောက်တော့ ရှိပါသည်။
သူက ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်း ဖြစ်၏။
"ဘုရား... ဇာတ်ညွှန်းရေးထားတာ တော်တော် ကောင်းတာပဲ။"
"လင်းဖန်ရဲ့ ဇာတ်ညွှန်းက အရင် ဘဝရဲ့ပျော်ရွှင်မှုထက်တောင် ပိုကောင်းနေသေးတယ်။ နက်နဲမှုလည်း ပိုမြင့်တယ်။” ဆရာကြီး ထျန်ကျန်းက အံ့သြစွာ ပြောလိုက်သည်။
"အပြင်ပိုင်းမှာတော့ ဇာတ်ညွှန်းက ဇာတ်သိမ်းမလှတဲ့ပုံပေါ်ပေမယ့် ဒီဇာတ်ညွှန်းထဲက ဇာတ်သိမ်းမလှမှုက လူအများကြီးနဲ့ ဆက်နွယ်နေလို့ပဲ။”
"ဒါက တကယ့်ကို ရဲတင်းတဲ့ ကြိုးစားမှုပဲ။ ဒါပေမယ့် ဆန်းသစ်မှု မရှိဘဲ အောင်မြင်မှုဆိုတာ ဖြစ်လာနိုင်ပါ့မလား။”
"စဥ်းစားကြည့်စမ်းပါ။ ရေနွေးငွေ့အင်ဂျင်တွေ မရှိဘဲ လူသားတွေက စက်ရုံခေတ်ကို ရောက်လာနိုင်ပါ့မလား။ ထပ်ခါထပ်ခါ တိုးတက်မှုမရှိဘဲ လူသားတွေက အမြှောက်တွေ၊ လေယာဥ်တွေကို တီထွင်နိုင်ခဲ့ပါ့မလား။ ဒီလို ဆန်းသစ်တဲ့ ပါရမီရှင်မျိုးတွေက ခေတ်တစ်ခေတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တယ်။”
"ဇာတ်ညွှန်းထဲက ဇာတ်ကောင်စရိုက်တွေက သေသပ်တယ်။ အနုပညာဆန်ပြီး လက်တွေ့လည်း ကျတယ်။ ဒီရုပ်သံစီးရီးရဲ့ Themeက ကံကြမ္မာပဲ။ ကံကြမ္မာဆိုးဆိုတာ လှပတာ တစ်ခုခုကို မျက်နှာချင်းဆိုင်ရင်း ပျက်စီးမှုထဲ လျှောက်လှမ်းရတဲ့ စိတ်ပျက်အားလျော့မှုပဲ။ ပြီးတော့ ဒါက ရှန်းရှဒရမ်မာပဲ။ တကယ်ပဲ ကြမ္မာဆိုးပေမယ့် ဒီရုပ်သံစီးရီးကိုသာ ထုတ်လွှင့်ပြသလိုက်ရင် တကယ့် ဂန္ဓဝင်လက်ရာ ဖြစ်လာမှာ သံသယဖြစ်စရာ မလိုဘူး။”
"အဲ့တာကြောင့် လင်းဖန်ရဲ့ ဇာတ်ညွှန်းက တော်တော်လေး ကောင်းတယ်လို့ ငါထင်တယ်။”
"ဒီဇာတ်ညွှန်းကို ကောင်းကောင်း ရိုက်ကူးနိုင်မယ်ဆိုရင် ဓားနှင့်နတ်သမီးဒဏ္ဌာရီက ရှန်းရှဒရမ်မာတွေရဲ့ ထိပ်တန်း ဖြစ်လာပြီး နိုင်ငံတော် တစ်လျှောက်လုံး လုံးဝ နာမည်ကြီးလာလိမ့်မယ်။” ဆရာကြီးထျန်ကျန်းက ပြောလိုက်ပါသည်။ လင်းဖန်၏ ဇာတ်ညွှန်းကို ချီးကျူးလိုက်ပါသည်။
ဖျော်ဖြေရေးကုမ္ပဏီအတော်များများက လင်းဖန်၏ ဇာတ်ညွှန်းကို အထင်မကြီးသော်လည်း ဆရာကြီးထျန်ကျန်းက အလွန် အသိအမှတ်ပြုပါသည်။
ဆရာကြီးထျန်ကျန်း၏ မျက်လုံးထဲမှာတော့ လင်းဖန်က တကယ့် ဇာတ်ညွှန်းရေးဆရာစစ်စစ် ဖြစ်သည်။ လင်းဖန်၏ အမြင်က ရွှေအဆင့် ဇာတ်ညွှန်းရေးဆရာ ဆိုတာထက် ကျော်လွန်နေပါပြီ။
လင်းဖန် ရေးသားထားသည့် "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" က လင်းခယ့်ရှင်း ပါဝင်သည့် "ကြယ်ဥယျာဥ်" ကိုပင် ကျော်လွန်သွားနိုင်ပါသည်။ ဒီရုပ်သံဒရမ်မာက တကယ့် ဂန္ဓဝင်လက်ရာစစ်စစ် ဖြစ်နိုင်သည်။ ရုပ်သံဒရမ်မာများ၏ သမိုင်းဝင်စံချိန်ကို ချိုးဖျက်ပြီး ထိပ်တန်း ဂန္ဓဝင်လက်ရာ ဖြစ်လာပါလိမ့်မည်။