များများပြော နည်းနည်းလုပ်
Vol. 53 Ch. 733
ရှန်းမူချင်က လျှောက်လှမ်းလာသည့် လူအုပ်ကြီးကို သတိပြုမိလိုက်ကြသည်။ သူမက သက်ပြင်းတစ်ခါ ပြန်ချလိုက်ပြီး တစ်ခုခု ပြောဖို့ရာ နောက်ကျသွားကြောင်း သိလိုက်မိသည်။
“ ဘာဖြစ်တာလဲ ” ရှေ့ဆုံးမှ အင်မော်တယ်ဘုရင်က ရောက်လာသည်နှင့် အော်ကာ မေးလိုက်သည်။ ဤဆိုင်မှာ အနှောင်အဖွဲ့ကင်း နန်းတော်က ပိုင်ဆိုင်ခြင်း ဖြစ်ရာ မည်သို့ပင် ဖြစ်လာစေကာမူ သူ့အနေနှင့် အနှောင်အဖွဲ့ကင်း နန်းတော်ဆီ သင့်တော်သော အဖြေကို ပေးရမည် ဖြစ်၏။
“ ပင်မကိစ္စ ရေးရာ ခန်းမသခင် … သူတို့က ကျုပ်ဆိုင်းဘုတ်ကို ဖျက်စီးပစ်ပြီးတော့ သူတို့ကျင့်ကြံဆင့်နဲ့ လာအနိုင်ကျင့်နေတာပါ ” မဟာကျီရှန်းအဆင့် ကျင့်ကြံသူက စူးခရာအင်မော်တယ်မြိုဟောင်း၏ စည်းကမ်း ထိန်းသိမ်းမှူးတို့ကို မြင်သည့်အခါ မြန်မြန် သွားကာ အခြေအနေကို ရှင်းပြလိုက်၏။
ထိုအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိကို မြင်လိုက်သည့်အခါ မှတ်မိသွား၍ ချက်ချင်းဆိုသလို တအံ့တဩ တုန်လှုပ်သွားတော့သည်။
ယခင် အင်မော်တယ် ဧကရာဇ် လွန်ချိုက်က မိုဝူကျိ၏ အလိုရှိ ဖမ်းဝရမ်းကို ထုတ်ခဲ့ဖူးလေရာ သူက မည်သို့များ မိုဝူကျိ၏ မျက်နှာကို မမှတ်မိဘဲ နေရမည်နည်း။
ထိုမိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် တစ်ယောက်ဖြစ်ပြီး လုံးဝကို မရိုးရှင်းပေ။ မဟာဧကရာဇ်များ အဝိုင်းခံထားရလျက်နှင့်ပင် ထွက်ပြေးလွှတ်မြောက်သွားသူလည်း ဖြစ်၏။ ယခု သူက စူးခရာအင်မော်တယ်မြို့ဟောင်းသို့ ပြန်လာပြီ ဖြစ်ရာ ထိုလူက မိုဝူကျိသည် ကိုယ့်သေတွင်းကို လာတူးခြင်း ဖြစ်သည်ဟု ပြောလျှင်ပင် မယုံနိုင်ပေ။
အကယ်၍ မိုဝူကျိက ဤမျှ ဉာဏ်ရည်နိမ့်ကျနေလျှင် အကြိမ်များစွာ အသတ်ခံပြီးလောက်လေပြီ။
တစ်ချိန်တည်းဆိုသလို ဤအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိသည် ဤဈေးဆိုင် ဆိုင်းဘုတ်အား အဘယ်ကြောင့် တစစီ လုပ်ပစ်မှန်း ကောင်းကောင်း သိပေ၏။ ဤဆိုင်မှာ မိုဝူကျိ အပိုင်ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
သို့သော်လည်း ဤအင်မော်တယ်ဘုရင်က တိုက်ခိုက်မှု တိုင်ကြားသူမှာ အနှောင်အဖွဲ့ကင်း နန်းတော်မှ လူဖြစ်ကြောင်း သိထားပေ၏။ သူက မိုဝူကျိကို စိတ်အနှောင့်အယှက် မပေးလိုသလို အနှောင်အဖွဲ့ကင်း နန်းတော်ကိုလည်း ရန်မစဝံ့ပေ။ မည်သည့်ကိစ္စ ဖြစ်လာစေကာမူ အနှောင်အဖွဲ့ကင်းနန်းတော်အား ကျေနပ်လောက်သည့် ရှင်းပြချက်မျိုး ပေးဖို့ရာ ကြံရွယ်ထားသည့် အတွေးလေးပင် အငွေ့ပျံသွားလေပြီ။ ယခု အရေးကြီးဆုံးမှာ သူ့ဘေးကင်းလုံခြုံမှုသာ မဟုတ်ပါလော။
ထိုအတွေးဖြင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မျက်မှောင်ကျုတ်လိုက်ရင်း လက်နှစ်ဖက် ယှက်ာ “ အင်မော်တယ်ရောင်းရင်း သူ့ဆိုင်းဘုတ်ကို ဘာလို့ ဖျက်စီးပစ်လိုက်တာလဲ…. ”
သူက မိုဝူကျိကို မမှတ်မိသည့်အလား ဟန်ဆောင်လိုက်တော့သည်။ သူလိုအဆင့်လေးကို ထည့်မပြောလျှင်ပင် စူးခရာအင်မော်တယ်မြို့၏ မြို့စားပင် မိုဝူကျိအား ရန်စဖို့ရာ မတတ်နိုင်ပေ။ တူညီလှစွာ သူက မဟာဧကရာဇ် လွန်ချိုက်ကိုလည်း ရန်မစရဲပေ။
“ ဒီဆိုင်က ကျုပ်အပိုင် ….” မိုဝူကျိက အသာပြောလိုက်သည်
“ ဒီလူက ကျုပ် သဘောတူညီချက် မရဘဲနဲ့ ကျုပ်ဆိုင်နေရာမှာ စီးပွားရေး လုပ်နေတာလေ။ အဲကြောင့် သူ့ဆိုင်းဘုတ်ကို ချေမွပစ်တာ ဘာဖြစ်လဲ … ”
“ အမှိုက်လို စကားတွေ …. ဒီဆိုင်က ကျုပ်ကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့တာဝန်ခံကောက ပေးထားတာ ” မဟာကျီရှန်းအဆင့် ကျင့်ကြံသူက စူးခရာအင်မော်တယ်မြို့ဟောင်း တာဝန်ရှိသူမှာ မိုဝူကျိအား အဘယ်ကြောင့် ရိုရိုသေသေ ဆက်ဆံနေသည့် အကြောင်းအရင်းကို မသိဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။ သူက အနှောင်အဖွဲ့ကင်းနန်းတော်မှ လူဖြစ်မှန်း တာဝန်ရှိသူ သိထားသောကြောင့် ဖြေရှင်းပေးသင့်ပေသည်။
တာဝန်ရှိသူက မိုဝူကျိအပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်ကို သတိပြုမိလိုက်၍ မဟာကျီရှန်းအဆင့် ကျင့်ကြံသူက သူ့စကားအဆုံးတွင် လှမ်း၍ အကြောင်းကြားလိုက်သည်။
ခဏအကြာတွင် ကောချီက အပြေးအလွှား ရောက်လာလေ၏။ သူမက မဟာကျီရှန်းအဆင့် ကျင့်ကြံသူအား သူမကို အဘယ်ကြောင့် အရေးတကြီး လှမ်းခေါ်လိုက်ရလဲဟု မေးချင်နေမိသည်။ သို့သော်လည်း ဘေးတွင် ရပ်နေသော မိုဝူကျိကို မြင်လိုက်ရသည်။
“ ဆေးလုံးဆရာမို …” ကောချီက စိတ်လှုပ်ရှားသွားကာ အဖြစ်အပျက်ကို နားလည်လိုက်သည်။
ယခင် သူမက မိုဝူကျိအား ဤဆိုင်ကို ပေးခဲ့သူ ဖြစ်သော်လည်း ဤဆိုင်မှာ အနှောင်အဖွဲ့ကင်း နန်းတော်ကြောင့် ပျက်စီးသွားပြီး မိုဝူကျိက မဟာဧကရာဇ်များ ဝိုင်းရံခြင်းကို ခံလိုက်ရသောကြောင့် အာကာပြင်ထဲ ကျရှုံးသွားပြီ ဖြစ်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်လာသည်။ မိုဝူကျိက မသေသေးလျှင်ပင် ပြန်လာရဲတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤဆိုင်အား အနှောင်အဖွဲ့ကင်းနန်းတော်မှ မဟာကျီရှန်းအဆင့် ကျင့်ကြံသူလေးနှင့် မိတ်ဆွေဖွဲ့ဖို့ရာ ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူမက မိုဝူကျိ ရှင်နေရုံသာမက ရဲရဲတင်းတင်း ပြန်ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ လက်ရှိ ကောချီက အကျပ်အတည်းထဲ ကျရောက်နေလေ၏။ အကြောင်းမှာ သူမက မိုဝူကျိ အသက်ရှင်နေမှန်း သိလျှင် သူမက အနှောင်အဖွဲ့ကင်း နန်းတော်ကို ငြင်းပယ်မိလိမ့်မည်။ အနှောင်အဖွဲ့ကင်းနန်းတော်က ဤနေရာကို အတင်းကျပ် သိမ်းပိုက်သွားခြင်းမှာ သူမဘာသာ ပေးလိုက်ခြင်းထက် အဆတစ်သောင်းမက ပိုကောင်းပေသည်။
“ တာဝန်ခံကော …. ဘာဖြစ်တာလဲ။ ဘယ်လို ပြဿနာဖြစ်ဖြစ် ကျုပ်တို့ အနှောင်အဖွဲ့ကင်း နန်းတော်က ဖြေရှင်းနိုင်ပါတယ် …” မဟာကျီရှန်းအဆင့် ကျင့်ကြံသူပင် ကောချီ တုံ့ပြန်မှုမှာ ထူးဆန်းနေကြောင်း သတိပြုမိလိုက်၏။
မိုဝူကျိက ကောချီ၏ နှုတ်ဆက်မှုကို အသိအမှတ်မပြုပေ။ အကြောင်းမှာ ဤဆိုင်မှာ သူ့ပိုင်ဆိုင်မှုသာ ဖြစ်နေဆဲ ဖြစ်၏။ ကောချီက သူ့ကို ဤဆိုင် ပေးထားသောကြောင့် သူက ကျေးဇူးတင်သည့်အနေနှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အတွက် ဆေးလုံးများ ဖော်စပ်၍ ပေးခဲ့သေး၏။ သူ့အတွက် ဤမျှ လုပ်ပေးပြီးပြီ ဖြစ်ရာ ကြင်နာမှုကို ပြန်လည် ပေးဆပ်ပြီးပြီဟု ယုံကြည်လေသည်။
သူက ကောချီသည် သူ့ဆိုင်ကို ပေးပစ်လိုက်ခြင်းအား အလွန်မကျေမနပ် ဖြစ်နေမိသည်။ အကယ်၍ ရိုးရှင်းနေပါက မိုဝူကျိသည် မေ့လျော့ထားနိုင်ဦးမည်။ ဤဆိုင်မှာ မိုဝူကျိအတွက် များစွာအဓိပ္ပါယ် မရှိပေ။ မိုဝူကျိကို မကျေနပ်ဆုံးအရာမှာ ကောချီက သူ့ဆိုင်ကို အနှောင်အဖွဲ့ကင်း နန်းတော်ဆီ ပေးပစ်လိုက်ခြင်း ဖြစ်၏။
သူက အနှောင်အဖွဲ့ကင်းနန်းတော်နှင့် ရန်ကြွေးရှိခြင်းမှာ လူတိုင်းနီးပါး သိပေသည်။ သူတို့က သူ့တျန်းဂျီဆေးဆိုင်မှ လူအားလုံးကို သတ်ပစ်လိုက်ပြီး သူ့အား တစ်လောကလုံးအနှံ့ လိုက်ရှာဖွေကာ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်၏ လင်းဂူနှင့် သူ့ဆရာကိုပင် သင်ခန်းစာ ပေးလိုက်ကြသေး၏။ ထို့အပြင် စန္ဓာဖွေရှာ တောင်ကိုလည်း ဖြိုချလိုက်သေးသည်။ သူက ဤရန်ကြွေးကို မည်သည့်နည်းနှင့်မျှ မမေ့နိုင်ပေ။
အင်မော်တယ်လောကရှိ လူတိုင်းက သူနှင့် မဟာဧကရာဇ် လွန်ချိုက်ကြားမှ ရန်ကြွေးကို ပြောနေလေရာ ကောချီ မသိကြောင်း မယုံပေ။ ဤအဖြစ်အပျက်မှ မိုဝူကျိသည် ကောချီသည်လည်း စီးပွားရေးအတွက်သာ အလုပ်လုပ်သူ ဖြစ်ကြောင်း ကောက်ချက်ချလိုက်နိုင်သည်။ သို့သော်လည်း ကောချီကို သူ့မိတ်ဆွေအဖြစ် ဘယ်တော့မှ မသတ်မှတ်တော့ပေ။
“ ဆေးလုံးဆရာမို … အဲဒီ ဆိုင်ကလေ …” ကောချီက မည်သို့ ဆက်ပြောရမည်မှန်း မသိတော့ပေ။ အကြောင်းမှာ မိုဝူကျိ ပြန်လာမည်မှန်း သူမသာ သိခဲ့လျှင် သူက ဤသို့ဉာဏ်မရှိသည့် လုပ်ရပ်မျိုး လုပ်မိမည် မဟုတ်ပေ။
မိုဝူကျိ၏ ခံစားချက်မဲ့ အမူအယာကို သတိပြုမိပြီး ကောချီက မိုဝူကျီသည် သူမကို ခွင့်လွတ်တော့မည် မဟုတ်ကြောင်း သိလိုက်၍ မဟာကျီရှန်းအဆင့် ကျင့်ကြံသူဘက်သို့သာ လှည့်ပြောလိုက်တော့သည် “ ဒီဆိုင်က ဆေးလုံးဆရာမိုရဲ့ အပိုင်ပါ ဒါပေမဲ့ ကျမက ဆိုးဆိုးရွားရွား ကိုင်တွယ်မိသွားပါတယ်။ ကျမ ပြန်လျော်ပေးပါ့မယ် … ”
ဤမဟာကျီရှန်းအဆင့် ကျင့်ကြံသူက နောက်ဆုံးတွင် နားလည်သွားပြီး မိုဝူကျိအား အထိတ်တလန့်ကြည့်ကာ “ ခင်ဗျားက အဲဒီ မိုဝူကျိလား …. ”
“ ဟုတ်တယ် မင်းမှန်တယ် … ငါက အဲဒီ မိုဝူကျိပဲ။ အဲကြောင့် ထွက်သွားစမ်း။ တကယ်လို့ မကျေနပ်ရင် လွန်ချိုက်ကို ငါ့ဆီ လာရှာဖို့ ပြောလိုက် …” မိုဝူကျိက လျှောက်လှမ်းသွားရင်း လက်ကို ဝှေ့ယမ်းလိုက်သည့်အတွက် ထိုမဟာကျီရှန်းအဆင့် ကျင့်ကြံသူက နောက်တဖန် လွှင့်စင်သွားပြန်သည်။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျီ ဆိုင်ထဲ ဝင်သွားသည်ကို မြင်သောအခါ လက်ခါပြ၍ ပြောလိုက်သည် “ ခင်ဗျားတို့တွေ ကိုယ့်ကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ဒီကိစ္စကို ဒီမှာ အဆုံးသတ်ကြတာပေါ့ ”
ထိုသို့ပြောပြီးနောက် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ဘာမှဆက်မပြောတော့ဘဲ သူ ခေါ်လာသော သူများနှင့်အတူ လှည့်ထွက်သွားတော့သည်။
မိုဝူကျိ၏ လက်ချက်ကြောင့် လွင့်စင်သွားသည့် မဟာကျီရှန်းအဆင့် ကျင့်ကြံသူက သူ့ပစ္စည်းများကိုပင် လာမသိမ်းရဲတော့ပေ။ သူက မြန်မြန် ထွက်သွားပြီး ပထမဆုံးလုပ်သည့်အရာမှာ ဆက်သွယ်ရေး ပုတီးစေ့မှ လှမ်းအကြောင်းကြားခြင်း ဖြစ်၏။ စူးခရာအင်မော်တယ်မြို့ဟောင်း၌ မိုဝူကျိ ပေါ်လာမှုကို အနှောင်အဖွဲ့ကင်း နန်းတော်အနေနှင့် သိသင့်ပေသည်။
တချို့အလုပ်သမားများက သူတို့ဆိုင်ရှင် ထွက်ပြေးသွားသည့် မြင်ကွင်းကို မြင်ပြီး ထွက်သွားကြလေ၏။ ထိုအဓိပ္ပါယ်မရှိသည့် လူများအတွက် မိုဝူကျိက စိတ်ထဲပင် မထည့်ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ကြသော သူများမှာ ဘာမှကြည့်စရာ မကျန်တော့မှန်း သိလိုက်ရ၍ ကိုယ့်လမ်းကို သွားလိုက်ကာ စူးခရာအင်မော်တယ်မြို့ဟောင်းမှ မောင်းထုတ်ခံလိုက်ရသော ဆေးလုံးဆရာမို ပြန်ရောက်လာကြောင်း သတင်းများ ဖြန့်ကြတော့သည်။
ကောချီက ဖြူဖျော့စွာဖြင့် ဆိုင်ကို ကြည့်လိုက်သော်လည်း တောင်းပန်ဖို့ရာ မဝင်ဖို့ရာသာ ရွေးချယ်လိုက်တော့သည်။ သူမက သူမနှင့် မိုဝူကျိကြားမှ ဆက်ဆံရေးမှာ လုံးဝ ကျိုးပျက်သွားကြောင်း သိလိုက်သည်။
………….…
“ ဆေးလုံးဆရာမို ….” ရှန်းမူချင်က မိုဝူကျိနှင့် ဝေကျီတောက်တို့နောက် လိုက်ဝင်လာလေ၏။ သူမက မိုဝူကျိကို အမှန်တကယ် လေးစားမိပြီး မိုဝူကျိက သူမကို တစ်ကြိမ် ကူညီဖူးသည့်အပြင် သူမကလည်း မိုဝူကျိအား တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ရာ အကြံပေးချင်သေး၏။
“ လွန်ချိုက်က ကျုပ်ကို ပြဿနာ လာရှာမှာကို စိုးရိမ်နေတာလား ” မိုဝူကျိက ရှန်းမူချင်ကို ကြည့်ကာ ပြောလိုက်သည်။ သူမ အကြောင်းပြချက်က မည်သို့ပင် ဆိုစေကာမူ သူမက သူ့ကို အမှန်တကယ် ဂရုစိုက်ခြင်း ဖြစ်၏။
ရှန်းမူချင်က ခေါင်းညိတ်ကာ “ ဟုတ်တယ်လေ သူ့အပြင် ဒီမှာ ဂိုဏ်းအကြီးကြီးတွေလည်း ရောက်နေကြတာ … ပြောရရင် မဟာဧကရာဇ်တွေတောင် ရောက်နေကြတာလေ ”
“ စိုးရိမ်ဖို့ မလိုပါဘူး။ အရင်တုန်းကလည်း ကျုပ် လွန်ချိုက်ကို မကြောက်မှတော့ အခုလည်း မကြောက်ဘူးဆိုတာ ပုံမှန်ပဲ … မင်းရော နှစ်နည်းနည်းလေးနဲ့ မဟာယီရှန်း အလယ်အလတ်အဆင့်တောင် ရောက်လာပြီပေါ့ …. ဂုဏ်ပြုပါတယ် ” မိုဝူကျိက ရယ်ရယ်မောမော ပြောလိုက်သည်။
ရှန်းမူချင်က ခေါင်းခါကာ “ ကျမ တိုးတက်လာတဲ့နှုန်းက ဆေးလုံးဆရာရှေ့မှာ ပြောဖို့တောင် မတန်ပါဘူးရှင် … ”
ရှန်းမူချင်၏ လေသံမှာ အနည်းငယ် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေသောကြောင့် သူမတွင် တစ်ခုခု ပြောစရာရှိနေသေးကြောင်း သိလိုက်သည် “ အင်မော်တယ်ရောင်းရင်း မူချင် ကျုပ်တို့က မိတ်ဆွေတွေပဲမလား … စိတ်ထဲရှိတာ ပြောလို့ ရပါတယ် ”
ရှန်းမူချင်က မိုဝူကျိ စကားကိုကြားသောအခါ ပြုံးလိုက်ရင်း
“ ဟုတ်ပါပြီ … ကျမ အားနာပါတယ်။ ကျမဂိုဏ်းရဲ့ ဘိုးဘေးကလေ ဆေးလုံးဆရာမိုကို တွေ့ချင်နေတာ ကြာလှပြီ။ အရင်နှစ်တွေတုန်းက သူ့မကို ရှင့်ရဲ့အဖြစ်အပျက်ကို ပြောပြလိုက်တော့ သူမက ရှင်ကို သေချာပေါက် ထူးခြားတဲ့သူပဲ သေချာပေါက် တွေ့ချင်တယ်ဆိုပြီး ပြောနေခဲ့တာ …. နှမြောစရာကောင်းတာက ကြားထဲက အဖြစ်အပျက်တွေကြောင့် သူမက ရှင်နဲ့ မတွေ့နိုင်ခဲ့ဘူး။ သူမက ရှာဖို့ ထွက်သွားဖို့တောင် ရည်ရွယ်ထားသေးတာ ….
ဆေးလုံးဆရာမိုက ဆန်းဆန်းကြယ်ကြယ် အသက်ရှင်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ … သူမတော့ ဒီသတင်းကြားရင် အရမ်းကို ဝမ်းသာနေတော့မှာ …. ”
မိုဝူကျိက ရှန်းမူချင်သည် မျှောလွင့်ဝတ်လွှာအင်မော်တယ်တောင်ကြားမှ ဖြစ်ကြောင်း အမှတ်ရလိုက်သော်လည်း မျှောလွှင့်ဝတ်လွှာ တောင်ကြား၏ ဘိုးဘေးကိုတော့ မသိပေ။ သူက အားနာစွာ ပြန်ဖြေလိုက်ရ၏ “ အင်မော်တယ်ရောင်းရင်း မူချင်ရဲ့ ဘိုးဘေးက ဘယ်သူလဲဆိုတာ ကျုပ် မသိသေးဘူး ”
ရှန်းမူချင်က ပြုံးကာ
“ စီနီယာအစ်ကိုမို ကျမကို မူချင်လို့ပဲ ခေါ်ပါ။ အင်မော်တယ်ရောင်းရင်းလို့ ခေါ်တာက နည်းနည်း ထူးဆန်းနေလို့။ တကယ်တော့ မျှောလွှင့်ဝတ်လွှာ တောင်ကြားရဲ့ ဘိုးဘေးအကြောင်းကို လူတော်တော်များများ မသိကြဘူးလေ။ အင်မော်တယ် ဧကရီ ဝမ်လန်ကိုရော သိလား … ”
မိုဝူကျိက ခေါင်းညိတ်ကာ “ သူမအကြောင်း ကြားဖူးတယ်။ အရင်တုန်းက အင်မော်တယ် ဧကရီ ဝမ်လန်က ရေတံခွန် အင်မော်တယ်ဂိုဏ်းကို တည်ထောင်ထားတယ်လို့ ကြားဖူးတယ် … အဲဒါကများ … ”
ရှန်းမူချင်က ခေါင်းညိတ်ကာ
“ စီနီယာအစ်ကိုမို ခန့်မှန်းတာ မှန်ပါတယ်။ မျှောလွှင့်ဝတ်လွှာတောင်ကြားကကို အင်မော်တယ် ဧကရီ ဝမ်လန် တစ်ယောက်တည်း စောင့်ရှောက်ပေးထားတာလေ။ ကျမတို့ မျှောလွှင့်ဝတ်လွှာ တောင်ကြားကို တည်ထောင်ခဲ့တဲ့သူက မိန်းကလေးဖြောင်းဟွားပါ။
သူမက ဧကရီ ဝမ်လန်ရဲ့ သမီးလေ။ တချို့အမြင်တွေကြောင့် မိန်းကလေး ဖြောင်ဟွားက ရေတံခွန် အင်မော်တယ်ဂိုဏ်းကနေ ထွက်ပြီးတော့ မျှောလွှင့်ဝတ်လွှာတောင်ကြားကို တည်ထောင်လိုက်တာပါ
သို့သော်လည်း မျှောလွှင့်ဝတ်လွှာ တောင်ကြားက တည်ဆောက်မှု မပြီးခင် မိန်းကလေး ဖြောင်းဟွားက မတော်တဆ ဖြစ်သွားခဲ့တယ်လေ။ အဲဒါနဲ့ အင်မော်တယ် ဧကရီ ဝမ်လန်က သူ့သမီးကို ဒီအတိုင်း လွှတ်လိုက်မိတဲ့အတွက် နောင်တရပြီးတော့ သမီးဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှောလွှင့်ဝတ်လွှာ တောင်ကြားကို ဆက်ပြီး တည်ထောင်ပေးခဲ့တာ ….. ”
မိုဝူကျိက မိန်းကလေး ဖြောင်းဟွားအနေနှင့် ရေတံခွန် အင်မော်တယ်ဂိုဏ်းမှ ထွက်လာသည့် အကြောင်းအရင်းကို မမေးဘဲ ရိုးရှင်းစွာ ပြောလိုက်သည် “ စီနီယာဝမ်လန်ရဲ့ အလေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီစုဝေးပွဲမှာ တွေ့ခဲ့ရင် သေချာပေါက် နှုတ်ဆက်လိုက်ပါ့မယ် … ”
“ စီနီယာအစ်ကိုမိုကို ကျေးဇူးတင်ပါတယ်။ ဘိုးဘေး ဝမ်လန်လည်း စူးခရာအင်မော်တယ်မြို့ဟောင်းဆီ လာမှာဆိုတော့ နှစ်ယောက်လုံး တွေ့ကြမှာပါ ” ရှန်းမူချင်က စိတ်အားတက်ကြွစွာ ပြောလိုက်သည်။
သူမက မိတ်ဆွေဟောင်း ဖြစ်သည့်အတွက် မိုဝူကျိက သူမနှင့် စကားပြောရသည်ကို သဘောကျလေ၏။
ရှန်းမူချင်က နှုတ်ဆက်စကားဆိုပြီးနောက် မိုဝူကျိက ဆိုင်ပတ်လည်၌ ကာကွယ်ရေး အစီအရင်များ ထပ်၍ ခင်းကျင်းလိုက်သည်။ သူက အဆင့် ၇ ကာကွယ်ရေး အစီအရင် မခင်းကျင်းသော်လည်း အချိန်တိုလေးအတွင်း အဆင့် ၅ အစီအရင်ကို ခင်းကျင်းနိုင်ခဲ့သည်။
စူးခရာအင်မော်တယ်မြို့ဟောင်း၌ အဆင့် ၅ ကာကွယ်ရေး အစီအရင်ဖြင့် ကာကွယ်ထားခံရသော ဆိုင်လေးမှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းနေပြီ ဖြစ်၏။
ဤနေရာရှိ လူအများစုက အဆင့် ၅ အစီအရင်ကို ဂရုမစိုက်သော်လည်း ရုတ်ရုတ်သည်းသည်းတော့ ဖြစ်သွားစေသေး၏။ ဆေးလုံးဆရာမိုက အနှောင်အဖွဲ့ကင်းနန်းတော်နှင့် မဟာရန်ကြွေးရှိနေပြီး ယခု ဆေးလုံးဆရာမိုက ပြန်ရောက်လာပြီ ဖြစ်ရာ မဟာဧကရာဇ် လွန်ချိုက်သည်လည်း သေချာပေါက် ပြဿနာရှာရန် ရောက်လာပေလိမ့်မည်။ မဟာဧကရာဇ် လွန်ချိုက် မဟုတ်လျှင်ပင် တခြားသော ဂိုဏ်းကြီးများက မိုဝူကျိဆီ ရောက်လာကြမည် ဖြစ်ကာ အားလုံးက ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည်။
ဖြည်းဖြည်းချင်း စောင့်ကြည့်သူများက စိတ်ပျက်သွားကြ၏။ နှစ်ရက်တာ ကုန်ဆုံးသွားသော်လည်း မဟာဧကရာဇ် လွန်ချိုက်ကို မဆိုထားနှင့် မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့လည်း မိုဝူကျိရှေ့ ပေါ်မလာကြပေ။
ယနေ့ကား အထက်ဘုံမှ တမန်တော် စီစဉ်ထားသည့် စုဝေးပွဲ နေ့ရက် ဖြစ်ပြီး စူးခရာအင်မော်တယ် ဥယျာဉ်၌ ကျင်းပမည် ဖြစ်ပေသည်။
***