တစ်ယောက်ယောက်တော့ သေချာပေါက် သိလိမ့်မယ်
Vol. 53 Ch. 734
စူးခရာအင်မော်တယ် ဥယျာဉ်
စူးခရာအင်မော်တယ်မြို့ဟောင်း၌ လူသိများသော စုဝေးပွဲ နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာကား လှပကျယ်ဝန်းရုံသာမက ပတ်ဝန်းကျင် အနေအထားလည်း အရမ်းကောင်း၏။
ထိုစဉ် စူးခရာ အင်မော်တယ် ဥယျာဉ်အတွင်း လေဟာပြင် ခန်းမတစ်ခုကို တည်ဆောက်ထားလေသည်။
မိုဝူကျိနှင့် ဝေကျီတောက်တို့ ဝင်လာသည့်အခါ လူများစွာ ရောက်နှင့်နေပြီးသား ဖြစ်၏။ အားလုံးက သူ့အဖွဲ့နှင့်သူ ဖြစ်နေကာ စကားပြောဆိုနေကြပြီး တချို့လူများမှာ အတင်းအဖျင်း ပြောနေကြရာ တချို့လူများက မိတ်ဆွေဟောင်းများနှင့် စကားစမြည် ပြောဆိုနေကြသည်။
မိုဝူကျိ နာမည်မှာ အင်မော်တယ်တခွင် ပြန့်နှံ့သွားသောကြောင့် လူများစွာက သူ့ကို သိကြပေသည်။ သို့သော်လည်း မည်သူကမှ သူ့အား လာမနှုတ်ဆက်ကြပေ။
“ ဆေးလုံးဆရာမို မတွေ့တာကြာကြီနော် …” ကြည်လင်ပြတ်သားသော အသံလေးတစ်သံကို ကြားလိုက်ရ၍ မိုဝူကျိပင် အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ မည်သူကများ သူ့အား လာရောက်နှုတ်ဆက်ရဲသနည်း။
သူက လှည့်ကြည့်လိုက်သောအခါ နားလည်သွားလေ၏။ ထိုသူမှာ စိမ်းစိုအင်မော်တယ် အိမ်တော်၏ အရှင်မ ချင်းယန်သာ ဖြစ်နေ၏။ စိမ်းစိုအင်မော်တယ် အိမ်တော်မှာ အင်မော်တယ်လောက၏ အဓိက အင်အားစု တစ်ခုဖြစ်ပြီး ချင်းယန်ကိုယ်တိုင်ကပင် ပညာရှင်တစ်ယောက် ဖြစ်နေသည်။ ထို့အပြင် သူမ၏ သမီးဖြစ်သူ ချင်းလောယွဲ့မှာလည်း အထက်ဘုံ၏ ရွေးချယ်ခြင်းကို ခံထားရသည်။ ထို့ကြောင့် မည်သူကမှ သူမအား မိုဝူကျိကို လာရောက်နှုတ်ဆက်လိုက်သောကြောင့် ရှောင်ကျဉ်ခြင်း မရှိပေ။
မိုဝူကျိက ချင်းယန်ဘေးမှ မိန်းကလေးကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုသူမှာ မိုရှန်းမို ဖြစ်ကာ သူတို့နှစ်ယောက်လုံးတွင် မိုမျိုးရိုးချင်း တူနေသော်လည်း မိုဝူကျိအနေနှင့် ထိုမိန်းကလေးအပေါ် သဘောကျသည့် အမြင်မျိုး မရှိခဲ့ပေ။
“တကယ်ပါပဲဗျာ …. မတွေ့တာ ကြာပြီပဲ။ ကြည့်ရတာ အရှင်မချင်းယန်ရဲ့ ကျင့်ကြံဆင့်က နောက်တဆင့် ရောက်သွားပြီ ထင်ပါ့ဗျာ။ တကယ်ကို ဂုဏ်ပြုထိုက်ပါတယ် ” မိုဝူကျိက ပြုံးကာ ပြောလိုက်၏။
သူက ချင်းယန် လာရောက်နှုတ်ဆက်သည့် အကြောင်းအရင်းကို ကောင်းကောင်း သိထားသည်။ သူတို့ဆက်ဆံရေးမှာ အရမ်းနီးကပ်နေ၍ မဟုတ်ဘဲ သူမက ဉာဏ်ထက်လွန်းသူ တစ်ယောက် ဖြစ်၍ ဖြစ်သည်။ သူမက မိုဝူကျိ၏ ဆေးလုံးတာအိုအပေါ် အထင်ကြီးခဲ့လေရာ မိုဝူကျိကို နှုတ်ဆက်ခြင်းက ဂယက်ရိုက်မှု မဖြစ်စေဘဲ အကျိုးမြတ်သာ ဖြစ်ထွန်းစေမည်မှန်း သိထား၏။
“ ဒေါ်လေးချင်း ..” နောက်ထပ် အသံချိုချိုလေးကို ကြားလိုက်ရသည်။ ထို့နောက် မိန်းမလှလေး နှစ်ယောက် ရောက်ရှိလာလေ၏။
ရှေ့မှ မိန်းမငယ်လေးမှာ လှပရုံသာမက ရိုးသားကာ အပြစ်ကင်းဆင်ဟန်လည်း ပေါ်သည်။ သူမက ကြင်နာတတ်သည့် မိန်းကလေး ပုံစံမျိုး ပေးစွမ်းနေသည်။ ထို့အပြင် သူမ၏ ရုပ်ရည်ကို ထည့်ပေါင်းလိုက်သောအခါ မည်သူမဆို သူမအပေါ် နူးနူးညံညံသာ ဆက်ဆံသွားချင်ပေလိမ့်မည်။
မိုဝူကျိက ထိုမိန်းကလေးကို ကြည့်မိသောအခါ စိတ်ထဲမှ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာပြီး ထိုမိန်းမငယ်လေးအား သတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက သတ်ဖြတ်ငွေ့ကို ထိန်းချုပ်နိုင်လိုက်ပြီး နောက်မှ မိန်းကလေးကို ကြည့်လိုက်၏။
ဤမိန်းကလေးတွင် မျက်ခုံးထူထူ ရှိသော်လည်း သူ့မ ရုပ်ရည်မှာ မဆိုးလှပေ။ မျက်ခုံးထူထူကြား မျက်မှောင်ကျုတ်ထားဟန် ပေါ်နေလေ၏။
“ မိန်မိန်၊ နီနီ မင်းတို့နှစ်ယောက်နဲ့ မတွေ့ရတာ အတော်ကြာပြီပဲ …. မင်းတို့ရဲ့ ကျင့်ကြံဆင့် ဒီလောက် မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ထင်မထားမိဘူးကွယ် ” ချင်းယန်က ပြုံးလျက် ပြောလိုက်သည်။
“ သမီးရဲ့ ကျင့်ကြံဆင့်က အဲလောက် မတိုးတက်လာပါဘူး။ မိန်မိန်ကသာ သိသိသာသာ တိုးတက်လာတာပါ ” မျက်ခုံးထူထူနှင့် မိန်းကလေးက ဝင်ပြောလိုက်သည်။
မိုဝူကျိက ထိုမိန်းကလေး စကားမှာ မှန်ကန်ကြောင်း သိ၏။ သူ ထိုမိန်မိန်ကို စတွေ့စဉ်က သူမသည် မဟာယီရှန်း အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း ယခုအခါ မဟာကျီရှန်း အလယ်အလတ်အဆင့်သို့ ရောက်နေလေပြီ။ ကြယ်ကိုးလုံး ပါရမီရှင်များပင် ဤမျှ သိသိသာသာ တိုးတက်လာမည် မဟုတ်ပေ။ လိန်ဟုန်ကျီအပြင် ဤမိန်မိန်ကား သူ သိသမျှ လူများအထဲ၌ ကျင့်ကြံနှုန်း အမြင့်ဆုံးသူ ဖြစ်လောက်၏။
သူမက ထိုမိန်းကလေးနှစ်ယောက်နှင့် စကားပြောနေရင်း မိုဝူကျိကို လျစ်လျူရှုမိထားသလို ခံစားလာရသည့်အတွက် သူမက မိုဝူကျိဘက် လှည့်ကာ ပြောလိုက်သည် “ ဆေးလုံးဆရာမို … ဒီနှစ်ယောက်က စကြဝဠာဓားသွား ကျောင်းတော်ရဲ့ ဝူမိန်နဲ့ ထန်းနီနီတို့ပါ … ”
“ ဒေါ်လေးချင်း … အဲဒီပါရမီရှင်တွေနဲ့ ယှဉ်ရင်တော့ သမီးက လိုအပ်နေပါသေးတယ် ” ရိုးသားပုံ ပေါက်သည့် မိန်းကလေးက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက ဝတ်စုံကို ဟိုကိုင်ဒီကိုင် လုပ်လိုက်ရင်း မိုဝူကျိနှင့် မျက်နှာချင်းဆိုင်ရမှာ အရှက်သည်းနေဟန် ပေါက်နေသည်။
ချင်းယန်က ရယ်မောကာ
“ မိန်မိန် မင်းက ကျောင်းတော်ကနေ မကြာခင် ထွက်လာတော့မှာဆိုတော့ အမြင်ပွင့်ဖို့ လိုအပ်တယ်လေ။ လာလာ .... မင်းတို့နှစ်ယောက်လုံးကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ဆေးလုံးဆရာမိုလေ ဆေးလုံးဧကရာဇ် တစ်ယောက်ပေါ့။ တကယ်လို့ လောယွဲ့သာ အထက်ဘုံကနေ ရွေးချယ်ခြင်း မခံရရင် လောယွဲ့နဲ့ မိတ်ဆက်ပေးမိမှာ …. ”
ချင်းယန်က ပြောလိုက်ရင်း တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် မိုဝူကျိနှင့် ဝူမိန်တို့ကို အပြန်ပြန် ကြည့်လိုက်ကာ
“ ဆေးလုံးဆရာမို … ဝူမိန်က လှပရုံတင် မကဘူး။ ကြယ်ခြောက်လုံးအဆင့် ပါရမီရှင်တစ်ယောက်လေ။ ဝူမိန်နဲ့ ရှင့်ကို မိတ်ဆက်ပေးရမလား ….”
မိုဝူကျိက ဘာကိုမှ မပြောပေ။ သူက ဝူမိန်နောက်မှ မျက်ခုံးထူထူ မိန်းကလေး မျက်နှာပေါ်၌ အမူအယာပျက်သွားသည်ကိုသာ သတိပြုမိလိုက်လေ၏။
“ဒေါ်လေးချင်းကလဲ ….” ဝူမိန်က ချွဲချွဲနွဲ့နွဲ့ ပြောလိုက်ကာ ခေါင်းကို ငုံ့ထားရင်း ပါးမှ နားဖျားအထိ နီရဲစွာ အရှက်သည်းလာသည်။
မိုဝူကျိက နှာခေါင်းရှုံ့ကာ “ အဲလိုဆိုရင်တော့ ကျုပ် မိုဝူကျိ တစ်သက်လုံး လူပျိုကြီးပဲ လုပ်တာပေါ့ဗျာ။ အဲလို မိန်းမမျိုးကိုတော့ မလိုချင်ပါဘူး ”
ဝူမိန်၏ နီရဲနေသော မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေ၏။ မျက်ရည်များပင် မျက်လုံးထောင့်မှ စီးကျလာသည်။
ချင်းယန် မျက်နှာမှာလည်း အမူအယာ ပျက်ယွင်းသွားသည်။ သူမက မိုဝူကျိနှင့် မိတ်ဆွေဖွဲ့လိုခြင်းမှာ သူ့အလားအလာကြောင့် ဖြစ်၏။ သို့သော် သူမ၏ စိမ်းစိုအင်မော်တယ် အိမ်တော်က မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ဖို့ရာ လိုအပ်နေခြင်း မဟုတ်ပေ။ သူမတို့ အိမ်တော်တွင်လည်း ကိုယ်ပိုင် တန်ဖိုး ရှိကြသည်။ မိုဝူကျိက သူတို့နှင့် မိတ်ဆွေမဖွဲ့ဖို့ရာ ရွေးချယ်နိုင်သော်လည်း ဤသို့အမူအယာဖြင့် ငြင်းပယ်စရာ မလိုအပ်ပေ။
ထိုစကားလုံးများက မိန်းမငယ်လေး၏ ဂုဏ်သတင်းကို ထိခိုက်စေရုံသာမက စိမ်းစိုအင်မော်တယ် အိမ်တော်ကိုလည်း ပြက်လုံးသဖွယ် ဖြစ်အောင် လုပ်လိုက်ခြင်း ဖြစ်နေသည်။
သူမက ကိုယ်ဟန်အမူအယာကို ဆက်လက် ထိန်းသိမ်းထားလိုပြီး မိုဝူကျိနှင့် ရန်ကြွေး မဖွဲ့လိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူမက ချက်ချင်း လှည့်ထွက်သွားမိပေမည်။
ထိုစဉ် ချင်းယန်က မိုဝူကျိတွင် ရန်သူများစွာ ရှိနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူ့လိုမျိုး မောက်မာကာ ရဲတင်းလှသည့် လူမျိုးက ရန်သူများ ရှိမနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။ သူမက ဇီဇာကြောင်သည့် သူ မဟုတ်ပေ။ သို့သော် တခြားသူသာ ဖြစ်နေပါက မိုဝူကျိက နောက်ထပ် ရန်သူအသစ် ရပြီးလောက်လေပြီ။
“ ဆေးလုံးဆရာမိုက အရမ်းတော်တာပဲ။ သူ့ကျေးဇူးရှင်ကို ကြံစည်ရုံတင် မကဘူး။ အားနည်းတဲ့သူကိုလည်း အနိုင်ကျင့်နေတာပဲ ….” လှောင်ပြောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်စိမ်းကဲ့သို့ ရှင်းသန့်နေသည့် အသားရေနှင့် ခန့်ခန့်ညားညား အမျိုးသားတစ်ယောက် လျှောက်လှမ်းလာသည်။
မိုဝူကျိက ထိုလူသည် အသက်ကြီးပုံ မပေါ်သော်လည်း ဧကရာဇ်တပိုင်းအဆင့်အထိ ရောက်နေပြီကို မြင်သောအခါ အနည်းငယ် ချီးကျူးမိလိုက်၏။
“ စီနီယာဦးလေး … ဆေးလုံးဆရာမိုက အဲလို လူစားမျိုး မဟုတ်ပါဘူး ” မိုဝူကျိက ဘာမှမပြောနိုင်ခင် ထိုလူ၏ နောက်၌ ရပ်နေသော မိန်းကလေးကို ဝင်ပြောလိုက်သည်။
မိုဝူကျိက ချက်ချင်း နားလည်သဘောပေါက်သွားတော့သည်။ ဤလူမှာ နတ်ဘုရား အင်မော်တယ်ဂိုဏ်းက ဖြစ်ပြီး သူ့အား မကျေမနပ် ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
အင်မော်တယ်လောကတစ်ခွင်လုံး၌ နတ်ဘုရားအင်မော်တယ်ဂိုဏ်း၏ လင်းလုနန်က သူ့အား ကယ်တင်လိုက်သော်လည်း သူက လင်းလုနန်အား ကျေးဇူးစွပ်ခဲ့ကြောင်း သတင်းများမှာ ပြန့်နှံ့နေလေ၏။ သို့သော်လည်း သူတစ်ယောက်တည်းသာ အမှန်တရားကို သိပေသည်။ သူက လင်းလုနန်အား သစ္စာမဖောက်ခဲ့ပေ။ သူက လင်းလုနန်ကို ကယ်တင်ဖို့ရာ နည်းလမ်းကိုပင် ရှာဖွေခဲ့သေး၏။ ကံမကောင်းလှစွာ သူ့စွမ်းဆောင်ရည်များကား ကန့်သတ်ချက်နှင့် ဖြစ်ပေသည်။
သူ့ကို ကာကွယ်ပေးသည့် မိန်းကလေးကို မိုဝူကျိက မှတ်မိပေသည်။ ထိုသူမှာ နိုက်ဟော် ဖြစ်၏။
ကျင့်ကြံခြင်းလောကတွင် တွေ့ရစဉ်အခါက သူက သူမကို ခုခံဖို့ရာ အင်အားမရှိခဲ့ပေ။ သို့သော် ယခုတွင် သူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်ကာ သူမမှာ မဟာယီရှန်း နောက်ပိုင်းအဆင့်မျှသာ ရှိသေး၏။
နိုက်ဟော်၏ ကျင့်ကြံနှုန်းမှာလည်း အတော်လေး မြန်ဆန်ပေသည်။ သူမက မြန်ဆန်လွန်းနေလျှင်ပင် မိုဝူကျိနှင့်တော့ မယှဉ်နိုင်ပေ။ ယခုအချိန်အထိ မိုဝူကျိက သူ့ထက် ကျင့်ကြံနှုန်း မြန်သူမှာ လိန်ဟုန်ကျီ တစ်ယောက်သာ ရှိကြောင်း သိထား၏။
ဒါနဲ့ အခု မိန်မိန်လည်း ရှိနေလေပြီ …
သူမ၏ ကျင့်ကြံနှုန်းမှာ သူ့ထက် မမြန်ဆန်သော်လည်း သူမက အချိန်တိုလေးအတွင်း မဟာယီရှန်းအဆင့် ကျင့်ကြံသူမှ မဟာကျီရှန်းအဆင့်အထိ တက်လှမ်းနိင်ခဲ့သည်။ ထိုသည်မှာ အံ့ဖွယ်နှုန်း ဖြစ်၏။
မိုဝူကျိက တစ်ခု နားလည်သွားသည်။ ထိုအမျိုးသမီး၌ လျို့ဝှက်ချက် အကြီးကြီး ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သူမ တိုးတက်နှုန်းမှာ ဤမျှ မြန်ဆန်မည် မဟုတ်ပေ။
“ မင်းက ဘာသိလို့လဲ။ တခြားသူတွေက မိုဝူကျိကို ကြောက်ချင် ကြောက်လိမ့်မယ်။ ငါတို့ နတ်ဘုရား အင်မော်တယ်ဂိုဏ်းက မကြောက်ဘူးကွ …” ထိုအမျိုးသားက ဒေါသတကြီး အော်ပြောလိုက်သည်။
ထို့နောက် ခန့်ခန့်ညားညား အမျိုးသားက မိုဝူကျိအား စိုက်ကြည့်ကာ “ မိုဝူကျိ … ငါ့ဆီမှာသာ သက်သေရှိရင် မင်းကို သတ်ပြီးပြီ ”
မိုဝူကျိက ခေါင်းခါလိုက်တော့သည်။ လင်းလုနန်ကို ထောက်ထား၍ သူက ထိုလူကို ဂရုမစိုက်တော့ပေ။
ချင်းယန်က နှုတ်ခမ်းစူနေသည့် ဝူမိန်ကို ကြည့်ကာ ပြောလိုက်သည်
“ဆေးလုံးဆရာမိုက တကယ်ထူးခြားတဲ့သူ ဆိုပေမဲ့ တခြားသူရဲ့ ခံစားချက်ကို ထည့်စဉ်းစားပေးသင့်တယ်မလား။ တကယ်လို့ ကျမရဲ့ အကြံပြုချက်ကို သဘောမကျရင် တိုက်ရိုက် ပြောလို့ ရတယ်လေ။ ဘာလို့များ တခြားသူကို နာကျင်အောင် လုပ်ချင်ရတာလဲ ”
အကယ်၍ တခြားသူ ဖြစ်နေပါက မိုဝူကျိက မကြိုက်နှစ်သက်လျှင်ပင် ဤသို့အသံမျိုး သုံးမည် မဟုတ်ပေ။ ယခုကား ဝူမိန်က သူမကို ကူညီပေးသော မိတ်ဆွေကို ပြန်သတ်ပစ်ခဲ့ခြင်း ဖြစ်၏။ ထို့အရာက မိုဝူကျိ၏ အတိတ်ဆိုးကို သတိရသွားစေသည်။ ထို့ကြောင့် ဤသို့မျိုး မိန်းမဟု သုံးစွဲလိုက်ခြင်း ဖြစ်၏။
“ အရှင်မ ချင်းယန်က ဒီအမျိုးသမီး ဘာလုပ်ခဲ့တယ်ဆိုတာကို မသိလို့ ကျုပ် စကားတွေကို မသင့်တော်ဘူးလို့ ထင်မိမှာပဲ …”
မိုဝူကျိက ရှင်းပြချင်သည့် အကြောင်းအရင်းမှာ ချင်းယန်မှာ မိတ်ဆွေဖွဲ့ဖို့ရာ ထိုက်တန်သော သူ ဖြစ်ကြောင်း ခံစားမိ၍ ဖြစ်သည်။ သူမက အကျိုးမြတ်ပေါ် မူတည်၍ အရာအားလုံးကို ဆုံးဖြတ်တတ်သူ ဖြစ်သော်လည်း ဖင်းဖန်အတွက် သူက မိတ်ဆွေမဖွဲ့လျှင်ပင် ရန်သူကို ဖန်တီးမိ၍ မဖြစ်ပေ။
ချင်းယန်က မျက်မှောင်ကျုတ်ကာ
“ ဆေးလုံးဆရာမို … မိန်မိန်က ရှုပ်ထွေးတာမျိုးကို မကြိုက်တဲ့သူပါ။ အမျိုးသားတစ်ယောက်နဲ့ စကားပြောရင်ကို ရှက်ရွံ့နေတတ်တဲ့သူပါ။ သူမက ဘယ်လိုအရာမျိုး လုပ်မှာမလို့လဲ ”
အကယ်၍ မိုဝူကျိက သူ့အမှားသူ ဝန်ခံလိုက်လျှင် သူမက မိုဝူကျိအား မိတ်ဆွေအဖြစ် ယူဆမိဦးမည် ဖြစ်၏။ သို့သော် ယခုတွင် မိုဝူကျိက အကြောင်းပြချက် ရှာဖို့ရာ ကြိုးစားနေသောကြောင့် မိုဝူကျိအပေါ် ထားခဲ့သော လေးစားမှုများ ပျောက်ကွယ်သွားလေပြီ။ ကမ္ဘာပေါ်ရှိ ၉၉ ရာခိုင်နှုန်းသော လူများက မိုဝူကျိလောက် စွမ်းဆောင်ရည်စွမ်း ရှိမည် မဟုတ်သော်လည်း သူ့အကျင့်စရိုက်မှာ အတော်လေး လိုအပ်နေပေ၏။
မိုဝူကျိ အထိတ်တလန့် ဖြစ်နေသည့် မိန်းကလေးကို တစ်ချက်ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်
“ ကျုပ်သာ အဲလိုမိန်းမကို တာအိုလက်တွဲဖော်အဖြစ် လက်ခံမိလိုက်ရင် သူမအတွက် ဆေးဖော်စပ်ပေးနေတုန်း နောက်ကျောဓားနဲ့ အထိုးခံရမှာကို စိုးရိမ်မိပါ့ … ”
မိုဝူကျိက ထိုအရာကို ပြောလိုက်သည့်အခါ သူ့စိတ်ထဲ၌ ဒေါသတရားများ ကြီးစိုးလာလေ၏။ ယခုအချိန်အထိ သူက ရှားရိုယင် တစ်ယောက် သူ့ကို သတ်လိုသည့် အကြောင်းအရင်းကို နားမလည်ခဲ့ပေ။
ထိုအကြောင်းအရင်းကြောင့် ဝူမိန်က သူမကို ကူညီပေးသော သူမ၏ စီနီယာအစ်ကိုထန်းကို သတ်ပစ်လိုက်စဉ် သတ်ဖြတ်လိုစိတ်များ ကြီးထွားလာမိခြင်း ဖြစ်ပေသည်။
ဝူမိန်က မိုဝူကျိ စကားများ ကြားလိုက်သောအခါ လက်များပင် တုန်ယင်လာလေ၏။ သူမစိတ်ထဲ၌ ထိတ်လန့်လာမိသည်။ သူမ ထန်းကျုံးဖူကို သတ်စဉ်က ဘေးနားတွင် မည်သူမှ မရှိကြောင်း သေချာအောင် စစ်ဆေးခဲ့၏။ မိုဝူကျိက ထိုအကြောင်းကို မည်သို့ သိသွားရသနည်း။
သူလည်း ရှိနေခဲ့တာလား … ဤသို့လည်း မဖြစ်နိုင်ပေ။ သူမက သေးနုပ်သည့် အမှားမျိုး ကျူးလွန်းမိမည် မဟုတ်ပေ။
ဝူမိန်က စတင်၍ ငိုရှိုက်လာကာ မျက်နှာကို အုပ်ရင်း ထွက်သွားဖို့ရာ ကြိုးစားလိုက်၏။
ချင်းယန်က သူမကို သွားဆွဲထားလိုက်သည်။ သူမက လှည့်ကာ မိုဝူကျိအား အေးစက်စွာ ကြည့်လိုက်ပြီး
“ ဆေးလုံးဆရာမို …. ရှင် လျှောက်မပြောပါနဲ့။ ရှင်က အားကောင်းတာကို ကျမ ဝန်ခံပါတယ်။ ဒါပေမဲ့လည်း ဝူမိန်ကလည်း ကျမရဲ့ အဝေးဆွေးမျိုးတစ်ယောက်ပဲလေ။ ကျမကို ကောင်းကောင်း ရှင်းမပြနိုင်ရင် ကျမကတော့ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ စကြဝဠာဓားသွားကျောင်းကတော့ သေချာပေါက် လွတ်ပေးမှာ မဟုတ်ဘူး ”
မိုဝူကျိ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထောက်ထား၍ သူမက မိုဝူကျိအား တန်း၍ မတောင်းပန်ခိုင်းခြင်း ဖြစ်၏။
ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာလေ၏
“ ဟုတ်တယ် … တကယ်လို့ ဆေးလုံးဆရာမိုက သင့်တော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ကျုပ်တို့ စကြဝဠာဓားသွားကျောင်းက ဆေးလုံးဆရာမိုနဲ့ မယှဉ်နိုင်ပေမဲ့ အလွှတ်ပေးမှာတော့ မဟုတ်ဘူး။ ကျုပ်ကိုယ်ကျုပ် အရင်ဆုံး မိတ်ဆက်ပါရစေ … ကျုပ်က စကြဝဠာဓားသွားကျောင်းရဲ့ ကျောင်းအုပ် ချွီကန်ပါ … ”
ရောက်ရှိလာသူမှာ ခေါင်းမွှေးဖြူ လူအိုကြီးတစ်ယောက် ဖြစ်၏။ သူ့အသံက ခပ်ဩဩ ဖြစ်ကာ အက်တက်တက် ဖြစ်နေသော်လည်း မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ထိုလူမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှသာ ရှိသေးကြောင်း ပြောနိုင်၏။ အမြင်နှင့်တင် ဤစကြဝဠာဓားသွားကျောင်းကား မဆိုးလှပေ။ အင်မော်တယ် ဧကရာဇ်တစ်ယောက် ရှိနေသည် မဟုတ်ပါလော။
မိုဝူကျိက ဝူမိန်ကို တကယ် သတ်ပစ်ချင်သော်လည်း စကြဝဠာဓားသွားကျောင်းကိုတော့ ရန်မစလိုပေ။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏
“ အရင် ကျုပ် ကျိုးပျက်ကမ္ဘာ တတိယအလွှာထဲမှာ ရှိနေတုန်းက ဒီမိန်မိန်က သူမအတွက် ဆေးလုံးသွားရှာပေးတဲ့ သူမရဲ့ စီနီယာအစ်ကိုကို သစ္စာဖောက်ပြီးတော့ သတ်ပစ်ခဲ့တာကို ကိုယ်တိုင် မြင်လိုက်ရတယ်။
အဲတုန်းက သူမက သူ့ကို အစ်ကိုထန်းလို့တောင် ခေါ်လိုက်သေးတယ်။ အဲဒါကြောင့်မလို့ သူမရဲ့ စီနီယာအစ်ကိုက ထန်းမျိုးနွယ်ဆိုတာကို သိလိုက်ရတာ …. ကျန်တာတော့ ဘာမှမသိပါဘူး။ ကျုပ်က နတ်ဆိုးလို နှလုံးသား ရှိနေရက်နဲ့ နတ်သမီးဟန်ဆောင်နေတဲ့ ကြာပန်းဖြူ မိန်းမတွေကို ကြည့်မရဆုံးပဲ … ”
အားလုံးက တိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာပြီးနောက် ထန်းနီနီဟု ခေါ်သည့် အမျိုးသမီးလေးက တအံ့တဩဖြင့် ရေရွတ်လိုက်တော့သည်
“ ငါ့အစ်ကိုကို နင် သတ်ခဲ့တာလား …. ဘာလို့လဲ … ဘာလို့လဲ … ”
***