သတ်ဖို့ရာ လှုံ့ဆော်နိုင်လိုက်သည့် ရတနာ
Vol. 53 Ch. 735
ဝူမိန်က ခေါင်းကို မော့လိုက်သည့်အခါ မျက်လုံးများမှာ နီရဲနေပြီး မျက်နှာတစ်ခုလုံးမှာ မျက်ရည်များနှင့် စိုရွဲနေလေ၏။ သူမက မိုဝူကျိအား ကြေကွဲဝမ်းနည်းစွာ ကြည့်ကာ
“ ဆေးလုံးဆရာမို …. ကျမက ရှင့်အပေါ် မုန်းတီးမှုလည်း မရှိသလို ဘာမှလည်း မလုပ်မိပါဘူး။ ကျမကို ဘာလို့များ စွပ်စွဲအပုတ်ချရတာလဲ ”
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်
“ ကျုပ်လည်း မင်းအပေါ် မကျေနပ်ချက် မရှိတာကို သိသင့်တယ်။ ဒီလိုဆိုမှတော့ ငါက ဘာလို့ မင်းကို ရှုံ့ချနေရမှာလဲ။ လျှောက်ပြောမနေစမ်းပါနဲ့ …. မဟုတ်ရင် အဲတုန်းက အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ သလင်းကျောက်ကို အားလုံးရှေ့ ထုတ်ပြလိုက်တော့မယ်။ အရင်တုန်းက အဲဒီထန်းမျိုးနွယ်နဲ့ မင်းက ပူးပေါင်းပြီးတော့ လူလတ်အရွယ် ကျင့်ကြံသူတစ်ယောက်ကို ရှင်းပစ်ခဲ့တယ်။ အဲဒီနောက်ကျ မင်းက အဆိပ်မိတဲ့ပုံ လုပ်ပြပြီးတော့ ထန်မျိုးနွယ်လေးက မင်းအတွက် ဖြေဆေး သွားရှာပေးနေတုန်း မင်းက နောက်ကနေ ဓားနဲ့ ထိုးလိုက်တာလေ ”
“ ဝူမိန် … ထန်းကျုံးဖူကို မင်း တကယ် သတ်ပစ်လိုက်တာလား ” ချွီကန်က တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။ သူက ဝူမိန်ဘက် လှည့်ကာ ဒေါသတကြီး မေးလိုက်၏။
“ ကျမ … ကျမ …” ဝူမိန်၏ မျက်ရည်များက မိုးပေါက်အလား တပေါက်ပေါက် ကျဆင်းလာသည်။ သူမက ဘာကိုမှ မပြောနိုင်သော်လည်း သူမ မျက်နှာပေါ်မှ နစ်နာနေဟန် အမူအယာအနေအထားက စကားလုံးများထက် ပိုအားပြင်းလေ၏။
“ ဆေးလုံးဆရာမို …. ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဝူမိန်အတွက် စီနီယာတစ်ယောက်ပါ။ ဒီလိုတာဝန်မဲ့တဲ့ စကားမျိုး ပြောတာက လွန်လွန်းမနေဘူးလား ”ချွီကန်က ဝူမိန် မှားယွင်းနေမှန်း ခံစားမိနေသောကြောင့် လေသံက အနည်းငယ် ပြောင်းလဲသွားလေ၏။ သို့သော်လည်း သူ့အသံ၌ သံသယအရိပ်အယောင်တချို့ ပါဝင်နေသေးသည်။
ဤတစ်ကြိမ်၌ ချင်းယန်က ဝူမိန်အတွက် ဝင်မပြောပေးတော့ပေ။ သူမက စိမ်းစိုအင်မော်တယ် အိမ်တော်မှ ဖြစ်ကာ အဖြစ်အပျက်များ၊ အကြံအစည်များကို မြင်တွေ့ဖူးသည်မှာ များပြားလှ၏။ ယခုလေးတင် မိုဝူကျိက ဝူမိန်သည် ထန်းကျုံးဖူကို သတ်ပစ်ခဲ့ကြောင်း ပြောလိုက်သည့်အခါ ဝူမိန်လက်များမှာ တုန်ယင်လာပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာလေ၏။ ထိုအခိုက်အတန့်၌ ဤကိစ္စမှာ အမှန်ဖြစ်နေကြောင်း သိလိုက်တော့သည်။
သူမက သက်ပြင်းသာ ချလိုက်တော့သည်။ လူတစ်ယောက်အား အပေါ်ယံကြည့်၍ ဆုံးဖြတ်၍ မဖြစ်သည်မှာ တကယ် ဖြစ်၏။ ရိုးသားအပြစ်ကင်းသော ဝူမိန်ကား ဤသို့ရက်စက်လှသည့် လူတစ်ယောက် ဖြစ်နေသည်။ သို့သော် ဤသည်မှာ ဝူမိန်နှင့် ထန်းကျုံးဖူတို့က ထိပ်တန်းရတနာ တွေ့ရှိခဲ့ကြောင်း ပြသနေသည် မဟုတ်ပါလော။ မဟုတ်လျှင် သူမက ဤသို့ ပြုမူမည် မဟုတ်ပေ။
မိုဝူကျိက မှတ်တမ်းတင်ထားသော သလင်းကျောက်ကို ထုတ်ကာ ပြန်လည် ပြသလိုက်သည်။ ဝူမိန်က ထန်းကျုံးဖူကို သတ်လိုက်သည့် မြင်ကွင်းမှာ ကြည်လင်ပြတ်သားလှလေရာ မိုဝူကျိ ပြောသည့်အတိုင်း ကွက်တိ ဖြစ်နေသည်။
သံသယ ဖြစ်စရာ မလိုတော့ပေ။
ထန်းနီနီက ပူပင်သောကကြောင့် တုန်ယင်နေရင်း သူမ ဓားရှည်ကို ဆွဲကာ ဝူမိန်အား ချိန်ရွယ်လိုက်ပြီး ထိုးချလိုက်သည်။
သို့သော်လည်း ထန်းနီနီနှင့် ဝူမိန်တို့၏ ကျင့်ကြံဆင့်မှာ အရမ်းကွာခြားလွန်းသောကြောင့် ဝူမိန်က ဘာမှမလုပ်လျှင်ပင် သူမကို ဒဏ်ရာမရစေနိုင်ပေ။ ဝူမိန်က လှုပ်ရှားဖို့ပင် မလိုလိုက်ပေ။ ချွီကန်က လက်ကို မြှောက်ကာ ထန်းနီနီ၏ ဓားရှည်ကို ကာဆီးလိုက်၏။
ချွီကန်က မျက်မှောင်ကျုတ်ကာ “ နီနီ … ဒီကိစ္စကို ဂိုဏ်းကျမှ ပြန်ဆွေးနွေးကြမယ်။ ငါ မင်းကို ဖြေရှင်းချက် ပေးပါ့မယ် … ”
ထို့နောက် ချွီကန်က သူ့နောက်မှ လူလတ်အရွယ် အမျိုးသားဘက်လှည့်ကာ ပြောလိုက်သည် “ ဝူမိန်ကို ဖမ်းထားလိုက် ….”
မိုဝူကျိကိုတော့ ချွီကန်က ကျေးဇူးပင် မတင်မိပေ။ မိုဝူကျိက ဝူမိန်၏ အပြုအမူကို ဖော်ထုတ်လိုက်ခြင်းမှာ သူတို့စကြဝဠာဓားသွားကျောင်းတော်၏ ဂုဏ်ကျက်သရေကို ညစ်နွမ်းအောင် လုပ်သည်နှင့် အတူတူ ဖြစ်၏။ မိုဝူကျိက မဟာဧကရာဇ်များကြားမှ လွတ်မြောက်သွားသူ ဖြစ်နေသည့်အချက်ကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ မိုဝူကျိအား တိတ်တဆိတ် ရှင်းထုတ်မိပေလိမ့်မည်။
မိုဝူကျိက နှာခေါင်းရှုံ့လိုက်မိသည်။ သူက ဝူမိန်သည် ဘာမှဆိုးဆိုးရွားရွား မဖြစ်မည်မှန်း သိလိုက်၏။ ဝူမိန်အား အမှန်တကယ် သတ်ချင်နေသည့်သူ နှစ်ယောက်မှာ သူနှင့် ထန်းနီနီသာ ဖြစ်၏။
စကြဝဠာဓားသွားကျောင်းတော်အနေနှင့် သူတို့က ဝူမိန်အား ဘာမှလုပ်မည် မဟုတ်ပေ။ အများဆုံး ဝူမိန်အား အချိန်တစ်ခုအထိ ဖမ်းဆီးထားလိမ့်မည်။ ထို့အပြင် ဝူမိန်၏ အံ့အားသင့်စရာ အရည်အချင်းဖြင့် တခြားဘာမှ လုပ်ကြမည် မဟုတ်ပေ။
ထန်းနီနီ၏ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ယင်နေလေ၏။ သို့သော်လည်း ဘာစကားမှ မထွက်လာပေ။ သူမက ဝူမိန်ကို ဂိုဏ်းဆီ ပြန်ခေါ်သွားလိုက်သည်နှင့် သူမတစ်ဘဝလုံး လက်စားချေနိုင်တော့မည် မဟုတ်ကြောင်း သေချာသိနေသည်။
ဝူမိန်က ဂိုဏ်း၌ နောက်ခံများစွာ ရှိစဉ် သူမကား သာမာန်တပည့်တစ်ဦးမျှသာ ဖြစ်သောကြောင့် သူမ အစ်ကို၏ မှားယွင်းစွာ သေဆုံးမှုကို မည်သူကမှ ကူညီကြမည် မဟုတ်ချေ။
“ ဂိုဏ်းချုပ် …. နီနီနဲ့ အစ်ကိုကြီးအတွက် ကျေးဇူးပြုပြီး တရားမျှတအောင် လုပ်ပေးပါ ” ထန်းနီနီက မျက်ရည်ပူများဖြင့် ဒူးထောက်ကာ တောင်းဆိုလိုက်သည်။
ချွီကန် မျက်နှာမှာ မှုန်မှိုင်းသွားပြီး “ ပြောစရာရှိရင် ဂိုဏ်းကျမှ ပြောကြတာပေါ့။ ဒီနေရာမှာ ငိုပြီး ကုန်းအော်နေတာက တကယ်ကို ရှက်စရာပဲ … ”
ထိုသို့ပြောပြီးနောက် ချွီကန်က မိုဝူကျိဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ ဆေးလုံးဆရာမို … ဒီကိစ္စကို ထုတ်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆေးလုံးဆရာမိုများ အဲဒီသလင်းကျောက်ကို ပေးနိုင်မလား … ကျုပ်ဂိုဏ်းက အဆုံးအဖြတ်မချခင် အရင်ဆုံး စစ်ဆေးကြည့်ရအောင်လို့ပါ ”
မိုဝူကျိက ချွီကန်၏ ရည်ရွယ်ချက်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူက သလင်းကျောက်ကို ယူသွားကာ ဖျက်စီးပစ်ပြီးနောက် ပါဝင်အကြောင်းအရာများမှာ အတုအယောင်ဖြစ်ကြောင်း ကြေညာမည်သာ ဖြစ်၏။ ဤနည်းဖြင့် စကြဝဠာဓားသွားကျောင်းတော်က သူတို့၏ ပါရမီရှင် ဝူမိန်အား ပြန်လည် ရရှိပေလိမ့်မည်။
မိုဝူကျိက တစ်ဝက်မျှသာ ခန့်မှန်းနိုင်ခဲ့သည်။ ချွီကန်က ပါရမီရှင် ဝူမိန်ကို ပြန်လည် ရရှိလိုရုံသာမက သူမနောက်ခံကိုလည်း ချည်နှောင်လိုခြင်း ဖြစ်ပေသည်။
“ ကျုပ်ဆီက ပစ္စည်းကို ယူဖို့ ထိုက်တန်တယ် ထင်နေရအောင် ခင်ဗျားကိုယ် ခင်ဗျား ဘယ်သူထင်နေတာလဲ … ထွက်သွားစမ်း ” မိုဝူကျိ စိတ်ထဲ ချွီကန်အပေါ် အထင်သေးလာမိသည်။ သူက အပြစ်ဆိုဖို့ရာ တုံ့ဆိုင်းမနေချေ။
ချွီကန် မျက်နှာမှာ အစိမ်းရောင် ပြောင်းသွားက သတ်ဖြတ်ငွေ့များလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။ ကံကောင်းစွာဖြင့် သူက မြန်မြန် ထိန်းလိုက်နိုင်ပေသည်။ အကယ်၍ မိုဝူကျိကို အလွယ်တကူ သတ်နိုင်နေမည် ဆိုလျှင် ဤနေရာအထိပင် ရောက်လာမည် မဟုတ်သလို မဟာဧကရာဇ်များ ဝိုင်းထားသည့်ကြားမှလည်း ထွက်ပြေးသွားနိုင်မည် မဟုတ်ချေ။
သူ ချွီကန်က အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း ယီမင်ရှု၊ လိန်ကူယွင်တို့ကဲ့သို့ မဟာဧကရာဇ်များနှင့် ယှဉ်ကြည့်လျှင် ပုရွက်ဆိတ်တစ်ကောင်မျှပင် မရှိချေ။
“ ဂိုဏ်းချုပ် ကျမတို့ မောင်နှမအတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ် …” ထန်းနီနီက မြေပြင်ပေါ် အားပြင်းပြင်း ထိရိုက်၍ တောင်းဆိုနေလေရာ သူမ နဖူးမှ သွေးများပင် စီးကျလာလေ၏။
ချွီကန်က နှာခေါင်းရှုံ့ကာ လက်ကို ဝှေ့လိုက်သည်။ အင်မော်တယ် သဘာဝစွမ်းအားများ ပေါ်လာပြီး ထန်းနီနီအား လွှင့်စင်သွားစေသည်။ သူ့အနေနှင့် ဝူမိန် ဤလျို့ဝှက်ချက်ကြီးကို ဝှက်ထားသည့် ကိစ္စကို စိတ်အနှောင့်အယှက် ဖြစ်နေသလို ထန်းနီနီကလည်း အချိန်ကောင်းကို မသိဘဲ ဆက်၍ ပြုမူနေသောကြောင့် ဒေါသထွက်လာမိသည်။ ဝူမိန်က ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်ထဲမှ တစ်ယောက် ဖြစ်ကြောင်း ပြောနေစရာ မလိုပေ။
လူတစ်ယောက် ပြောလိုက်ရုံဖြင့် သူမကို သတ်ပစ်ရမည်လား …..
မိုဝူကျိက လက်ဖြန့်လိုက်သည့်အခါ အင်မော်တယ် သဘာဝစွမ်းအားများ ထွက်ပေါ်လာသည်။ ချွီကန်၏ အင်မော်တယ် သဘာဝစွမ်းအားများမှာ မိုဝူကျိကြောင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရ၏။ မိုဝူကျိက နှာခေါင်းရှုံ့ကာ
“ နောက်ဆုံးတော့ ခင်ဗျားတို့ဂိုဏ်း ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ သိလိုက်ရတာပေါ့။ ခင်ဗျားက အပြစ်ကျူးလွန်တဲ့သူကိုကျ ခွင့်လွတ်ပြီးတော့ အပြစ်ကင်းတဲ့သူကို အနိုင်ကျင့်နေတာပဲ …. ”
“ ဒါက ကျုပ်တို့ စကြဝဠာဓားသွား ကျောင်းတော်ရဲ့ ကိစ္စပါ။ ဆေးလုံးဆရာမိုက စည်းကျော်နေပြီ မဟုတ်ဘူးလား ” ချွီကန်က အေးစက်စွာ ပြောလိုက်သည်။
မိုဝူကျိက ရယ်မောကာ “ ကျုပ်က တမင်သပ်သပ်ကို စည်းကျော်နေတာလေ။ အစ်ကိုထန်းနဲ့ ကျုပ်ရဲ့ ဆက်ဆံရေး နက်ရှိုင်းတဲ့အကြောင်းကို မပြောနဲ့ဦး … အစ်ကိုထန်းရဲ့ ညီမကို ကျုပ်က ကူညီပေးတာလေ ”
မိုဝူကျိက ထန်းနီနီ၏ ကူကယ်ရာမဲ့ သွင်ပြင်ကို မြင်လိုက်သောအခါ သူစိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာလေ၏။ ထိုသူမှာ ဝမ်ရှောင်ချီ ဖြစ်သည်။
သူက ဝမ်ရှောင်ချီသည် သူ့ကို တိတ်တဆိတ် ချစ်မြတ်နိုးနေကြောင်း သိထားလေ၏။ သူမက သူ့အတွက် အရာအားလုံးကို လက်လွှတ်ပေးထားသေးသည်။
ဝမ်ရှောင်ချီက သူ့အပေါ် အမြဲလိုလို တိတ်တဆိတ် ဂရုစိုက်ပေးခဲ့သည်။ အကယ်၍ သူ တစ်ခုခု လိုအပ်သည်ဆိုလျှင်လည်း စကားပင် ပြောနေစရာမလိုဘဲ ဝမ်ရှောင်ချီက အရင်ဦးစွာ ကူညီပေးတတ်သည်။ သူ့စိတ်နှလုံးသားကို ရှားရိုယင် အပိုင်သိမ်းထားသောကြောင့် ဝမ်ရှောင်ချီအတွက် နေရာလွတ် မည်သို့ ရှိနေမည်နည်း။
သူ သေဆုံးပြီးနောက် အနာကျင်ဆုံးသူမှာ ဝမ်ရှောင်ချီသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူ့တွင် အုတ်ဂူရှိနေပါက လုပ်ပေးထားသူမှာလည်း သူမသာ ဖြစ်လိမ့်မည်။ သူ့အုတ်ဂူဆီ နှစ်တိုင်း လာတွေ့သည့် တစ်ဦးတည်းသော သူမှာလည်း ဝမ်ရှောင်ချီသာ ဖြစ်လိမ့်မည်။ ထိုအခိုက်အတန့်လေး၌ မိုဝူကျိက ဤသို့ လူမျိုး၏ အဖိုးမဖြတ်နိုင်မှုကို နားလည်သွားလေ၏။ သူက ကမ္ဘာမြေကို မပြန်နိုင်သေးသည်က ကံဆိုးလှပေသည်။ အကယ်၍ သူသာ ပြန်နိုင်ပါက ဝမ်ရှောင်ချီ ပျော်ရွင်ဖို့ရာ ကြိုးစားကြည့်မိချင်သေးသည်။
မိုဝူကျိက ထန်းနီနီကို ကူညီဖို့ရာ ဆုံးဖြတ်လိုက်ခြင်းမှာ ထန်းကျုံးဖူက သူနှင့် အလွန်ဆင်တူနေ၍ ဖြစ်သည်။ ထန်းနီနီက သူမ အစ်ကိုကြီးအပေါ် ဂရုစိုက်ပေးခြင်းမှာ ဝမ်ရှောင်ချီက သူ့အပေါ် တူညီစွာ ဆက်ဆံပေးသည်နှင့် အတူတူ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ ထန်းနီနီနှင့် ထန်းကျုံးဖူတို့မှာ မောင်နှမ ဆက်ဆံရေး ဖြစ်ပေသည်။
ထို့အပြင် မိုဝူကျိ၏ အတွေ့အကြုံနှင့် ဗဟုသုတအရ ဝူမိန်က ထန်းကျုံးဖူအား ရတနာကြောင့် သတ်လိုက်သည်ကို မည်သို့ မသိဘဲ နေမည်နည်း။ ယနေ့ သူက ထန်းနီနီကို ဝူမိန်အား သတ်ဖို့ရာ မကူညီနိုင်သော်လည်း ထန်းနီနီအား သူမအစ်ကို၏ ပစ္စည်း ပြန်ရဖို့ရာ ကူညီပေးနိုင်သည်။
အားလုံးက မိုဝူကျိ စကားကို ကြားလိုက်သောအခါ အဖြစ်အပျက်ကို သိသွားကြသည်။ မိုဝူကျိက ထန်းကျုံးဖူအား မသိကြောင်း ပြောဖူးသော်လည်း ယခုအခါ သူတို့ကြားမှာ ဆက်ဆံရေးမှာ အပေါ်ယံ မဟုတ်ကြောင်း ပြောနေလေရာ မိုဝူကျိက ကူညီဖို့ရာ အကြောင်းပြချက် ရှာနေမှန်း သိသာလှသည်။
“ ဟားဟား …” ချွီကန်က အားရပါးရ ရယ်မောကာ သူ့ခေါင်းထက်၌ ဓားရှည်တစ်ချောင်း ပေါ်လာပြီး
“ ဆေးလုံးဆရာမိုက ကျုပ်တို့ စကြဝဠာဓားသွားကျောင်းတော်ရဲ့ ကိစ္စကြား ဘယ်လို ဝင်ပါမလဲဆိုတာ ကြည့်ရသေးတာပေါ့ … ”
မိုဝူကျိ၏ ပုံရိပ်က ဖြတ်ခနဲ ပျောက်သွားပြီး ဝူမိန်ဘေးနား ရုတ်တရက် ရောက်သွားသည်။ သူက အလျှင်အမြန် ဝူမိန်၏ သိုလှောင်လက်စွပ်ကို လုယူပစ်လိုက်သည်။
ချွီကန်က ဝူမိန်သည် ထန်းကျုံးဖူအား သတ်ပစ်လိုက်သည့်အကြောင်း ကြားလိုက်စဉ်က ဝူမိန်တွင် ရတနာ ရှိလိမ့်မည်မှန်း မှန်းဆမိလိုက်သည်။ မဟုတ်လျှင် ဝူမိန်က သူ့အား သတ်ပစ်ခဲ့မည် မဟုတ်ပေ။ လက်တွေ့၌ ချွီကန် တစ်ယောက်တည်း ထိုသို့ တွေးမိခြင်း မဟုတ်ပေ။ အားလုံးလည်း တွေးမိကြသော်လည်း လှုပ်ရှားဖို့ရာ အကြောင်းပြချက် မရှိခြင်းသာ ဖြစ်၏။
မိုဝူကျိက လှုပ်ရှားလိုက်သည်နှင့် ချွီကန်က တားဆီးဖို့ရာ ကြိုးစားလိုက်သည်။ ချွီကန်က တစ်လက်မလောက် လှုပ်ရှားလိုက်သည်နှင့် သူ့ကို လွှမ်းခြုံသွားသော ပြင်းထန်သည့် သတ်ဖြတ်ငွေ့ကို ခံစားလိုက်ရသည်။ သူသာ ထပ်လှုပ်လိုက်သည်နှင့် ထိုသတ်ဖြတ်ငွေ့က သူ့အား မေးခွန်းမထုတ်ဘဲ သတ်ပစ်လိုက်မည် ဖြစ်၏။
ထိုစဉ် မိုဝူကျိက ဝူမိန်၏ လက်စွပ်ကို အရယူပြီးလေပြီ။
မိုဝူကျိ၏ စိတ်စွမ်းအားက အလွယ်တကူ ထိုးဖောက်ဝင်ရောက်လိုက်၏။ အထဲမှ ပစ္စည်းများကို မြင်လိုက်သောအခါ သူပင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
လက်စွပ်ထဲ၌ ငါးလက်မအကျယ်ရှိသည့် ဒယ်စောက်ငယ် တစ်လုံး ရှိနေသော်လည်း ထိုဒယ်စောက်လေးမှ ကံကြမ္မာကြာနီထက် မလျော့ကျသည့် ကမ္ဘာဦး စွမ်းအားများ ထုတ်လွှင့်နေသည်။ ထိုမျှတင် မကသေးဘဲ လော့ကျမ်းစာရွက်နှစ်ရွက်ကိုလည်း တွေ့လိုက်ရသည်။
ဤအမျိုးသမီး၏ ကျင့်ကြံဆင့်က အရမ်းမြန်ဆန်နေသည်မှာ အံ့ဩဖို့ မကောင်းတော့ပေ။ သူမက ဤသို့ရတနာမျိုး ရရှိထားပေ၏။ ဤအမျိုးသမီးက သူမတွဲဖက်ကို သတ်လိုက်ခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။ ဤရတနာများက ကောင်းကင်ဘုံ သွေဖယ်နေသည့် ရတနာမျိုး ဖြစ်ကြသည်။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက ဤအမျိုးသမီး၏ ကံတရားကိုလည်း အနည်းငယ် လေးစားမိသွား၏။ အကယ်၍ ယနေ့ သူမသာ သူနှင့် မတွေ့ဆုံခဲ့လျှင် ဤအမျိုးသမီး၏ အောင်မြင်နှုန်းက မုရုန်ရှန်းယွီထက် လျော့ကျမည် မဟုတ်ချေ။
ချွီကန်က ဝေကျီတောက်အား အကြောက်တလန့်ဖြင့် ကြည့်လိုက်သည်။ ထိုအခါမှ သူက ဝေကျီတောက်သည် သူ့ထက် အားကောင်းသော အင်မော်တယ် ဧကရာဇ် ဖြစ်ကြောင်း သေချာသွားလေ၏။
“ ဆေးလုံးဆရာမိုက တကယ်ကို စွမ်းဆောင်ရည် ကောင်းတာပဲ … ဂျုနီယာလေးဆီကတောင် ပြန်လုတယ်ပေါ့ ” ချွီကန်က စကားနာ ထိုးလိုက်သည်။
“ ဂိုဏ်းချုပ် … ထန်းနီနီက စကြဝဠာဓားသွားကျောင်းတော်ရဲ့ တပည့် မဟုတ်တော့ပါဘူး။ ဒီတပည့်ကို နှစ်အကြာကြီး စောင့်ရှောက်ပေးလာတာ ကျေးဇူးတင်ပါတယ် ..” ထန်းနီနီက သူမဂိုဏ်းချုပ်မှာ သူမအစ်ကို သေဆုံးမှုကို ဂရုမစိုက်ဘဲ ဝူမိန်အား ကာကွယ်ပေးချင်နေသည်ကို မြင်သောအခါ သူမစိတ်နှလုံးသားမှာ အေးစက်သွားလေ၏။
ဂိုဏ်း၌ ဆက်နေနေဖို့ရာ အဓိပ္ပါယ်ရှိသေးရဲ့လား ….
“ ဟင်း ….” ချွီကန်၏ သတ်ဖြတ်ငွေ့များက တဖန် ထွက်ပေါ်လာပြန်သည်။ သူက မိုဝူကျိနှင့် ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေသော်လည်း ဂိုဏ်းမရှိတော့သည့် မဟာကျီရှန်းအဆင့် ကျင့်ကြံသူအတွက် အဘယ်ကြောင့် ဆက်သည်းခံရမည်နည်း။
သို့သော် သူက ဘာမှမပြောလိုက်နိုင်ခင် မိုဝူကျိ အသံ ထွက်ပေါ်လာ၏
“ ဂျုနီယာညီမလေး ထန်း … တကယ်လို့ စိတ်မရှိရင် ကျုပ်ရဲ့ ဂိုဏ်းကို ဝင်လို့ ရပါတယ်။ ကျုပ်လည်း ကိုယ်ပိုင်ဂိုဏ်း ထောင်ထားတာ မကြာသေးဘူးလေ … ”
တစ်ချိန်တည်းဆိုသလို မိုဝူကျိက ထန်းနီနီဆီ စိတ်ဖြင့် ဆက်သွယ်ကာ “ ဝူမိန်ရဲ့ ပစ္စည်းတွေက မင်းအစ်ကိုရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်။ ငါတို့ ထွက်သွားပြီးတာနဲ့ မင်းဆီ ပြန်ပေးပေးမယ် .. ”
“ ဂိုဏ်းချုပ်မိုကို ကျေးဇူတင်ပါတယ်။ ဒီတပည့်လေးက လိုလားပါတယ် …” ထန်းနီနီက မိုဝူကျိအား ဦးညွှတ်နှုတ်ဆက်ကာ မိုဝူကျိဘေးသို့ သွားလိုက်သည်။
သူမက မိုဝူကျိသည် သူမကို ကူညီပေးနေလျှင်ပင် ဝူမိန်ကို မသတ်နိုင်ကြောင်း ကောင်းကောင်း သိထား၏။ အကယ်၍ သူမက ကိုယ်တိုင် လက်စားချေလိုလျှင် သူမ အင်အားကြီးလာသည့်အထိ စောင့်ဆိုင်းရပေမည်။
“ ဟားဟား …. စီနီယာက ဂျုနီယာဆီက ပြန်လုနေတာပဲ။ ဒီနေ့တော့ ငါ ကွေ့ဖုန်းယွင်တော့ ကမ္ဘာကြီးအကြောင်း အမြင်ပွင့်သွားမိပါ့ …” ကွေ့ဖုန်းယွင် အသံက ထွက်ပေါ်လာလေ၏။ မိုဝူကျိက ဤလူသည် သူ့ဖင်းဖန်ဆီ တစ်ယောက်တည်း လာ၍ စိမ်မခေါ်ရဲမှန်း သိနေ၏။ ထို့ကြောင့် ဤလူက စကြဝဠာဓားသွား ကျောင်းတော်ဘက်မှ အကူအညီရရန် ကြိုးစားနေခြင်း ဖြစ်၏။
***