ငြင်းဆန်ခြင်း
Vol. 54 Ch. 740
မိုဝူကျိက ပြန်ဖြေလိုက်သည်
“ စီနီယာအစ်မ ဝမ်လန် …. ကျုပ် လိန်ဟုန်ကျီနဲ့ သိပါတယ်။ အဲလူရဲ့ ပါရမီအရည်အချင်းကို ကျုပ် လေးစားမိတဲ့အထိပဲ ။ အနည်းဆုံးတော့ သူက ကျုပ်ထက်တော့ ပိုသာတာပေါ့ … ”
“ ဝူကျိ .. လိန်ဟုန်ကျီရဲ့ ပါရမီက မင်းထက် သာတယ်ဆိုတာ ဘယ်လိုလုပ် ပြောတာလဲ။ အရှင်းဆုံးပြောရရင် ငါက မင်းရဲ့ ပါရမီနဲ့ အမွေအနှစ်ကို မမြင်နိုင်ပေမဲ့ အင်မော်တယ်လောကမှာ မင်းနဲ့ ယှဉ်နိုင်မဲ့သူ နည်းနည်းလေးပဲ ရှိတယ်ဆိုတာတော့ သိတယ်။
မဟုတ်ရင် မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အင်မော်တယ်ဘုရင်အဆင့် ရောက်နေမှာ မဟုတ်ဘူးလေ။ လိန်ဟုန်ကျီက အများဆုံး မင်းလောက်ပဲ တော်တာပဲ ဖြစ်နိုင်တယ်။ သူက အင်မော်တယ်ဘုရင်အဆင့်တောင် မတက်လှမ်းရသေးဘူးလေ ” အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိ စကားမဆုံးခင် ဝင်ဖြတ်ပြောလိုက်၏။
မိုဝူကျိက ပြောစရာ ရှာမတွေ့ဖြစ်မိသွားသည်။ လိန်ဟုန်ကျီ၏ ပါရမီနှင့် သူ့ကို နှိုင်းယှဉ်ခြင်းမှာ သူ့အား အထင်ကြီးလွန်းနေသည် ဖြစ်၏။ လိန်ဟုန်ကျီကို ထည့်ပြောမနေလျှင်ပင် ကြုံရာကျပန်း ကျင့်ကြံသူ တစ်ယောက်ပင် သူ့ထက် ပါရမီသာဦးမည် ဖြစ်သည်။ သူ့တွင် မွေးရာပါ အရည်အချင်း မပါလာသလို ဝိညာဉ်ကြော မရှိသည့် လူတစ်ယောက်သာ ဖြစ်နေ၏။
ဘေးတွင်ရှိသော ရှန်းမူချင်၏ စိတ်ထဲ၌ တုန်လှုပ်သွားလေ၏။ ယခင်ကတည်းမှ သူမက မိုဝူကျိသည် မရိုးရှင်းကြောင်း သိထားသော်လည်း သူမခန့်မှန်းချက်မှာ အမှန်ဖြစ်နေလေ၏။ ကြယ်ကိုးလုံး ပါရမီရှင်များပင် မိုဝူကျိရှေ့၌ ဘာဆိုဘာမှ မဟုတ်တော့ချေ။ ထိုနိုက်ဟော်မှာ သူမ ဇာစ်မြစ်က ကြီးကျယ်သော်လည်း မိုဝူကျီကြောင့် ကျိုးပျက်ကမ္ဘာ ကူးသန်းရေးမျှော်စင်၌ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသည်။
မိုဝူကျိက ဆေးလုံးဧကရာဇ် တစ်ယောက်ဖြစ်သောကြောင့် မဟာလော့ရှန်းအဆင့် ရောက်နေလျှင်ပင် သူမစိတ်ထဲ အုတ်အော်သောင်းနင်း ဖြစ်စေဖို့ရာ လုံလောက်နေလေပြီ။ သို့သော် ယခုတွင် မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် ရောက်နေပြီ ဖြစ်၏။ သူမ ရှန်းမူချင်က ကြယ်ခုနှစ်လုံး ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း သူမ ကျင့်ကြံဆင့်အား မိုဝူကျိနှင့် နှိုင်းယှဉ်လိုက်သည့်အခါ အတော်လေး ဆိုးရွားနေလေ၏။
သူမက မုရုန်ရှန်းယွီကို ရုတ်တရက် တွေးမိသွား၏။ ထိုအမျိုးသမီးက မျက်လုံးများ ပါရှိသော်လည်း ကန်းနေကာ မိုဝူကျိလို တကယ့်ပါရမီရှင်ကို စွန့်ပစ်ပြီး အမှိုက်သရိုက်ကို ရွေးချယ်သွားခဲ့သည်။ အကယ်၍ သူမသာ ဖြစ်နေပါက မိုဝူကျိအား သူမဘေးနား ထိန်းသိမ်းထားဖို့ရာ ကာကွယ်မိပေလိမ့်မည်။
ရှန်ူးမူချင်က ထိုအရာကို တွေးမိသောအခါ မိုဝူကျိအား တိတ်တဆိတ် ခိုးကြည့်လိုက်လေ၏။ သူမစိတ်ထဲ ဗလာကျင်းသွားကာ သူမရုပ်ရည်မှာ မဆိုးလှသော်လည်း မိုဝူကျိ ၏ စိတ်နှလုံးသားကို အပိုင်ရနိုင်ဖို့ရာ ခက်ခဲကြောင်း သိပေသည်။
ရှန်းမူချင်က ထိုစကားကို ခေါင်းထဲ ပေါ်လာကာ သူမက မုရုန်ရှန်းယွီ၏ ကျင့်ကြံဆင့်မှာ မိုဝူကျိထက် ပိုမြင့်နေမှန်း မသိသေးပေ။ ဤလူက အင်မော်တယ်ဘုရင်အဆင့် ရောက်သည်မှာ ကြာလှပြီ ဖြစ်ရာ သူမလည်း အနည်းဆုံးတော့ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရောက်နေလောက်လေပြီ။
မိုဝူကျိက အရိုးသားဆုံး ရှင်းပြလိုက်သည်
“ ကျုပ်က အင်မော်တယ်ဘုရင်အဆင့် ရောက်လာနိုင်တာ ကံကောင်းလို့ပါ။ လိန်ဟုန်ကျီရဲ့ အသက်ကလည်း ကျုပ်ထက် သိပ်မကြီးသေးဘူးဆိုပေမဲ့ သူ့ကျင့်ကြံနှုန်းက ကျုပ်ထက် ပိုမြန်တယ်လေ။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကြောင့်သာ မဟုတ်ရင် သူလည်း အင်မော်တယ်ဘုရင်အဆင့် ရောက်လောက်ပြီ။
ဒီလိုဆိုမှတော့ သူ ကျိုးပျက်ကမ္ဘာကနေ ထွက်လာတာနဲ့ အင်မော်တယ်ဘုရင်အဆင့် ရောက်နိုင်မှာပဲ … ကျုပ် သူ့ကို အများကြီးသိနေတာက ကျုပ်တို့က ကျင့်ကြံရေး လောကအတူတူက ရောက်လာကြလို့ပဲ …. ”
“ ဒီလိုဆိုမှတော့ ဆက်ပြောပါဦး ” အင်မော်တယ် ဧကရီ ဝမ်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဝေကျီတောက်၏ စိတ်နှလုံးပင် တုန်လှုပ်မိသွားလေ၏။ ဤတစ်ကြိမ်၌ သူပင် မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းသွားပြီလားဟု တွေးမိသွားသည်။ သူ့တာအိုမှာ အင်မော်တယ် ဧကရီ ဝမ်လန်နှင့် မနှိုင်းယှဉ်နိုင်သောကြောင့် သူလည်း မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မပြောနိုင်ပေ။ ယခုမှသာ သူက ဂိုဏ်းချုပ်သည် အင်မော်တယ်ဘုရင်အဆင့် ရောက်သွားကြောင်း သိရခြင်း ဖြစ်၏။ သူ့ဂိုဏ်းချုပ် မည်မျှ အားကောင်းကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ဖူးပြီးသား ဖြစ်၏။ ယခင် သူ့ဂိုဏ်းချုပ်က အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်ရှိသေးဘဲ သူတို့အား ဦးဆောင်၍ ဓားအကျဉ်းထောင်မှ ခေါ်ထုတ်လာခဲ့သည်။ ယနေ့ ဂိုဏ်းချုပ်က အားကောင်းလှသော ဖင်းဖန်ကို တည်ထောင်ပြီးလေပြီ။
မိုဝူကျိက ဆက်ပြောလိုက်သည်
“ လိန်ဟုန်ကျီက အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူပါ။ သူ့စွမ်းဆောင်ရည်နဲ့ဆိုရင် အင်မော်တယ်လောကတစ်ခုလုံးကိုတောင် အတားအဆီးမရှိ သွားနိုင်လိမ့်မယ်။ ဒါပေမဲ့ သူက အင်မော်တယ်လောကကို သေချာပေါက် ကာကွယ်ပေးမှာ မဟုတ်ဘူး။ တကယ်လို့ အင်မော်တယ်လောကရဲ့ ကံတရားက အဲလိုလူမျိုးအပေါ် မူတည်နေတယ်ဆိုရင်တော့ ရေဆာပြေဖို့ အဆိပ်ရေသောက်ခိုင်းသလို ဖြစ်နေလိမ့်မယ် …. ”
မိုဝူကျိက ထိုစကားများကို ပြောသည့်အခါ ရှင်းရှင်းလင်းလင်း ပြောလိုက်၏။ အကယ်၍ တစ်ယောက်ယောက်က လိန်ဟုန်ကျီ စိတ်နှလုံးသားကို လှုပ်ရှားစေနိုင်မည့် ရတနာမျိုး ပေးခဲ့လျှင် သူက သစ္စာဖောက်ဖို့ရာ သို့မဟုတ် အင်မော်တယ်လောကတစ်ခုလုံးကို ဦးဆောင်ဖျက်စီးပစ်ဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ချေ။ အင်မော်တယ်လောကကို ကာကွယ်ခိုင်းသည့် ကိစ္စမှာ ဟာသတစ်ခုမျှသာ ဖြစ်နေ၏။
အင်မော်တယ် ဧကရီ ဝမ်လန်က နူးနူးညံညံ ရယ်မောကာ
“ ဝူကျိက အရမ်းတွေးလွန်းနေပါပြီကွယ်။ တကယ်လို့ လိန်ဟုန်ကျီမှာ အင်မော်တယ်လောကကို ကာကွယ်ပေးဖို့ ပါရမီနဲ့ အရည်အချင်းရှိနေတယ်ဆိုရင် အင်မော်တယ်လောကကို စွန့်ပစ်မှာ မဟုတ်ပါဘူး။ သူက အဲလိုအခြေအနေမျိုး မဟုတ်လို့ မင်းက သူ့ပင်ကိုယ်သဘာဝကို မြင်လိုက်တာ ဖြစ်မယ်။
အင်မော်တယ်လောကမှာ လူတိုင်းမှာ ကျင့်ကြံရေး လမ်းစဉ်ကို လျှောက်လှမ်းကြပြီဆိုတာနဲ့ သူတို့ကိုယ်ပိုင် အကျင့်စရိုက်တွေ ရှိလာကြတယ်။ တချို့လူတွေက မသမာတဲ့ အပြုအမူတွေကို ကျူးလွန်တတ်ကြတယ်။ ဒါပေမဲ့လည်း ကိုယ်မွေးရပ်မြေကို ခြိမ်းခြောက်လာတဲ့ ကပ်ဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဘယ်သူမဆို သူတို့လုပ်ရမဲ့အရာကို သိကြတယ်လို့ ငါတော့ ယုံကြည်တယ် …. ”
အင်မော်တယ် ဧကရီ ဝမ်လန်က ဆက်မပြောတော့ပေ။ မိုဝူကျိက ယခု ထိုသို့မျိုးကိစ္စကို နားလည်မည် မဟုတ်သေးကြောင်း ယုံကြည်ထားလေ၏။ တစ်ယောက်က သေချာသည့် နေရာအနေအထားဆီ ရောက်သည့်အခါ ထိုသို့အရာမျိုး နားလည်နိုင်လာလိမ့်မည်။ သူမ ပြောလိုက်သကဲ့သို့ ကပ်ဘေးကို တုံ့ပြန်ခြင်းအကြောင်း မဟုတ်ဘဲ ကိုယ်ပိုင် တာအိုအမျိုးအစား တစ်မျိုးသာ ဖြစ်နေသည်။
လိန်ဟုန်ကျီက အင်မော်တယ်လောကမှ သူ့တာအိုကို ရရှိခဲ့သောကြောင့် အင်မော်တယ်လောကကို ကာကွယ်ပေးရမည်။ မဟုတ်လျှင် သူ့ကိုယ်ပိုင်တာအိုကို မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
မိုဝူကျိပင် ပြောစရာရှာမတွေ့ ဖြစ်သွားလေ၏။ သို့သော်လည်း သူက အင်မော်တယ် ဧကရီ ဝမ်လန်၏ စကားများကို ပြန်လည် မချေပတော့ပေ။ ထို့အပြင် သူက ဤသို့ စိတ်ကူးယဉ် အခြေအနေများကို ပြောပြသောအခါ ပြန်လည် ချေပနေဖို့ အကြောင်းအရင်း မရှိပေ။
မူလက သူသည် ကျီယွဲ့ကိုလည်း တစ်ကိုယ်ကောင်းဆန်သူ ဖြစ်ကြောင်း ပြောချင်သော်လည်း ယခုအခါ ထိုမိန်းမအကြောင်း ပြောချင်သည့် စိတ်အခြေအနေ မဟုတ်တော့ပေ။
“ တကယ်တော့ ဝူကျီက လေ့ကျင့်ဖို့ ထိုက်တန်တဲ့သူဆိုတာကို ယုံပါတယ်။ အထက်ဘုံက ရှေ့ဖြစ်ကိန်းနဲ့ ပတ်သတ်ပြီးတော့ အမြင်ကျဉ်းမြောင်းကြတာ ကံဆိုးတာပဲ ..” အင်မော်တယ် ဧကရီ ဝမ်လန်က သက်ပြင်းချကာ ပြောလိုက်၏။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လော့စစ်ကျိုက်က ရုတ်တရက် ဝင်ပြောလေ၏ “ ဟိုကောင် လိန်ဟုန်ကျီက မင်းထက် ကံကောင်းနေလို့ဆိုပြီး မင်းက အပယ်ခံလိုက်ရတာပဲ ”
ဒါက ဘာအဓိပ္ပါယ်လဲ ….
လိန်ဟုန်ကျီက အင်မော်တယ်လောကနှင့် အထက်ဘုံကို ကာကွယ်သူအဖြစ် အရွေးချယ်ခံရသည်ကို သူက အဘယ်ကြောင့် အပယ်ခံ ဖြစ်ရသနည်း။ ထို့အပြင် သူက ထိုလော့စစ်ကျိုက်နှင့် ရန်ကြွေးမရှိပေ။ အဘယ်ကြောင့်များ ထိုလူက သူ့အား လိုက်ပြောဆိုနေသနည်း။
အင်မော်တယ် ဧကရီ ဝမ်လန်က မြန်မြန် ဝင်ပြောလိုက်သည် “ ဝူကျိ … အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ရဲ့ အပြုအမူကို စိတ်ထဲ မထားပါနဲ့ ။ သူ့မိတ်ဆွေကောင်း တစ်ယောက်က ကွေ့ကျန်းချန်မလို့ပါ … ”
မိုဝူကျိက ချက်ချင်း နားလည်သွားတော့သည်။ ကွေ့ကျန်းချန်က မဟာဓားလမ်းစဉ်ဂိုဏ်း၏ မဟာအကြီးအကဲ မဟုတ်ပေဘူးလား။ အဆုံးသတ်၌ မဟာဓားလမ်းစဉ်ဂိုဏ်းမှာ သူ့လက်ထဲ အဆုံးသတ်သွားလေရာ ဤကောင်းကင် ဧကရာဇ် စစ်ကျိုက်က သူ့အား ကြည့်မရ ဖြစ်နေသည့် အကြောင်းမှာ အံ့ဩစရာ မရှိတော့ပေ။
“ စိတ်အေးအေးထားပါ။ ငါက ကွေ့ကျန်းချန်အတွက်နဲ့ မင်းကို ဘာမှ မလုပ်ပါဘူး။ ဂိုဏ်းတွေကြားက ရန်ကြွေးက ငါနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ ကွေ့ကျန်းချန်က မဟာဓားလမ်းစဉ်ဂိုဏ်းကဆိုတော့ သူ့ကံတရားသူ လက်ခံရမှာပဲလေ။ ငါက အမှန်အတိုင်း ပြောနေတာ ….” လော့စစ်ကျိုက်က ရှင်းပြလိုက်သည်။
သူက အမှန်တရား ပြောနေခြင်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မည်သူကမှ မသိနိုင်ပေ။
အင်မော်တယ် ဧကရီ ဝမ်လန်က ဝင်ဖြန်ဖြေပေးလိုက်သည်
“ ဝူကျိ … အင်မော်တယ်ရောင်းရင်း စစ်ကျိုက်က စနောက်နေပေမဲ့လည်း သူ ပြောနေတာက အမှန်တွေပါ။ အခု လိန်ဟုန်ကျီကို အထက်ဘုံက ခေါ်သွားပြီ ဆိုတော့ သူ့မှာ ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီးရလာမှာပဲ။ အထက်ဘုံမှာ ကျင့်ကြံနယ်မြေ ဆယ်ခုရှိတယ်ဆိုတော့ လိန်ဟုန်ကျီ တစ်ယောက် ထိပ်ဆုံးရောက်လာဖို့ ဘယ်လောက် မြန်မလဲဆိုတာ တွေးကြည့်လို့ ရပါတယ်။
ဒါပေမဲ့ ဝူကျိရဲ့ ပါရမီနဲ့ အရည်အချင်းကလည်း မရိုးရှင်းဘူးဆိုတာ ခံစားမိနေတယ်။ အဲဒါကြောင့်မလို့ ငါက ရှိသမျှ နည်းလမ်းအကုန်သုံးပြီးတော့ မင်းကို အင်မော်တယ် ဧကရာဇ်အဆင့် ရောက်အောင် လုပ်ပေးချင်တယ်။ ဒါက မင်းကို တွေ့ချင်တဲ့ ဒုတိယမြောက် အကြောင်းအရင်းပဲ …. ”
မိုဝူကျိက နားမလည်စွာ မေးလိုက်သည် “ စီနီယာအစ်မ ဝမ်လန် … လိန်ဟုန်ကျီက အင်မော်တယ်လောကရဲ့ ကာကွယ်သူလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ကျုပ်ကိုပါ ထောက်ပံ့ပေးချင်နေရတာလဲ ”
အင်မော်တယ် ဧကရီက သက်ပြင်းချကာ
“ လိန်ဟုန်ကျီနဲ့ ကျီယွဲ့တို့ကို အထက်ဘုံက ပြုစုပျိုးထောင်ပေးမှာလေ။ အထက်ဘုံကတော့ အင်မော်တယ်လောကကို ကာကွယ်ဖို့ ဆိုပြီး ပြောပေမဲ့ အထက်ဘုံလည်း သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်လေ။
အဲဒီအခါကျ သူတို့က လိန်ဟုန်ကျီနဲ့ ကျီယွဲ့တို့ကို အင်မော်တယ်လောကဆီ သေချာပေါက် လွှတ်မှာ မဟုတ်ဘူး။ ငါတို့တွေက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လေ ”
မိုဝူကျိက နားလည်သွားတော့သည် “ စီနီယာအစ်မ ဝမ်လန် … ကျုပ်ကို လွန်ခဲ့တဲ့နှစ်တုန်းက တွေ့ချင်တယ်ပြောတာလဲ ဒါကြောင့်လား ”
အင်မော်တယ် ဧကရီက ခေါင်းခါကာ
“ မဟုတ်ဘူး။ အဲတုန်းက မင်းရဲ့ ဆေးလုံးတာအိုက အရမ်းတော်တယ်ကြားလို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးတာအို ထူးချွန်တဲ့သူ အများကြီး ရှိတယ်ဆိုပေမဲ့လည်း ဘယ်သူကမှ ငါ့ကို မကျေနပ်စေဘူး။ ဒီတစ်ကြိမ်ကျ မင်းက လိန်ဟုန်ကျီနဲ့ လက်ရည်တူ တိုက်နိုင်တယ်ဆိုတာကို မြင်လိုက်လို့ မင်းက ဆေးလုံးတာအိုမှာပဲ ထူးချွန်တာ မကဘူးဆိုတာ သိလိုက်တာ …. ”
မိုဝူကျိက စိတ်ထဲမှ ရယ်မောလိုက်မိ၏။
လိန်ဟုန်ကျီနဲ့ လက်ရည်တူတဲ့လား …. လိန်ဟုန်ကျီက ထွက်ပြေးသွားခြင်းသာ ဖြစ်၏။
အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိ အတွေးကို ခန့်မှန်းမိသည့်အလား လေးလေးနက်နက် အမူအယာဖြင့် ပြောလိုက်သည်
“ ဝူကျိ … ငါလည်း လိန်ဟုန်ကျီကို ကိုယ်တိုင် တွေ့ဖူးတယ်။ အဲဒီတိုက်ပွဲမှာတုန်းက မင်းက အရေးသာနေတယ်ဆိုပေမဲ့လည်း လိန်ဟုန်ကျီသာ အင်မော်တယ်ဘုရင်အဆင့် ရောက်သွားတာနဲ့ သူ့အင်အားလည်း အဆမတန် တိုးမြင့်သွားလိမ့်မယ်။ အဲဒီအခါကျ သူနဲ့ လက်ရည်တူ ဖြစ်မှာ မဟုတ်တော့ဘူး။ ပြီးတော့ သူက မင်းနဲ့ တိုက်ခိုက်တုန်းက အကုန်ထုတ်မသုံးထားသလို သတ်ဖြတ်အကွက်လည်း မသုံးခဲ့ဘူး။ မင်း အကုန် မသိလိုက်တာပါ …. ”
“ စီနီယာအစ်မ ဝမ်လန်ရဲ့ သတိပေးချက်အတွက် ကျေးဇူတင်ပါတယ် …” မိုဝူကျိက ကျေးဇူးတင်လိုက်သည်။
သူက လိန်ဟုန်ကျီသည် သူအတွက် လက်ရည်တူ မဟုတ်ကြောင်း ခံစားမိနေသော်လည်း ဤနေရာ၌ ထုတ်ပြောဖို့ရာ မလိုပေ။
လိန်ဟုန်ကျီသည် သူ့သတ်ဖြတ်အကွက် မသုံးခဲ့ဘူးဟု ပြောနေခြင်းမှာ သူရော ထုတ်သုံးခဲ့မိလို့လား ….
သူက သေရာပါ ဒဏ်ရာရနေခဲ့လျှင်ပင် သူ့တွင် သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်း ရှိနေသေးပေ၏။
မိုဝူကျိ၏ သွင်ပြင်ကို မြင်ကာ ဝမ်လန်က ကျေနပ်အားရစွာ ပြောလိုက်၏
“ ဝူကျိ … အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ဆီမှာ ကျင့်ကြံနယ်မြေ တစ်ခုရှိတယ်။ အင်မော်တယ် ရတနာတွေအပြင် ငါက မင်းကို လျို့ဝှက်ပညာရပ်တွေပါ ပေးနိုင်တယ်။ အဲဒါကြောင့် မင်းက ကျင့်ကြံဖို့ မဟာဗောဓိ အင်မော်တယ်နယ်မြေဆီ လိုက်သွားရမယ်။ အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က သူ့ကို ဆရာအဖြစ် လက်ခံဖို့ပဲ …. ”
ရှန်းမူချင်က ထိုအရာကို ကြားသောအခါ စိတ်ထဲမှသာ သက်ပြင်းချလိုက်မိတော့သည်။ သူမက သူမဘိုးဘေးဖြစ်သူမှာ မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း ကောင်းစွာ မသိသေးကြောင်း သိလိုက်သည်။ ပထမအချက်အနေနှင့် မိုဝူကျိက လိန်ဟုန်ကျီ တစ်ယောက် အင်မော်တယ်ဘုရင်အဆင့် ရောက်သွားသည့်အခါ သူနှင့် လက်ရည်တူ မဖြစ်နိုင်တော့ကြောင်း ယုံမည် မဟုတ်ပေ။ ဒုတိယအချက်အနေနှင့် မိုဝူကျိက လော့စစ်ကျိုက်အား ဆရာအဖြစ် လက်ခံမည် မဟုတ်ပေ။ သူမက မိုဝူကျိနှင့်များစွာ ပတ်သတ်ဖူးလေရာ မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း သူမဘိုးဘေးထက် ပိုသိပေသည်။
မိုဝူကျိက မုတ်ဆိတ်မွေး သပ်နေသော လော့စစ်ကျိုက်အား တစ်ချက်ကြည့်ကာ ပြောစရာရှာမတွေ့ ဖြစ်သွားလေ၏။ သူ့ဖင်းဖန်လည်း ကျင့်ကြံနယ်မြေ ဖြစ်နေသည့်အကြောင်းကို ထည့်ပြောနေဖို့ပင် မလိုပေ။ ထိုသို့ ဟုတ်မနေလျှင်ပင် သူက လော့စစ်ကျိုက်အား သူ့ဆရာအဖြစ် လက်ခံနိုင်မည် မဟုတ်သေးပေ။ အကယ်၍ သူက ဤသို့လုပ်ဆောင်လိုက်လျှင် သူ့ဖင်းဖန်က မည်သို့ ဖြစ်သွားမည်နည်း။ ဝေကျီတောက်တို့က မည်သို့ တာဝန်ယူနိုင်မည်နည်း။
“ စီနီယာအစ်မ ဝမ်လန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ်က အခုအချိန် ဆရာရှာဖို့ စိတ်ကူးမရှိသေးပါဘူး ..” မိုဝူကျိက ငြင်းပယ်လိုက်၏။ သူက တုံ့ဆိုင်းမနေပေ။
အင်မော်တယ် ဧကရီ ဝမ်လန်က အံ့အားသင့်သွားသည်။ သူမ အမြင်၌ အင်မော်တယ်လောက၌ မည်သည့်ကျင့်ကြံသူမဆို ကျင့်ကြံရေး အရင်းအမြစ်များကြောင့်သာ အကုန်လုပ်ကြခြင်း ဖြစ်သည်။ သူမက မိုဝူကျီ တစ်ယောက် ဖင်းဖန်ကို တည်ထောင်လိုက်ခြင်းမှာ ထိုအကြောင်းအရင်းကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။ မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးပစ်လိုက်သည့် အကြောင်းအရင်းမှာလည်း ကျင့်ကြံရေး အထောက်အပံ့များကြောင့်သာ ဖြစ်ပေလိမ့်မည်။ သဘောတရားအရ မိုဝူကျိက သူမကို ငြင်းပယ်မည် မဟုတ်ပေ။
“ ဝူကျိ …. ငါ ရှင်းအောင် မပြောမိဘူး ထင်တယ်။ အင်မော်တယ်ရောင်းရင်း စစ်ကျိုက်ရဲ့ အင်မော်တယ် အဆီအနှစ်ရေကန်က အထက်ဘုံရဲ့ နတ်ဘုရားအဆင့် ကျင့်ကြံနယ်မြေလိုမျိုးပဲ။ ပိုတောင် ကောင်းနေနိုင်တယ်။ ပြီးတော့ ငါလည်း ဘေးမှာရှိနေမှာဆိုတော့ အင်မော်တယ်ဆေးပင်တွေနဲ့ ရတနာတွေကို ထောက်ပံ့ပေးနိုင်တယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နှစ်တစ်ထောင်အတွင်း အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းနိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ” ဝမ်လန်က မြန်မြန် ရှင်းပြလိုက်သည်။
မိုဝူကျီက မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ စီနီယာအစ်မဝမ်လန်ရဲ့ ညွန်ပြမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျုပ်က ဆရာ ရှာဖို့ စိတ်ကူးမရှိသေးပါဘူး။ နောင်ကျ ကျုပ် မိုဝူကျိဆီက အကူအညီလိုအပ်ရင် သတင်းစကားသာ ပို့လိုက်ပါ။ အခုတော့ ဝူကျိ သွားလိုက်ပါဦးမယ် …. ”
မိုဝူကျိက နှုတ်ဆက်ပြီးနောက် ဝေကျီတောက်နှင့် ထန်းနီနီလည်း လိုက်ပါသွားကြသည်။
“ မောက်မာတဲ့ ကလေးတွေက ကောင်းကင်ဘုံ ဘယ်လောက်မြင့်ပြီး မြေကမ္ဘာက ဘယ်လောက်နက်တယ်ဆိုတာကို မသိကြဘူးပဲ ” မိုဝူကျိတို့ ထွက်သွားပြီးနောက် လော့စစ်ကျိုက်က အေးစက်စွာ သရော်လိုက်သည်။
***