မင်း ငါ့ကို ကျိန်ဆဲခဲ့တာမလား
Vol. 59 Ch. 815
ထို အော်သံကြီးမှာ အလွန်အင်မတန်မှ ကျယ်လောင်၏။ ထိုငှက်မှာ ထိုကဲ့သို့ အော်မြည်လိုက်ပြီးနောက် တောင်ပံများ ခတ်ကာ လေပေါ်သို့ ပျံတက်သွားသည်။ သို့ဖြစ်ရာ ၎င်းမှာ ခြောက်လှန့်ခံလိုက်ရသဖြင့် ပျံတက်သွားသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် တောအုပ်ထဲရှိ အခြားသော ငှက်များမှာလည်း လန့်ဖျပ်သွားကြပြီး တစ်ကောင်ပြီးတစ်ကောင် လေထဲသို့ ပျံတက်သွားကြတော့သည်။
" တောက်ကွာ " ထိုအခါ လူသန်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် မျက်လုံးပြူးကြီးများဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် အသွင်ပြောင်းလဲထားသည့် ငှက်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာပြီး စိတ်ထဲတွင်ကျိတ်၍ ညည်းတွားလိုက်တော့သည်။ သူ၏ ပုန်းကွယ်ခြင်း ပညာရပ်များမှာ အကန့်အသတ်နှင့် ရှိသောကြောင့် သူသည် ၎င်းတို့အား ဆက်တိုက်အသုံးပြု၍မရပေ။ ထို့ကြောင့် ယခုတွင် သူသည် အရှိန်ကုန်မြှင့်တင်ကာ အဝေးသို့ ထွက်ပြေးသွားလိုက်တော့သည်။
သို့သော် သူသည် နောက်ကျသွားပြီဖြစ်သည်... ဝမ်ပေါင်လဲ့တစ်ယောက် အသွင်ပြောင်းလဲထားသည့် ငှက်ဆီမှ အော်မြည်သံ ထွက်ပေါ်လာသည်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုအသံကို ကြားလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် အရှိန်မြှင့်တင်လိုက်ကြပြီး ထိုအသံထွက်ပေါ်လာသည့် နေရာသို့ ဦးတည်ပြေးလွှားလာကြနေကြပြီ ဖြစ်သည်။
ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူတို့မှာ နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးအား လိုက်မီသွားကြသဖြင့် ချက်ချင်းဆိုသလိုပင် တိုက်ပွဲဖြစ်သွားပြီး ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။ ထို လူသန်ကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်သောကြောင့်လည်း မောက်မာဝင့်ကြွားနေခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူသုံးယောက်၏ ပူပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသည့်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည်စွမ််းအားများမှာ နိမ့်ကျနေခြင်း မရှိပေ။ တိုက်ပွဲထဲတွင် သူသည် အနည်းငယ်မျှသာ အရေးနိမ့်နေ၏။ သို့သော်ငြားလည်း သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် လေးယောက်၊ ငါးယောက်ခန့်အား သတ်ဖြတ်နိုင်ခဲ့ဆဲပင်။
သူသည် နည်းလမ်းမျိုးစုံကို ပိုင်ဆိုင်ထားပြီး သာမန် ပစ္စည်းလေးများကိုသာ အသုံးပြုကာ အသက်ရှင်နိုင်အောင် ကြိုးစားခဲ့၏။ နောက်ဆုံးတွင် သူသည် ရုပ်တုတစ်ခုအား ထုတ်ယူကာ ၎င်းအား ဖောက်ခွဲလိုက်ပြီးနောက် ထိုတိုက်ပွဲထဲမှ ဆုတ်ခွာလာပြီး အဝေးသို့ ချက်ချင်း ထွက်ပြေးသွားတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ရှိမနေပါက ထိုလူသန်ကြီး၏ ဝှက်ဖဲများနှင့်သာဆိုလျှင် သူသည် ထွက်ပြေးလွတ်မြောက်နိုင်ခြေ ရှိပေသည်။ သို့သော် ယခုတွင်မူ သူသည် ကံမကောင်းခဲ့ပေ...
ထို့ကြောင့်.... ထိုလူသန်ကြီး အဆုံးမဲ့မျိုးနွယ်စုဝင်များအား မျက်ခြည်ဖြတ်ကာ နောက်ထပ်တစ်ကြိမ် ပုန်းကွယ်သွားသည့် အချိန်တွင် မြွေတစ်ကောင်မှာ နှောင့်ယှက်ခံလိုက်ရသောကြောင့် အိပ်ရာမှ နိုးလာရသည့် ပုံစံဖြင့် သူပုန်းကွယ်နေသည့် နေရာကို ကြည့်ကာ တရှူးရှူးတရှဲရှဲ အော်မြည်နေလိုက်တော့သည်။
ထို မြွေအော်သံများကြောင့်.... အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ သတိထားမိသွားကြပြီး ထိုနေရာသို့ ချက်ချင်းပြေးလာကြပြန်သည်။
ထို့ကြောင့် လူသန်ကြီးမှာ ရူးသွပ်လုမတတ် ဖြစ်နေတော့သည်။ သူသည် ထိုဖြစ်ရပ်များ အားလုံးမှာ ထူးဆန်းလွန်းနေသည်ဟု ခံစားနေရ၏။ တစ်ဂြိုဟ်လုံးမှာ သူ့အား မျက်မုန်းကျိုးနေပြီး သူ့အား မကောင်းကြံရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
" အဓိပ္ပါယ် မရှိလိုက်တာကွာ " လူသန်ကြီးမှာ စိတ်ထဲတွင်ကျိတ်၍ ညည်းတွားလိုက်ပြီးနောက် အခြားရွေးချယ်စရာ မရှိတော့သဖြင့် အံကြိတ်ကာ တိုက်ခိုက်လိုက်ရတော့သည်။ နောက်ဆုံးတွင် သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်အချို့အား သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်သာလျှင် ကျန်ရစ်တော့သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားပြီး သွေးများ အန်ထွက်နေသည့်တိုင်အောင် မာန်တင်းလိုက်ပြီးနောက် သူ၏မျက်နှာဖုံးထဲမှ ကျိန်စာကို အသုံးပြုကာ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီး၏ ကျင့်ကြံခြင်းစွမ်းအားများကို လျှော့ချ၍ သူ့အား ဒဏ်ရာရသွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် အဖြူရောင်အရိုးများကို ထုတ်လွှတ်လိုက်၏။ ထို အရိုးများ အချုပ်အနှောင်တစ်ခုအဖြစ် ပြောင်းလဲသွားချိန်တွင် လူသန်ကြီးမှာ တိုက်ပွဲထဲမှ ဆုတ်ခွာသွားပြီး နောက်ထပ်တစ်ကြိမ် ထွက်ပြေးသွားပြန်သည်။
လူသန်ကြီးမှာ ထိုနေရာမှ ထွက်ခွာလာပြီးနောက် တည်နေရာပြောင်းရွှေ့ရန် ပြင်လိုက်ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုနယ်မြေထဲရှိ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို ချုပ်နှောင်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုအကြံအစည်အား စွန့်လွှတ်လိုက်ရပြီး သစ်ပင်တစ်ပင်မှ မရှိသော ရွှံ့မြေတစ်ခုအား ရှာဖွေကာ ထိုနေရာတွင် ဝတ်ရုံရှည်တစ်ခုကို ထုတ်ယူလိုက်သည်။ သူ ထိုဝတ်ရုံရှည်အား ခြုံလိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
" ဒီကောင့်ဆီမှာ ပစ္စည်းတွေ အများကြီးပါလားဟ " ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်ပေါ်မှနေ၍ လှမ်းကြည့်နေသောကြောင့် ထိုအခြင်းအရာများ အားလုံးကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ထိုနေရာသို့ ဦးတည်ပျံသန်းသွားလိုက်၏။
ထိုအချိန်တွင် နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီး ဖန်တီးထားခဲ့သည့် အရိုးဖြူ အချုပ်အနှောင်ကြီးမှာ ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်သုံးယောက်၏ လက်ချက်ကြောင့် ပေါက်ကွဲသွား၏။ ထို ကျင့်ကြံသူသုံးယောက်မှာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကြပါသော်လည်း နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ ခေသူတစ်ယောက်မဟုတ်ကြောင်း သိလိုက်ရသဖြင့် မျက်စိမျက်နှာ ပျက်နေကြပြီဖြစ်သည်။ သူတို့မှာ သူ့အား မမိမချင်း ရပ်တန့်သွားမည့်ပုံ မပေါ်သည့် မျက်ဝန်းများဖြင့် ထပ်၍ လိုက်လံရှာဖွေနေကြတော့သည်။
ထို အဆုံးမဲ့မျိုးနွယ်စုဝင်သုံးယောက် ထိုကဲ့သို့လိုက်လံရှာဖွေနေစဉ် ဝတ်ရုံရှည်ကြီး၏အောက်တွင် ရှိနေသော လူသန်ကြီးမှာ အသက်အောင့်ကာ သတိကြီးကြီးထား၍ လှုပ်ရှားနေ၏။ သူသည် ထိုအနေအထားဖြင့် ဆက်လက်ဆုတ်ခွာသွားပြီး တည်နေရာပြောင်းရွှေ့နိုင်ရန် ကြိုးစားမည်ဖြစ်သည်။
သူသည် သတိကြီးကြီးထား၍ ရှေ့သို့ ရွေ့လျားနေသောကြောင့် သူ၏ဘေးမှ ဖြတ်ပျံသွားသည့် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်မှာ သူ့အား သတိထားမိခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် သူသည် ရှေ့သို့လှမ်းရန် ခြေထောက်မြှောက်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ သူ၏ခြေထောက်တွင် အနက်ရောင် ဖားတစ်ကောင်မှာ ရွှံ့ဗွက်များထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဖားမှာ မျက်လုံးများပြူးကြီးများဖြင့် ထိုလူသန်ကြီးအား စိုက်ကြည့်နေ၏။
ထို့ကြောင့် လူသန်ကြီးမှာ နှလုံးသားတစ်ခုလုံး ဓာတ်လိုက်သွားသလို တုန်ရီသွားရသည်။ သူသည် သူ၏ခြေထောက်ဖြင့် ထိုဖားအား နင်းခြေပစ်ချင်နေပါသော်လည်း မလုပ်ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘေးပတ်ပတ်လည်တွင် အဆုံးမဲ့မျိုးနွယ်စုဝင် သုံးယောက်မှာ လိုက်လံရှာဖွေနေဆဲ ဖြစ်သောကြောင့်ပင်။ သူ ဒဏ်ရာရအောင် လုပ်ခဲ့သည့် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာဆိုလျှင် သူနှင့် ပေတစ်ရာပင် မကွာတော့ပေ။ ထို့ကြောင့် သူ ထိုသို့ ခြေဆောင့်ချလိုက်သည်နှင့် ထိုလူကြီးမှာ သတိထားမိသွားမည်သာဖြစ်သည်။
ထို့အပြင် သူသည် ဒဏ်ရာအပြင်းထန်ရရှိထားသောကြောင့် ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အကယ်၍ ထို အဆုံးမဲ့မျိုးနွယ်စုဝင်များသာ သူ့အား ရှာတွေ့သွားကြမည်ဆိုပါက သူသည် သေချာပေါက် သေဆုံးသွားတော့မည်သာ ဖြစ်သည်
" ဒါပေမဲ့ ငါ သူ့ကို တက်မနင်းရင်လည်း... " လူသန်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြန်သည်။ သူသည် ထိုဖား၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်သောအခါ ၎င်းမှာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ပြီး သူ့အား သတိထားမိနေသည့်ပုံ ပေါက်နေသည်ကို သိလိုက်ရသည်။
ထို့ကြောင့် ထို လူသန်ကြီးမှာ ငိုငိုယိုယိုနှင့် လက်အုပ်ချီကာ ထိုဖားအား မအော်ရန် တောင်းပန်လိုက်၏။ ထို့နောက် သူသည် သူ၏ခြေထောက်အား ဖြည်းဖြည်းချင်း နေရာရွှေ့ကာ အခြားနေရာတစ်ခုတွင် ချလိုက်သည်။
သို့သော် သူ၏ခြေထောက် အောက်သို့ကျလာသည်နှင့် ထိုဖားမှာ ရုတ်တရက်ဆိုသလို ပါးစပ်ဟလာပြီး အသံအကျယ်ကြီး အော်မြည်လိုက်တော့သည်။ ထိုအော်သံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပျံ့နှံ့သွားသဖြင့် လူတိုင်းမှာ ချက်ချင်းသတိထားမိသွားကြ၏။ ထိုအချိန်တွင် ထိုလူသန်ကြီး၏ ဝတ်ရုံရှည်မှာလည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ အလုပ်မလုပ်တော့ပေ...
ထို့ကြောင့် နောက်ထပ်တိုက်ပွဲကြီးတစ်ခု စတင်သွားတော့သည်။
" အားးး " ထို လူသန်ကြီးမှာ မကျေမချမ်းဖြစ်သွားရပြီး ဒေါသတကြီးနှင့် ခေါင်းမော့ကာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ အရာအာလုံးမှာ ထူးဆန်းလွန်းနေသောကြောင့် သူသည် သံသယများဝင်ကာ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ သို့သော် သူတစ်ယောက်တည်းသာလျှင် ထိုသို့ သံသယဝင်နေသည်တော့မဟုတ်ပေ။ ဘေးပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ အကြောင်းအရင်းအတိအကျကို မသိပါသော်လည်း ထို နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီး ပုန်းကွယ်ရန် ကြိုးစားလိုက်သည့်အချိန်တိုင်း သူသည် တိရစ္ဆာန်တစ်ကောင်ကောင်၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်သာဖြစ်ကြောင်း သတိထားမိသွားကြ၏။ သို့ဖြစ်ရာ သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်မည်ဆိုပါက တစ်ခုခုမှာ လွဲနေကြောင်း သိနိုင်ပေသည်။
ထို့ကြောင့်... အပေါ်ယံတွင် သူတို့မှာ တိုက်ခိုက်နေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ အဆုံးမဲ့မျိုးနွယ်စုဝင်သုံးယောက်မှာ သတိကြီးကြီးထား၍ သူတို့၏ ဘေးဘက်ဝန်းကျင်အား စောင့်ကြည့်နေကြပြီ ဖြစ်သည်။ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာဆိုလျှင် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးဆီသို့ သတင်းပေးပို့ရန် ပြင်နေပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ သက်ပြင်းချမိသွား၏။
" ပျော်ဖို့ မကောင်းတော့ဘူးကွာ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားကာ မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်တော့သည်။ ထို့နောက် သူသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားကာ နောက်သို့ဆုတ်ခွာသွားရန် ပြင်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်နှစ်ယောက်အား ချက်ချင်းလွှမ်းခြုံသွားလိုက်၏။ ကျိန်စာမိထားသည့် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး မြူခိုးများ၏ အစွန်းပိုင်းအထိ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသော်လည်း ထိုမြူခိုးများထဲတွင် အနက်ရောင်မျက်လုံးတစ်လုံး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် အသံလွှင့်အကြောင်းကြားစာများ ပေးပို့နိုင်စွမ်းမရှိတော့သလို ဆက်လက်ထွက်ပြေးနိုင်စွမ်းလည်း မရှိတော့ပေ။
ထိုမျက်လုံးမှာ နတ်ဆိုးမျက်လုံး ဖြစ်ပေသည်။
ထို နတ်ဆိုးမျက်လုံး ပေါ်ပေါက်လာသည်နှင့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏ စဉ်းစားတွေးတောနိုင်စွမ်းများမှာလည်း ရပ်တန့်သွားတော့သည်။ အကယ်၍ သူသာ ဒဏ်ရာရထားခြင်းမရှိပါက အစွမ်းကုန်ကြိုးစားကာ ထိုမျက်လုံးကြီး၏ စွမ်းအားများကို တောင့်ခံပြီး အသံလွှင့်အကြောင်းကြားစာအား ပို့နိုင်ခဲ့မည်သာ ဖြစ်သည်။ သို့မဟုတ် သူသည် တည်နေရာပြောင်းရွှေ့သွား၍လည်း ရလောက်ပေသည်။ သို့သော် သူသည် ကျိန်စာတိုက်ခံထားရသဖြင့် အပြင်းအထန် ဒဏ်ရာရထားသောကြောင့် ထို နတ်ဆိုးမျက်လုံးအား ခုခံတွန်းလှန်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် အမြင်အာရုံများ ဝေဝါးသွားရပြီး အန္တရာယ်ကြီးနှင့် ကြုံရတော့မည်ဟု ခံစားလိုက်ရစဥ်မှာပင် သူ၏ခန္ဓာကိုယ်မှာ မြူခိုးများ၏ စုပ်ယူခြင်းကိုခံလိုက်ရတော့သည်။ ထို့ကြောင့် သူ၏ကမ္ဘာကြီးတစ်ခုလုံးမှာ အမှောင်ကျသွားပြီး သူသည်လည်း ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
ထိုမြူခိုးများမှာ အဆုံးမဲ့မျိုးနွယ်စုဝင် သုံးယောက်အား သတ်ဖြတ်လိုက်ပြီးနောက် ပြန်လည်ကျုံ့ဝင်သွား၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အနက်ရောင်ငှက်တစ်ကောင်အသွင် ထပ်၍ ပြောင်းလဲသွားပြီး အသားများ တဆတ်ဆတ် တုန်ရီနေသည့် နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီး၏ ခေါင်းပေါ်တွင် နားလိုက်တော့သည်။ ထို့နောက် သူသည် ထိုလူသန်ကြီး၏ ဦးခေါင်းအား နှုတ်သီးဖြင့် အသာအယာ ထိုးဆိတ်ကာ ချောင်းဟန့်၍ မေးလိုက်၏။
" နွားလေး။ စောစောတုန်းက မင်းက ငါ့ကို ကျိန်ဆဲနေတာမလား "
ထိုအခါ ထိုလူသန်ကြီးမှာ အရာအားလုံးကို နားလည်သွားသဖြင့် တစ်ကိုယ်လုံးတုန်ရီသွားတော့သည်။ သူသည် သူ၏ ဦးခေါင်းပေါ်တွင် နားနေသော ငှက်လေး၏ စကားသံကို ကြားလိုက်ရပြီးနောက် ထိုငှက်လေး၏ သရုပ်မှန်ကိုလည်း သိရှိသွားတော့သည်။
သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိနေသည့် အကြောင်းအရင်းကို သိမထားပါသော်လည်း သူ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်အား သတ်ဖြတ်ပြလိုက်သည့် မြင်ကွင်းကြောင့် လူသန်ကြီးမှာ ဆွံ့အမှင်တက်သွားရဆဲပင်။ ထို့အပြင် သူသည် ဒဏ်ရာအပြင်းအထန်ရထားသည်ဖြစ်ရာ ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သို့ဖြစ်ရာ သူ၏အသက်မှာ ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ရောက်နေပြီဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် သူသည် တစ်ခေါင်းလုံး တဆစ်ဆစ် နာကျင်ကိုက်ခဲလာရပြီး ကတုန်ကယင်နှင့် အသနားခံလိုက်တော့သည်။
" လူကြီးမင်း။ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးရင် လူကြီးမင်း ကျွန်တော့်ကို ကြိုက်သလို ခိုင်းလို့ရပါတယ်။ ပြီးရင် ကျွန်တော် ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးဖို့လည်း အဆင်သင့်ပါပဲ " လူသန်ကြီးမှာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားကာ တစ်ကိုယ်လုံး တဆတ်တတ် တုန်ရီနေရသည့်တိုင်အောင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ သိုလှောင်အိတ်အား ဘေးဘက်သို့ လှမ်းပစ်လိုက်၏။ ထို့အပြင် သူသည် သိုလှောက်လက်ကောက် တစ်ခုကိုပါ ထုတ်ပေးလိုက်ရုံသာမက မည်သည့်အရာကိုမှ ကွယ်ဝှက်မထားကြောင်း ပြလိုသောကြောင့် သူ၏ အင်္ကျီကိုပါ ချွတ်ပြလိုက်သည်။
သူ၏ အပြုအမူများကြောင့် ဝမ်ပေါင်လဲ့မှာလည်း ကျေနပ်သွားပြီး သူ၏ရှေ့၌ ထို သိုလှောင်အိတ်နှင့် သိုလှောင်လက်ကောက်တို့ကို ကြည့်ရှုစစ်ဆေးလိုက်တော့သည်။ သူသည် ၎င်းတို့ထဲ၌ ရှိနေသော ကုန်ကြမ်းပစ္စည်းများနှင့် တိုလီမိုလီ ပစ္စည်းလေးများကို မြင်လိုက်ရသောအခါ မေးခွန်းများ မေးမြန်းလိုက်၏။
ဥပမာဆိုရလျှင် ထိုသစ်ရွက်မှာ လူတစ်ယောက်၏ အငွေ့အသက်အား လုံးဝပျောက်ကွယ်သွားအောင် အမှန်တကယ် ပြုလုပ်နိုင်စွမ်းရှိပေသည်။ သို့သော် ၎င်းအား တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုခွင့်ရှိ၏။ ထို့အပြင် သူသည် ဝတ်ရုံရှည်နှင့် အခြားပစ္စည်းများအကြောင်းကိုလည်း မေးမြန်းလိုက်သေးသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သိုလှောက်လက်ကောက်ထဲ၌ ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ရှာတွေ့သွား၏။
ထို ကျောက်စိမ်းသေတ္တာလေးမှာ အလုံပိတ်ထားသောကြောင့် ဖွင့်၍မရပေ။ ဝမ်ပေါင်လဲ့မှာ အသေးစိတ် မေးမြန်းနေသည်ဖြစ်ရာ လူသန်ကြီးမှာလည်း မည်သည့်အရာကိုမှ ထိမ်းချန်ထားရဲခြင်း မရှိဘဲ အမှန်အတိုင်း ပြောပြလိုက်ရ၏။ သူသည် ထိုပစ္စည်းအား အမှုမဲ့အမှတ်မဲ့နှင့် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး မဖွင့်နိုင်ခဲ့သောကြောင့် ယူလာခဲ့ခြင်း ဖြစ်၏။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ၎င်းအား ဖွင့်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေသည်။
ထို နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ အလိုက်တသိနှင့် သူ၏မေးခွန်းများအားလုံးကို ပြန်ဖြေပေးခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာလည်း ကျေနပ်အားရစွာဖြင့် သူ၏ပစ္စည်းများအားလုံးကို သိမ်းယူလိုက်သည်။ ထို့နောက် သူသည် ထို လူသန်ကြီးအား ထပ်၍ ဒုက္ခမပေးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် သူ၏ ဦးခေါင်းအား နှုတ်သီးဖြင့် တစ်ချက်ထိုးဆိတ်ကာ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့လိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။