လက်ပြတ်ကြီးနှင့် ကိုယ်ပွားတစ်ခု
Vol. 59 Ch. 816
အခန်း (၈၁၆) - လက်ပြတ်ကြီးနှင့် ကိုယ်ပွားတစ်ခ
မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုအခြင်းအရာများကို အစအဆုံး မြင်လိုက်ရသဖြင့် ပြုံးဖြဲဖြဲ ဖြစ်နေ၏။
" ဒီကောင်လေး ငါ့ကို ပျော်အောင်လုပ်ပေးနိုင်မယ်ဆိုရင် သူ့ကို ဆုချီးမြှင့်မယ်ကွာ " သူသည် ထိုသို့ရေရွတ်လိုက်ပြီးနောက် နောက်ထပ် မီးတောက်သစ်သီးတစ်လုံးက်ို ထုတ်ယူကာ အားပါးတရ ဝါးစားနေလိုက်တော့သည်။ ယခုတွင် သူသည် အခြားသူများကိုပင် ကြည့်ရှုနေခြင်းမရှိတော့ဘဲ ဝမ်ပေါင်လဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုအား အစမှအဆုံးထိ ကြည့်ရှုရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထိုတိုက်ရိုက်ထုတ်လွှင့်နေသည့် ပုံရိပ်ထဲတွင် အဝေးသို့ ပျံထွက်သွားပြီဖြစ်သော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားကာ ပျောက်ကွယ်သွားပြီးနောက် တောအုပ်ကြီးထဲသို့ ပြန်ရောက်သွား၏။
ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ ပို၍ပင် စိတ်ဝင်စားသွားရသည်။ သူသည် အကဲခတ်ကြည့်ရှုနေစဉ် တောအုပ်ကြီးထဲ၌ ကျန်ခဲ့သော လူသန်ကြီးအား သတိထားမိသွား၏... ထို လူသန်ကြီးမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ကြိုးစားရုန်းကန်၍ ထလာသည်။ သို့သော် သူသည် နှလုံးသားထဲ၌ ဒေါသမီးများ တောက်လောက်နေသလို ဒဏ်ရာအပြင်းအထန်ရထားပြီး ဓမ္မရတနာများကို ဆုံးရှုံးလိုက်ရသည်ဖြစ်ရာ တစ်ကိုယ်လုံး အားအင်ချည့်နဲ့နေသလို ခံစားနေရသည်။ သူသည် မလှုပ်မယှက် ထိုင်ကာ အသက်မပါသည့် မျက်ဝန်းများဖြင့် ငေးငိုင်နေရင်း တဖြည်းဖြည်းနှင့် မကျေမချမ်းဖြစ်လာတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်၍ မြေကြီးပေါ်သို့ ရိုက်ချကာ ညည်းတွားလိုက်၏။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် သူ၏နောက်တွင် ဝမ်ပေါင်လဲ့၏ စကားသံတိုးတိုးလေးတစ်သံ ထွက်ပေါ်လာသည်။
" မင်းက ဖေဖေကြီးကို တရိုတသေနဲ့ ပစ္စည်းတွေအများကြီးပေးခဲ့တာမလို့ မင်း ငါ့ကို မကျိန်ဆဲခင် ငါ စကားတစ်ခွန်း ပြောခဲ့မယ် "
ထိုစကားသံ ပေါ်ထွက်လာသောအခါ နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ ချက်ချင်းဆိုသလိုပင် အမူအရာ ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ပင့်သက်များ ရှိုက်မိသွားရ၏။ သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ ပြန်ရောက်လာသော ဝမ်ပေါင်လဲ့အား ရင်တထိတ်ထိတ်နှင့် စိုက်ကြည့်နေမိတော့သည်။ သူသည် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားနေခြင်းဖြစ်သည်။
" လူကြီးမင်း၊ ကျွန်တော်ရှင်းပြ... " နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ ငိုမဲ့မဲ့နှင့် ရှင်းလင်းချက်ပေးရန် ကြိုးစားလိုက်၏။ သို့သော် ငှက်တစ်ကောင်အဖြစ် ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများသာ ပင့်လိုက်ပြီး အေးတိအေးစက်လေသံဖြင့် ပြန်ပြောလိုက်သည်။
" ဘာမှရှင်းပြနေစရာ မလိုပါဘူး။ အဆုံးမဲ့မျိုးနွယ်စုဝင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး သိပ်မကြာခင်မှာ ရောက်လာတော့မယ်ဆိုတာ ငါက စေတနာနဲ့ လာသတိပေးတာ။ အဲဒီလူကြီးက ရောက်လာတာနဲ့ သူ့ရဲ့ မိုင်တစ်ရာပတ်ပတ်လည်တင် မကဘူး၊ မိုင်တစ်ထောင်ပတ်ပတ်လည်မှာ ရှိသမျှအရာအားလုံးကို ဖျက်ဆီးရတာ သိပ်ကြိုက်တာနော်။ အဲတာမလို့ သတိထားပါ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။
နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာမူ ဝမ်ပေါင်လဲ့တစ်ယောက် နောက်ထပ်တစ်ကြိမ် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း သူသည် အမှန်တကယ် ထွက်ခွာသွားခြင်း ဟုတ်မဟုတ် စဉ်းစားတွေးတောနေရန် ဆန္ဒမရှိတော့ပေ။ သူ၏ အသိစိတ်ထဲတွင် ဝမ်ပေါင်လဲ့ ပြောခဲ့သည့် စကားလုံးများကသာ နေရာယူထားပြီ ဖြစ်သည်။ သူသည် ထိုအကြောင်း ပိုတွေးလေလေ ပို၍ ကြောက်ရွံ့တုန်လှုပ်လာရလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး အမည်မသိမန္တန်တစ်ခုကို အသုံးပြုလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအများစုမှာ အသက်ရှုကြိမ် အနည်းငယ်အတွင်းတွင် ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသက်သာသွားသည်။
ထို့နောက် ထိုလူသန်ကြီးမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လေပေါ်သို့ ခုံတက်သွားလိုက်၏။ သူသည် အရှိန်ကုန်မြှင့်တင်ထားသောကြောင့် သူ၏ မျက်နှာကြီးတစ်ခုလုံးမှာ နီမြန်းနေပြီ ဖြစ်သည်။ သူသည် အဝေးသို့ ပျံသန်းထွက်ခွာသွားလိုက်ပြီးနောက် ထိုနယ်မြေ၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တည်နေရာ ပြောင်းရွှေ့လိုက်၏။ သို့သော် သူသည် စိုးထိတ်နေဆဲဖြစ်သောကြောင့် အဝေးတစ်နေရာ၌ ပြန်လည်ပေါ်ပေါက်လာပြီးနောက် ရှေ့သို့ ဆက်ပြေးသွားလိုက်ပြီး တည်နေရာပြောင်းရွှေ့မှုများ အကြိမ်ကြိမ် ပြုလုပ်နေလိုက်ဆဲပင်။ သူသည် မိုင်တစ်ထောင်အကွာသို့ ရောက်သွားချိန်တွင် သူ၏နောက်၌ ဗလုံးဗထွေး ဖြစ်နေသည့် ထစ်ချုံးသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး မြေပြင်ကြီးတစ်ခုလုံး တုန်ရီသွားသည်ကို ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်ဆန်လာရပြီး ဆက်လက် ထွက်ပြေးဆုတ်ခွာသွားပြန်သည်။
သူ၏နောက်တွင် ကျန်ရစ်ခဲ့သည့် တောအုပ်ကြီးမှာ ချိုင့်ခွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို တောအုပ်ကြီးထဲရှိ သက်ရှိသက်မဲ့များ အားလုံးမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ လက်ချက်ကြောင့် သေကျေပျက်စီးသွားရပြီ ဖြစ်သည်။ ထိုအဘိုးကြီးမှာ သူ၏ဒေါသများကို ဖြေဖျောက်နိုင်ရန် ကြိုးစားနေသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မမြင်လိုက်ရပါသော်လည်း စိတ်ထဲတွင် ခန့်မှန်းမိထားပြီးသား ဖြစ်သည်။ ယခုတွင် သူသည် အဝေးကြီးတွင်ရှိနေသည့် နေရာတစ်ခု၌ ရောက်နေ၏။ သူသည် ဂူတစ်လုံးထဲသို့ ဝင်သွားခဲ့ပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ သူ ရှာဖွေစုဆောင်းမိခဲ့သော ပစ္စည်းများကို ကြည့်ရှုစစ်ဆေးလိုက်သည်။ နွားခေါင်းမျက်နှာဖုံးနှင့် လူသန်ကြီးမှာ ပစ္စည်းအမြောက်အမြား ပိုင်ဆိုင်ထားသောကြောင့် ဝမ်ပေါင်လဲ့မှာ အားရကျေနပ်သွားရ၏။
ထိုလူသန်ကြီးမှာ ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေခဲ့သောကြောင့် ကျောက်စိမ်းသေတ္တာလေးအား မဖွင့်နိုင်ခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ဓမ္မစစ်သင်္ဘောကြီးတစ်စင်းကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ၎င်းမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ကျောက်တုံးဝါးပင် အလုံအလောက် ပိုင်ဆိုင်ထားသောကြောင့် ထွက်ပြေးလာရာ လမ်းတစ်လျှောက်တွင် ထိုကျိုင်းကောင်ကြီးအား အမြဲမပြတ် အစာကျွေးနေခဲ့၏။ ထို့ကြောင့် ယခုတွင် သူ၏ ဓမ္မစစ်သင်္ဘောကြီးမှာ အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးသည့်တိုင်အောင် စိတ်ပူစရာမလိုတော့ပေ။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မစစ်သင်္ဘောကြီး၏ အစောပိုင်း ထာဝရဝိညာဉ်အဆင့် စွမ်းအားများကို အသုံးပြုကာ ထိုသေတ္တာလေးအား အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။ ထိုအခါ သူသည် ထိုသေတ္တာထဲ၌... အနက်ရောင် ဓားမြှောင်လေးလက်အား မြင်လိုက်ရ၏။
ထို ဓားမြှောင်လေးလက်မှာ သာမန်ပုံပန်းသွင်ပြင်သာ ရှိပြီး တမူထူးခြားနေသည့်ပုံ မပေါ်ပေ။ ၎င်းတို့၏ ဓားသွားများမှာ အဆိပ်လူးခံထားရသကဲ့သို့ အပြာရောင် တောက်နေပါသော်လည်း မည်သူကမှ ၎င်းတို့အား အထူးတလည် ဂရုစိုက်ကြမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ဓားမြှောင်တစ်လက်အား ကိုင်မြှောက်ကြည့်လိုက်သောအခါ ကလေးကစားစရာ အရုပ်တစ်ရုပ်အား ကိုင်ထားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သူ၏လက်ချောင်းဖြင့် ၎င်း၏ ချွန်ထက်မှုအား စစ်ဆေးရန် ပြင်လိုက်ရ၏။ သို့သော် သူ၏လက်ချောင်း ထိုဓားမြှောင်အား ထိသွားခါနီးတွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အမူအရာ ပြောင်းလဲသွားသည်။ ထို့နောက် သူသည် မနည်းကြိုးစားကာ သူ၏လုပ်ရပ်များကို ရပ်တန့်လိုက်ပြီးနောက် အာရုံစုစည်း၍ အသက်ပြင်းပြင်း ရှူမိလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာမှာလည်း တည်ကြည်သွား၏။
" ဒီဓားမြှောင်က တော်တော်လေးကို ထူးဆန်းတာပဲ "
" အနက်ရောင် တစ်ခုတည်းနဲ့တင် လူတွေရဲ့အာရုံကို ဖမ်းစားနိုင်စွမ်းရှိနေပြီ။ ပြီးတော့ ဒီ ဓားမြှောင်ကို ထည့်သိမ်းထားတဲ့ ကျောက်စိမ်းသေတ္တာလေးကလည်း ထာဝရဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းနဲ့မှ ဖွင့်လို့ရတာ။ ပြီးရင် အဆိပ်တွေလည်း လူးထားသေးတယ်... အဲဒီအချက်တွေကို ကြည့်ရင် ဒီ ဓားမြှောင်လေးလက်က တမူထူးခြားပြီးတော့ အတိုင်းတာတစ်ခုအထိ အန္တရာယ်ပြုနိုင်စွမ်း ရှိနေမှာ သေချာတယ်။ အဲတာကို ဘာလို့ ငါက ဒီလိုအန္တရာယ်မျိုးကို သတိမထားမိလိုက်ရတာလဲ... "
" သတိမထားမိခဲ့တာတော့ မဟုတ်ဘူး... ဒီ ဓားမြှောင်လေးလက်ရဲ့ ပုံပန်းသွင်ပြင်က သာမန်ဓားမြှောင်တွေနဲ့ တူနေတာမလို့ ငါ့ရဲ့ အကဲဖြတ်နိုင်စွမ်းပါ ယိမ်းယိုင်သွားရပြီး ငါက မသိစိတ်ကနေ လျစ်လျူရှုမိသွားတာ။ တကယ်လို့ ငါက သတိထားမိခဲ့မယ် ဆိုရင်တောင် အန္တရာယ်မရှိဘူးလို့ပဲ ထင်နေဦးမှာ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ အကဲဖြတ် သုံးသပ်ကြည့်လိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာရပြီး ထိုဓားမြှောင်များအား လက်လွတ်စပယ် ကိုင်တွယ်လိုသည့် စိတ်ဆန္ဒများကို ချုပ်တည်းလိုက်တော့သည်။ ထို့နောက် သူသည် ဓားမြှောင်တစ်လက်အား ကိုင်ကာ သူ၏ဘေးတွင် ရှိနေသည့် နံရံအား အသာအယာ လှမ်းခုတ်လိုက်၏။
သူသည် အနည်းငယ်မျှသာ အားစိုက်ခဲ့သည့်တိုင်အောင် ထို ကျောက်တုံးနံရံကြီးမှာ တို့ဟူးတုံး တစ်တုံးကဲ့သို့ ပြတ်တောက်သွား၏။ ထိုမျှလောက်သာ ဆိုပါက ကိစ္စမရှိပါသော်လည်း ဝမ်ပေါင်လဲ့အား ပင့်သက်ရှိုက်မိသွားစေခဲ့သည့် မြင်ကွင်းမှာ ကျောက်တုံးနံရံကြီး ထပ်ခြမ်းပိုင်းခံလိုက်ရသည့် နေရာရှိ အစွန်းများမှာ ချက်ချင်းဆိုသလိုပင် ယိုယွင်းပျက်စီးသွားခြင်းပင်။ ထို့နောက် ၎င်းတို့မှာ တိုက်စားခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အပေါက်ငယ်လေးများ ပေါ်ပေါက်လာကြ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထသွားရ၏။ သူသည် အဆိပ်အကြောင်းနှင့် ပတ်သတ်၍ ထဲထဲဝင်ဝင် လေ့လာဖူးခြင်း မရှိပါသော်လည်း အနည်းငယ်ခန့် တီးမိခေါက်မိ ရှိပေသည်။ ထို့ကြောင့် သက်ရှိများအပေါ် အကျိုးသက်ရောက်နိုင်သည့် အဆိပ်များမှာ အထူးအဆန်း မဟုတ်ပါသော်လည်း သက်မဲ့များအပေါ်တွင်ပါ အကျိုးသက်ရောက်နိုင်သည့် အဆိပ်များမှာမူ အမှန်တကယ်ပင် အစွမ်းထက်ကြောင်း သူက သိထား၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အဆိပ်များဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍မရတော့ဘဲ ပစ္စည်းများ၏ ပုံပန်းသွင်ပြင်နှင့် တည်ဆောက်ပုံများကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိသော သဘာဝဥပဒေသစွမ်းအားများ ပိုင်ဆိုင်ထားသောကြောင့်ပင်။ ၎င်းတို့မှာ ခုခံကာကွယ်ရေး ပစ္စည်းများကိုပင် လျစ်လျူရှုနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် သေသေချာချာ အကဲဖြတ်သုံးသပ်လိုက်ပြီးနောက် ထို ဓားမြှောင်လေးလက်မှာ လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ငန်းများအတွက် အထူးဖန်တီးထားသည့် လက်နက်များ ဖြစ်နေရုံသာမက ၎င်းတို့၏ စွမ်းအားများမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မည်ဟု မှတ်ယူလိုက်၏။ ထိုသို့သာမဟုတ်ပါက ၎င်းတို့အား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖွင့်နိုင်သည့် ကျောက်စိမ်းသေတ္တာတစ်လုံးထဲတွင် ထည့်သိမ်းထားစရာ အကြောင်းမရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဓားမြှောင်အား ကျောက်စိမ်းသေတ္တာထဲ၌ သေသေချာချာ ပြန်ထားလိုက်၏။ သူသည် ထိုသေတ္တာအား ပြန်ပိတ်လိုက်ပြီးနောက် ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲ၌ ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်တောက်ပလာ၏။
" တာဝန်ပြီးဖို့ အချိန် သိပ်မကျန်တော့ဘူး... ငါ အခုလို အလေလိုက်နေလို့ မဖြစ်ဘူးကွ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီးနောက် နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါပေါက်လာတော့သည်။
" နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကြောင့် ငါ့ရဲ့ အစီအစဉ်တွေ ပျက်သွားလို့မဖြစ်ဘူး။ အဆုံးမဲ့မျိုးနွယ်စုဝင်တွေကို သတ်ဖြတ်ချေမှုန်းပစ်မှ ရမယ်။ ငါ ဘယ်လိုနည်းနဲ့ သတ်ဖြတ်ရမလဲ ဆိုတာနဲ့ လူမိသွားရင် ဘယ်လိုထွက်ပြေးရမလဲဆိုတာကို သေသေချာချာ ကြိုတင်စဉ်းစားထားဖို့ပဲလိုတယ်။ ပြီးရင် တုံ့ပြန်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ကိုပါ ထည့်စဉ်းစားထားရမယ် "
" အဲဒီလို တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ အခွင့်အရေးက လုံးဝနီးပါး မရှိပေမဲ့... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏မျက်နှာဖုံးအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်အား သတ်ဖြတ်ခဲ့ပြီးနောက် နတ်ဆိုးမျက်လုံးပညာရပ်၏ အကျိုးကျေးဇူးဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဖောက်ထွက်လုနီးပါး အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း ခံစားနေရသည်။
ဝမ်ပေါင်လဲ့မှာ သူ၏တွက်ချက်မှုများအရ လူအရေအတွက် အလုံအလောက် သတ်ဖြတ်နိုင်မည်ဆိုပါက ဤဂြိုဟ်ပေါ်၌ ဖောက်ထွက်ကာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်အထိ တက်လှမ်းသွားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် သူသည် အံကြိတ်လိုက်ပြီး သူ၏ သိုလှောင်လက်ကောက်အား ဖွင့်ကာ ပစ္စည်းများကို နေရာတကျ စီစဉ်နေလိုက်တော့သည်။
သူ၏ သိုလှောင်လက်ကောက်ထဲတွင် အများဆုံးရှိနေသည့် ပစ္စည်းများမှာ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးများ ဖြစ်ပေသည်။ ထို စစ်သင်္ဘောကြီးများမှာ အာကာသထဲတွင် တိုက်ခိုက်သည့် တိုက်ပွဲများထဲတွင် အလွန်အင်မတန်မှ အသုံးဝင်ပါသော်လည်း ၎င်းတို့၏ ကြီးမားသော အရွယ်အစားများကြောင့် အခြား ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ စစ်သင်္ဘောကြီးများထဲမှ သုံးဆယ်ရာခိုင်နှုန်းခန့်အား တစ်စစီပြန်ဖြုတ်ကာ ၎င်းတို့၏ အမြုတေများကို ထုတ်ယူပြီး အလိုအလျောက်ပေါက်ကွဲနိုင်သည့် ပုတီးစေ့များနှင့် ဆင်တူသော ဓမ္မအဆောင်ပစ္စည်းများကို ဖန်တီးလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ထို စစ်သင်္ဘောကြီးများအားလုံးကို သူကိုယ်တိုင် ဖန်တီးထားသည်ဖြစ်ပြီး သူ့အား ကူညီပေးနေသည့် ရုပ်သေးရုပ်အမြောက်အမြားကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထိုလုပ်ငန်းစဉ်ကြီးမှာ အချိန်သိပ်မကြာလိုက်ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောအချို့အား အဆုံးရှုံးခံလိုက်ပြီးနောက် အလိုအလျောက် ပေါက်ကွဲနိုင်သည့် ပုတီးစေ့အမြောက်အမြားကို ဖန်တီးလိုက်သည်။
" ငါ မန္တန်အစီအရင်တွေ မလုပ်တတ်တာ နာတယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထိုပုတီးစေ့များကို သိမ်းဆည်းကာ အချိန်မည်မျှ ကျန်သေးကြောင်း တွက်ချက်လိုက်ပြီးနောက် သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် လူများမှာ လိုမှသာ တတတ်ကြသည်ဖြစ်ကြောင်း တွေးမိလိုက်သည်။ ထို့အပြင် သူသည် အနာဂတ်တွင် ထိုပညာရပ်အား လေ့လာရန် လိုအပ်ကြောင်း ခံစားလိုက်ရ၏။ သူသည် ထိုပညာရပ်အား အလုံးစုံကျွမ်းကျင်တတ်မြောက်သည့် အဆင့်အထိ လေ့လာရန် စိတ်ကူးမရှိပါသော်လည်း အစွမ်းထက် မန္တန်အစီအရင်အချို့ ဖန်တီးနိုင်လောက်သည့် အဆင့်အထိ လေ့လာချင်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အစီအစဉ်များ စတင်ရေးဆွဲလိုက်တော့သည်။ သူ၏ အစီအစဉ်မှာ ရိုးရှင်းပေသည်။ သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးအား အဝေးသို့ မျှားခေါ်သွားပြီးလျှင် စစ်တပ်စခန်းထဲသို့ ခိုးဝင်ပြီး စတင်သတ်ဖြတ်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့မျိုးနွယ်စုဝင်အားလုံး လိုက်လံရှာဖွေနေကြခြင်းမဟုတ်ဘဲ စစ်တပ်စခန်းထဲတွင် နောက်ချန်အင်အားအချို့ ကျန်ရှိနေသေးသောကြောင့်ပင်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကျန်ရစ်နေခဲ့သည့် လူများကို သူကိုယ်တိုင် မြင်ခဲ့ရသည့်ဖြစ်ရာ ပစ်မှတ်များ သတ်မှတ်ထားပြီးသား ဖြစ်သည်။ တစ်ခုတည်းသော အခက်အခဲမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား အယုံသွင်းကာ အဝေးသို့ မျှားခေါ်သွားနိုင်ရန်ပင် ဖြစ်သည်။
" ထောင်မြင် ရာစွန့်တဲ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဘယ်လက်လက်အား လှမ်းကိုင်လိုက်၏။ ထို့နောက် သူသည် ထိုဘယ်ဘက်လက်အား အားပါပါနှင့် ဆွဲဖြုတ်လိုက်တော့သည်။
သူသည် ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ဖြစ်နေသည့်တိုင်အောင် နာကျင်မှုများကို ခံစားနိုင်စွမ်း ရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံကြိတ်၍ နာကျင်မှုများကို အောင့်ခံကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ထို လက်ပြတ်ကြီးအား အမြုတေတစ်ခုအဖြစ် အသုံးပြုကာ နောက်ထပ် ကိုယ်ပွားတစ်ခု ဖန်တီးလိုက်တော့သည်။
ထို ကိုယ်ပွားမှာ သူ ယခင်တုန်းက သူ၏ နတ်ဘုရားအာရုံများဖြင့် ဖန်တီးခဲ့သည့် ကိုယ်ပွားများနှင့် လုံးဝမတူပေ။ မည်သို့ပင် အကဲခတ်ကြည့်ရှုစေကာမူ ၎င်းမှာ အစစ်ဟု ထင်ရပေသည်။ သို့ဖြစ်ရာ ၎င်းအား ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ ရပေသည်။