အခန်း (၁၆၆) - တားဆီးခြင်း
Vol. 12 Ch. 166
အခန်း (၁၆၆) - တားဆီးခြင်း
"ရှောင်ချန်း မင်းဘာမြင်လို့လဲ။"
ယဲ့ရှောင်ချန်း၏ မျက်နှာကို မြင်သောအခါ ဝမ်ရွှေရှန့် အလျင်အမြန်မေးလိုက်သည်။
"ကျွန်တော် မစ်စတာဖုန်းရဲ့ အမြင်ကို ထောက်ခံပါတယ်။"
ယဲ့ရှောင်ချန်းက အပြုံးဖြင့် ပြောလိုက်သည်။
ဖုန်းရှစ်ဖန်က ချက်ချင်း ဝံ့ကြွားစွာ ပြုံးလိုက်ပြီး မနေနိုင်ဘဲ သူ့မုတ်ဆိတ်မွှေးကြီးအား လက်ဖွင့် ပွတ်သပ်လိုက်သည်။
သူ့အမြင်တွင်တော့ ယဲ့ရှောင်ချန်းက သူ့ကို ဖားနေသည်ပေါ့။
ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းကလည်း နာမည်ကျော် ရုက္ခဗေဒ ပညာရှင်ဖြစ်သဖြင့် သူ့ကို ဖားယားခြင်းက မျက်နှာသာ ရနိုင်ပါသည်။
ပထမ မှော်လက်နက် စစ်ဆေးမှုပြီးဆုံးသွားပါသည်။
ဆံပင်ငွေရောင် အဘိုးကြီးဘေးက စားပွဲဝိုင်းပေါ်သို့ ပြန်တင်ထားလိုက်ကြသည်။
ဒုတိယ မှော်ပစ္စည်းအား ယူလာ၏။
ညိုဝါရောင် သစ်သား ချီလင် ရုပ်တုလေး ဖြစ်သည်။
အလွန်အသက်ဝင်ကာ လှပသေသပ်စွာ ထုလုပ်ထားခြင်း ဖြစ်ပါသည်။
ထို့အပြင် ထိုသစ်သား ချီလင်လေးအား ထုတ်လာသောအခါ မွှေးပျံ့သော ရနံ့တစ်ခု ထွက်လာသည်။ အလွန်မွှေးပျံ့လှပါသည်။
"ဒါက ချီလင်သားရဲ ရုပ်တုပါ။ နှစ် ၃၀၀ ကျော်သက်တမ်းရှိတဲ့ သစ်မွှေးနဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ထုလုပ်ပြီးတဲ့အခါ အထူးပြုလုပ်ထားတဲ့ မီးဖိုထဲမှာ အပူပေးခဲ့တယ်လို့ဆိုကြပါတယ်။"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက ရှင်းပြလိုက်သည်။
လူများစွာ စိတ်ဝင်စားသွားကြသည်။
မီးဖိုကြီးတစ်ခုထဲတွင် အပူပေးထားသည့် သစ်သား ရှေးဟောင်းပစ္စည်းများက မီးလောင်လွယ်သည် မဟုတ်ပါလား။
တန်ဖိုးကြီး သစ်သားတစ်မျိုးဖြစ်သည့် သစ်မွှေးဆို ပိုဆိုးသည်။
"ဒီချီလင်သားရဲကို ပြုလုပ်တဲ့နေရာမှာ လျှို့ဝှက်မီးဖိုချိတ်ပိတ်နည်းလမ်းကို အသုံးပြုထားတာပါလား။"
ဖုန်းရှစ်ဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။
"မစ်စတာဖုန်း လျှို့ဝှက်မီးဖိုချိတ်ပိတ်နည်းလမ်းဆိုတာ ဘာကိုပြောတာလဲ။"
ဝမ်ရွှေရှန့်က စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
"အဲ့တာလည်း ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ လျှို့ဝှက် စွမ်းရည်တစ်ခုပါပဲ။ မိုဟိမ်ဝါဒ ကောင်းကင်ဘုံစာအုပ်ထဲမှာ တစ်ခါက ဖော်ပြထားဖူးတယ်။"
ဖုန်းရှစ်ဖန်က ပြောလိုက်သည်။
"မိုဟိမ်ဝါဒ ကောင်းကင်ဘုံစာအုပ် ဟုတ်လား။ အဲ့တာ တကယ်ကော ရှိလို့လား။"
ဝမ်ရွှေရှန့်က ပိုပိုပြီး စိတ်ဝင်စားလာသည်။
"ရှိတာပေါ့ မိုဟိမ်ဝါဒ ကောင်းကင်ဘုံ စာအုပ်မှာ ထူးဆန်းတဲ့ လျှို့ဝှက်စွမ်းရည် ၁၀၈ မျိုးကို ဖော်ပြထားတယ်လို့ ပြောကြတယ်။ အားလုံးကလည်း အံ့အားသင့်စရာပဲ။ ကံမကောင်းစွာနဲ့ အဲ့ဒီကောင်းကင်ဘုံ စာအုပ်ကတော့ ပျောက်ကွယ်သွားပါပြီ။ တချို့ ရှေးဟောင်းစာအုပ်တွေထဲမှာပဲ ဖော်ပြကြတော့တယ်။"
ဖုန်းရှစ်ဖန်က သက်ပြင်းချလိုက်ပါသည်။
နောက်ဆုံးတော့ ချီလင်သားရဲရုပ်တု အလှည့်ရောက်လာပြီဖြစ်သည်။
ဖုန်းရှစ်ဖန်နှင့် ဝမ်ရွှေရှန့်တို့ ကြည့်ပြီးသွားကြသောအခါ ယဲ့ရှောင်ချန်းလည်း ယူလိုက်ပြီး ကြည့်လိုက်သည်။
ချီလင်သားရဲက အံ့သြဖို့ကောင်းလောက်အောင် လှပသည်။ သစ်သားကလည်း ကောင်းမွန်ပြီး ကျော့ရှင်း၏။ ရနံ့ကလည်း မွှေးပျံ့လှသည်။
"မစ်စတာဖုန်း ဒီသစ်သား ချီလင်က အစစ်လား။"
ဝမ်ရွှေရှန့်က သိချင်စွာ မေးလိုက်သည်။
"အစစ်ပေါ့။ လာဘ်လာဘ ခေါ်ယူပြီး မိစ္ဆာဝိညာဥ်တွေကို ဖျက်ဆီးဖို့ အသုံးပြုတာ။"
ဖုန်းရှစ်ဖန်က ခေါင်းငြိမ့်လိုက်သည်။
ဝမ်ရွှေရှန့်က အနည်းငယ် စိတ်ပါသွားသော်လည်း ဒါက သူ့ပန်းတိုင် မဟုတ်မှန်း သူသိပါသည်။
ထို့အပြင် ဒီလို နတ်လက်နက်အသေးစားမျိုးက အလွန်တန်ဖိုးကြီးမှန်း သူသိပါသည်။ ပြိုင်ဆိုင်မှုက သေချာပေါက် ပြင်းထန်ပါလိမ့်မည်။
တတိယ နတ်လက်နက်လည်း ပေါ်ထွက်လာခဲ့သည်။
အားလုံးမြင်လိုက်ရသောအခါ မှင်သက်သွားကြ၏။
စာခြောက်ရုပ်ကြီး တစ်ရုပ်ဖြစ်နေသောကြောင့်ပင်။
တစ်ပေလောက်ရှည်ပြီး ကောက်ရိုးများဖြင့် ပြုလုပ်ထား၏။
အလွန်အမင်း လှပပြီး လက်ရာမြောက်သည့်ပုံပေါ်သည်။
သို့သော်လည်း ထိုစာခြောက်ရုပ်က အနည်းငယ် ညစ်ပေနေသည်။ သက်တမ်း အတော်ကြာနေပြီ ဖြစ်သည့်ပုံပင်။
"ဒါက အစားထိုး စာခြောက်ရုပ်ပါ။ ကောက်ရိုးတွေကို စုဆောင်းဖို့ နှစ်တစ်ရာလောက်ကြာခဲ့ပြီး လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ သန့်စင်ထုတ်လုပ်ထားတာကြောင့် ကောက်ရိုးတွေက မဆွေးမြေ့ဘဲ တစ်သက်လုံး ကြာရှည်ခံသွားမှာပါ။ နောက်ဆုံးမှာတော့ ကောက်ရိုးရာချီစုဆောင်းပြီး ဒီအစားထိုး စာခြောက်ရုပ်ကို ဖန်တီးဖို့အတွက် အတူတူ ယက်လုပ်ခဲ့ကြတာပါ။ အထူး ယဇ်ပူဇော်တဲ့ အစီအရင်တစ်ခုကို ပြုလုပ်ပြီး ဒီစာခြောက်ရုပ်ပေါ်မှာ ကိုယ့်ရဲ့ မွေးနေ့ကို ရေးချလိုက်တာနဲ့ နှစ်တစ်ရာလောက်ကို အဖျားရောဂါတွေ၊ ကပ်ဘေးတွေ၊ ပြဿနာတွေ မကြုံရဘဲ အသက်ရှည်ကြီး နေနိုင်မှာပါ။ ကိုယ့်ရဲ့မိသားစုကိုတောင် အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။"
ငွေရောင်ဆံပင် အဘိုးကြီးက ပြောလိုက်သည်။
အားလုံး ထပ်မံ အံ့အားသင့်သွားရပြန်သည်။
အစားထိုး စာခြောက်ရုပ် တစ်ရုပ်က ဘာကြောင့် ဒီလောက် မှော်ဆန်နေရတာလဲ။
သူတို့အားလုံးက အယူသည်းသော လူများဖြစ်ကြသည်။ မဟုတ်ပါက ဒီသီးသန့် လေလံပွဲထဲတွင် လာရောက်ပါဝင်ကြမည်မဟုတ်ပေ။
ထိုကဲ့သို့ အစားထိုး စာခြောက်ရုပ်မျိုးကို ပိုင်ဆိုင်ထားပါက သူတို့ အသက်ရာကျော် ရှည်နိုင်ပြီး မိသားစုများကိုလည်း အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် မဟုတ်ပါလား။
ဒီလိုအိပ်မက်မျိုး လူဘယ်လောက်တောင် မက်လိုက်ကြသလဲ။
အားလုံး၏ မျက်လုံးများက အားတက်သရော တောက်လောင်နေကြပါသည်။
တစ်ခုတည်းသော စိုးရိမ်စရာဆိုလို့ အတုအစစ် ခွဲခြားဖို့ပဲ ရှိသည်။
ယခင် နတ်လက်နက် နှစ်မျိုးနှင့် နှိုင်းယှဥ်ကြည့်ပါက ထိုအစားထိုး စာခြောက်ရုပ်မှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေပါသည်။
"မစ်စတာဖုန်း ဒီအစားထိုး စာခြောက်ရုပ်က အစစ်လား။"
ဖုန်းရှစ်ဖန်က စာခြောက်ရုပ်ကို ဂရုတစိုက် ဆန်းစစ်နေဆဲဖြစ်ကြောင်း မြင်သောအခါ ဝမ်ရွှေရှန့်က အမြန်မေးလိုက်ပါသည်။
"အံ့သြစရာပဲ တကယ်ပဲ ကောက်ရိုးတွေကို ယက်လုပ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါပေမယ့် မဆွေးကြသေးဘူး။ ဘယ်လိုမှော်ပညာမျိုးပါလိမ့်။"
ဖုန်းရှစ်ဖန်က သူ့စကားကို ကြားသည့်ပုံမပေါ်ဘဲ တစ်ယောက်တည်း ရေရွတ်နေသည်။
"ညီဝမ် ဒီအစားထိုး စာခြောက်ရုပ် အစစ်ဟုတ်မဟုတ် ငါမပြောနိုင်ဘူး။ ဒါပေမယ့် ထိန်းသိမ်းထားတဲ့ ပုံစံကတော့ အရမ်းထူးဆန်းနေတယ်။"
ရုတ်တရက် ခေါင်းကိုမော့ကာ ပြောလိုက်သည်။
ဝမ်ရွှေရှန့် မျက်မှောင်ကြုတ်သွားသည်။ အစစ် ဟုတ်မ ဟုတ် မပြောနိုင်ဘူး ဆိုသဖြင့် သူ အနည်းငယ် တွန့်ဆုတ်မိပါသည်။
သူက သုံးစွဲသူဖြစ်သည်။ စုဆောင်းသူ မဟုတ်ပါ။ သူ ဝယ်ယူသည့် အရာများက အမြဲတမ်း ရည်ရွယ်ချက်ရှိပြီး အလှထားဖို့ မဟုတ်ပါ။။
ယဲ့ရှောင်ချန်းလည်း ကြည့်လိုက်သည်။ စာခြောက်ရုပ်အား သူထိတွေ့ကြည့်လိုက်တော့ ကျောတစ်လျှောက်လုံး ကြက်သီးမွှေးညှင်းများ ထသွားရသည်။
အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်သည်။ သူ့စိတ်ကို အပ်တစ်ချောင်းဖြင့် ထိုးစိုက်နေသလိုပင်။
သူ အမြန်လွှတ်လိုက်သည်။
"ရှောင်ချန်း ဘာဖြစ်တာလဲ။"
ယဲ့ရှောင်ချန်း၏ မျက်နှာ အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်ကို မြင်ကာ ဝမ်ရွှေရှန့်က အလျင်စလို မေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။"
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်၏။
သူ့အကြည့်က စာခြောက်ရုပ်အပေါ် ကျရောက်သွားပြီး အံ့အားသင့်နေသည်။ ဘာကြောင့် စာခြောက်ရုပ်က သူ့ကို ဒီလို ကြောက်စရာ ခံစားချက်မျိုး ပေးစွမ်းနေတာလဲ။
တကယ် ထူးဆန်းပါသည်။
အသက်ဝဝရှူလိုက်ပြီး စာခြောက်ရုပ်ကို ထပ်ထိလိုက်သည်။ စိတ်တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားပြီး စိတ်ဝိညာဥ် ပါရမီကို သုံးကာ စာခြောက်ရုပ်ဖြင့် ဆက်သွယ်ကြည့်လိုက်သည်။
ခဏလောက် ကြာသောအခါ သူ့လက်ကို လွှတ်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ထူးဆန်းနေသည်။ စာခြောက်ရုပ်ကို ထပ်မံ ထိတွေ့ကြည့်လိုက်တော့ အရင်ကလို မခံစားရတော့ပေ။
စာခြောက်ရုပ်က အသားကျလာသလိုပင်။
သို့သော်လည်း စာခြောက်ရုပ်ထံမှ ရရှိလိုက်သည့် အချက်အလက်များက ငွေရောင်ဆံပင် အဘိုးကြီး ပြောသည့်အရာများနှင့် အလွန်ကိုက်ညီမှုရှိပါသည်။
စာခြောက်ရုပ်၏ သက်တမ်းက နှစ် ၁၀၀လောက်ရှိပြီ။
သို့သော်လည်း ခုနက ခံစားချက်ကြောင့် သူနားလည်လိုက်ရသည်က ထိုစာခြောက်ရုပ်မှာ လူတွေကို ပြဿနာကူဖြေရှင်းပေးနိုင်သော ရတနာမဟုတ်ဘဲ မိစ္ဆာပစ္စည်းတစ်ခု ဖြစ်နေသည်။
ထို့အပြင် စာခြောက်ရုပ်ထဲတွင် ပုန်းကွယ်နေသည့် အချက်အလက်တစ်ချို့ကြောင့် သူ သဲလွန်စ တချို့ကို နားလည်သွား၏။
"ကဲ အားလုံးလည်း နတ်လက်နက်ငယ် သုံးမျိုးကို မြင်ပြီးသွားပြီဆိုတော့ အဲ့တာတွေက ဘာတွေလဲ သိလောက်ပြီ ထင်ပါတယ်။ အခုလေလံပွဲ စတင်လိုက်ရအောင်။"
ဆံပင်ငွေရောင်လူကြီးက ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
အားလုံးထိတ်လန့်သွားပြီး တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ဆွေးနွေးခြင်းများကို အဆုံးသတ်လိုက်ကြသည်။
လေလံဆွဲမည့် ပထမပစ္စည်းက မိစ္ဆာနှင် ဘူးခွံခွက်ဖြစ်ပါသည်။
အဖွင့်စျေးက တစ်သန်းဖြစ်၏။
တိုးမြှင့်စျေးက ယွမ် ၁၀၀,၀၀၀ အောက် မနည်းရပါ။
ယဲ့ရှောင်ချန်း မြင်လိုက်ရသောအခါ တိုးတိတ်စွာ ကျွတ်သပ်လိုက်မိသည်။ စျေးကြီးလွန်းပါသည်။
လောလောဆယ် လေလံပစ်သူ စုစုပေါင်း ၁၂ ယောက်ရှိနေပြီး တောင်ပိုင်းဒေသတွင် ချမ်းသာသောသူများ ဖြစ်ကြသည်။ ၎င်းတို့ ပိုင်ဆိုင်ငွေက အနည်းဆုံး သန်း ရာကျော် သို့မဟုတ် ထို့ထက်ပိုနိုင်ပါသည်။
သူတို့က အလောတကြီး လေလံမပစ်ကြပါ။ မကြာမီ လေလံစျေး ယွမ် ၄ သန်းအထိ တိုးမြင့်သွားသည်။
စျေးနှုန်း ယွမ် ၅ သန်းသို့ ရောက်ရှိသွားသောအခါ လေလံပစ်သူ ဦးရေ ဖြည်းဖြည်းချင်း လျော့နည်းသွားသည်။
နောက်ဆုံးတော့ ဝမ်ရွှေရှန့်နှင့် ချောင်ရှင်းဟုန်တို့သာ အာရုံစိုက်စရာ ဖြစ်လာကြသည်။
ချောင်ရှင်းဟုန် တမှင်သက်သက် လုပ်နေမှန်း အားလုံး မြင်နိုင်ပါသည်။
ဝမ်ရွှေရှန့်၏ မျက်နှာကလည်း တင်းမာနေ၏။
ချောင်ရှင်းဟုန်က စျေးနှုန်းကို တမင်တကာ မြင့်တက်အောင် လုပ်နေမှန်း သိသာသည်။
သို့သော်လည်း သူပြိုင်ဆိုင်မှ ရမည်။ မှော်လက်နက် သုံးမျိုးအနက် မိစ္ဆာနှင် ဘူးခွံခွက်ကိုသာ သူအရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။
ထို့အပြင် ဖုန်းရှစ်ဖန်ကလည်း အစစ်ဟု အတည်ပြုပေးထားသဖြင့် သူအရယူဖို့ စိတ်ပိုင်းဖြတ်ထားပါသည်။
သို့သော်လည်း အခုတော့ ချောင်ရှင်းဟုန်က ပြဿနာ ရှာနေပြီ ဖြစ်သဖြင့် သူအရယူနိုင်တောင် ပိုက်ဆံ အများကြီး ပေးရတော့မည်။
"၇ သန်း"
ချောင်ရှင်းဟုန်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ဝမ်ရွှေရှန့်ကို စိတ်ပျက်အောင် လုပ်ရလေလေ သူပျော်လေလေ ဖြစ်သည်။
ထို့အပြင် ဝမ်ရွှေရှန့်က မိစ္ဆာနှင့် ဘူးခွံခွက်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းကိုလည်း စုံစမ်းထားပြီးသား ဖြစ်သည်။
ဝမ်ရွှေရှန့်ကို နာကျင်အောင်လုပ်ဖို့ အခွင့်အရေးရလာပြီဖြစ်သဖြင့် သူလက်လွှတ်တော့မည်မဟုတ်ပါ။