အခန်း (၁၆၇) - ပြပွဲ၏ အဆုံးသတ်
Vol. 12 Ch. 167
အခန်း (၁၆၇) - ပြပွဲ၏ အဆုံးသတ်
"ယွမ် ရှစ်သန်းကွာ။"
ဝမ်ရွှေရှန့်က အံကြိတ်ကာ စျေးကို တစ်သန်းအထိ တိုးပေးလိုက်သည်။
"ဟားဟား ဝမ်ရွှေရှန့်။ အလျှင်မလိုစမ်းပါနဲ့ အချိန်ယူပါ။"
ချောင်ရှင်းဟုန်က ဝံ့ကြွားစွာ ပြုံးကာ ပြောလိုက်သည်။ "ယွမ် ၈.၁ သန်း"
ဝမ်ရွှေရှန့်၏ မျက်လုံးများ အေးစက်သွားပြီး ပြောလိုက်သည်။ "ဒါဆို ငါမယူတော့ဘူး။"
မိစ္ဆာနှင် ဘူးခွံခွက်က မဆိုးလှသော်လည်း ယွမ် ရှစ်သန်းက အတော်လေး စျေးကြီးနေပြီ ဖြစ်သည်။
ဒါက ဖုန်းရှစ်ဖန် သူ့အတွက် ဆန်းစစ်ထားပြီးသား ဖြစ်ပါသည်။
သို့သော် ဒီလို နတ်လက်နက်ငယ်ကို ရဖို့အတွက်နှင့် ချောင်ရှင်းဟုန်က ပြဿနာ ရှာသဖြင့် စျေးနှုန်းကို ဒီလောက်အထိ တိုးခဲ့ရသည်။
ချောင်ရှင်းဟုန်က အနည်းငယ် ကြောင်သွားပြီး မှင်သက်စွာဖြင့် ပြောလိုက်သည်။ "ဝမ်ရွှေရှန့် မင်းဒီ နတ်လက်နက်ငယ်ကို လိုအပ်နေတာ မဟုတ်လား။ မင်း လေလံ ထပ်ပစ်လိုက်လေ။ ငါတော်ပါပြီ။"
ဝမ်ရွှေရှန့်က သူ့ကို ဘယ်လိုလုပ်ပြီး ယုံနိုင်ပါ့မည်နည်း။
ရုတ်တရက် ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့် နားအနားကပ်ကာ တီးတိုးပြောလိုက်သည်။ "အစ်ကိုကြီးဝမ် ကျွန်တော့်ကို ယုံကြည်ရင် မိစ္ဆာနှင် ဘူးခွံခွက်ကို ဘယ်လောက်ပဲကုန်ကုန် ယူလိုက်ပါ။"
အလွန်တိုးညှင်းစွာ ပြောလိုက်သဖြင့် ဘေးနားက ဖုန်းရှစ်ဖန်တောင် သူပြောတာကို မကြားရပါ။
ဝမ်ရွှေရှန့်က အနည်းငယ် ကြောင်သွားပြီး တွန့်ဆုတ်သွားသည်။
ယဲ့ရှောင်ချန်းကို သူယုံကြည်သည်။ သို့သော် ခုလေးတင် ဖုန်းရှစ်ဖန်က မိစ္ဆာနှင်ဘူးခွံခွက်က ယွမ် ၆ သန်း၊ ၇ သန်းလောက်သာ တန်ကြေးရှိကြောင်း ပြောခဲ့သည်။
ယဲ့ရှောင်ချန်းက ရုက္ခဗေဒပညာရှင်သာ ဖြစ်သည်။ ဖုန်းရွှေ နတ်လက်နက်များကိုပါ သူတတ်မြောက်ထားသလား။
သို့သော်လည်း ခဏလောက် စဥ်းစားပြီးသွားသောအခါ ယဲ့ရှောင်ချန်းကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
"ယွမ် ၁၀ သန်း"
ဝမ်ရွှေရှန့်က ရုတ်တရက် ပြုံးကာ ပြောလိုက်၏။ "မင်းလေလံထပ်ပစ်ရင် ငါမယူတော့ဘူး။"
စျေးနှုန်းကို တစ်ခါတည်းနှင့် ယွမ် ၁.၉သန်း တိုးလိုက်ခြင်းဖြစ်သည်။
သူ့ဘေးက ဖုန်းရှစ်ဖန် အနည်းငယ် ကြက်သေသေသွား၏။ စျေးကို တစ်ခါတည်းနှင့် ဒီလောက်ထိ တိုးပေးလိုက်ရအောင် ယဲ့ရှောင်ချန်း ဝမ်ရွှေရှန့်အား ဘာပြောလိုက်မှန်း သူ မစဥ်းစားနိုင်ပါ။
ချောင်ရှင်းဟုန်လည်း ကြက်သေသေသွားရ၏။ ဝမ်ရွှေရှန့်က တကယ်တိုးပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။
သူ ထပ်တိုးပေးပြီး ဝမ်ရွှေရှန့် ရပ်လိုက်ပါက မိစ္ဆာနှင်ဘူးခွံခွက်ကို ဝယ်ဖို့ ယွမ် ၁၀.၁ သန်း သူ သုံးရတော့မည်။
သူ အရှုံးသမား ဖြစ်မသွားနိုင်ဘူးလား။
"ဟားဟား ဝမ်ရွှေရှန့် မင်း တကယ်ကြီး တိုးပေးလိုက်တာပဲ။”
ချောင်ရှင်းဟုန်က ပြုံးကာ စျေးထပ်တိုးမပေးတော့ပါ။
ဒီလိုနှင့် မိစ္ဆာနှင်ဘူးခွံခွက်က ဝမ်ရွှေရှန့်၏ လက်ထဲသို့ ရောက်လာခဲ့ပါသည်။
မကြာမီ ဝမ်ရွှေရှန့်တစ်ယောက် မိစ္ဆာနှင်ဘူးခွံခွက်ကို ရလိုက်သည်။
ဒုတိယပစ္စည်းဖြစ်သည့် ချီလင်သားရဲ ရုပ်တုကို လီထောင်ယွမ်ဟူသော သူဌေးက ပြင်းထန်သော ပြိုင်ဆိုင်မှုပြီးနောက် ၁၃.၈ သန်းဖြင့် ဝယ်ယူသွားပါသည်။
ထိုကဲ့သို့ အဆောင်သားရဲမျိုးက အလွန် ရေပန်းစားသည်။
တတိယ ပစ္စည်းဖြစ်သော အစားထိုး စာခြောက်ရုပ် အလှည့် ရောက်လာသောအခါ လေလံပစ်သူများ မတက်ကြွကြတော့ပါ။
ထိုစာခြောက်ရုပ်မှာ အစစ်လား အတုလား ပြောဖို့ ခက်ခဲလှသည်။
ထိုနေရာတွင် ရှိနေသူတိုင်းက အရူးမဟုတ်ပေ။ သာမန် စာခြောက်ရုပ်တစ်ရုပ်ကို သန်းချီပြီး ဝယ်လိုက်ရပါက သွေးအန်ပြီး သေသွားလိမ့်မည်။
ထို့ကြောင့် လေလံပစ်နေစဥ် သူတို့ အလွန် သတိထားနေရသည်။
စျေးက ၂.၅ သန်းရောက်ရှိသွားသောအခါ ဘယ်သူကမှ လက်မခံချင်တော့ပေ။
"ချောင်ရှင်းဟုန်က ၂.၅သန်း ပေးပါတယ်။ ထပ်ပေးနိုင်မယ့်သူ ရှိပါသေးသလား။"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက ပြောလိုက်သည်။
ချောင်ရှင်းဟုန်က ပြော၏။ "ဟားဟား ဒီစာခြောက်ရုပ်က တကယ်လက်ရာမြောက်တာပဲ။ ငါ့ရဲ့ အဖိုးတန်မြေးလေးတော့ သဘောကျတော့မှာပဲ"
"ချောင်ရှင်းဟုန် ကောက်ရိုးပုံကြီး တစ်ပုံကို မဝယ်စမ်းပါနဲ့"
ဝမ်ရွှေရှန့်က လှောင်ပြောင်လိုက်သည်။
"မင်းစိတ်ပူစရာ မလိုပါဘူး။ ထင်းအဖြစ် သုံးပြီး ဟင်းချက်လို့ရရင်တောင် ပျော်ပျော်ကြီး ဝယ်လိုက်ပါဦးမယ်။"
ချောင်ရှင်းဟုန်က ရယ်မောကာ ပြောလိုက်၏။ "အဘိုးဝူ စောင့်မနေပါနဲ့တော့ ဒီအစားထိုး စာခြောက်ရုပ်က ကျုပ်အပိုင် ဖြစ်သွားပြီ။"
ငွေရောင်ဆံပင် အဘိုးကြီးက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ စကားပြောဖို့ လုပ်လိုက်သည်။
ရုတ်တရက် ထူးဆန်းသည့် အသံတစ်သံ ထွက်လာခဲ့သည်။ "နေဦး၊ ယွမ် ၂,၆၀၀,၀၀၀ ပေးမယ်။"
အားလုံးက အသံလာရာကို ကြည့်လိုက်သည်။ ဝမ်ရွှေရှန့်ဘေးက ယဲ့ရှောင်ချန်း ဖြစ်နေ၏။
"မစ္စတာယဲ့ ဒီအစားထိုး စာခြောက်ရုပ်ကို ဘာလို့ ယုံကြည်တာလဲ။"
ယဲ့ရှောင်ချန်းကို ယခင်က စကားပြောဖူးသည့် တုန်းဟိုက်ထုံဆိုသူက အံ့အားသင့်စွာ ပြောလိုက်သည်။
"ဟားဟား ကျွန်တော်က အပင်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးပညာကို စိတ်ဝင်စားတယ်လေ။ ဒီကောက်ရိုးတွေကို နှစ်ရာကျော်တဲ့အထိ ဘယ်လို ထိန်းသိမ်းထားနိုင်လဲ လေ့လာချင်လို့ပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ထိုနေရာတွင် ရှိနေသော လူများစွာမှာ နားလည် သဘောပေါက်သွားကြသည်။
ယဲ့ရှောင်ချန်းလို ရုက္ခဗေဒ ပညာရှင် စိတ်ဝင်စားနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ပါသည်။
"ဒါဆိုလည်း ဒီကောက်ရိုးကို တကယ်ပဲ နှစ်ရာကျော်အောင် ထိန်းသိမ်းနိုင်ခဲ့တာလားဆိုတာ မစ္စတာယဲ့ရဲ့ လေ့လာမှုကို ကျုပ်တို့ စောင့်ကြည့်မယ်နော်။"
တုန်းဟိုက်ထုံက ပြုံးကာ ပြောလိုက်ပါသည်။
ထိုနေရာရှိ လူတိုင်းက စာခြောက်ရုပ် အတုလား အစစ်လား မသေချာကြပါ။ ထို့ကြောင့် ထိုကောက်ရိုး၏ သရုပ်မှန်ကို အလွန် စိတ်ဝင်စားနေကြပါသည်။
"ယဲ့ရှောင်ချန်း မင်းက ငါနဲ့ပြိုင်ချင်တာလား။"
ချောင်ရှင်းဟန်က မှုတ်ကုပ်နေသော မျက်နှာဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ဘာလို့လဲ ပြိုင်လို့ မရဘူးလား။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး။ ငါနဲ့ ပြိုင်ဖို့ မင်းမှာ ငွေကြေး အခြေအနေကော ကောင်းရဲ့လား သိချင်လို့ပါ။"
ချောင်ရှင်းဟုန်က ယဲ့ရှောင်ချန်းအား လှောင်ပြောင်လိုက်ပါသည်။
တကယ်တော့ ယဲ့ရှောင်ချန်းကို သူ့အစီအစဥ်အတိုင်း ဖြစ်အောင် နှောင့်ယှက်နေသည့်အတွက် တိုးတိုးတိတ်တိတ် ကျိန်ဆဲနေမိပါသည်။ ထိုစာခြောက်ရုပ်က သူ့အပိုင် ဖြစ်ကာနီးအချိန်တွင် ယဲ့ရှောင်ချန်းက ပြဿနာရှာနေပါသည်။
"ဘာလို့ မကောင်းရမှာလဲ။ ငါလည်း ဒီမှာရှိနေတယ်လေ။"
ဝမ်ရွှေရှန့်က ပြုံးကာ ပြောလိုက်သည်။
ချောင်ရှင်းဟုန်၏ မျက်နှာ ပို၍ပင် အကျည်းတန်သွားရသည်။
ငွေကြေး အခြေအနေတွင် သူက ဝမ်ရွှေရှန့်အောက် နိမ့်ကျဆဲဖြစ်ပါသည်။ ဝမ်ရွှေရှန့်သာ ယဲ့ရှောင်ချန်းကို ကူညီပါက ဒီတစ်ခေါက် စာခြောက်ရုပ်ကို သူရနိုင်ဖို့ ခက်ခဲသွားလိမ့်မည်။
ထိုနေရာတွင် ရှိနေကြသူများက ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု ခံစားလိုက်ရသည်။ ချောင်ရှင်းဟုန်နှင့် ဝမ်ရွှေရှန့်တို့ ထပ်ပြီး ပြိုင်ဆိုင်ကြဦးမည်။
မကြာမီ ယဲ့ရှောင်ချန်းနှင့် ချောင်ရှင်းဟုန်တို့ ယှဥ်ပြိုင်ကြလေသည်။
"၃သန်း"
"၃,၁၀၀,၀၀၀"
"၃,၅၀၀,၀၀၀"
"၃,၆၀၀,၀၀၀"
"၄သန်း"
"၄,၁၀၀,၀၀၀"
မကြာမီ စာခြောက်ရုပ်စျေးက ယွမ် ၄,၅၀၀,၀၀၀ အထိရောက်လာခဲ့သည်။
ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
လက်ရှိ သူ့ပိုင်ဆိုင်မှုက ယွမ် ၄ သန်းကျော်ကျော်သာ ရှိသည်။
သူ့ဘက်တွင် ဝမ်ရွှေရှန့် ရှိနေသော်လည်း ဝမ်ရွှေရှန့်၏ ပိုက်ဆံကို သူ မသုံးချင်ပေ။
ယခု သူ့အကန့်အသတ်နား ရောက်နေပြီ ဖြစ်သဖြင့် ချောင်ရှင်းဟုန်က သူ့ကို လွှတ်ပေးဖို့ အစီအစဥ်မရှိပါ။ နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားမည့်ပုံပင်။
တဖက်လူက ချမ်းသာလွန်းပြီး သူက အားနည်းလွန်းနေသည်။
"ယွမ် ငါးသန်း"
ချောင်ရှင်းဟုန်၏ မျက်လုံးများ အေးစက်သွားသည်။ "ယဲ့ရှောင်ချန်း မင်းမှာ အစွမ်းအစရှိရင် ဆက်ခေါ်စမ်းပါ။ နောက်ဆုံးအထိ တိုက်ခိုက်သွားမယ်။"
"ချောင်ရှင်းဟုန် ခင်ဗျားဘာလို့ ဒီလို လုပ်နေရတာလဲ။ ခင်ဗျားကောင်းဖို့အတွက် စာခြောက်ရုပ်ကို ကျွန်တော်ဝယ်နေတာနော်။ ကျွန်တော့်စေတနာကို နားမလည်ရင်တော့ ကောင်းပြီလေ ကျွန်တော် မဝယ်တော့ဘူး။"
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။
ထိုကဲ့သို့ စျေးနှုန်းမြင့်မြင့်မျိုး သူ မပေးနိုင်ပါ။
စာခြောက်ရုပ်ကို သူ လေလံပစ်ခဲ့ရသည့် အကြောင်းအရင်းက ထိုစာခြောက်ရုပ်မှာ အနည်းငယ် ထူးဆန်းနေရုံသာမကဘဲ အခြားသူများ၏ လက်ထဲသို့ စာခြောက်ရုပ်ကို မကျရောက်စေချင်သောကြောင့်ပင်။ မဟုတ်ပါက ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။
သို့သော်လည်း ချောင်ရှင်းဟုန်က စာခြောက်ရုပ်ကို ရတနာတစ်ပါးလို သဘောထားနေ၏။
"ဟားဟား မင်းစိတ်ပူစရာမလိုပါဘူးကွာ။"
ချောင်ရှင်းဟုန် ရယ်မောလိုက်သည်။
ယခု ယဲ့ရှောင်ချန်း လေလံထပ်မပစ်တော့သဖြင့် အစားထိုး စာခြောက်ရုပ်ကို သူပိုင်ဆိုင်သွားပါပြီ။
ယခင် စျေးထက် ၂ သန်းကျော် ၅ သန်းလောက် သုံးလိုက်ရသော်လည်း အစားထိုး စာခြောက်ရုပ်၏ မှော်ဆန်မှုကို စဥ်းစားကြည့်လိုက်ရုံနှင့် သူအလွန်စိတ်လှုပ်ရှားလာပါသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။ ဒီလူကတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ။
နတ်ဘုရားများ တကယ်ရှိသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရပါသည်။ ကမ္ဘာပေါ်တွင် သဘာဝလွန် စွမ်းအားများ ရှိနေနိုင်၏။
သူ မတွေ့ဖူးသေးခြင်းသာ ဖြစ်သည်။
ယနေ့ စာခြောက်ရုပ်ကို တွေ့လိုက်ရသောအခါ သူ ပိုမို သေချာသွားခဲ့သည်။
အစားထိုးစာခြောက်ရုပ်က နတ်လက်နက် အစစ်ဖြစ်ဖို့ အဝေးကြီးလိုသေးသော်လည်း ကမ္ဘာပေါ်တွင် အံ့သြဖို့ ကောင်းသည်ဟု ယူဆရပါသည်။
နောက်ဆုံးတော့ သီးသန့် လေလံပွဲ ပြီးဆုံးသွားခဲ့သည်။
ယဲ့ရှောင်ချန်း၊ ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့က အကြာကြီး ဆက်မနေခဲ့ကြပါ။ ကားထဲဝင်ပြီး ထျန်ယန် အဆောက်အဦးထဲမှ ထွက်သွားကြတော့သည်။