အခန်း (၁၆၈) - ရတနာ
Vol. 12 Ch. 168
အခန်း (၁၆၈) - ရတနာ
ကားထဲတွင်။
"ရှောင်ချန်း ဘာလို့ ဒီမိစ္ဆာနှင်ဘူးခွံခွက်ကို ဝယ်ဖို့ ငါ့ကို တိုက်တွန်းခဲ့တာလဲ။"
ဝမ်ရွှေရှန့်က မိစ္ဆာနှင်ဘူးခွံခွက် ထည့်ထားသည့် သေတ္တာကို လက်ထဲတွင် ကိုင်ထားကာ နောက်ဆုံးတော့ မနေနိုင်ဘဲ မေးလိုက်မိသည်။
သူ မမေးဖို့ အတော်လေး စိတ်ရှည်သည်းခံခဲ့ရသည်။
ဖုန်းရှစ်ဖန်က ပို၍ပင် စိတ်ဝင်စားနေ၏။
"အစ်ကိုကြီးဝမ် ဒီတစ်ခေါက် ရတနာ တစ်ခုကို တကယ် ယူနိုင်ခဲ့တာပဲ။ အင်း မစ်စတာဖုန်းရဲ့ စကားအရဆိုရင် လျှော့စျေးနဲ့ ရသွားတာပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"လျှော့စျေးဟုတ်လား။ ဘာလို့ အဲ့လို ပြောရတာလဲ။"
ဖုန်းရှစ်ဖန်က အမြန်မေးလိုက်သည်။ "မိစ္ဆာနှင်ဘူးခွံခွက်က အရမ်းကောင်းပေမယ့် ၆သန်း ၇သန်းလောက်ပဲ တန်တာ။ ဘာပဲဖြစ်ဖြစ် မိစ္ဆာနှင်နိုင်တဲ့ အစွမ်းအစကလည်း အကန့်အသတ်ရှိတယ်။"
သူ့အမြင်နှင့် အသိပညာအရ ထိုမိစ္ဆာနှင်ဘူးခွံခွက်ကို ယွမ် ၁၀ သန်းဖြင့် ဝယ်ဖို့က တကယ် မတန်ပါ။
ဝမ်ရွှေရှန့်လည်း ဇဝေဇဝါဖြစ်နေ၏။
ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းကို မယုံကြည်ပါက ၂သန်းလောက် ထပ်မံဖြုန်းတီးပြီး ဝယ်ခဲ့မည် မဟုတ်ပါ။
ပိုက်ဆံကို ဒီလို မဖြုန်းသင့်ပေ။
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။ ဝမ်ရွှေရှန့် လက်ထဲမှ သေတ္တာကို ယူလိုက်ပြီး မိစ္ဆာနှင်ဘူးခွံခွက်ကို ထုတ်ယူလိုက်ပါသည်။
"အစ်ကိုကြီးဝမ် လျှော့စျေးနဲ့ ရလိုက်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဒါကြောင့်ပါ။"
ယဲ့ရှောင်ချန်းက ဘူးခွံခွက်၏ အောက်ခြေကို နူးညံ့စွာ ထိတွေ့လိုက်သည်။ အထဲတွင် စက်ကိရိယာ တစ်ခုရှိနေ၏။ ထို့နောက် သေးငယ်သော အစိတ်အပိုင်းလေးတစ်ခု ရုတ်တရက် ထွက်လာသည်။
မိစ္ဆာနှင်ဘူးခွံခွက်ထဲတွင် ထည့်ထားသည့် အသေးစား ဘူးခွံခွက်လေးဖြစ်သည်။
ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ ကြက်သေသေသွားကြသည်။
အထူးသဖြင့် ဖုန်းရှစ်ဖန်ဖြစ်သည်။ မိစ္ဆာနှင် ဘူးခွံခွက်ထဲတွင် နောက်ထပ် ဘူးခွံခွက်တစ်ခု ဘာကြောင့် ရှိနေမှန်း သူ မသိခဲ့ပါ။
အရင်ကလည်း သေသေချာချာ စစ်ကြည့်ပြီးပြီဖြစ်ပြီး လျှို့ဝှက်ကိရိယာ လုံးဝ မရှိပါ။
ရုတ်တရက် သူ့မျက်နှာ ပြောင်းလဲသွား၏။ ထို့နောက် တစ်ခုခုကို စဥ်းစားမိသွားပုံရသည်။ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွား၏။ ထို့နောက် မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။ "ဘုရားရေ ဒါ သားအမိ မိစ္ဆာနှင် ဘူးခွံခွက်လား။"
"ဒါပေမယ့် အဲ့ဒီသားအမိ မိစ္ဆာနှင် ဘူးခွံခွက်ဆိုတာ ဒဏ္ဍာရီပဲမဟုတ်ဘူးလား။ တကယ် မရှိပါဘူး။"
ဖုန်းရှစ်ဖန်က တစ်ယောက်တည်း ရေရွတ်နေသည်။
"မစ်စတာဖုန်း သားအမိမိစ္ဆာနှင်ဘူးခွံခွက်ဆိုတာ ဘာလဲဗျ။"
ဝမ်ရွှေရှန့် ရင်ခုန်လာ၏။ ဖုန်းရှစ်ဖန်၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤမိစ္ဆာနှင် ဘူးခွံခွက်မှာ တကယ်ပဲ သာမန်ထက် ထူးကဲနေနိုင်ပါသည်။
"သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ဆိုတာက မိစ္ဆာနှင်ဘူးခွံခွက်ထက် အဆင့်မြင့်တဲ့ ဖုန်းရွှေကိရိယာ တစ်ခုပဲ။ ရှေးဟောင်းစာအုပ်တွေထဲမှာပဲ ငါဖတ်ဖူးခဲ့တာ။ ဒီကိရိယာက မိစ္ဆာဝိညာဥ်တွေကို ဖုန်းရွှေ အခင်းအကျင်း မပါဘဲတောင် နှင်ထုတ်နိုင်တယ်လို့ ပြောကြတယ်။"
ဖုန်းရှစ်ဖန်က အမြန်ပြောလိုက်သည်။
"ဒီမှာကြည့် ဒီဘူးခွံခွက်လေးက မျိုးစေ့ ဘူးခွံခွက်တစ်ခုပဲ။ မိုးကြိုးပစ်ခံရပြီးသေသွားတဲ့ ဇီးပင်တစ်ပင်ကနေ ဇီးပင်အသစ်တစ်ပေါ်ထွက်လာတယ်လို့ ပြောကြတယ်။ ဒါက သေဆုံးပြီးသား အပင်တစ်ပင်အတွက် ဘဝသစ်တစ်ခုပဲ။ ပြီးတော့ အဆုံးမဲ့ အသက်စွမ်းအင်ကို ပိုင်ဆိုင်တယ်။ ဇီးပင်အသစ်က အတိုင်းအတာတစ်ခုအထိ ကြီးလာတာပြီး အသီးအပွင့် မထွက်ခင် မိုးကြိုးထပ်ပစ်ခံရရင် ဇီးပင်ရဲ့ နှလုံးသား ထွက်သွားပြီး ဒီဘူးခွံခွက် ထွက်လာလိမ့်မယ်။ အဲ့လို တိုက်ဆိုင်မှုတွေ ရှိလာမှသာ သားအမိ မိစ္ဆာနှင်ဘူးခွက်ဆိုတာ ဖြစ်တည်လာနိုင်တယ်။"
သူ ဆက်ပြောသည်။
"တကယ်ကြီး အဲ့လောက်တောင် မှော်ဆန်တာလား။"
ဝမ်ရွှေရှန့်က မှင်သက်စွာ ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုး ဖြစ်လာဖို့က တကယ် ခက်ခဲလွန်းလှပါသည်။ ထိုကဲ့သို့ နည်းလမ်းမျိုးဖြင့် ဖန်တီးထားသည့် ဘူးခွံခွက်မှာ အလွန်အမင်း ရှားပါးလှသည်ဟု ဆိုနိုင်သည်။
"ဟုတ်တယ် ဒါသာ သားအမိ မိစ္ဆာနှင်ဘူးခွံခွက်အစစ်ဆိုရင် တကယ် အဖိုးမဖြတ်နိုင်ဘူး။"
ဖုန်းရှစ်ဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။
ရုတ်တရက် ယဲ့ရှောင်ချန်းကို ကြည့်ကာ ရှက်ရွံ့သော လေသံဖြင့် ပြောလိုက်သည်။ "မစ္စတာယဲ့ ခုနက ငါ့ရိုင်းပျမှုတွေအတွက် ခွင့်လွှတ်ပေးပါ။ ဖြစ်ချင်တော့ မင်းရဲ့ ပါရမီကောင်းတွေကို မယှဥ်နိုင်ဘဲ အတွေ့အကြုံ နည်းပါးနေတဲ့လူက ငါဖြစ်နေတာပဲ။"
သူ လုံးဝ ယုံကြည်သွားပါပြီ။ သားအမိ မိစ္ဆာနှင်ဘူးခွံခွက်လို ရတနာမျိုးကိုမြင်လျှင် သူ မသိဘဲ နေပါ့မလား။
"မစ်စတာဖုန်း ချီးမွမ်းတာ များနေပါပြီ။ ကျွန်တော်လည်း မတော်တဆ ရှာတွေ့ခဲ့တာပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြန်ပြောလိုက်ပါသည်။
"ရှောင်ချန်း မင်းခုနက လေလံပစ်ခဲ့တဲ့ စာခြောက်ရုပ်ကတော့ ထူးခြားတာ တစ်ခုခု ရှိလို့လား။ ဘာလို့ ဆက်ပြီး လေလံမပစ်တော့တာလဲ။"
ဝမ်ရွှေရှန့်က ရုတ်တရက် အခြားအကြောင်းအရာ တစ်ခုခုကို တွေးမိသွားပြီး မေးလိုက်သည်။
"အစ်ကိုကြီးဝမ် အဲ့ဒီပစ္စည်းက ဘာမှန်း မသိတဲ့ ပစ္စည်းပါ။ ကျွန်တော် လေလံပစ်ခဲ့ရတဲ့ အကြောင်းအရင်းက အဲ့ဒီမိစ္ဆာပစ္စည်းကို သူများတွေ လက်ထဲ မကျရောက်စေချင်လို့ပါ။ ကံမကောင်းစွာနဲ့ပဲ ချောင်ရှင်းဟုန်က ကိုယ့်သေတွင်း ကိုယ်တူးသွားတာ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။"
ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြောလိုက်သည်။
"ဒါဆို ဒီအစားထိုး စာခြောက်ရုပ်က မကောင်းတဲ့ ပစ္စည်းလား။"
ဝမ်ရွှေရှန့် ကြောင်သွားသည်။
"မဖြစ်နိုင်ဘူး ထင်တယ်နော်။ မကောင်းတဲ့ ပစ္စည်းဆိုရင် ကောင်းကင်ဘုံနေမင်းလေလံရုံက ဘာလို့ လေလံတင်မှာလဲ။"
ဖုန်းရှစ်ဖန်က ပြောလိုက်သည်။
ကောင်းကင်ဘုံနေမင်းလေလံရုံ၏ သီးသန့် လေလံပွဲစည်းမျဥ်းအရ ပစ္စည်းစစ်မှန်မှုကို အာမ မခံသော်လည်း ပစ္စည်းက အန္တရာယ် ရှိ မရှိကိုတော့ ကောင်းကင်ဘုံနေမင်းလေလံရုံက စစ်ဆေးရပါမည်။ မဟုတ်ပါက လေလံရုံအတွက် ကပ်ဆိုက်သွားနိုင်သည်။
"အဲ့တာက ကောင်းကင်ဘုံနေမင်းလေလံရုံ အတည်မပြုနိုင်လို့ပါ။"
ယဲ့ရှောင်ချန်း ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်ထင်တာမမှားရင် ဒီအစားထိုး စာခြောက်ရုပ်က လူတစ်ယောက်ယောက် အခြားသူတွေကို အန္တရာယ်ပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုခဲ့တဲ့ ပစ္စည်း ဖြစ်နိုင်တယ်။"
ယဲ့ရှောင်ချန်းက ဆက်ပြော၏။ "အခု ချောင်ရှင်းဟုန်ဆီကို အစားထိုး စာခြောက်ရုပ် ရောက်သွားပြီ ဆိုတော့ ဟင်း... သုံးလအတွင်း သူ့မိသားစု ပျက်စီးတော့မှာပဲ။"
ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ ကြက်သီးမွှေးညှင်းများ ထသွားကြသည်။
ယဲ့ရှောင်ချန်း၏ စကားလုံးများကို ယုံကြည့်မိတော့မလို ဖြစ်ခဲ့ကြ၏။
.....
ကောင်းကင်ဘုံ နေမင်း အဆောက်အဦး အထပ်တစ်ခုရှိ အခန်းတစ်ခန်းထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ နေကြ၏။
တစ်စုံတစ်ဦးက တံခါးကို လာခေါက်သည်။
တံခါးပွင့်သွားသောအခါ ကောင်းကင်ဘုံနေမင်းလေလံရုံမှ ဆံပင်ငွေရောင် အဘိုးကြီး ဝင်လာသည်။ "အစားထိုး စာခြောက်ရုပ်ကို လေလံတင် ရောင်းချလိုက်ပါပြီ။ ဒါက လေလံတင်လို့ရတဲ့ ငွေတွေပါ။ အားလုံး ကဒ်ထဲမှာရှိတယ်။ ပက်စ်ဝေါ့ကလည်း ကဒ်ပြားပေါ်မှာ ရှိပါတယ်။"
"ကောင်းပြီ။ ခင်ဗျားသွားလို့ရပြီ။"
ကောင်လေးက ပြောလိုက်သည်။ ထိုကောင်လေးက ရယ်မောလိုက်ပြီး ကဒ်ကို ယူလိုက်သည်။
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက ဘာမှမပြောဘဲ မှုန်သုန်နေသော မျက်နှာဖြင့် ထွက်သွားသည်။
"ဟီးဟီး ငါ့အကြံက တော်တော် ကောင်းတယ်မဟုတ်လား။ ကျိန်စာသင့် အရုပ်ထွက်သွားတာနဲ့ ငါတို့ ပိုက်ဆံ ထပ်ရနိုင်ပြီ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်နိုင်တာပဲ။"
ကောင်လေးက မျက်နှာပေါ်တွင် မိစ္ဆာဆန်သော အရိပ်အယောင်မျိုးဖြင့် ကဒ်ကို ကိုင်မြှောက်ကာ ပြောလိုက်သည်။
"ရှင့်မှာ အကြံတွေ တယ်များပါ့လား။"
ကောင်မလေးက သဘောကျသွားပြီး ကောင်လေးကို မျက်စပြစ်လိုက်သည်။ "ဒါပေမယ့် ကျွန်မတို့ တာဝန်ပြီးသွားပြီဆိုတော့ နည်းနည်းလောက် ပျော်ကြရအောင်လား။"
...
အခြား ကားတစ်စီးထဲတွင်။
ချောင်ရှင်းဟုန်က သေတ္တာထဲက အစားထိုး စာခြောက်ရုပ်ကို ကြည့်နေပြီး လက်ထဲကပင် မချနိုင်ပါ။
"ဆရာကြီးနျဥ် ဒီအစားထိုး စာခြောက်ရုပ်ရဲ့ အစွမ်းတွေ ပွင့်စေဖို့ ဘယ်လိုလုပ်ငန်းစဥ်တွေ ပစ္စည်းတွေ လိုအပ်မှာလဲ။ ကျုပ် အခုချက်ချင်း တစ်ယောက်ယောက်ကို ပြင်ဆင်ခိုင်းလိုက်မယ်။"
သူ့ဘေးတွင် ခါးမတ်မတ်ထိုင်နေသည့် သက်လတ်ပိုင်း ယောက်ျားတစ်ဦးကို မေးလိုက်သ်ည။
သက်လတ်ပိုင်း ယောက်ျား၏ ပုံစံက အလွန်ထူးခြားသည်။ သူ့မျက်နှာပေါ်က အသွင်အပြင်များမှာ နေရာလွဲမှားနေသည်။ မျက်လုံးတစ်လုံးက မြင့်ကာ နောက်တစ်လုံးက နိမ့်နေ၏။ နှာခေါင်းကလည်း ပြားနေကာ မျက်လုံးနှင့် အနည်းငယ် ကွာဝေးနေသည်။
သူ့ပါးစပ်က ရွဲ့စောင်းနေ၏။
ငေါထွက်နေသည့် နားရွက်နှစ်ဖက်ကလည်း ထူးဆန်းလှပေသည်။
သို့သော် ချောင်ရှင်းဟုန်က ထိုဆရာကြီးနျဥ် ဆိုသူကို လုံးဝ အထင်မသေးရဲပါ။
"ဘော့စ်ချောင်။ စိတ်မပူပါနဲ့။ အများကြီး သိပ်မလိုအပ်ပါဘူး။ ကျုပ်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆို ခင်ဗျားရဲ့မွေးနေ့ကို စာခြောက်ရုပ်ပေါ်မှာ ချိတ်ဆွဲပြီး နေ့တိုင်း သွေးတစ်စက် ချပေးရုံနဲ့ စာခြောက်ရုပ်က ခင်ဗျားနှလုံသားရဲ့ သွေးကို စုပ်ယူပြီး ခင်ဗျားနဲ့ ဆက်သွယ်လာလိမ့်မယ်။ ရက်တစ်ရာလောက် ခင်ဗျားရဲ့ အစားထိုးအရုပ် ဖြစ်လာပြီး အာနိသင်ပြလိမ့်မယ်။"
ဆရာကြီးနျဥ်က အလွန်ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"ဒါဆိုလည်း ဆရာကြီးနျဥ်ကိုပဲ အားကိုးရတော့မှာပေါ့ဗျာ။"
ချောင်ရှင်းဟုန် မစောင့်နိုင်တော့ပေ။
ထို ဆရာကြီးနျဥ် ဆိုသူကို သူလုံးဝ သံသယမဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် သူက တောင်ပိုင်းဒေသမှ အလွန်ထူးချွန်သော ဆရာကြီးတစ်ယောက်ဖြစ်သည်။
ထိုဆရာကြီးနျဥ်ကို သူကလည်း တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ခြင်းဖြစ်ပါသည်။
ထိုရှန်းမန်ဂိုဏ်းတပည့်များ၏ အမူအရာမှာ အလွန်ပင် ထူးခြားသည့်ပုံစံရှိ၏။ ၎င်းတို့က ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်တတ်သူများဖြစ်ပြီး သူတို့၏ ရုပ်ရည်များမှာ ၎င်းတို့ကို လုံးဝ မမှတ်မိနိုင်အောင် ဖြစ်သွားတတ်ကြသည်။
သူတို့၏ ရုပ်အသွင် စစ်မှန်ခြင်း မစစ်မှန်ခြင်းကိုတော့ ဘယ်သူမှ မသိနိုင်ပါ။
သို့သော်လည်း ထိုဆရာကြီးနျဥ်၏ ထူးဆန်းသည့် ပုံစံကတော့ အစစ်အမှန်ဖြစ်ပါသည်။