အခန်း (၁၇၄) - တုန်လှုပ်ချောက်ချားခြင်း
Vol. 12 Ch. 174
အခန်း (၁၇၄) - တုန်လှုပ်ချောက်ချားခြင်း
နျူးကလီးယား ဓာတ်ရောင်ခြည်ကို သန့်စင်ပေးနိုင်သည်ဆိုသည့် ထိုအပင်ကို တီထွင်ခဲ့သူမှာ ယန်မြို့တော်မှ ထိပ်တန် ရုက္ခဗေဒ ပညာရှင် ယဲ့ရှောင်ချန်း မဟုတ်ပါက မြို့တော်ဝန်လီနှင့် အခြားသူများ လာတောင် ကြည့်မည်မဟုတ်ပါ။
သူတို့လာကြည့်လျှင်တောင် ဟာသကို ကြည့်ရသလို သဘောထားကာ လာကြည့်ကြခြင်း ဖြစ်ပါလိမ့်မည်။
သူတို့ဘယ်လို တွေးနေကြမှန်း ယဲ့ရှောင်ချန်း သိသော်လည်း ဂရုမစိုက်ခဲ့ပါ။ အားလုံးက အလုပ်အပေါ်တွင်သာ မူတည်သည်။
"ဆရာကြီး ကျေးဇူးပြုပြီး ၁၀ မီတာတိုင်းမှာ တွင်းတစ်ခု တူးပေးပါ။ ပိုနက်လေလေ ကောင်းလေလေပဲ။ ပြီးတော့ တွင်းရဲ့ အစွန်းဘက်တွေက ကျစ်လစ်နေရမယ်နော်။"
ယဲ့ရှောင်ချန်းက မြေတူးစက်ဘေးက သက်လတ်ပိုင်း ယောက်ျားကြီးကို လှမ်းပြောလိုက်သည်။
"ကောင်းပါပြီ။"
မြေတူးစက်သမားက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် မြေတူးစက်အပေါ် တက်လိုက်ပြီး စက်နှိုးလိုက်၏။
မြေတူးစက်သမား၏ စွမ်းရည်က အတော်လေး ကောင်းမွန်ပါသည်။ အလွန်လျှင်မြန်စွာဖြင့် တစ်မီတာအောက် ပိုနက်သည့် တွင်းတစ်ခုကို တူးထုတ်လိုက်သည်။ ပတ်လည်မြေကိုလည်း တင်းကြပ်စွာ ဖိသိပ်ထား၏။ ဒီ့ထက်ပိုနက်ပါက တွင်း၏ဧရိယာမှာ ပိုကျယ်လာပြီး တူးဖို့လွယ်မည် မဟုတ်တော့ပါ။
ယဲ့ရှောင်ချန်း မြေတူးစက်သမားကို ခေါင်းငြိမ့်ပြလိုက်သည်။ အဆင်ပြေပါပြီ။
မြေတူးစက်သမားက မြေတူးစက်ကို ဘေးဘက်သို့ မောင်းလိုက်ပြီး နောက်ထပ် တွင်းတစ်ခုကို ထပ်တူးသည်။
တဖက်တွင်တော့ ယဲ့ရှောင်ချန်းက တွင်းထဲ ခုန်ချကာ သူယူလာသည့် ဖန်ပုလင်းထဲက အင်မော်တယ် မြက်မျိုးစေ့ တစ်စေ့ကို ထုတ်လိုက်သည်။
မြို့တော်ဝန်လီနှင့် အခြားသူများက ယဲ့ရှောင်ချန်း၏ လုပ်ဆောင်ချက်များကို အလွန် စိတ်ပါဝင်စားနေကြ၏။
မနေ့က ယဲ့ရှောင်ချန်း၏ လုပ်ရပ်များကို မြင်ဖူးပြီးသား ဖြစ်သည့် ဝမ်ရွှေရှန့်ကသာ သူ ဘာလုပ်နေမှန်း သိပါသည်။
ယဲ့ရှောင်ချန်းက မျိုးစေ့ကို မြေကြီးထဲ မထည့်ပေ။ ထို့အစား လက်ဝါးပေါ်တွင်သာ ချထား၏။
ဖွံ့ဖြိုးခြင်း နည်းပညာကြောင့် အင်မော်တယ် မြက်မျိုးစေ့က သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းဖြင့် အက်ကွဲသွားသည်။ ထို့နောက် အမြစ်ထွက်ကာ အညောက်လည်း စပေါက်လာ၏။
ထိုထိတ်လန့်စရာ မြင်ကွင်းများကို မြို့တော်ဝန်လီနှင့် အခြားသူများမြင်လိုက်ကြရပါသည်။ သူတို့ ကြက်သေ သေသွားကြရ၏။
သူတို့မျက်နှာပေါ်တွင် ကာကွယ်ရေး မျက်နှာဖုံးများသာ မရှိပါက မျက်လုံးပွတ်မိကြမည်ဖြစ်သည်။ သူတို့ အမြင်များ မှားနေကြတာလား။
သို့သော်လည်း အစိမ်းရောင်က မျက်စိကျစရာ ကောင်းလှသည်။
သူတို့အားလုံး အသက်ဝဝရှူလိုက်ကြ၏။ ရင်သပ်ရှုမောဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်ပါသည်။
ဝမ်ရွှေရှန့်သာ ပုံမှန်ပဲဟု ခံစားရခြင်းဖြစ်သည်။
သို့သော်လည်း သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပေါ်လွင်နေပါသည်။ ထိုအင်မော်တယ် မြက်ပင်များက သူ့မျှော်လင့်ချက် ဖြစ်၏။
အင်မော်တယ် မြက်ပင်ပေါက်လာသောအခါ ယဲ့ရှောင်ချန်းက မြေသားအနည်းငယ်ကို တူးဖယ်လိုက်ပြီး မြက်ပင်ပေါက်ကို အထဲတွင် ညင်သာစွာ ထည့်လိုက်ပါသည်။ မြေစိုဖြင့် ဖုံးလိုက်ပြီး နူးညံ့သည့် အစို့ကိုတော့ ဖော်ထားသည်။
သူ့လက်ကို မဖယ်ရှားဘဲ ဖွံ့ဖြိုးခြင်း အနုပညာကို ဆက်သုံးသည်။
မိနစ်အနည်းငယ် ကြာသောအခါ သူ မတ်တပ်ရပ်လိုက်၏။
အင်မော်တယ် မြက်ပင်က တစ်လမလောက်အထိ ကြီးထွားလာပြီဖြစ်သည်။
ထို့နောက် နောက်ထပ် တွင်းတစ်တွင်းထံသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် မှင်သက်အံ့အားသင့်နေကြသည့် မြို့တော်ဝန်လီနှင့် အခြားသူများက အသိစိတ်ပြန်ဝင်လာကြ၏။
ယဲ့ရှောင်ချန်း၏ လှုပ်ရှားမှုများကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့ကြသောကြောင့် မျက်လုံးများပင် ကိုက်ခဲနေကြလေပြီ။ သူတို့ တစ်ခုခု မမြင်လိုက်ရမှာကို ကြောက်ရွံ့နေခဲ့ကြ၏။
"မစ္စတာဝမ်...ဒါ...ဒါ မှော်ပညာလား။"
မြို့တော်ဝန်လီ နားလည်ရခက်နေပါသည်။
မျိုးစေ့များ ဖွံ့ဖြိုးလာမှုကို ရှင်းပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက မှော်ပညာသာဖြစ်သည်။
စိတ်ကူးယဥ်ဆန်လွန်းသဖြင့်သူတို့ လက်ခံရ ခက်ခဲနေသည်။
ဘာပဲဖြစ်ဖြစ် သိပ္ပံနည်းကျသည့် ကမ္ဘာကြီးထဲတွင် ဒီလိုသာမန်မဟုတ်သည့် ဖြစ်စဥ်တစ်ခုက ဘယ်လို ဖြစ်နိုင်မှာလဲ။
"မဟုတ်ပါဘူး။ မှော်ပညာ မဟုတ်ပါဘူး။"
ဝမ်ရွှေရှန့်က ပြတ်သားစွာ ပြောလိုက်သည်။
နျူးကလီးယား ကာကွယ်ရေး ပညာရှင်များလည်း ဆွံ့အသွားကြ၏။
သူ့ကို ချေပဖို့ စကားရှာမရတော့ပါ။
ယဲ့ရှောင်ချန်း၏ အပင်များက နျူးကလီးယား ဓာတ်ရောင်ခြည်ကို သန့်စင်ပေးနိုင်သည်ဟူသော မျှော်လင့်ချက် ရောင်ခြည်များ သန်းလာကြပြီဖြစ်သည်။
တကယ်ဖြစ်နိုင်ပါက... ထိုသို့ စဥ်းစားမိရုံနှင့် သူတို့ ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့ကြပါသည်။
အင်မော်တယ် မြက်ပင်တစ်ပင် အညောက်ပေါက်ဖို့ ၅မိနစ် ၆မိနစ်သာ ကြာမြင့်သည်။
အချိန်များ ကုန်လွန်လာသည်နှင့် ယဲ့ရှောင်ချန်းတစ်ယောက် ပို၍ပင် အစွမ်းထက်လာခဲ့သည်။
မြို့တော်ဝန်လီနှင့် အခြားသူများ မပြန်ကြဘဲ နာရီပေါင်းများစွာ စောင့်ကြည့်ခဲ့ကြသည်။
ယဲ့ရှောင်ချန်းက အင်မော်တယ် မြက်ပင် ၅၀ ကျော်ကို ဖွံ့ဖြိုးခြင်း နည်းပညာ အသုံးပြုကာ စိုက်ပျိုးခဲ့၏။
အင်မော်တယ် မြက်ပင်များ စိုက်ပျိုးပြီးသည်နှင့် ဝမ်ရွှေရှန့် က တစ်ယောက်ယောက်ကို အကာအရံဖြင့် ချက်ချင်း ကာရံခိုင်းသည်။
"အစ်ကိုကြီးဝမ် ဒီနေ့တော့ နားကြရအောင်။"
ယဲ့ရှောင်ချန်းက အနည်းငယ် ပင်ပန်းစွာ ပြောလိုက်သည်။
"ရှောင်ချန်း ငါတို့ သတိထားစရာ ဘာရှိသေးလဲ။"
ဝမ်ရွှေရှန့်က အမြန်မေးလိုက်သည်။
"မရှိပါဘူး။ ဘာမှစိတ်မပူနဲ့။ အပင်တွေကိုသာ မထိခိုက်ပါစေနဲ့။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
ဝမ်ရွှေရှန့်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။
"မစ္စတာယဲ့ ကျုပ်အရမ်း အံ့သြမိပါတယ်။ ကျုပ်မျက်လုံးနဲ့ တပ်အပ်မမြင်ခဲ့ရရင် မှော်ပညာလို့ပဲ ထင်မိမှာ အမှန်ပဲ။"
မြို့တော်ဝန်လီက ရှေ့တိုးကာ ပြောလိုက်ပါသည်။
"ဟားဟား မြို့တော်ဝန်လီ လှည့်ကွက်လေး တစ်ခုပါပဲဗျာ။"
ယဲ့ရှောင်ချန်း ပြုံးကာ ပြန်ပြောလိုက်၏။
အခြားသူများ ဖွံ့ဖြိုးခြင်းနည်းပညာကို မြင်သွားလည်း သူမမှုပါ။ သူပွင့်ပွင့်လင်းလင်း အသုံးပြုလည်းအဆင်ပြေသည်။ သူမဖုံးကွယ်ထားနိုင်ပေ။ အကြံကောင်းလည်း မဟုတ်ပါ။
"ယဲ့ရှောင်ချန်း လာနောက်နေတာလား။ ဒါကို လှည့်ကွက်လေးတစ်ခုလို့ ခေါ်နေရင် ဘယ်ဟာက အံ့အားသင့်ဖို့ ကောင်းမှန်း ကျုပ် မသိတော့ဘူး။ ဒီလုပ်ဆောင်ချက်ကို ကြည့်ရုံနဲ့ မစ္စတာယဲ့ကို ထိပ်တန်း ရုက္ခဗေဒ ပညာရှင်လို့ ခေါ်ထိုက်ပါပေတယ်။"
မြို့တော်ဝန်လီ သက်ပြင်းချလိုက်ပါသည်။
အခြား နျူးကလီးယား ကာကွယ်ရေး ပညာရှင်းများစွာလည်း သက်ပြင်းချလိုက်မိကြ၏။
အရင်တွေးခဲ့မိသော အတွေးများကြောင့် ရှက်ရွံ့မိကြသည်။
အလွန်ပင်ပန်းနေပြီ ဖြစ်သဖြင့် ယဲ့ရှောင်ချန်း အကြာကြီး ဆက်မနေဘဲ အိမ်ပြန်လာခဲ့ပါသည်။
စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းတစ်ယောက် ချက်ချင်းဆိုသလိုပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။
သူ နိုးလာသောအခါ ကြယ်များပင် တစ်လက်လက် တောက်ပနေလေပြီ။
ညစာစားဖို့ အိမ်ပြန်သွားပြီးနောက် စိုက်ပျိုးရေးခြံသို့ ပြန်လာသည်။ ထို့နောက် စတင်ကျင့်ကြံလေ၏။
နောက်တစ်နေ့တွင် ယဲ့ရှောင်ချန်း ဆောက်လုပ်ရေးနယ်မြေသို့ ထပ်သွားကာ အင်မော်တယ် မြက်ပင်များကို ဆက်လက် စိုက်ပျိုးလေသည်။
ထိုအချိန်တွင် မြို့တော်ဝန်လီက ယဲ့ရှောင်ချန်းအား နျူးကလီးယား ကာကွယ်ရေးအဖွဲ့မှာ သုတေသန ပြုလုပ်ရန်အတွက် မြက်ပင် နမူနာများ လိုချင်နေကြသည်ဟု ပြောခဲ့သည်။
ယဲ့ရှောင်ချန်းက ဒါကို မမှုပါဘူး။ မနေ့က စိုက်ပျိုးခဲ့သည့် မြက်ပင်များမှ နူးညံ့သည့် အရွက်တချို့ကို ဖြတ်တောက်ကာ ပေးလိုက်သည်။
တစ်ညတာ ဖွံ့ဖြိုးပြီးသည့်နောက်တွင် အင်မော်တယ် မြက်ပင်များက အနည်းငယ် ပိုရှည်လာကြပါသည်။
သို့သော်လည်း မီးခိုးရောင်များက ပိုသမ်းလာခဲ့သည်။ နျူကလီးယား ဓာတ်ရောင်ခြည်ကို အလွန်စုပ်ယူထားခြင်းကြောင့်ဖြစ်ပါသည်။
ထိုနေ့တွင် ယဲ့ရှောင်ချန်းက အင်မော်တယ် မြက်ပင် ၆၀ ကျော်ကို စိုက်ပျိုးခဲ့ပါသည်။
ဒီလိုနှုန်းဖြင့်ဆို အင်မော်တယ် မြက်ပင် ထောင်ကျော် စိုက်ပျိုးနိုင်ဖို့ လဝက်လောက် ကြာနိုင်ပါသည်။
အမှန်ပင်။ ဒါက အပေါ်ယံ ခန့်မှန်းခြင်းသာဖြစ်ပါသည်။
ဒီချိန်အတောအတွင်း ရှန်းနုန်ကျင့်စဥ်ကို ပြီးမြောက်သွားပြီး ကျင့်ကြံခြင်း အဆင့်သို့ ဝင်ရောက်နိုင်ပါက အင်မော်တယ် ကျင့်စဥ်များကို တကယ် ကျင့်ကြံနိုင်တော့မည်ဖြစ်ပါသည်။
မှော်စွမ်းအားများကို သူစတင်ကျင့်ကြံပြီဆိုသည်နှင့် အင်မော်တယ် မြက်ပင်များအား ဖွံ့ဖြိုးခြင်း အနုပညာ အသုံးချနှုန်းက လွန်စွာ တိုးမြှင့်သွားပါလိမ့်မည်။
အခုတော့ ယဲ့ရှောင်ချန်း သူ့ဒန်တန်အတွင်းက ထင်ရှားသည့် ချီစွမ်းအားက တဖြည်းဖြည်း ကျဆင်းလာသည်ကို ခံစားနေရပါသည်။ အာနိသင်အရှိဆုံး ကျင့်ကြံခြင်းက ယခင်ကလောက် မသန်မာတော့ပေ။
....
နျူးကလီးယား ကပ်ဘေး ကာကွယ်မှု ညွှန်ကြားရေး စင်တာ၊ ယာယီ အစည်းအဝေးခန်းထဲတွင်။
ခေါင်းဆောင်အဖွဲ့ဝင် လီကျစ်ရွှမ်နှင့် နျူးကလီးယား ပညာရှင်များစွာ စုစည်းမိကြသည်။
"မြို့တော်ဝန်လီ သန့်စင်မြက်ပင်တွေရဲ့ စမ်းသပ်ချက် အဖြေတွေ ထွက်လာပါပြီ။"
နျူးကလီးယား ကာကွယ်ရေး ပညာရှင် အဘိုးကြီးတစ်ဦးက ပြောလိုက်ပါသသည်။
"မစ္စတာယင် အခြေအနေက ဘယ်လိုလဲ။"
မြို့တော်ဝန်လီက သိချင်စွာ မေးလိုက်သည်။
"အဖြေတွေက တော်တော်လေးကို အံ့အားသင့်ဖို့ ကောင်းတယ်။ သန့်စင်မြက်ပင်ထဲက နျူးကလီးယား ဓာတ်ရောင်ခြည် ပြင်းအားက တော်တော် မြင့်တယ်။ နျူးကလီးယား ပစ္စည်းနီးပါးလောက်ကို မြင့်မားတယ်။ အဲ့ဒီ မြက်ပင်တွေက နျူးကလီးယား ဓာတ်ရောင်ခြည်ကို မထုတ်လွှတ်ဘူး။ နျူးကလီးယား ဓာတ်ရောင်ခြည်ကို ပိတ်လှောင်ပြီး အပင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေသလိုမျိုးပဲ။"
မစ္စတာယင်၏ မျက်နှာက နီရဲနေသည်။ အလွန် စိတ်လှုပ်ရှားနေသည့်ပုံပင်။
"ဒါဆို မြက်ပင်နဲ့တူတဲ့ ဒီအပင်တွေက တကယ်ပဲ နျူးကလီးယား ဓာတ်ရောင်ခြည်ကို သန့်စင်နိုင်တယ်ပေါ့လေ။"
လီကျစ်ရွှမ်က အသက်ဝဝရှူကာ အမြန်မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ရာနှုန်းပြည့်ပါပဲ။" မစ္စတာယင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အဲ့တာတင် မကသေးဘူး။ ဒီအပင်တွေက နျူးကလီးယား ဓာတ်ရောင်ခြည်တွေ အများကြီး စုပ်ယူပြီးတာတောင် သူတို့ရဲ့ ဆဲလ်တစ်သျှူးတွေက တည်ငြိမ်နေတုန်းပဲ။ ဓာတ်ရောင်ခြည်ကို မခံနိုင်တဲ့ လက္ခဏာလည်း မပြဘူး။"
အပင်များက နျူးကလီးယား ဓာတ်ရောင်ခြည်ကို အလွန်နိုးကြားမှုရှိ၏။ ၎င်းတို့ကလည်း လူနှင့် တိရိစ္ဆာန်များလို သက်ရှိများပင် ဖြစ်ပါသည်။ နျူးကလီးယား ဓာတ်ရောင်ခြည်များနှင့် လွန်ကျူးစွာ ထိတွေ့မိပါက ဆွေးမြေ့သေဆုံးသွားပါလိမ့်မည်။
ဒါက အပင်များ ဓာတ်ရောင်ခြည်နှင့် ထိတွေ့သော အခါတွင် ဖြစ်တတ်ခြင်းဖြစ်သည်။
သို့သော် ဒီသန့်စင်မြက်ပင်များက နျူးကလီးယား ဓာတ်ရောင်ခြည်များကို စုပ်ပင် စုပ်ယူသဖြင့် အပင်ထဲက နျူးကလီးယား ဓာတ်ရောင်ခြင် ပြင်းအားကို မှန်းဆကြည့်၍တောင် မဖြစ်နိုင်ပါ။