← Chapters

အခန်း (၁၇၉) - ဖမ်းဆီးခံရခြင်း

Vol. 12 Ch. 179

အခန်း (၁၇၉) - ဖမ်းဆီးခံရခြင်း

Vol. 12 Ch. 179

အခန်း (၁၇၉) - ဖမ်းဆီးခံရခြင်း

မြို့တော်ဝန်လီ သူ့လူများနှင့် ရောက်လာသည်။

မျက်နှာလည်း ပျက်နေသည်။ ဒီလို ကြီးမားသည့် မတော်တဆမှုကြောင့် သူ့စိတ်အခြေအနေ မကောင်းတာ သိသာပါသည်။။ ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ပင်မှာ အလွန်အရေးပါလွန်းသည်။

သန့်စင်မြက်ပင် ဘယ်ရောက်သွားလဲ ဘယ်သူမှ မပြောနိုင်ပေ။

"မြန်မြန် သန့်စင်မြက်ပင်တွေ အကုန်လုံးကို လိုက်စစ်ဆေးကြစမ်း။"

မြို့တော်ဝန်လီက အမြန် အမိန့်ပေးလိုက်သည်။

ရုတ်တရက် အားလုံး စတင် စစ်ဆေးကြလေသည်။

စစ်ဆေးပြီးနောက် စုစုပေါင်း အင်မော်တယ် မြက်ပင် ၁၃ ပင် ပျောက်ဆုံးနေ၏။ အင်မော်တယ် မြက်ပင်၏ အမြစ်များက နက်လွန်းသဖြင့် အမြစ်များကတော့ မြေကြီးထဲတွင် ကျန်ခဲ့ကြပြီး တချို့ အင်မော်တယ် မြက်ပင်များတွင် အရွက်များ တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံထားရ၏။

"ချီးပဲ ဘယ်သူလုပ်တာလဲကွ။ ခုချက်ချင်း စုံစမ်းကြစမ်း။ သန့်စင်မြက်ပင်တွေကို ခိုးသွားတဲ့ လူကို ရှာမှဖြစ်မယ်။ ပြီးတော့ ဒီနေ့ ကင်းလှည့်တာဝန်ကျတာ ဘယ်သူလဲ။"

လီကျစ်ရွှမ် ဒေါသထွက်နေပါသည်။

ယဲ့ရှောင်ချန်းလည်း မျက်မှောင်ကြုတ်နေမိ၏။ အင်မော်တယ် မြက်ပင်တချို့ကို ဆုံးရှုံးခြင်းက ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း ဒီလိုအဖြစ်အပျက် ဖြစ်လာသည်မှာ တစ်စုံတစ်ယောက်က အင်မော်တယ် မြက်ပင်များကို မျက်စိကျနေသည်ဆိုသော အဓိပ္ပာယ်သက်ရောက်သည်။

မကြာမီ ကင်းလှည့်တာဝန်ကျသူ လေးဦးစလုံးကို ခေါ်လိုက်၏။

အင်မော်တယ် မြက်ပင်များက များလွန်းသဖြင့် ကင်းလှည့်တာဝန် တစ်ခုစီအတွက် လူလေးဦး ရှိပါသည်။

ကင်းလှည့်ချိန်က နှစ်ချိန်ရှိ၏။

ထို့အပြင် ညဘက်တွင် လူအရေအတွက်က ၈ ယောက်အထိ တိုးသွားသည်။

ကံမကောင်စွာဖြင့် ဆောက်လုပ်ရေး နယ်မြေမှာ ချောင်ကျပြီး ပတ်လည်တွင်လည်း လမ်းမကြီးများ မရှိသဖြင့် လုံခြုံရေး ကင်မရာမရှိပါ။

မေးခွန်းအနည်းငယ် မေးပြီးနောက် ဘာသဲလွန်စမှ မရခဲ့ပါ။

"မင်းတို့တွေ အမှန်တိုင်းပြောရင် ပိုကောင်းမယ်နော်။ မဟုတ်ရင် တစ်သက်လုံး ထောင်နန်းစံသွားရလိမ့်မယ်။"

လီကျစ်ရွှမ်က သူတို့ကို သွေးအေးသော မျက်နှာဖြင့် ကြည့်လိုက်၏။

နေ့ဘက်တွင် သန့်စင်မြက်ပင်ကို ခိုးနိုင်ချေက အလွန်နည်းပါးသည်။ ဆောက်လုပ်ရေး နယ်မြေအတွင်းသို့ ဝင်ထွက်သွားလာနေသည့် လူများစွာ ရှိခြင်းကြောင့်ဖြစ်သည်။

ညဘက်တွင်တော့ မတူတော့ပါ။

ဒီလေးယောက်က နေ့ဘက်တွင် ကင်းလှည့်ရသော်လည်း သေချာပေါက် သန့်စင်မြက်ပင်များကို မြင်ကြမည်ဖြစ်သည်။ သန့်စင်မြက်ပင်များ အခိုးခံလိုက်ရသည်နှင့် သေချာပေါက် သူတို့ ကင်းလှည့်စဥ် သိကြမည်ဖြစ်သည်။

အခုတော့ ထိုလူများက သန့်စင်မြက်ပင်များ ပျောက်နေသည်ဟု သတိမထားမိကြောင်း ပြောနေသဖြင့် ထူးဆန်းနေပါသည်။

ဒီတိုင်းတော့ ပျောက်မသွားနိုင်ပါ။

တစ်ယောက်ယောက်က လိမ်နေသည့် သဘောပင်။ ဒါမှမဟုတ် အားလုံးလိမ်နေတာလည်း ဖြစ်နေ၏။

"မြို့တော်ဝန် ကျွန်တော့်ကို မေးခွင့်ပြုပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

လီကျစ်ရွှမ်က ဒေါသကို ချုပ်ထိန်းကာ ခေါင်းငြိမ့်လိုက်သည်။

"ဒီနယ်မြေကို ကင်းလှည့်ဖို့ တာဝန်ကျတာ ဘယ်သူလဲ။"

ယဲ့ရှောင်ချန်းက လုံခြုံရေးအစောင့်များကို ကြည့်ကာ မေးလိုက်သည်။

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ရသည်။

အသက်ကြီးကြီး လူတစ်ယောက်က ပြောလိုက်၏။ "ကျုပ်တို့မှာ တိတိကျကျ တာဝန်ပေးထားတဲ့ နေရာတော့ မရှိပါဘူး။"

"ဒါဆို ဒီနယ်မြေကို ကင်းလှည့်ဖူးတယ် ဆိုတာကိုတော့ မှတ်မိသင့်တယ်မလား။"

ယဲ့ရှောင်ချန်းက ထပ်မေးလိုက်သည်။

"အရင်က တစ်ခါမှ ကင်းမလှည့်ဖူးဘူး။ ဒီနေ့အလုပ်ပြီးနော့ ကျုပ် ၂ ခါ ကင်းလှည့်ခဲ့တယ်။ ပထမ တစ်ခေါက်က နယ်မြေ ၁ကို ကင်းလှည့်တယ်။ ဒုတိယ တစ်ခေါက်ကတော့ နယ်မြေ ၃ ပဲ။"

"ခင်ဗျားကကော"

ယဲ့ရှောင်ချန်း အခြားတစ်ယောက်ကို ကြည့်လိုက်သည်။

"ကျုပ်လည်း ဒီနေရာကို ကင်းမလှည့်ဖူးဘူး။ ပထမ တစ်ခေါက်က နယ်မြေ ၄၊ ဒုတိယ တစ်ခေါက်က နယ်မြေ ၁ပါ။"

အမေးခံလိုက်ရသည့်လူက အမြန်ပြန်ဖြေလိုက်သည်။

"ခင်ဗျားကကော"

တတိယလူကို ယဲ့ရှောင်ချန်း ကြည့်လိုက်၏။

"ကျုပ်... ကျုပ်လည်း ကင်းမလှည့်ဖူးပါဘူး။ ကျုပ်က နယ်မြေ ၃နဲ့ ၄ကို ကင်းလှည့်တာပါ။"

ထိုလူက အမြန်ပြောလိုက်၏။

"မဖြစ်နိုင်တာ လီဝေ။ ငါက နယ်မြေ ၃နဲ့ ၄ကို ကင်းလှည့်တာကွ။ မင်းအဲ့မှာ ရှိနေတာ လုံးဝ မဖြစ်နိုင်ဘူး။"

ရုတ်တရက် စတုတ္ထလူက ထအော်လိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါ သေချာ မှတ်မိတယ်ကွ။"

လီဝေဆိုသည့် တတိယလူက အမြန်ပြောလိုက်သည်။

ဤသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း တစ်ခုခုကို နားလည်သွား၏။ ထို့နောက် လီကျစ်ရွှမ်ကို ကြည့်လိုက်သည်။

လီကျစ်ရွှမ် မင်သက်သွား၏။ သာမန်မေးခွန်း တစ်ခုလောက်နဲ့ ယဲ့ရှောင်ချန်း ပြစ်ချက်ကို ရှာနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

သုံးယောက်ထဲက တစ်ယောက်နှင့် စတုတ္ထလူ လိမ်နေတာ သေချာသည်။

နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရပါမည်။

"မင်းတို့နှစ်ယောက် သူတို့နှစ်ယောက် ဘယ်နယ်မြေကို ကင်းလှည့်တာလဲ မှတ်မိလား။"

လီကျစ်ရွှမ်က အတည်ပေါက် မေးလိုက်သည်။

"ကျွန်...ကျွန်တော်တို့လည်း သတိသိပ်မထားမိပါဘူး။"

အခြားနှစ်ယောက်ကလည်း တပြိုင်တည်း ခေါင်းခါလိုက်သည်။

ဘယ်လိုလူက ဒါမျိုးကို သတိထားကြည့်မည်နည်း။

သို့သော်လည်း သံသယ ကင်းလွတ်သွားသည့်အတွက်တော့ သူတို့နှစ်ယောက် စိတ်အေးသွားပါသည်။

အခြားနှစ်ယောက်ကသာ တစ်ယောက်လိမ်နေတာ သေချာပြီး စကားစတင် များကြသည်။

ရုတ်တရက် စတုတ္ထလူက တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်၏။ ထို့နောက် တတိယလူ လီယန်ကို အမြန်လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒါနဲ့ ငါမှတ်မိပြီ။ မနေ့ညက လီဝေလည်း ကင်းလှည့်နေတာပဲ။ ဒီနေ့ည တစ်ခုခု လုပ်စရာရှိလို့ဆိုပြီး ဝမ်ထောင်နဲ့ လဲလိုက်တာလေ။ လီဝေ... သန့်စင်မြက်ပင် အခိုးခံလိုက်ရတာကို ဖုံးကွယ်ဖို့ တမင်သက်သက် လုပ်ခဲ့တာဖြစ်မယ်။"

တတိယလူ လီဝေက မျက်နှာပြောင်းလဲသွားသည်။ သို့သော်လည်း အခုထိ ထွက်သွားဖို့ တောင်းဆိုနေသည်။ ဘာမှ မဖုံးကွယ်ချင်ပါ။

အားလုံးက လီဝေကို ထူးဆန်းသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။

ပထမနှင့် ဒုတိယလူကလည်း လီဝေက ဝမ်ထောင်နှင့် အချိန်လဲခဲ့သည်ဟု ပြောနေသောကြောင့်ပင်။

"မနေ့ညက တာဝန်ကျသူတွေကို ခေါ်လိုက်ပါ။"

လီကျစ်ရွှမ်က ပြောလိုက်သည်။

တကယ်တော့ တစ်ယောက်ယောက်က သူ့ကို ခေါ်ပြီးသားဖြစ်ပါသည်။

မိနစ် ၂၀အတွင်း မနေ့ညက တာဝန်ကျသည့် လူ ၇ယောက်စလုံး ရောက်လာကြသည်။

သူတို့အားလုံးက ထူးဆန်းသည့် အကြောင်းအရာတစ်ခုကို ပြောခဲ့သည်။ နောက်ဆုံး ကင်းလှည့်ပြီးသွားသောအခါ အားလုံး ပင်ပန်းသွားခဲ့ကြ၏။ သူတို့နိုးလာတော့ သူတို့ကို နှိုးတာ လီဝေ ဖြစ်နေပါသည်။

ဒီကိစ္စက အလွန် သိသာလာပါသည်။

မငြင်းဆန်နိုင်သည့် အချက်များရှေ့တွင် လီဝေ၏ မျက်နှာ ဖြူရော်လာသည်။

"လီဝေ ဝန်ခံရင် သက်သာပြီး ခုခံရင် မသက်သာမှာကို မင်းလည်း နားလည်မှာပါ။ သန့်စင်မြက်ပင်ကို ခိုးဖို့ မင်းကို ဘယ်သူအမိန့်ပေးခဲ့တာလဲ။"

လီကျစ်ရွှမ်က ခက်ထန်စွာ မေးလိုက်သည်။

ဘေးတွင် လက်နက်ကိုင် အထူးရဲတပ်သား နှစ်ဦး ရှိနေသဖြင့် လီဝေ တောင့်မခံနိုင်တော့ပါ။

"ပြောပါ့မယ်၊ ပြောပါ့မယ်။ ပရော်ဖက်ဆာဝမ်က လုပ်ခိုင်းတာပါ။"

လီဝေက ငိုပင် ငိုနေလေပြီ။ "ပြီးတော့ သန့်စင်မြက်ပင်ကိုလည်း ပရော်ဖက်ဆာဝမ် တစ်ယောက်တည်း ခိုးခဲ့တာပါ။ ကျွန်တော်က လူကြည့်ပေးရုံပါပဲ။"

"ဘာကွ၊ ဝမ်ရှောင်နျဥ်ဟုတ်လား။"

မစ္စတာယင်၏ မျက်နှာလုံး အကြီးအကျယ် ပြောင်းလဲသွားသည်။

"သူ... ဘာလို့ ဒီလို လုပ်ရက်တာလဲ ချီးပဲ..."

"မစ္စတာယင် ဝမ်ရှောင်နျဥ် ဘယ်မှာလဲ။"

လီကျစ်ရွှမ်က အမြန်မေးလိုက်သည်။

"အိမ်မှာ အရေးပေါ်ကိစ္စ ရှိတယ်လို့ပြောပြီး မနက်အစောကြီး ထွက်သွားတာပဲ။"

မစ္စတာယင်၏ မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။ "ဒီတော့ သန့်စင်မြက်ပင်ကို ခိုးတာ သူပေါ့။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"

ထိုအချိန်တွင် ဝမ်ရွှေရှန့်က ကားဆီ အမြန်ပြေးသွားပြီဖြစ်သည်။

သန့်စင်မြက်ပင် အခိုးခံလိုက်ရသောအခါ အားလုံးထက် သူက ပိုစိတ်ဖိစီးခဲ့ရပါသည်။

သန့်စင်မြက်ပင်က သူ့မြေ မူလအခြေအနေသို့ ပြန်ရောက်နိုင်မရောက်နိုင် မူတည်နေသော အရာဖြစ်သောကြောင့်ပင်။

ကံကောင်းစွာဖြင့် မြက်ပင် ဆယ်ကျော်သာ ပျောက်သွားခဲ့သည်။ မဟုတ်ပါက သူသွေးပါ အန်သွားလောက်သည်။

"ဝမ်ရှောင်နျဥ်ကို လိုက်ဖမ်းကြ။ ကမ္ဘာအဆုံးထိ လိုက်ရမယ်ဆိုရင်တောင် သူ့ကိုဖမ်းမိမှ ဖြစ်မယ်။"

လီကျစ်ရွှမ်က သွေးအေးသော မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။

ဒီကိစ္စတွင် လူထု လုံခြုံရေးဌာနက ကိုင်တွယ်ပါလိမ့်မည်။

သန့်စင်မြက်ပင်က ဒီတစ်ခေါက် ယန်မြို့တော် တစ်ခုလုံး၏ အာရုံစိုက်ရာဟု ဆိုနိုင်သည်။ ယန်မြို့တော်၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက် အခွင့်အရေးတစ်ခုဟုလည်း ဆိုနိုင်၏။

မကြာမီ ကျန်းဟုန်ယဲ့နှင့် အခြားမြို့တော် ခေါင်းဆောင်များလည်း ရောက်လာသည်။

ဖုန်းပေါင်းများစွာကိုလည်း ဆက်ခဲ့ကြ၏။

ယန်မြို့တော်၏ လူထုလုံခြုံရေးဌာန တစ်ခုတည်းသာ လှုပ်ရှားခြင်းမဟုတ်ပါ။

ဝမ်ရှောင်နျဥ်ကို ဖမ်းဖို့အတွက် ကိုယ်ပိုင်အဆက်အသွယ်များကို သုံးပြီး အိမ်နီးချင်း ကောင်တီနှင့် မြို့တော်များကိုလည်း ဆက်သွယ်ခဲ့ပါသည်။

ဝမ်ရှောင်နျဥ်ဘာကြောင့် သန့်စင်မြက်ပင်က်ို ခိုးသွားမှန်းမသိသော်လည်း ရိုးရှင်းသည့် ကိစ္စမဟုတ်မှန်းတော့ အားလုံးသိပါသည်။

ဝမ်ရှောင်နျဥ်၏ လုပ်ရပ်နောက်ကွယ်တွင် ခွန်အားကြီးသည့် အားတစ်ခုရှိနေနိုင်၏။

ယဲ့ရှောင်ချန်း ထိုကိစ္စများကို ဝင်ရှုပ်စရာမလိုပါ။ အားလုံးကို နိုင်ငံတော်က ကိုင်တွယ်သွားပါလိမ့်မည်။

အခြား အင်မော်တယ် မြက်ပင်များကိုသာ တစ်ခုချင်း ဆက်စစ်ဆေးနေလိုက်၏။

များပြားလွန်းသဖြင့် အကုန်လုံးကို စစ်ဆေးဖို့ နေ့တစ်ဝက်လောက် ကြာခဲ့ပါသည်။

သူစစ်ဆေးပြီးသွားသောအခါ ဆောက်လုပ်ရေးနယ်မြေ ပြင်ပက အလွန်စည်ကားလာသည်ကို တွေ့လိုက်ရသည်။

ဆောက်လုပ်ရေးယာဥ်များစွာက နယ်မြေအတွင်းသို့ ဝင်ထွက်သွားလာနေကြသည်။

ဖြစ်ချင်တော့ လုံခြုံရေးကိရိယာများကို တပ်ဆင်ဖို့လိုအပ်လာပြီဖြစ်သည်။

သန့်စင်မြက်ပင် တစ်ခါအခိုးခံလိုက်ရပြီ ဖြစ်သဖြင့် ကြိုတင် ကာကွယ်မှုများ လုပ်ထားသင့်ပါသည်။

ဒီလိုနှင့် တစ်ရက်အတွင်း ဧရာမ ဆောက်လုပ်ရေး နယ်မြေကြီးအတွင်း လုံခြုံရေးကင်မရာ ရာနှင့်ချီပြိး တပ်ဆင်ခဲ့ကြသည်။ တိုင်ကြီးများကိုလည်း တစ်ခုပြီးတစ်ခု စိုက်ထူသွားခဲ့ကြ၏။

ထိုမျှသာမကသေးဘဲ နေ့ဘက်ညဘက် ကင်းလှည့် တာဝန်ကျသူများ ပိုများလာခဲ့သည်။

ထို့အပြင် ရဲနှင့် လက်နက်ကိုင် ရဲဌာနများ ရှိလာ၏။

အတိုချုန်းပြောရလျှင် ယခု ဆောက်လုပ်ရေး နယ်မြေမှာ လုံခြုံရေးတင်းကြပ်သွားပြီ ဖြစ်ပါသည်။ ဝင်ပေါက်နှင့် ထွက်ပေါက်များတွင် စာရွက်စာတမ်းများ ပြဖို့ လိုအပ်ပါသည်။

အမှန်ပင်။ ဒီကိစ္စများက ယဲ့ရှောင်ချန်းနှင့် ဘာမှမဆိုင်ပါ။

ရက်အနည်းငယ် ကြာသွားခဲ့သည်။

ဝမ်ရှောင်နျဥ်ကို ဖမ်းဆီးသည့် စစ်ဆင်ရေးမှ ဘာတိုးတက်မှုမှ မရှိသဖြင့် ယဲ့ရှောင်ချန်း အံ့အားသင့်သွားရပါသည်။

ဝမ်ရှောင်နျဥ်က ဘယ်ကိုမှန်းမသိ ပျောက်ကွယ်သွားပုံရသည်။

ဝမ်ရွှေရှန့် သိထားသလောက်တော့ ဝမ်ရှောင်နျဥ် ပြည်ပ အဖွဲ့အစည်းတစ်ခုနှင့် အလုပ်လုပ်တာ အတော်ကြာပြီဖြစ်သည်။

တစ်နည်းအားဖြင့် ဝမ်ရှောင်နျဥ်၏ သန့်စင်မြက်ပင် ခိုးယူသည့်ကိစ္စမှာ ထိုအဖွဲ့အစည်းကညွှန်ကြားထားခြင်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် အခုတော့ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုပါ ပါလာလေပြီ။

All Chapters