အခန်း (၁၈၁) - တကယ် သူပဲ
Vol. 13 Ch. 181
အခန်း (၁၈၁) - တကယ် သူပဲ
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အဖြူရောင်ဂါဝန်အပေါ်တွင် အနွေးထည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အသားရောင် အသားကပ်ခြေစွပ်နှင့် သားရေဒေါက်ဖိနပ်ကို ဝတ်ဆင်ထားသည်။
နိုင်ငံတကာက အလှလေးတစ်ယောက်လိုပင်။
ပိုအရေးကြီးသည်က ဂီတနှင့်ပတ်သတ်လာလျှင် ကျွမ်းကျင်သည့် အရှိန်အဝါမျိုးရှိ၏။
ထိုအရှိန်အဝါနှစ်မျိုးပေါင်းစပ်သောအခါ မြင်ရသူတိုင်း မျက်လုံးဝိုင်းစက်သွားစေသည်။
သူမ ထွက်လာသောအခါ ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး အနည််းငယ် အံ့အားသင့်သွား၏။ ထို့နောက် မေးလိုက်သည်။ "ရှင်က ဒီမှာ ကျောင်းသားမဟုတ်ဘူးထင်တယ်။ ကျွန်မ ဘာများကူညီပေးရမလဲ။"
"ဆရာမက လျန်ဝမ်ကျင်းလား။ ဆရာမလျန်။ ကျွန်တော်က ယဲ့ရှောင်ချန်းပါ။ အစ်မရှု ကျွန်တော့်ကို မိတ်ဆက်ပေးထားတယ်လေ။"
ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။
"ရှင်က ယဲ့ရှောင်ချန်းလား၊ အန်တီရှု မိတ်ဆက်ပေးထားဖူးပါတယ်။"
လျန်ဝမ်ကျင်းက အံ့သြသွားသည်။ ထို့နောက် စိတ်ဝင်တစား မေးလိုက်၏။ "ဒါပေမယ့် ဘာလို့ ရှင့်ကို မြင်ဖူးသလို ခံစားနေရတာလဲ။"
"ကျွန်တော့်ကို မြင်ဖူးလို့လား။"
ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။ ထို့နောက် ခေါင်းခါကာ ပြောလိုက်သည်။ "မဖြစ်နိုင်ပါဘူး။"
"သြော် ကျွန်မ လူမှားတာ နေမှာပါ။"
လျန်ဝမ်ကျင်းက ခေါင်းငြိမ့်လိုက်ပါသည်။
သို့သော်လည်း အနည်းငယ်တော့ ဝေခွဲမရ ဖြစ်နေဆဲပင်။ သူ့ရှေ့က လူငယ်လေးတွင် သာမန်ထက် ထူးကဲသော အရှိန်အဝါမျိုး ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သာမန်လူမဟုတ်မှန်း ပြောနိုင်သည်။
အန်တီရှု၏ လေသံအရ ယဲ့ရှောင်ချန်းကို သူမ အတော်လေး အထင်ကြီးထားသည့်ပုံပင်။ အခွင့်အရေးကို ဖမ်းဆုပ်ထားသင့်သည်ဟုပင် မပြတ်မသား ပြောခဲ့သည်။ သူမ၏ ရည်ရွယ်ချက်များကို ရှင်းပြစရာပင် မလိုတော့ပါ။
သူမအတွက် အောင်သွယ်တော် လုပ်ပေးချင်နေတာ ဖြစ်နိုင်သည်။
အရင်ကတော့ သူမ ဂရုမစိုက်ခဲ့ပါ။
လက်တွဲဖော်ရွေးချယ်ရာတွင် သူမ၏ စံနှုန်းများက မြင့်မားလွန်းသည်။ သူမ သဘောကျသည့် လူလည်း ဖြစ်ရမည်။ သူမကိုယ်သူမ ခံစားရတာမျိုး ဖြစ်ခွင့်ပြုမည်မဟုတ်ပါ။
အရေးကြီးဆုံးအရာက အကြိုက်ချင်းတူဖို့ ဖြစ်သည်။
သူမက ဂီတဆရာမ လုပ်ရသည်ကို သဘောကျသည်။ တဖက်လူကလည်း ဂီတကို သဘောကျသူဖြစ်ရမည်။
သို့သော်လည်း ယခု ယဲ့ရှောင်ချန်းကို မျက်လုံးများဖြင့် တပ်အပ် မြင်လိုက်ရသောအခါ သူမနှလုံးသားထဲက ကြိုးများက တုန်ခါသွားရပါသည်။
တခြားနည်းလမ်း မရှိပါ။ တခြားသူများကို သဘောကျစေပြီး သူ့အကြောင်း ပိုသိချင်လာစေသည့် အရှိန်အဝါမျိုး ယဲ့ရှောင်ချန်းတွင် ရှိနေပါသည်။
"ယဲ့ရှောင်ချန်း ကျွန်မတို့ ရုံးခန်းထဲမှာ စကားပြောရအောင်"
လျန်ဝမ်ကျင်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်ကာ သူမနောက် လိုက်လာခဲ့၏။
ရုံးခန်းထဲက အပြင်အဆင်က ရိုးရှင်းပြီး ကျက်သရေရှိပါသည်။ လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းအတွက် ကိုယ်တိုင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ယဲ့ရှောင်ချန်း ရှင်က ဘာသင်ချင်တာလဲ။"
လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းနှင့် နှစ်ယောက်တည်း အတူတူ ရှိနေရခြင်းကို အနည်းငယ် နေရခက်နေပါသည်။ အရင်တုန်းက ဒါမျိုးမဖြစ်ဖူးပါ။
ထို့ကြောင့် သူမရင်ထဲက အနေခက်မှုကို ဖြေရှင်းရန် လိုရင်းကို မေးလိုက်ပါသည်။
"အင်း တကယ်တော့ ကျွန်တော် ဂီတသင်္ကေတတွေကို ဘယ်လိုဖတ်ရမလဲဆိုတာကို သင်ယူချင်တာပါ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဂီတသင်္ကေတ ဖတ်တတ်ချင်ရုံပဲလား။"
လျန်ဝမ်ကျင်း ကြောင်သွားသည်။
"ဟုတ်တယ်၊ ကျွန်တော်က ဂီတအကြောင်း ဘာမှမသိဘူး။ ပြီးတော့ ဂီတပါရမီတောင် မပါဘူး။ ကျွန်တော့်အလုပ်ကြောင့်ပါ။ လတ်တလော ဂီတသင်္ကေတနဲ့ ပတ်သတ်တဲ့ ကိစ္စတွေရှိလာလို့ ကျွန်တော် ဒီကဏ္ဍကို နားလည်ထားရမယ်။"
ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။
"ဂီတသင်္ကေတ နားလည်မှုက ဂီတရဲ့ အခြေခံပဲ။ ဒါကို သင်ယူဖို့က မခက်ခဲပါဘူး။"
လျန်ဝမ်ကျင်းက ပြုံးလိုက်သည်။
"ဆရာမလျန် တကယ်တော့ ရိုးရှင်းတဲ့ ဂီတသင်္ကေတတွေအပြင် ကျွန်တော့်သင်ယူလေ့လာမှုမှာ အခြားသင်္ကေတတွေဖြစ်တဲ့ ပြည်ပဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ဖြစ်၊ ရှေးဟောင်းဖြစ်ဖြစ် သင်ယူလေ့လာချင်ပါတယ်၊ အဆင်ပြေရဲ့လားခင်ဗျ။"
ယဲ့ရှောင်ချန်း အမြန်မေးလိုက်ပါသည်။
ပန်းဝိညာဥ် ဂီတသင်္ကေတထဲမှ ဂီတသင်္ကေတများက အခုလက်ရှိ သူ့ထံတွင် ရှိနေသော တေးသွားများနှင့် လုံးဝခြားနားသောကြောင့် ရှေးဟောင်း၊ ခေတ်သစ်နှစ်မျိုးစလုံးမှ ဂီတသင်္ကေတအားလုံးကို အပြည့်အဝ နားလည်ထားရပါမည်။
တကယ်တော့ နတ်ဘုရားတစ်ပါးထံမှ တိုက်ရိုက်သင်ကြားဖို့ပင် တွေးဖူးသည်။
ဥပမာအားဖြင့် လနတ်သမီးက ဂီတသီအိုရီအပိုင်းတွင် တော်သည်။
စျေးကြီးလွန်း၍သာ လက်လျော့လိုက်တာ ဖြစ်ပါသည်။
လနတ်သမီး၏ ပြောစကားအရ ပန်းဝိညာဥ် ဂီတသင်္ကေတကို သင်ယူချင်ပါက အခြေခံက စရလိမ့်မည်။ ဂီတသင်္ကေတကို ဖတ်တတ်ရုံလောက်နှင့် အင်မော်တယ်ယွမ် ထောင်ချီပြီး ကုန်ကျပါလိမ့်မည်။
ဒါက လျှော့စျေးဟုပင် လနတ်သမီးက ပြောခဲ့သည်။ အခြား နတ်ဘုရားများဆီကသာ သင်ကြားပါက အင်မော်တယ် သောင်းချီပြီး ကုန်ကျလိမ့်မည်ဟု ပြော၏။
ယဲ့ရှောင်ချန်း ဆွံ့အသွားရသည်။
ပန်းဝိညာဥ်ဂီတသင်္ကေတကို သင်ယူဖို့လောက်နဲ့ အင်မော်တယ်ယွမ် ထောင်ချီပြီး သုံးရမှာလား။ လာနောက်နေတာလား။ မသင်တော့ဘူး။
ငါနားမလည်နိုင်တာ မယုံနိုင်ဘူး။
အမှန်ပင် အဓိက အကြောင်းအရင်းက လနတ်သမီး တစ်ခုခုပြောခဲ့သောကြောင့်ပင်။ "တကယ်တော့ ဂီတသီအိုရီ အသိပညာကို မော်တယ်ကမ္ဘာကနေ အရင်ဆုံးသင်နိုင်ပါတယ်။ အဆင့်ချင်းက မတူပေမယ့် အနှစ်သာရပိုင်းမှာတော့ ဆင်တူမှုတွေ ရှိပါတယ်။"
ထို့ကြောင့် ဒီလိုအကြံမျိုးရခဲ့ခြင်းဖြစ်သည်။
"တခြား ဂီတသင်္ကေတတွေ ဟုတ်လား။"
လျန်ဝမ်ကျင်းက ပြုံးကာ ပြောလိုက်သည်။ "ရှင်က ခေတ်သစ် ခေတ်ဟောင်းက ဂီတသင်္ကေတတွေအားလုံးကို သင်ယူချင်တာ မဟုတ်လား။ ဒါတော့ နည်းနည်း ခက်မယ်။ ရှေးဟောင်းတရုတ်ပြည်တစ်ခုတည်းနဲ့တင် သင်္ကေတနည်းလမ်း ၁၃မျိုး ရှိတယ်။ ပြည်ပ နိုင်ငံတွေမှာဆိုရင် ပိုတောင် များဦးမယ်။ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကြောင့် သင်္ကေတနည်းလမ်း ရာနဲ့ချီပြီး ရှိတယ်။ ဟုတ်တာပေါ့။ သင်္ကေတ ဗဟိုသဘောတရားတွေကို ကျွမ်းကျင်တတ်မြောက်သွားရင်တော့ အဲ့ဒီသင်္ကေတ နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်တတ်မြောက်ဖို့ မခက်ခဲတော့ပါဘူး။"
"ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲ့တာပဲ သင်ယူချင်တာပါ။ သင်္ကေတနည်းလမ်းအားလုံးရဲ့ ဗဟိုသဘောတရားဆိုရင် အကောင်းဆုံးပေါ့ဗျာ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ရုတ်တရက် လူမှန်ကို တွေ့သွားပြီဟု ခံစားလိုက်ရသည်။
ဤလျန်ဝမ်ကျင်းဆိုသူ၏ ဂီတသီအိုရီအပေါ် တတ်မြောက်မှုများက သာမန်ထက် ထူးကဲပါသည်။ ခေတ်ဟောင်း ခေတ်သစ် နှစ်မျိုးစလုံးမှ ဂီတသင်္ကေတနည်းလမ်းအားလုံးကို ကျွမ်းကျင်ထားပုံရသည်။
"ဟုတ်ပါပြီ၊ ကျွန်မ ကြိုးစားကြည့်ပါ့မယ်။"
လျန်ဝမ်ကျင်းက ခေတ္တ စဥ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
ဒီလို သင်ကြားဖို့က မလွယ်ကူပါ။ ရိုးရှင်းသော သင်ခန်းစာ တစ်ခုသာဖြစ်ပါက ယဲ့ရှောင်ချန်းကို သင်ကြားဖို့ အတန်းတစ်ခုလောက်ဆို လုံလောက်ပြီဖြစ်သည်။
သို့သော် အခုတော့ မတူညီပါ။ သင်ခန်းစာ သင်ရိုးကောင်းကောင်း စီစဥ်ရမည်၊။ မဟုတ်ပါက ယဲ့ရှောင်ချန်း နားမလည်နိုင်သည့် အရာတချို့ ရှိလာနိုင်သည်။
ယဲ့ရှောင်ချန်း စိတ်အေးသွားပြီး သူမကို အမြန် ကျေးဇူးတင်လိုက်ပါသည်။
"ယဲ့ရှောင်ချန်း ဒီအတန်းက မနက်ဖြန် စပါမယ်။ ကျွန်မ ရှင့်ကို အချိန်တွေ ကြိုတင် အကြောင်းကြားလိုက်ပါ့မယ်။"
လျန်ဝမ်ကျင်းက ပြောလိုက်သည်။
သူမ သင်ရိုးများကို ပြန်လည်စုစည်းရဦးမည်။
ထို့အပြင် အခြားအတန်းများလည်း ရှိသေး၏။
"ဟုတ်ကဲ့"
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ယဲ့ရှောင်ချန်း သင်တန်းအပ်နှံသည့် လုပ်ငန်းစဥ်များနှင့် သင်တန်းကြေးများကို ပေးခဲ့ပါသည်။
အတန်းက အတန်းချိန်ပေါ်မူတည်ပြီး ပေးရသည်။
ယဲ့ရှောင်ချန်းက တစ်ယောက်တည်း အတန်းဖြစ်သဖြင့် သင်တန်းခက စျေးကြီးပါသည်။
သို့သော် သူ ဂရုမစိုက်ပါဘူး။ ဒီငွေပမာဏလောက်က ဘာမှမဟုတ်ပေ။
နောက်ဆုံးတော့ လျန်ဝမ်ကျင်းနှင့် ဖုန်းနံပါတ်ချင်း ဖလှယ်ပြီး ဂီတသံစဥ် သင်ကြားရေးစင်တာမှ ထွက်လာခဲ့တော့သည်။
...
ညဘက်။
စာကြည့်ခန်းထဲ မီးများလင်းထိန်နေ၏။
စာအုပ်စင်တန်းတစ်ခုတွင် ဂီတစာအုပ်နှင့် ဂီတသီချင်းခွေများစွာ ရှိနေသည်။
ပြည်တွင်းကော ပြည်ပပါရှိသည်။
ထို့အပြင် စာကြည့်ခန်းထဲတွင် နူးညံ့သည့် ဂီတတစ်ခု ပျံ့လွင့်နေ၏။ သံစဥ်က ပြည်ပသံစဥ် ဖြစ်ပါသည်။
လျန်ဝမ်ကျင်းတွင် အကျင့်တစ်ခု ရှိသည်။ သူမ စာရေးတိုင်း ဂီတကို နားထောင်လေ့ရှိ၏။ ဒါက သူမ၏ စိတ်ပါဝင်စားမှုကို မြင့်တက်စေသည်။
မနက်ဖြန် ယဲ့ရှောင်ချန်းအတွက် သင်ရိုးများကို ပြင်ဆင်နေခြင်းဖြစ်သည်။
သူမ၏ လှပသော မျက်ခုံးများက အနည်းငယ် တွန့်သွား၏။ သူမ တစ်ခုခုကို စဥ်းစားမိသွားသည်။
"ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးတာ သေချာပါတယ်။ မမှားနိုင်ပါဘူး။ ငါက မှတ်ဉာဏ်ကောင်းတယ်။"
လျန်ဝမ်ကျင်း၏ စိတ်ထဲတွင် ယဲ့ရှောင်ချန်း၏ အရိပ်ကိုတောင် မဖယ်ရှားနိုင်ပါ။
သူမရင်ထဲတွင် ခေါင်းမာသည့် အတွေးများက မြင့်တက်လာသည်။ ထိုတွေ့ဖူးသည့် ခံစားချက်ကို သူမ ရှာတွေ့ချင်နေသည်။
နားထင်ကို ပွတ်လိုက်ပြီး နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ၁၀ နာရီပင် ထိုးတော့မည်။
ပုံမှန်ဆို ဒီအချိန်လောက်ဆို သူမအိပ်လောက်ပြီ။
သူမ၏ အိပ်ချိန်က အမြဲတမ်း တိကျပါသည်။
သို့သော် ဒီနေ့တော့ သင်ရိုးကို မှတ်သားလို့ မပြီးသေးပါ။
အချိန်ပို လုပ်ဖို့သာရှိသည်။
ရုတ်တရက် သူမ၏ အကြည့်က စာရေးစားပွဲဘေးက ဓာတ်ပုံတစ်ပုံပေါ်သို့ ကျရောက်သွားသည်။
သူမ အနည်းငယ် ကြက်သေ သေသွားရ၏။ တစ်ခုခုကို စဥ်းစားမိသွားပုံရပြီး အံဆွဲကို ဖွင့်ကာ ဓာတ်ပုံအယ်ဘမ်ကြီးတစ်ခုကို ထုတ်လိုက်သည်။
ထိုအယ်လ်ဘမ်ထဲတွင် သူမ တန်ဖိုးထားရသည့် ဓာတ်ပုံများစွာရှိပါသည်။
သူမငယ်စဥ်တုန်းက၊ ကျောင်းတက်စဥ်တုန်းက၊ ခရီးသွားစဥ်တုန်းက၊ သူငယ်ချင်းများနှင့် အတူရှိစဥ်တုန်းက၊ အလုပ်လုပ်စဥ်တုန်းက စသဖြင့် ဖြစ်သည်။ အားလုံးကို ဒီဓာတ်ပုံအယ်လ်ဘမ်ကြီးထဲတွင် စုစည်းထား၏။
သူမ လှန်ကြည့်နေသည်။
၁၀ မိနစ်လောက်ကြာသွားပြီး နောက်ဆုံးတော့ စာမျက်နှာတစ်ခုတွင် ရပ်သွားသည်။
ဓာတ်ပုံကြီးတစ်ပုံဖြစ်ပြီး အရောင်က အနည်းငယ် အဖြူရောင်သမ်းနေသည်။
အတော်လေး ဟောင်းနွမ်းနေပြီဖြစ်ပါသည်။
ထိုက်ဖျင်အထက်တန်းကြောင်း အခန်း ၃ (၅၆) ဆရာဆရာမနှင့် ကျောင်းသားများအားလုံး၏ ဘွဲ့နှင်းသဘင် ဓာတ်ပုံ။
ဓာတ်ပုံ၏ ထိပ်တွင် စာလုံးတန်းကြီး တစ်ခုရှိသည်။
ဓာတ်ပုံအနောက်ကို လှန်ကြည့်လိုက်သောအခါ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာများအားလုံး၏ အမည်ကို မှတ်တမ်းတင်ထားသည်။
ရုတ်တရက် ရင်းနှီးနေသည့် နာမည်တစ်ခုကို မြင်လိုက်ပါသည်။ သူမ ပြုံးလိုက်၏။
တကယ် သူပဲ။