အခန်း (၁၈၂) - ကျွမ်းကျင်သူများအဖွဲ့
Vol. 13 Ch. 182
အခန်း (၁၈၂) - ကျွမ်းကျင်သူများအဖွဲ့
ယန်မြို့တော် အထူးရုက္ခဗေဒ သုတေသန အဖွဲ့အစည်း။
ဒီဌာန တည်ထောင်ရခြင်း၏ အဓိကအကြောင်းအရင်းက မုန်ညင်းပင်စိုက်ပျိုးရေး လုပ်ငန်းကြောင့် ဖြစ်သည်။
မြို့တော်အစိုးရက ငွေပမာဏမြောက်များစွာကိုသုံးပြီး အဆင့်မြင့်ဆုံး ကိရိယာများကိုဝယ်ယူကာ အကျွမ်းကျင်ဆုံဂ သုတေသန ပညာရှင်များကို ငှားရမ်းခဲ့သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့် မုန်ညင်းပင် စိုက်ပျိုးရေး အစီအစဥ်မှာ ရပ်နားလိုက်ရပြီး သုတေသန အဖွဲ့အစည်းမှလည်း ဘယ်လို ရလဒ်မှ မရခဲ့ပေ။ နောက်ဆုံးတွင်တော့ ကိရိယာများကိုပါ စွန့်ပြစ်ခဲ့ရသည်။
သုတသနပညာရှင်များကလည်း ထွက်ခွာလာကြပြီး သုတေသန အဖွဲ့အစည်းကြီးက စွန့်ပြစ်အဆောက်အဦးတစ်ခုဖြစ်လာသည်။
လွန်ခဲ့သည့်တစ်ပတ်လောက်ကမှ ဝန်ကြီးကျန်းဟုန်ယဲ့ကိုယ်တိုင် သုတေသန အအဖွဲ့အစည်းထံသို့ လာရောက်စစ်ဆေးခဲ့ပြီး ညွှန်ကြားချက်များ ပေးခဲ့သည်။ ငွေပမာဏ များစွာကို ပေးအပ်ပြီး အဖွဲ့အစည်းကို ပြန်လည် လှုပ်ရှားစေခဲ့သည်။
ဒီအချိန်အတောအတွင်း သုတေသန အဖွဲ့အစည်းမှ လူများက ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားနေပါသည်။
မူလက လူသူကင်းမဲ့နေသည့် သုတေသန အဖွဲ့အစည်းကြီးမှဦ တဖြည်းဖြည်းနှင့် ဆူညံသံများ ပျော်ရွှင်သံများဖြင့် ပြန်လည်ပြည့်နှက်လာခဲ့သည်။
ထင်မထားစွာဖြင့် အလုပ်ဖြစ်သွားခဲ့၏။ သိပ်မကြာလိုက်ပေ။ သုတေသန ပညာရှင်ကြီးများက သုတေသန အဖွဲ့အစည်းအတွင်းသို့ ရောက်ရှိလာကြပါသည်။
ပညာရှင်အသင်းက ပညာရှင်များက နာမည်ကျော် ရုက္ခဗေဒပညာရှင်များ သို့မဟုတ် နိုင်ငံတော် လျှို့ဝှက်ဌာနများမှ နျူးကလီးယာား ကျွမ်းကျင်သူများဖြစ်ကြပါသည်။
ထိုလူများက လက်ထောက်များစွာကို ခေါ်ယူလာခဲ့သည်။ သုတေသန အဖွဲ့အစည်းက ချက်ချင်းဆိုသလို ပြန်လည်သက်ဝင်လာပါသည်။ လော့ချထားတာ ကြာခဲ့ပြီ ဖြစ်သော ဓာတ်ခွဲခန်းများစွာကို ဒီနေ့ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဒီတစ်ခေါက် ပညာရှင်အသင်းက အဆင့်မြင့် သုတေသန ကိရိယာများစွာကိုပါ ယူဆောင်လာပြီး သန့်စင်မြက်ပင်ကို လေ့လာခဲ့ကြပါသည်။
မဟုတ်ပါက သုတေသန အဖွဲ့အစည်းမှ ကိရိယာလောက်နှင့် လုံလောက်မည် မဟုတ်ပါ။
နောက်ထပ် ရက်အနည်းငယ်လောက်အထိ ပညာရှင်အသင်းက ဆောက်လုပ်ရေးနယ်မြေကို သွားကာ သန့်စင်မြက်ပင်များကို လေ့လာပြီး အချက်အလက်များ စုဆောင်းခြင်း သို့မဟုတ် နမူနာများကို အသုံးပြုပြီး သုတေသန အဖွဲ့အစည်းထဲတွင် သုတေသနများ ဆောင်ရွက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
လက်ရှိ အစည်းအဝေးခန်းတစ်ခုတွင်။
ပညာရှင်များစွာတို့က ဆွေးနွေးတိုင်ပင်ဖို့ အတွက် စုစည်းမိကြသည်။
"သန့်စင်မြက်ပင်မှာ နျူးကလီးယား ဓာတ်ရောင်ခြည်ကို ဖယ်ရှားနိုင်စွမ်း အလွန်မြင့်မားတယ်ဆိုတာ ကျုပ်တို့ အတည်ပြုနိုင်ခဲ့တယ်။ နယ်မြေတစ်ခုအတွင်းက နျူးကလီးယား ဓာတ်ရောင်ခြည်ကို လုံးဝ ဖယ်ရှားနိုင်တယ်။ ဒီသန့်စင်မြက်ပင်က နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူပေမယ့် စိမ့်မထွက်စေဘူး။"
ပြောသူက ခေါင်းပြောင်ပြောင်၊ အရပ်ပုပု၊ ဝဝတုတ်တုတ် အဘိုးကြီးတစ်ယောက် ဖြစ်သည်။
သူ့သရုပ်ကတော့ သာမန်မဟုတ်ပါ။ သူ့အမည်က လင်ကောတုန်းဖြစ်ပြီး နိုင်ငံတော် နျူးကလီးယား အဖွဲ့တွင် ကျွမ်းကျင်သူ ဖြစ်သည်။ အင်ဂျင်နီယာချုပ်နှင့် တရုတ်သိပ္ပံကျောင်းတော်က ပညာရှင်တစ်ဦးလည်းဖြစ်၏။
"ယန်ခိုင်။ သန့်စင်မြက်ပင်ရဲ့ နျူးကလီးယား ဓာတ်ရောင်ခြည် စုပ်ယူမှုဖြစ်စဥ်အပေါ် ခင်ဗျားရဲ့ အပင်သုတေသန အဖွဲ့က ဘာတွေ တိုးတက်မှုရှိလဲ။"
လင်ကောတုန်းက ရုက္ခဗေဒပညာရှင် ယန်ခိုင်ကို ကြည့်လိုက်သည်။
ဒီတစ်ခေါက် လွှတ်လိုက်သော ပညာရှင်များမှာ အနည်းဆုံးတော့ နိုင်ငံတော် ပညာရှင်များ ဖြစ်ကြသည်။ လင်ကောတုန်းနှင့် ယန်ခိုင်လို ပညာရှင်များကတော့ သေချာပေါက် နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြပါသည်။
ဒါက အပင်နယ်ပယ်နှင့် နျူးကလီးယား နယ်ပယ်တို့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
"သန့်စင်မြက်ပင်ရဲ့ အခြေခံ တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် သာမန်အပင်တစ်ပင်နဲ့ မခြားနားပါဘူး။ အများဆုံးကတော့ ရှုထောင့်တိုင်းမှာ အားသန်တယ်။ အဲ့တာကြောင့်လည်း နျူးကလီးယား ဓာတ်ရောင်ခြည်ကို ခံနိုင်ရည်ရှိတာပါ။ သန့်စင်မြက်ပင်က နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူပြီး ဘာကြောင့် အစာချက်လုပ်နိုင်တာလဲ ဆိုတာကိုတော့ သဲလွန်စတောင် မရခဲ့ပါဘူး။"
ယန်ခိုင်က ခေါင်းခါကာ ပြောလိုက်သည်။
အခုတော့ ယဲ့ရှောင်ချန်းကို သူတော်တော် လေးစားနေပြီဖြစ်သည်။ နျူးကလီးယား ဓာတ်ရောင်ခြည်ကိုပင် စုပ်ယူနိုင်သည့် သန့်စင်မြက်ပင်တစ်မျိုးကို တီထွင်နိုင်ခဲ့သည်။
ယခင်တုန်းကတော့ ယဲ့ရှောင်ချန်းမှာ ရလဒ်ကောင်းများ ဖန်တီးပြီး ပြည်တွင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် နာမည်ကောင်း ရချင်ပါက ၇နှစ်ကျော် သို့မဟုတ် ထို့ထက်တောင် ပိုကြာကောင်း ကြာနိုင်သည်ဟု ထင်ခဲ့မိ၏။
ယခုတော့ အရင်တစ်ခေါက် ပညာရှင်အသင်း လာရောက်လည်ပတ်သွားတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။
၂ လအတွင်း ယဲ့ရှောင်ချန်းက ရလဒ်များ ဖန်တီးနိုင်နေပြီ။ ထို့အပြင် ရလဒ်ကောင်းများလည်း ဖြစ်ပါသည်။ ကမ္ဘာကြီးကို လှုပ်ခါသွားစေပြီး လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးများ ပြုလာနိုင်သည်။
"မဖြစ်နိုင်တာ ခင်ဗျားတို့မှာ ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တွေ ဒီလောက်များတာလေ။ ဒါလေးတောင် နားမလည်နိုင်ကြဘူးလား။"
နျူးကလီးယား နယ်ပယ်မှ နောက်ထပ် ပညာရှင်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။
"ချန်းကုန်း အဲ့တာ ဘာဖြစ်တာလဲ။ ရှင်တို့ နျူးကလီးယား အင်ဂျင်နီယာအဖွဲ့ကလည်း သန့်စင်မြက်ပင်က စုပ်ယူပြီးတဲ့ နျူးကလီးယား ဓာတ်ရောင်ခြည် အခြေအနေကို မဆုံးဖြတ်နိုင်ဘူးလား။"
ရုက္ခဗေဒအဖွဲ့မှ ငွေရောင်ဆံပင်နှင့် အဘွားအိုတစ်ဦးက ရယ်မောလိုက်သည်။
ချန်းကုန်းဆိုသည့် ပညာရှင် ဆွံ့အသွားရသည်။
"ကျုပ်အမြင်မှာတော့ ယဲ့ရှောင်ချန်းကို တိုက်ရိုက်ဆက်သွယ်လိုက်တာ ပိုကောင်းမယ်။ ကျုပ်တို့ အရူးမျက်ကန်းလို လေ့လာနေရင် ဦးတည်ချက်တောင် မှန်ကန်နိုင်မှာ မဟုတ်ဘူး။"
ယန်ခိုင်က အကြံပြုသည်။
"ဒီလိုပဲ လုပ်ရတော့မှာပေါ့။"
လင်ကောတုန်းက ခေါင်းငြိမ့်၏။
ယန်ခိုင် ပြောသည့် လူငယ်လေးကို သူပိုပိုပြီး စိတ်ဝင်စားလာပြီဖြစ်သည်။ ဒီလောက်ကောင်းမွန်သည့် သန့်စင်မြက်ပင်ကို တီထွင်နိုင်ဖို့ သူ့မှာ ဘယ်လောက်တောင် အားကောင်းတဲ့ ပါရမီမျိုး ရှိနေသလဲ။
သူ့ကို တွေ့ရဖို့ မစောင့်နိုင်တော့ပါ။
အခြားပညာရှင်များလည်း သူနဲ့ အတွေးတူကြပါသည်။
...
စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက အင်မော်တယ် မြက်ပင် လယ်ကွက်ထဲတွင် ခြေပုလ္လင်ခွေကာ ထိုင်နေ၏။
သူအသက်ရှူသွင်းရှူထုတ်သောအခါ ဝိညာဥ်မျိုးစေ့က အပင်ဝိညာဥ်စွမ်းအင်များကို လည်ပတ်စေသည်။ အင်မော်တယ် မြက်ပင်များမှ မရေမတွက်နိုင်သည့် အလင်းပေါက်များ မြင့်တက်လာပြီး သူ့ထံသို့ ဦးတည်လာကြသည်။
မှော်စွမ်းအင် ပုံဆောင်ခဲများ တဖြည်းဖြည်း ပြည့်တင်းလာပြီဖြစ်သည်။
အချိန် မည်မျှကြာသွားမှန်းတောင် မသိလိုက်ပေ။ ယဲ့ရှောင်ချန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မှေးမှိန်နေသည့် အင်မော်တယ် မြက်ပင်ကို တွေ့လိုက်ရ၏။ ယဲ့ရှောင်ချန်းသည် ပြုံးလိုက်ကာ အင်မော်တယ် မြေသြဇာနှင့် အင်မော်တယ်စမ်းရေတို့ကိုသုံးပြီး အင်မော်တယ် မြက်ပင်ကို မြေသြဇာ ဖြည့်တင်းပေးလိုက်ပါသည်။
တခြား အင်မော်တယ် မြက်ပင် မြေကွက် နှစ်ကွက်ကိုလည်း ချန်မထားဘဲ အကုန်လုံးကို တစ်ခါတည်း မြေသြဇာ ကျွေးလိုက်သည်။
သူ အလုပ်ပြီးသွားသောအခါ အင်မော်တယ်မြေသြဇာဖျန်းသည့် ကိရိယာကို သိမ်းလိုက်ပြီး အင်မော်တယ် မြေကွက်၏ အလယ်ဗဟိုသို့ လျှောက်သွားသည်။ အင်မော်တယ် မြက်ပင်ကို ကြည့်ရင်း သူ့မျက်လုံးများက နက်ရှိုင်းကာ တွေဝေလာခဲ့သည်။
နူးညံ့စွာ လက်မြှောက်လိုက်ပြီး လက်နှစ်ဖက်ကို အုပ်လိုက်၏။ တဖြည်းဖြည်း သူ့လက်ဝါးထဲတွင် ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်း ပေါ်လာသည်။
စုစည်းလာပြီး ပျံ့နှံ့မသွားပေ။
ရုတ်တရက် သူ့မျက်လုံးများ အလွန်အမင်း လေးနက်လာသည်။ ထိုင်ချလိုက်ကာ လက်ကို ဖယ်ရှားလိုက်၏။ အစိမ်းရောင်အလင်းမှာ တဖြည်းဖြည်း ဖြန့်ကျက်သွားလေသည်။
အသက်ဝဝရှူလိုက်ကာ မျက်လုံးများ အရောင်လက်လာ၏။ လက်ကို မြေပေါ်တွင် တိုက်ရိုက်တင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်အလင်းမှာ ပွင့်ထွက်သွားကာ အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်သွားပါသည်။
၃ လက်မလောက်အထိ ရှည်သည့် အင်မော်တယ်မျက်ပင်များမှာ လေမတိုက်ဘဲ ယိမ်းထိုးသွားကြသည်။ ထူးဆန်းသည့် အစိမ်းရောင် အလင်းများက အပင်ကို လွှမ်းခြုံထားသည်။
အလွန် ထူးဆန်းလှပါသည်။
အစိမ်းရောင် အလင်းလွှာက အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားပါ။ အင်မော်တယ် မြက်ပင်များက မှင်သက်စရာ အမြန်နှုန်းဖြင့် ဖွံ့ဖြိုးလာကြသည်။
အစိမ်းရောင်အလင်း ပျောက်ကွယ်သွားသောအခါ ယဲ့ရှောင်ချန်း မတ်တပ်ရပ်လိုက်ပြီး နောက်ထပ် အင်မော်တယ် မြက်ပင်လယ်တစ်ကွက်ဆီသို့ သွားလိုက်သည်။
မှော်စွမ်းအင်ကို ထပ်သုံးလိုက်သည်။
မှော်စွမ်းအင်ကို သုံးပြီးသွားသောအခါ အင်မော်တယ် မြက်ပင်များက ၄ လက်မလောက်အထိ ရှည်လာကြ၏။
ထို့အပြင် နောက်ပိုင်း အင်မော်တယ် မြက်ပင်များမှာ ပုံမှန်ထက် ပိုမို မြန်ဆန်စွာ ဖွံ့ဖြိုးလာကြပါလိမ့်မည်။
မှော်စွမ်းအင်ကို မကြာခဏ အသုံးပြုခြင်းကြောင့် ပုံဆောင်ခဲက နေရာ ပိုပိုပြီး ကျယ်ပြန့်လာပါသည်။
ကျင့်ကြံခြင်း ပြီးမြောက်တိုင်း အင်မော်တယ် မြက်လယ်ကွက်နှစ်ကွက်အပေါ် မှော်စွမ်းအင် အသုံးပြုတတ်သည်။ ရက်အနည်းငယ်အတွင်း အင်မော်တယ် မြက်ပင်များက အလွန်လျှင်မြန်စွာဖွံ့ ဖြိုးလာကြပါသည်။
အင်မော်တယ် မြက်ပင် လယ်နှစ်ကွက်ကို ကျင့်ကြံရန် အသုံးပြုနိုင်ဖို့ သိပ်မကြာတော့ပြီဟု သူယုံကြည်ထားသည်။
ဝါးကုတင်ဆီသို့သွားလိုက်ပြီး ပဝါတစ်ခုကို ယူကာ မျက်နှာပေါ်က ချွေးများကို သုတ်လိုက်၏။
ယဲ့ရှောင်ချန်းသည် ထိုင်ချပြီး အနားယူဖို့ ပြင်လိုက်စဥ်မှာပင် ဖုန်းက ရုတ်တရက် မြည်လာသည်။ ထုတ်ကြည့်လိုက်သောအခါ လျန်ဝမ်ကျင်းထံမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မနက်ဖြန် အတန်းချိန်က နေ့လည် ၄နာရီခန့်ဖြစ်သည်ဟု အကြောင်းကြားခြင်းဖြစ်ပါသည်။
သူတို့နှစ်ဦး ခေတ္တစကားပြောခဲ့ကြပြီးဖုန်းချလိုက်သည်။
ပထမဆုံး အတန်းတက်ရခြင်း ဖြစ်သောကြောင့် လက်ချည်း ဗလာ မသွားသင့်ကြောင်း စဥ်းစားမိသည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက် နှစ်ထုပ်လောက် ယူသွားသင့်ပါ၏။
မိန်းမလှလေးတစ်ဦးကို ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ လက်ဆောင်ပေးခြင်းအား သူများတွေသာ သိလျှင် ဟာသဟု ထင်သွားကြပေမည်။
သို့သော်လည်း သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက သာမန် မဟုတ်ပေ။