အခန်း (၁၉၁) - အငြင်းပွားမှု
Vol. 13 Ch. 191
အခန်း (၁၉၁) - အငြင်းပွားမှု
ရှရှီမြို့တော်၊ တောင်ပိုင်းဒေသပါတီ ကော်မတီ အဆောက်အဦး။
တောင်ပိုင်းဒေသပါတီကော်မတီ ခေါင်းဆောင် ကျန်းရှန်းက အစည်းအဝေးပွဲ အလယ် ရှားရှားပါးပါး ရပ်နားခြင်းအား အခွင့်ကောင်းယူပြီး မျက်လုံးမှိတ်ကာ အနားယူနေသည်။
ရုတ်တရက် သူ့ရှေ့က ဖုန်းမြည်လာ၏။
မျက်လုံးကိုဖွင့်ပြီး မျက်ခုံးကို မှေးကြည့်လိုက်၏။ ပုံမှန်ဆို ဧည့်လက်ခံ ရုံးခန်းက အရေးမကြီးလျှင် ဖုန်းကို လွှဲပေးမည် မဟုတ်ပါ။
ထလိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်။
"အစ်ကိုကျန်း အရင်တစ်ခေါက်က စုံစမ်းခိုင်းထားတဲ့ ကိစ္စ တိုးတက်မှုတချို့ ရှိပါတယ်။ တရုတ်သိပ္ပံကျောင်းတော်က အစိုးရနဲ့ ပူးပေါင်းပြီး သုတေသန အဖွဲ့အစည်း ကိုင်းခွဲတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။"
ဖုန်းထဲမှ အသံတစ်သံထွက်လာသည်။
"သြော် ညီအစ်ကိုယန် တကယ်လား။ ဘယ်လို သုတေသန အဖွဲ့အစည်းမျိုးလဲ။"
ကျန်းရှန်က ထိတ်လန့်သွားပြီး အမြန်မေးလိုက်သည်။
တောင်ပိုင်းဒေသ၏ ရှက်စရာကောင်းသော အချက်တစ်ခုကို ပြပါဆိုလျှင် တရုတ်သိပ္ပံကျောင်းတော် ကိုင်းခွဲမရှိခြင်းပင်။
အိမ်နီးချင်း မြောက်ပိုင်းဒေသဖြစ်ဖြစ်ဒ၊ ဟယ်ဒေသဖြစ်ဖြစ်၊ ချွမ်ဒေသဖြစ်ဖြစ် အားလုံးတွင် တရုတ်သိပ္ပံကျောင်းတောင် ကိုင်းခွဲများ ရှိကြသည်။ တောင်ပိုင်းဒေသတွင်တော့ မရှိပေ။
ထို့ကြောင့် သူ ရာထူးရခဲ့ပြီးနောက် တရုတ်သိပ္ပံကျောင်းတော် ကိုင်းခွဲတစ်ခု တောင်ပိုင်းဒေသတွင် အခြေလာချရန် ပန်းတိုင်တစ်ခု ထားခဲ့သည်။
ဒီပန်းတိုင်ကိုသာ အောင်မြင်နိုင်ပါက တောင်ပိုင်းဒေသက သိပ္ပံသုတေသနအဆင့်ကို မြှင့်တင်ပြီး တခြားနယ်ပယ်များတွင်လည်း အကျိုးကျေးဇူး ရနိုင်ပါလိမ့်မည်။
သူ့သက်တမ်းအတွင်း ထိုပန်းတိုင်ကို ရရှိနိုင်ပါက တကယ့် အောင်မြင်မှုကြီး ဖြစ်လာပါလိမ့်မည်။
"ရုက္ခဗေဒသုတေသနပညာနဲ့ ဆက်နွယ်နေတယ်လို့တော့ ထင်တယ်။ ဒါပေမယ့် အသေးစိတ်တော့ မသိရသေးဘူး။ တောင်ပိုင်းဒေက လတ်တလော တော်တော်လေး ရေပန်းစားနေတယ်လို့ ကြားတယ်။ တစ်ယောက်ယောက်က နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ သန့်စင်မြက်ပင်ဆိုတာကို တီထွင်ခဲ့တယ်တဲ့။ ဒီအရှိန်ကို အသုံးချပြီး သုတေသနအဖွဲ့အစည်းကိုင်းခွဲတစ်ခုကို တောင်ပိုင်းဒေသမှာ အခြေချနိုင်အောင် ကြိုးစားရင် အောင်မြင်နိုင်ချေ အရမ်းများတယ်။"
ဖုန်းတဖက်က အသံမှ ရယ်မောကာ ပြောလိုက်သည်။
ကျန်းရှန်လည်း မျက်လုံးများ ဝန်းစက်သွားသည်။ အမှန်ပင်။ သူလည်း သန့်စင်မြက်ပင်အကြောင်းကို အလွန်စိတ်ဝင်စားမိပါသည်။
ပညာရှင်အသင်းက ယန်မြို့တော်တွင်သာ ရှိနေသေးသည်။
ပညာရှင်အသင်း၏ သုတေသနတွင် ယန်မြို့တော် ခေါင်းဆောင်များအား အကောင်းဆုံး ကြိုးစားဖို့ အသိပေးရမည်ထင်ပါသည်။
...
တရုတ်သိပ္ပံကျောင်းတော် ဌာနချုပ်တွင်။
အသေးစား အစည်းအဝေးပွဲတစ်ခု ကျင်းပနေ၏။
အဓိက ဆွေးနွေးခြင်း အကြောင်းအရာကတော့ အပင်အသိစိတ် သုတေသန အဖွဲ့အစည်း တည်ထောင်ဖို့ဖြစ်ပါသည်။
"ဒါရိုက်တာကြီး နိုင်ငံတော်အဆင့် သုတေသန အဖွဲ့အစည်းတစ်ခုက ဘာလို့ ဒီလိုမျိုး မဆင်မခြင် ဆုံးဖြတ်ချက်မျိုး ချရတာလဲ။ တောင်ပိုင်းဒေသရဲ့ သုတေသန အခြေအနေ အထူးသဖြင့် ရုက္ခဗေဒ နယ်ပယ်မှာဆိုရင် ကျန်တဲ့ ဒေသတွေကိုမမှီပါဘူး။ လတ်တလောကလည်း ဘာရလဒ်ကောင်းမှ ရှိမနေဘူး။ ကျုပ်တို့ ဒီသုတေသနအဖွဲ့အစည်းကို အဲ့မှာ တကယ် တည်ဆောက်ချင်ရင် ရှုထောင့်မျိုးစုံက စဥ်းစားကြည့်မှရမယ်။ ရုက္ခဗေဒနယ်ပယ်မှာ အားကောင်းတဲ့ ဒေသတချို့ကို စဥ်းစားရမယ်ထင်တယ်။ ဥပမာ မြောက်ပိုင်းဒေသပေါ့။"
လက်ထောက် ဒါရိုက်တာ တစ်ဦးက ပြောလိုက်သည်။
"ချင်းဖန် အဲ့တာ ဘာကို ပြောချင်တာလဲ။ တောင်ပိုင်းဒေသရဲ့ သုတေသန အခြေအနေက မကောင်းဘူးဆိုတာ ဘာကိုပြောချင်တာလဲ။ လတ်တလောက သန့်စင်မြက်ပင်ကို မင်း မမြင်ဘူးလား။ ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ အဖိုးတန်ပန်းပင်တွေကိုပဲ တီထွင် သုတေသန လုပ်တတ်တဲ့ မြောက်ပိုင်းဒေသထက်တော့ အများကြီး ပိုကောင်းတယ်။"
နောက်ထပ် လက်ထောက်ဒါရိုက်တာာ ကျန်းရှင်းလုံက သည်းမခံနိုင်တော့ပါ။
သူက တောင်ပိုင်းဒေသမှ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ထိုချင်းဖန်ဆိုသူကတော့ မြောက်ပိုင်းဒေသက ဖြစ်သည်။
နောက်ဆုံးတွင်တော့ ထိုဒေသနှစ်ခုမှာ ကပ်လျက်ရှိနေကြပြီး အငြင်းပွားဖွယ်များစွာ ရှိခဲ့ကြပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်များက တရုတ်သိပ္ပံကျောင်းတော် လက်အောက်မှ နိုင်ငံတော်အဆင့် ရုက္ခဗေဒ ဥယျာဥ်တစ်ခုအတွက် ဒေသနှစ်ခု တိုက်ခိုက်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင်တော့ မြောက်ပိုင်းဒေသက အနိုင်ရခဲ့၏။
"ဟုတ်ပြီ သန့်စင်မြက်ပင်ရဲ့ အာနိသင်တွေကို ကြည့်ခြင်းအားဖြင့် ငါတို့ ကောက်ချက်တစ်ခု ချထားပြီးပါပြီ။ ဒီသုတေသန အဖွဲ့အစည်းက ယဲ့ရှောင်ချန်းရဲ့ အပင်သုတေသန သီအိုရီအတွက် တည်ထောင်ပေးထားတာဆိုတော့ ဘယ်မှာ နေရာချရမလဲဆိုတာအတွက် သူ့သဘောထားကိုလည်း စဥ်းစားရဦးမယ်လေ။ နေရာအတိအကျကို သူ့ကိုရွေးခွင့် ပေးသင့်တယ်လို့ ငါတော့ထင်တယ်။"
တရုတ်သိပ္ပံကျောင်းတော် ဥက္ကဌကြီးက ငွေရောင်ဆံပင်နှင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ အလွန်ဂုဏ်ကျက်သရေရှိပြီး ဆုံးဖြတ်ချက်ကို အမြန်ချလိုက်ပါသည်။
ဘယ်သူမှ မကန့်ကွက်တော့ပါ။
သို့သော်လည်း တောင်ပိုင်းဒေသက ကျန်းရှင်းလုံကတော့ အောင်ပွဲခံ အပြုံးတစ်ခု ပြုံးလိုက်မိပါသည်။ ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော် ဌာနချုပ်ကို မလာချင်ဘူးဆိုတာ သူသိပြီးသားဖြစ်သည်။ သူ မလာချင်သဖြင့် ယဲ့ရှောင်ချန်း အဖွဲ့အစည်းတည်နေရာအဖြစ် တောင်ပိုင်းဒေသကို ရွေးနိုင်ချေ များပါသည်။
တဖက်တွင်တော့ လက်ထောက်ဒါရိုက်တာ ချင်းဖန်၏ မျက်နှာက မှုန်ကုပ်နေ၏။ အခြေအနေ ပြင်းထန်မှုကို သူနားလည်သည်။
အစည်းအဝေး ပြီးဆုံးသွားသောအခါ။
ချန်းဖန် သူ့ရုံးခန်းသို့ ပြန်လာပြီး စီးကရက် သောက်လိုက်သည်။ ထို့နောက် ဖုန်းတစ်ကော ဆက်လိုက်၏။
"...အခြေအနေကတော့ အဲ့လိုဖြစ်လာပြီ။ သုတေသန အဖွဲ့အစည်းရဲ့ တည်နေရာက ယဲ့ရှောင်ချန်းရဲ့ သဘောထားအပေါ် လုံးဝ မူတည်နေပြီ။"
"ယဲ့ရှောင်ချန်းရဲ့ သဘောထားကို အဖွဲ့အစည်းက ဘာလို့ အရမ်းအရေးပေးနေတယ်လို့ထင်လဲ။ ဟင်းဟင်း သန့်စင်မြက်ပင်က ဘယ်လောက် အရေးပါသလဲ ရှင်မသိလို့ပါ။ မဟုတ်ရင် သူ့လို ပါရမီရှင်ကို ခေါ်ဖို့အတွက်နဲ့ တရုတ်သိပ္ပံကျောင်းတော်က ဘာလို့ အဖွဲ့အစည်း ကိုင်းခွဲတစ်ခုတောင် တည်ထောင်တယ်လို့ ထင်လို့လဲ။ ကျွန်မတော့ တခြားဘာမှ စဥ်းစားလို့မရဘူး။"
ချင်းဖန် ဖုန်းချကာ ခေါင်းခါလိုက်သည်။
ရင်ထဲတွင်လည်း သက်ပြင်းချလိုက်သည်။ ယဲ့ရှောင်ချန်းလို ပညာရှင်မျိုး ဘာကြောင့် မြောက်ပိုင်းဒေသမှာ မွေးဖွားမလာခဲ့ရတာလဲ။
ပညာရှင်အသင်း ပို့ဆောင်ပေးထားသည့် သုတေသန တင်ပြချက်ကို သေချာလေ့လာကြည့်သောအခါတွင်မှ အလွန်ထိတ်လန့်သွားရသည်။
သူ့လို သိပ္ပံပညာရှင်တစ်ဦးသာ သန့်စင်မြက်ပင်၏ အဓိပ္ပာယ်အစစ်အမှန်ကို တကယ် နားလည်နိုင်ပါသည်။
...
မြောက်ပိုင်းဒေသ၊ ဒေသ အစိုးရ အဆောက်အဦး။
အစိုးရ ခေါင်းဆောင်ရုံးခန်းတွင်။
ဖန်းယန်က ဖုန်းချလိုက်ပြီး မျက်နှာပေါ်တွင် အတွေးများသော ပုံရိပ်များပေါ်လာသည်။ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ရုံးဒါရိုက်တာ လင်ရှန်းထျင်ကို ခေါ်လိုက်၏။
"ရှန်းထျင် ကျွန်မအတွက် တစ်ခုခုလုပ်ပေးပါဦး။"
ဖန်းယန်က သူ့လက်ထဲက ဖောင်တိန်ကို ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။
လင်ရှန်းထျင်က အသက် ၄၀လောက် ရှိသော်လည်း ကိုယ့်ကိုယ်ကို အလွန်ဂရုစိုက်သဖြင့် လှပနေပါသေးသည်။
အစိုးရ၏ ပုံစံကို သူနားလည်သဖြင့် အစီအစဥ်ကို တိုးတိတ်စွာ နားထောင်ခဲ့ပါသည်။
နားထောင်ပြီးသောအခါ သူလန့်သွားရ၏။
"ဟုတ်ပြီ၊ မြန်မြန် သွားဆောင်ရွက်လိုက်ပါ။"
ဖန်းယန်က အမိန့်ပေးပြီးနောက် ပြောလိုက်သည်။
"ဟုတ်ကဲ့"
လင်ရှန်းထျန်က ရုံးခန်းထဲမှ အမြန်ထွက်လာခဲ့သည်။
... စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲပင် ၂၃ ပင်မှ ပဲတောင့်များကို ခူးနေ၏။
ပဲတောင့်များအားလုံးက ရွှေရောင်သန်းကာ တောက်ပနေပြီး မှည့်နေကြပါပြီ။
ခူးဆွတ်ခြင်းကိုတော့ ယဲ့ရှောင်ချန်း အတော် ကျွမ်းကျင်နေပါသည်။
နာရီဝက်ခန့်ကြာပြီး အဝါရောင် အင်မော်တယ် ပဲစေ့အမြောက်အများကို ရွှေများသကဲ့သို့ မြင်လိုက်ရသောအခါ ကျေနပ်သော အရိပ်အယောင် မျက်နှာပေါ်တွင် ပေါ်လာခဲ့ပါသည်။
ပုံမှန်အတိုင်းပဲ ပဲစေ့တစ်စေ့ကို လှီးကြည့်လိုက်၏။
စက်ဝိုင်းပုံစံကွက် ရှစ်ကွက်။
သူ ပြုံးလိုက်မိပါသည်။
ဒီချိန််တောအတွင်း အင်မော်တယ် အပင်များကို အရင်ကလောက် ဂရုမစိုက်နိုင်တော့ပါ။ သို့သော် အင်မော်တယ် အပင်များ၏ အရည်အသွေးကတော့ နိမ့်ကျမသွားပေ။
ဒီတစ်ခေါက် အင်မော်တယ် ပဲစေ့ ငါးရာကို စတိုးဆိုင်တင် ရောင်းချခဲ့ပါသည်။
ဒီလိုဖြင့် ဒီတစ်သုတ် အင်မော်တယ်ပဲစေ့များ၏ အသေးစိတ်အချက်အလက်များကို ရနိုင်ပြီး တွက်ချက်နိုင်မည်ဖြစ်ပါသည်။
နောက်ပိုင်းတွင် ရှန်းနုန်စနစ်တွင် ဒီအင်မော်တယ် ပဲစေ့အသုတ်၏ တန်ဖိုးဖြတ် အချက်အလက်များကို အချိန်မရွေး ပြန်ကြည့်နိုင်ပါသည်။
ထို့နောက် လေလံပွဲမှတဆင့် အဝါရောင် အင်မော်တယ် ပဲစေ့ ၄,၀၀၀ကျော်ကို ရောင်းချပြီး ရာကျော်အနည်းငယ်ကိုတော့ သိမ်းထားလိုက်သည်။
နောက်ဆုံးတွင် ဒီအဝါရောင် အင်မော်တယ် ပဲစေ့ တစ်သုတ်ကြောင့် စုစုပေါင်း အင်မော်တယ်ယွမ် ၁,၈၀၀ကျော် ရရှိခဲ့ပါသည်။
ရလဒ်အနေဖြင့် ယဲ့ရှောင်ချန်း၏ အကောင့်ထဲက အင်မော်တယ်ယွမမ်မှာ ၂,၀၀၀ ကျော်ရောက်ရှိသွားပြီ ဖြစ်ပါသည်။
"အင်မော်တယ်မြေသြဇာအိတ် နည်းနည်းလောက် ဝယ်တာက လွဲပြီး ကျန်တာကို သိမ်းထားလိုက်မယ်။ ပြီးရင် ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်ကို ဝယ်မယ်။"
ယဲ့ရှောင်ချန်း ရင်ထဲတွင် မှန်းဆလိုက်ပါသည်။
စတိုးဆိုင်ထဲက မျိုးဆက်ရှန်းနုန် လက်စွဲစာအုပ်ထဲတွင် မှော်ဆန်ပြီး ဆန်းကြယ်သည့် ကျင့်စဥ်များစွာ ရှိနေပါသည်။
ဥပမာအားဖြင့် အင်မော်တယ် အပင်များအားလုံး၏ တန်ဖိုးများကို ကိုယ်တိုင်ဖြတ်ကြည့်နိုင်သော အပင်တန်ဖိုးဖြတ်နည်းလမ်းဖြစ်သည်။
သူ့တွင်သာ အပင်တန်ဖိုးဖြတ် နည်းလမ်းရှိပါက အင်မော်တယ် အပင်များအား တန်ဖိုးဖြတ်ဖို့ စတိုးဆိုင်ကို အမြဲတမ်းအားကိုးစရာ မလိုတော့ပါ။
သူကိုယ်တိုင် တန်ဖိုးဖြတ်ကြည့်နိုင်ပါသည်။
"ကံမကောင်းစွာနဲ့ အဲ့ဒီ မှော်ဆန်တဲ့ လျှို့ဝှက်နည်းလမ်းတွေကို ရဖို့ အင်မော်တယ်ယွမ်တွေ အများကြီးသုံးရမှာ။ တစ်ဆင့်ချင်းပဲ တက်ရမှာပေါ့။"
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။
ယခု အင်မော်တယ်ယွမ်များကို ရရှိဖို့ အင်မော်တယ် အပင်များကို အားကိုးခြင်းက နှေးကွေးလာပြီဟု ထင်မိပါသည်။
ကံမကောင်းစွာဖြင့် အင်မော်တယ်ယွမ်ရဖို့ တခြားနည်းလမ်းလည်း မရှိပါ။
အဝါရောင် အင်မော်တယ် ပဲစေ့ နောက်တစ်သုတ်ကို အင်မော်တယ် မျိုးစေ့အားသန်ဆေးရည် စိမ်ပြီးနောက် အပင်ဝိညာဥ် သီချင်းစာရွက်ကို ထုတ်လိုက်ပြီး သေသေချာချာ လေ့လာကြည့်လိုက်သည်။
ဒီအချိန်တောအတွင်း လျန်ဝမ်ကျင်းထံမှ ဂီတကို ဘယ်လိုဖတ်ရမလဲ သင်ယူခဲ့ပြီး တိုးတက်မှု ကောင်းကောင်း ရှိခဲ့ပါသည်။
သူက ဉာဏ်ထက်သော လူဖြစ်သည်။ သို့သော် ဂီတတွင် ဘယ်လို ပါရမီမှ မရှိပေ။
ဂီတဖတ်ခြင်းကတော့ ဘယ်လိုပါရမီမှ မလိုအပ်ပါ။ အများဆုံး ဂီတကို သူ မနိုးကြားခြင်းသာ ဖြစ်ပါသည်။
လျန်ဝမ်ကျင်းကတောင် သူ့ဂီတဖတ်နိုင်စွမ်းက အံ့အားသင့်ဖို့ကောင်းသည်ဟု ဆို၏။ ယဲ့ရှောင်ချန်းက ဂီတဖတ်ဖို့ တစ်ခါမှ မသင်ယူဖူးသူမှန်း မသိပါက သူ့ကို ဆယ်စုနှစ်များစွာ ဂီတဖတ်ခဲ့သည့် ပညာရှင်တစ်ဦးဟု ထင်နေသည်။
ယဲ့ရှောင်ချန်းအား ဘာမှ သင်ပေးစရာမရှိကြောင်း လျန်ဝမ်ကျင်း ပြောခဲ့ပါသည်။