← Chapters

အခန်း (၁၉၂) - ပလွေသံ

Vol. 13 Ch. 192

အခန်း (၁၉၂) - ပလွေသံ

Vol. 13 Ch. 192

အခန်း (၁၉၂) - ပလွေသံ

"ငါ နည်းနည်း လမ်းပျောက်နေတုန်းပဲ။"

ယဲ့ရှောင်ချန်းက စာရွက်ကို ခေတ္တကြည့်လိုက်ပြီး အတွေးများသော မျက်နှာဖြင့် ခေါင်းပြန်မော့လာ၏။

အပင်ဝိညာဥ်သီချင်းစာအုပ်၏ မှတ်တမ်း ပုံစံကွက်ကိုတော့ သူနားလည်နိုင်သည်။

သူစိတ်ရှုပ်သွားသည်က အပင်ဝိညာဥ် သီချင်းစာအုပ်မှာ ထင်သလောက် မရိုးရှင်းနေခြင်းဖြစ်ပါသည်။ နက်ရှိုင်းသော အရာ တစ်ခုခုကို ဖုံးကွယ်ထားသေးသည့်ပုံပင်။

ဒီတေးသွားတစ်ခုတည်းနှင့် သဘာဝတရား ဝိညာဥ်သီချင်းတေးသွားကို ဖော်ပြနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။

သူ ကြိုးစားကြည့်ပြီးပါပြီ။ သို့သော် မအောင်မြင်ပါ။ ဆူညံသံများကဲ့သို့ ဖြစ်နေသည်။

ထိုဆူညံသံများကတော့ သေချာပေါက် အပင်ဝိညာဥ်သီချင်းစာအုပ်၏ တေးသွားအစစ်မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အပင်ဝိညာဥ်တေးသွားစာရွက်တွင် သက်ဆိုင်သော ဖော်ပြချက်တစ်ခု ရှိနေသောကြောင့်ပင်။ ကောင်းကင်ဘုံ တေးသွားလို လှပသည်။ အပင်များကိုတောင် ပျော်ရွှင်စေနိုင်သဖြင့် လူဆိုရင်တော့ ပြောစရာ မလိုတော့ပါ။

"ကြည့်ရတာ လနတ်သမီးကိုပဲ မေးရဦးမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂီတကိုဖတ်ဖို့ သင်ယူနေတာ မဟုတ်ဘူးလေ။ မေးခွန်းတစ်ခုပဲမလား။"

ယဲ့ရှောင်ချန်းခေတ္တ စဥ်းစားကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။

လနတ်သမီးအား ချက်ချင်း ဆက်သွယ်လိုက်သည်။

ဒီတစ်ခေါက် လနတ်သမီး စာပြန်ဖို့ ယဲ့ရှောင်ချန်း အကြာကြီး စောင့်လိုက်ရသည်။

"ကောင်းကင်ဘုံဂီတမှာ အာရုံငါးပါးရဲ့ အာရုံခံစားမှုတွေအပြင် ဆဌမ၊ သတ္တမ၊ အဌမ၊ နဝမအာရုံတို့ရဲ့ အာရုံခံအာနိသင်တွေလည်း ရှိသေးတယ်။ ဒါတွေကို မှော်စွမ်းအားနဲ့ ပေါင်းစပ်မှ ဖြစ်နိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ နောက်ဆုံးတော့ နားလည်ခဲ့ပါပြီ။

ဂီတများ၏ အဆင့်ဘာကြောင့် ခြားနားသလဲ။ ဂီတတချို့က နားထောင်ကောင်းပြီး လူကြိုက်များသော်လည်း အဓိပ္ပာယ် မရှိပါ။ တချို့ဂီတများကတော့ လူများနှင့် ဆက်သွယ်နိုင်ပြီး ဝိညာဥ်အဆင့်လောက်အထိကို ပြောင်းလဲပေးနိုင်ပါသည်။

ထိုကဲ့သို့ အဆင့်မြင့် ဂီတမျိုးမှာ အာရုံငါးပါးကို ကျော်လွန်သည့် နယ်ပယ်နှင့် သက်ဆိုင်နေခြင်းကြောင့် ဖြစ်ပါသည်။

အမှန်ပင်။ ကမ္ဘာပေါ်က ဂီတများတွင် တကယ့်ပညာရှင်များက အစွမ်းကုန်ကြိုးစားထားရင်တောင် သူတို့ တကယ် မကျွမ်းကျင်ကြသေးပါဘူး။

ထိုအဆင့်ကို ကြက်ကန်းတိုး၍သာ တစ်ကြိမ်တစ်ခဏ ရောက်သွားနိုင်သည်။

ထို့ကြောာင့် ငါးရုံငါးပါးအလွန်က ကွန့်မြူးမှုကို မရှာဖွေနိုင်ဘဲ မှတ်တမ်းမတင်နိုင်ခဲ့ကြပေ။

သို့သော်လည်း အပင်ဝိညာဥ် သီချင်းစာအုပ်ထဲတွင်တော့ အာရုံငါးပါးထက် ကျော်လွန်သော အရာတစ်ခု ပါဝင်နေပါသည်။

၎င်းက ဘယ်လိုအဆင့်ထိ ရောက်နေပြီလဲ ဆိုတာကိုတော့ လောလောဆယ် ယဲ့ရှောင်ချန်း မဆုံးဖြတ်နိုင်သေးပါ။

အဆင့်မြင့်လေလေ ပိုခက်ခဲလေလေဖြစ်ပြီး အာနိသင် ပိုကောင်းလေလေ ဖြစ်ပါသည်။

အပင်ဝိညာဥ် သီချင်းစာအုပ်၏ အဆင့်က နိမ့်ကျပါစေဟု ယဲ့ရှောင်ချန်း ဆုတောင်းမိသည်။ မဟုတ်ပါက သူ လုံးဝ ဖတ်နိုင်မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူက ဆဌမအာရုံဖြင့်သာ ထိတွေ့နိုင်သေးသည်။

သတ္တမ၊ အဌမနှင့် နဝမအာရုံများကိုတော့ ကျွမ်းကျင်ဖို့ အများကြီး လိုအပ်နေပါသေးသည်။

လနတ်သမီး၏ အသိပေးမှုကြောင့် ယဲ့ရှောင်ချန်း ခပ်မြန်မြန် ထပ်ဖတ်လိုက်သည်။

သေချာပေါက် ဒီတစ်ခေါက်တော့ ယဲ့ရှောင်ချန်း ပြဿနာတစ်ခုကို တွေ့ရှိခဲ့ပါပြီ။ သူ့စိတ်ဝိညာဥ် ဆက်သွယ်မှု ပါရမီကို သုံးပြီး တေးသွားကို အာရုံခံကြည့်လိုက်သောအခါ မမြင်ရသည့် အနှောင့်အယှက်အားတစ်ခုက ပေါ်လာ၏။

အာရုံငါးပါးကို ကျော်လွန်ပြီး သာမန်ထက် ထူးကဲသည့် ဂီတသင်္ကေတများ ပါဝင်နေပါသည်။

ထိုအချိန်တွင် နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ထိုသာမန်ထက် ထူးကဲသည့် စွမ်းအားကို ဖွင့်နိုင်ခဲ့ပါသည်။

ချိုသာလှသည့် သီချင်းတစ်ပုဒ်က သူ့စိတ်ဝိညာဥ်၏ နက်ရှိုင်းသော အတွင်းသဏ္ဍာန်ထဲတွင် မြည်ဟည်းလာသည်။ သားချော့တေးတစ်ပုဒ်လို ဖြစ်ပြီး အသက်စွမ်းအင်လည်း ပြည့်ဝနေပါသည်။

အချိန်အတော်ကြာသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အတွေးများသော မျက်နှာဖြင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည်။

ကံကောင်းပေသည်။

အပင်ဝိညာဥ်သီချင်းစာအုပ်တွင် အဌမ၊ နဝမအာရုံအဆင့်ထိရှိနိုင်အောင် အဆင့်မြင့်နိုင်သော်လည်း ဆဌမအာရုံဖြင့်ပင် အပင်ဝိညာဥ်သီချင်းစာအုပ်ကို အဓိပ္ပာယ်ကောက်နိုင်ခဲ့ပါသည်။

အာနိသင်က အဆင့်မြင့်များလောက် အစွမ်းမထက်ရုံသာရှိသည်။

သို့သော်လည်း ဒီလောက်ဆို လုံလောက်ပါပြီ။

ယဲ့ရှောင်ချန်း တစ်ခေါက်သာ ဆက်သွယ်ကြည့်ဖူးသော်လည်း ဆဌမအာရုံ၏ အံ့အားသင့်ဖွယ် ဂီတသံစဥ်လေးများကို ဘယ်တော့မှ မမေ့နိုင်တော့ပါ။

သူ့ဝိညာဥ်ထဲတွင် အသေရေးထိုးလိုက်သည့် တံဆိပ်တစ်ခုလိုဖြစ်သည်။

ရုတ်တရက်ဆိုသလို ယဲ့ရှောင်ချန်းသည် ဝါးပလွေတစ်ချောင်းကို ထုတ်လိုက်သည်။

သာမန်ဝါးပလွေတစ်ချောင်းဖြစ်ပါသည်။

အရင်တုန်းက သူ့ဦးလေး အသုံးပြုခဲ့သည့် ပလွေဖြစ်သည်။

နှစ်အနည်းငယ်တောင် ကြာခဲ့ပြီ။

ဒီတစ်ခေါက်တော့ ယဲ့ရှောင်ချန်းသည် ထိုပလွေကို ထုတ်ယူကာ အသုံးပြုခဲ့ပါသည်။

ပလွေပေါ်က အချပ်ပြားများမှာ ဝါး၏ အတွင်းလွှာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

အရည်အသွေးမြင့် ပစ္စည်းလို့တော့ သတ်မှတ်လို့မရပါ။။

အရင်တုန်းက ယဲ့ရှောင်ချန်း ပလွေမှုတ်သင်ဖူးသော်လည်း ပါရမီ မပါသဖြင့် ကောင်းကောင်းပင် မမှုတ်နိုင်ပါ။

အခုတော့ ကောင်းကောင်း မှုတ်နိုင်ဖို့ ပြဿနာ မရှိတော့ပါ။ သီချင်းတစ်ပုဒ် မှုတ်ဖို့တောင် ပြဿနာ မရှိတော့ပါ။

တကယ်တော့ ဂီတက အဲ့လောက်ရိုးရှင်းသည်။ ဂီတသင်္ကေတများကို ဖတ်တတ်ပါက အလွန်ရိုးရှင်းလာပါလိမ့်မည်။

ယဲ့ရှောင်ချန်းက လက်နှစ်ဖက်ဖြင့် ပလွေကို ကိုင်ကာ သူ့ရှေ့က အသံထွက်ပေါက် ခြောက်ပေါက်ကို လက်ချောင်းဖြင့် ဖိသည်။

တချိန်တည်းမှာပင် နှုတ်ခမ်းများကလည်း လေမှုတ်ပေါက်ကို ထိတွေ့ထားသည်။

အပင်ဝိညာဥ်သီချင်းစာအုပ်အတိုင်း သူ စတင် တီးမှုတ်ခဲ့လေသည်။

အသံက ရှင်းလင်းသော်လည်း ဆူညံသံလိုဖြစ်နေပြီး သံစဥ်မပေါ်ပါ။

သူ ဂရုမစိုက်ပေ။ ထို့အစား မျက်လုံးကို ပိတ်လိုက်ပြီး စိတ်ဝိညာဥ်ပါရမီကို ဖွင့်လိုက်၏။ ဆဌမအာရုံ အခြေအနေကို ဝင်ရောက်လိုက်သည်။ သူ့ဒန်ထျန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲမှာ စတင်အက်ကွဲလာပြီး မှော်စွမ်းအားများကို ဖြည်းညှင်းစွာ ထုတ်လွှတ်လေတော့သည်။

ရုတ်တရက် အသံထွက်ပေါက်များကို ဖိနှိပ်နေသည့် သူ့လက်ချောင်းများအား မှိန်ဖျော့ဖျော့ မှော်စွမ်းအားများက လှည့်ပတ်သွားသည်။

ထို့အပြင် လေမှုတ်လိုက်သောအခါ မှော်စွမ်းင်က လေနှင့်ရောပြီး ဝါးပလွေထဲသို့ ဝင်လာသည်။

သူ့လက်ချောင်းများအကြားက မှော်စွမ်းအားက ဝင်လာသည့် လေစီးထဲပါသည့် မှော်စွမ်းအင်နှင့် ပွတ်တိုက်မိကာ အလွန်ထူးခြားသည့် တုန်ခါမှုတစ်ခုကို ဖြစ်သွားစေ၏။ ဆဌမအာရုံထဲ ပါဝင်သော တုန်ခါမှုတစ်ခုဖြစ်ပါသည်။

ရုတ်ချည်းဆိုသလို အစက ဆူညံသံများနှင့် တူသည့် ပလွေသံမှာ သန့်စင်လာပြီး နှိုင်းယှဥ်လို့မရလောက်အောင် သိမ်မွေ့နူးညံ့လာပါသည်။

အထူးခြားဆုံးအရာက ပလွေသံမှာ အလွန်အမင်း ထိုးဖောက်နိုင်လာခြင်းပင်။

ရုတ်တရက် စိုက်ပျိုးရေးခြံထဲက မရေမတွက်နိုင်သော အင်မော်တယ် အပင်များ၊ သာမန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များ၊ အပြင်ဘက်က အပင်နှင့် သစ်ပင်ကြီးများစွာတို့ပါ ယိမ်းနွဲ့ကုန်ကြသည်

ဟင်းသီးဟင်းရွက်များ ခူးဆွတ်နေသည့် သူ့အဖေနှင့် သူ့အမေတို့လည်း ရုတ်တရက် ရပ်တန့်သွားကြကာ မတ်တပ်ရပ်လိုက်ကြသည်။ တကယ်တော့ လှပသည့် ပလွေသံလေးအား နားစွင့်နေကြခြင်း ဖြစ်ပါသည်။

အင်မော်တယ်မြေကွက်ထဲတွင် လှဲလျောင်းနေကြသော ခွေးနှစ်ကောင်သည်လည်း ခေါင်းမော့ နားရွက်ထောင်ကာ နားစွင့်လိုက်ကြသည်။ သူတို့ မျက်လုံးများက ယစ်မူးသော အရိပ်အယောင်ကို ပြသနေသည်။

အချိန်အနည်းငယ် ကြာသောအခါ ပလွေသံ ရုတ်တရက် ရပ်တန့်သွား၏။

အပင်များလည်း ယိမ်းထိုးခြင်း ရပ်တန့်သွားလေသည်။

ယဲ့ရှောင်ချန်းက အနည်းငယ် အံ့အားသင့်သွားသည့်ပုံပင်။

သူ့ဒန်တန်ထဲက မှော်စွမ်းအင် ပုံဆောင်ခဲ ကုန်ဆုံးလုနီးပါး ဖြစ်သွားသောကြောင့် ဖြစ်ပါသည်။

"ဟူး သဘာဝဝိညာဥ်တေးသွားကို တီးမှုတ်ရင် မှော်စွမ်းအင် ဒီလောက်ကုန်မယ်လို့ မထင်ထားဘူး။"

ယဲ့ရှောင်ချန်း တိုးတိတ်စွာ အံ့အားသင့်သွားရသည်။

ခုလေးတင် ဈာန်ဝင်ခြင်း အခြေအနေကို သူဝင်ရောက်နိုင်ခဲ့ပြီး သဘာဝဝိညာဥ် တေးသွားကို အကြိမ်ကြိမ် တီးမှုတ်ခဲ့သည်။ ထို့ကြောင့် သူ့မှော်စွမ်းအား ကုန်ဆုံးသွားခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် သက်ပြင်း အရှည်ကြီး ချလိုက်ပါသည်။

အပင်ဝိညာဥ် သီချင်းစာအုပ်မှာ တကယ် အံ့အားသင့်ဖို့ ကောင်းလှသည်။

ပလွေကို မှုတ်ပြီးနောက် သူ့ရဲ့ စိတ်ဝိညာဥ်တောင် ပိုသန့်စင်ပြီး ရှင်းလင်းလာသည်ဟု ခံစားလိုက်ရပါသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သန့်စင်သွားသလိုပင်။

တကယ် နေလို့ကောင်းလှပါသည်။

အပင်ဝိညာဥ်သီချင်းစာအုပ်မှာ အပင်နှင့် သစ်ပင်များအပေါ်တွင်သာမဟုတ်ဘဲ အခြား သက်ရှိအရာများအပေါ်လည်း အာနိသင် ရှိသည့်ပုံပင်။

အထူးသဖြင့် သူ့အပေါ်တွင် ဖြစ်ပါသည်။

ထိုင်လိုက်ပြီး အင်မော်တယ် ဆားရည်စိမ် ဟင်းသီးဟင်းရွက်တချို့ကို စားလိုက်သည်။

သူ့အဖေနှင့် သူ့အမေတို့ ရောက်လာကြ၏။

"သား ခုနက ပလွေမှုတ်တာ နင်လား။"

သူ့အမေက သိချင်စွာ မေးလိုက်သည်။

ခုနက ပလွေသံမှာ တကယ်ပဲ လှပလှပါသည်။ နားထောင်ပြီးနောက် မမေ့နိုင်သော ခံစားချက်တစ်ခုကို ရလိုက်ပြီး ထပ်နားထောင်ချင်သလို ခံစားလိုက်ရသည်။

"ဟုတ်တယ်၊ ကျွန်တော်ပျင်းလို့ မှုတ်ကြည့်နေတာ။ ဘယ်လိုနေလဲ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

"ငါ့သားက တကယ်တော်တာပဲ။ ပလွေမှုတ်တာတောင် တော်တယ်။ တကယ် ချိုသာတယ်။ အမေ့အတွက် ထပ်မှုတ်ပေးပါဦး။"

အမေက သူ့ကို လက်မထောင်ပြကာ ချီးကျူးလိုက်ပါသည်။

"မမှုတ်နိုင်တော့ဘူးထင်တယ်။ သား အကြာကြီးမှုတ်ထားတော့ လည်ချောင်းက နည်းနည်း နာနေပြီ။"

ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြောလိုက်သည်။

ယခု သူ့မှော်စွမ်းအင် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူ ထပ်မှုတ်ပါက သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပါ။ ဆူညံသံများသာ ထွက်လာလောက်ပါသည်။

"ဒါဆိုလည်း ထားလိုက်ပါတော့။ ရေမြန်မြန် သောက်လိုက်ပါဦး။"

အမေက ယဲ့ရှောင်ချန်းအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

ယဲ့ရှောင်ချန်းက ယူလိုက်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်၏။

သူတို့ စကားပြောနေတုန်း ဖုန်းသံ ရုတ်တရက် မြည်လာခဲ့သည်။

ထုတ်ကြည့်လိုက်သောအခါ ကျန်းဟုန်ယဲ့ ဖြစ်နေ၏။

"ဖုန်းမြန်မြန် ကိုင်လိုက်လေ။ အမေတို့ ဟင်းသီးဟင်းရွက်တွေ သွားခူးလိုက်ဦးမယ်။"

သူ့အမေနှင့် သူ့အဖေတို့ ထွက်သွားလေသည်။

ယဲ့ရှောင်ချန်းက ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်၏။

"ရှောင်ချန်း။ တရုတ်သိပ္ပံကျောင်းတော်က ငါတို့ တောင်ပိုင်းဒေသမှာ သုတေသနအဖွဲ့အစည်း ကိုင်းခွဲတစ်ခု တည်ဆောက်တော့မယ်ဆိုတဲ့ သတင်းကို ငါကြားတယ်။ နင်တီထွင်ထားတဲ့ အပင်အသိစိတ်သုတေသနအတွက် အထူးဆောက်လုပ်မှာတဲ့။ နေရာအတိအကျကလည်း နင့်သဘောထားအပေါ်မှာပဲ အဓိက မူတည်နေတယ်လို့ ကြားတယ်။ ရှောင်ချန်း ငါတို့ ယန်မြို့တော်ကို ရွေးရမယ်နော်။ ယန်မြို့တော်က လူလေးသန်းနီးပါးက နင့်ကို ကျေးဇူးတင်ကြမှာပါ။"

ကျန်းဟုန်ယဲ့က ယခင်ကလို မတည်ငြိမ်တော့ပါ။ သူမ၏ အသံက စိတ်အားထက်သန်မှုများ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

ရွေးချယ်ခွင့်ရှိပါက သုတေသန အဖွဲ့အစည်းကို ကျင်းကောင်တီမြို့ သို့မဟုတ် ထိုက်ဖျင်မြို့တွင်တောင် တည်ဆောက်ချင်ပါသည်။

သူ့စိုက်ပျိုးရေးခြံနှင့် အလွန်နီးလျှင်လည်း ပညာရှင်များအသင်း သူ့ခြံကို ၂ ရက်တစ်ခါ ၃ ရက်တစ်ခါ ရောက်ရောက်လာပါက အလွန်စိတ်ရှုပ်စရာကောင်း‌နေပါလိမ့်မည်။

ထို့ကြောင့် ယန်မြို့တော်ကသာ အလွန်ကောင်းသည့် နေရာဖြစ်သည်။

သို့သော်လည်း အခုက အလျင်စလို အဖြေပေးဖို့ အချိန်မဟုတ်သေးပါ။ အကျိုးကျေးဇူး ပိုရအောင် ဈေးဆစ်ရဦးမည်။

ယဲ့ရှောင်ချန်း  ဒါကို ကောင်းကောင်း နားလည်ထားပါသည်။

All Chapters