အခန်း (၁၉၃) - ညစာ
Vol. 13 Ch. 193
အခန်း (၁၉၃) - ညစာ
ယန်ရှစ်မြို့တော်။
ဝမ်ရွှေရှန့် ဗီလာတွင်။
ဝမ်ရွှေရှန့် အိမ်မှာ မရှိပါ။ ခုတလော ဆောက်လုပ်ရေး နယ်မြေတွင်သာ အလုပ်များနေခဲ့သည်။
ကြိုးစားပမ်းစား လုပ်ပြီးနောက် ယာယီ ပြန်လည် ကောင်းမွန်သွားပါသည်။ ထို့အပြင် ဆောက်လုပ်ရေးနယ်မြေက နျူကလီးယား ဓာတ်ရောင်ခြည်ပြင်းအားမှာ ဘေးကင်းလုံခြုံသည့် အဆင့်တစ်ခုအထိ လျော့ကျသွားပါပြီ။ မြေအောက်ထဲက နျူးကလီးယား ဓာတ်ရောင်ခြည်များ လုံးဝ ပျောက်ကွယ်သွားဖို့ပင် သိပ်မလိုလောက်တော့ပါ။
ဝမ်ရှင်းယီ၏ ခြံထဲတွင်။
"ရှင်းယီ သိပ်မကြာသေးခင်က ကျွန်တော် သီချင်းတစ်ပုဒ် သင်ထားတယ်။ ကျွန်တော့် ပလွေနဲ့ မှုတ်ပြမယ်နော်။"
ယဲ့ရှောင်ချန်းက လက်ဟန်ပြလိုက်ပါသည်။
ဝမ်ရှင်းယီ၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။ သူမက နားမကြားနိုင်သဖြင့် ဘယ်လိုလုပ် ယဲ့ရှောင်ချန်း၏ ပလွေသံကိုကြားနိုင်မည်နည်း။
"စိတ်မပူပါနဲ့။ ကျွန်တော့် ပလွေက သာမန် ပလွေ မဟုတ်ဘူး။ သေချာပေါက် ကြားနိုင်မှာပါ။"
ယဲ့ရှောင်ချန်း အလွန် ယုံကြည်ချက်ရှိပါသည်။ သူ့ အပင်ဝိညာဥ် သီချင်းက သာမန်ထက် ထူးကဲသည်။ ဝိညာဥ်များကို ထိုးဖောက်သည့် ထူးခြားသည့် အာနိသင်ရှိသည်။
ဝမ်ရှင်းယီ နားမကြားနိုင်ရင်တောင် ကြားနိုင်ပါလိမ့်မည်။
ထိုတေးသွားက အာရုံငါးပါးအလွန်တွင် ရှိနေသည်။
ဝမ်ရှင်းယီ ငယ်စဥ်ကတည်းက နားမကြားမှန်း ယဲ့ရှောင်ချန်း သိပါသည်။ တေးသွား အစစ်ကို သူမ တစ်ခါမှ နားမထောင်ဖူးလောက်ပါ။
အပင်ဝိညာဥ် သီချင်းကို သင်ယူပြီးနောက် ဝမ်ရှင်းယီအတွက် သူတီးမှုတ်ပေးချင်ပါသည်။
"တကယ်လား။"
ဝမ်ရှင်းယီက အနည်းငယ် သံသယဖြစ်မိသည်။
သူမ မကြားနိုင်သော်လည်း ဂီတကိုတော့ နားလည်ပါသေးသည်။ ထိုလှပသည့် အသံများကို နားထောင်ဖို့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း မျှော်လင့်စောင့်စားခဲ့ရသောကြောင့် ဖြစ်ပါသည်။
"ကျွန်တော့်ကို ယုံပါ။"
ယဲ့ရှောင်ချန်းက လက်ဟန်ပြလိုက်သည်။
သူ ယူလာသည့် ဝါးပလွေကို ထုတ်လိုက်သည်။
ချက်ချင်း ဖော်မပြနိုင်သည့် အရှိန်အဝါမျိုး ယဲ့ရှောင်ချန်း ထုတ်လွှတ်လိုက်သည်။
အရင်တစ်ခေါက်က ပလွေမှုတ်ပြီးကတည်းက ဖြစ်သည်။ သူ့အရှိန်အဝါကို ဂီတတေးသွား၏ အဓိပ္ပာယ်နှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်ပါသည်။
အခုအခါ ပလွေကို ထပ်မှုတ်လိုက်သောအခါ ထိုထူးကဲပြီး သဘာဝဆန်သည့် အရှိန်အဝါက ချက်ချင်းဆိုသလို ပွင့်ထွက်လာခဲ့ပါသည်။
ဝမ်ရှင်းယီ၏ လှပသည့် မျက်ဝန်းလေးများက အနည်းငယ် ရီဝေသွားသည်။ သူမရှေ့က ယဲ့ရှောင်ချန်းမှာ ထူးဆန်းသည့် ပြောင်းလဲမှုတချို့နှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားမိပါသည်။
သူက နီးနီးကပ်ကပ်ရှိနေသော်လည်း ဝေးကွာသည်ဟု ထင်နေရဆဲပင်။ သူက နက်နဲသည်။ နူးညံ့သိမ်မွေ့သည်။ သဘာဝနှင့် နီးစပ်သည်။
သူမ မနေနိုင်ဘဲ ရီဝေစွာ ကြည့်နေမိပါသည်။
ရုတ်တရက် ထူးဆန်းသည့် ပလွေသံတစ်သံမှာ သူမ စိတ်ဝိညာဥ်ထဲသို့ ဝင်ရောက်လာပြီး ပဲ့တင်သံပြန်သွားခဲ့သည်။
ထိုအသံက နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကောင်းမွန်သည်။ သူမ၏ နဂိုက တိတ်ဆိတ်နေခဲ့သော ကမ္ဘာလေးအား ရုတ်တရက် သက်ဝင်လှုပ်ရှားလာစေခဲ့သည်။
သူမ မထိန်းနိုင်ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။
ရုတ်တရက် တောက်ပပြီး ကြည်လင်နေသော မျက်ရည်များ သူမ၏ မျက်ဝန်းထောင့်မှ ကျဆင်းလာသည်။ ထိုမျက်ရည်များက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကြောင့် ကျဆင်းလာသော မျက်ရည်များ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း ဘယ်လိုလုပ်လိုက်လဲ မသိသော်လည်း သူမ တကယ် ကြားခဲ့ရပါသည်။
လှပလိုက်တဲ့ တေးသွားလေး။ သူမ စိတ်ကူးယဥ်ခဲ့သည်ထက် ပို၍ပင် လှပနေပါသေးသည်။
သူမ ခံစားခဲ့ရသည့် တေးသွားကမ္ဘာမှာ နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြွယ်ဝသည်။ အရောင်အသွေးစုံလင်သည်။ အလွန်ထူးခြားသည့် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
သူမ၏ နှလုံးသား ပတ်ဝန်းကျင်တွင် နတ်သမီးလေးများလို ပြေးခုန်သွားနေသည့် မရေမတွက်နိုင်သော တေးသွားနုတ်လေးများစွာ ရှိသည်။
သူမ၏ နှလုံးသားလည်း ရွှန်းလဲ့နေပါသည်။
အချိန် ဘယ်လောက်ပင် ကြာမြင့်သွားမှန်း မသိလိုက်ဘဲ တေးသွားသံ အဆုံးသတ်သွားပါသည်။
ဝမ်ရှင်းယီ လုံးဝ ကြက်သေသေသွားရ၏။
ထိုအချိန်တွင် ကျူးချင်းချင်း၊ ရှီပေါင်းလေးနှင့် အိမ်တော်ထိန်းတို့လည်း ခြံတံခါး ဝင်ပေါက်တွင် ရပ်နေကြကာ နားထောင်နေကြသည်။ ပလွေသံ ရပ်တန့်သွားသည်ကို ကြားသောအခါ တစ်ခုခု ဆုံးရှုံးသွားရသလို ခံစားလိုက်ရပါသည်။
ခြံဝန်းထဲတွင် ယိမ််းနွဲ့ပျော်ပါးနေသော အပင်များသည်လည်း တည်ငြိမ်သွားကြသည်။
ပြောင်းလဲမှု မရှိခဲ့သည့် ခြံဝန်းကြီးမှာ အခုတော့ သက်ဝင်လှုပ်ရှားလာသလိုပင်။
နှင်းပန်းနှစ်ခိုင်ကလည်း နောက်ဆုံးတော့ အပွင့်များ ဖူးပွင့်နေကြပြီး နူးညံ့သည့် သင်းရနံ့လေးများကို ထုတ်လွှတ်နေသည်။
ဝမ်ရှင်းယီက သူမ၏ လှပသည့် မျက်လုံးများကို ဖွင့်လိုက်ပြီး ယဲ့ရှောင်ချန်းအား မနှိုင်းယှဥ်နိုင်သည့် သံယောဇဥ်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူတို့၏ အကြည့်များ ဆုံသွားကြ၏။ တိတ်ဆိတ်သော်လည်း အချင်းချင်း နားလည်ကြသည်။
ကျူးချင်းချင်းက တံခါးခေါက်ကာ ခြံဝန်းထဲ ဝင်လာခဲ့ပါသည်။
"ရှောင်ချန်း ခုနက နင်ပလွေမှုတ်တာ အရမ်း နားထောင်လို့ကောင်းတာပဲ။"
ကျူးချင်းချင်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းကို ဒီလောက်ထိ ဘက်စုံပါရမီ ပါလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ပလွေသံက တကယ်လှပသည်။ ခုလေးတင် ထိုအသံကြောင့် သူမ ညှို့ယူဖမ်းစားခံခဲ့ရပါသည်။
"ဦးလေးယဲ့ နားထောင်လို့ အရမ်းကောင်းတယ်။ ရှီပေါင်းလေးလည်း သင်ချင်တယ်။"
ရှီပေါင်းလေးက ယဲ့ရှောင်ချန်းထံ အပြေးသွားပြီး သားပိုက်ကောင်လို ယဲ့ရှောင်ချန်းကို ခိုထားလိုက်ပါသည်။
"ရှီပေါင်းလေး သင်ချင်ရင် ဦးလေးယဲ့ သင်ပေးမှာပေါ့။"
ယဲ့ရှောင်ချန်းက ရှီပေါင်းလေး၏ ဆံပင်ကို ပွတ်သပ်ကာ ပြုံးလိုက်ပါသည်။
"ရှီပေါင်း ဦးလေးယဲ့ကို နောက်မှ သင်ခိုင်းလိုက်နော်။"
ဝမ်ရှင်းယီ၏ မျက်လုံးများ စိုစွတ်နေသည်ကို ကျူးချင်းချင်း မြင်လိုက်ရသည်။ ဘာတွေ ဖြစ်နေသလဲ သူမ မသိပါ။
ယဲ့ရှောင်ချန်း၏ သာမန်ထက် ထူးကဲသော ပလွေသံအား ဝမ်ရှင်းယီကြားကာ ပျော်ရွှင်မှုကြောင့် မျက်ရည်ကျခဲ့မှန်း သူမ မသိခဲ့ပေ။
သူမသာ သိပါက ထိတ်လန့်သွားနိုင်ပါသည်။
ကျူးချင်းချင်းက မသွားချင်သော ရှီပေါင်းလေးကို ခေါ်ပြီး ထွက်သွားသည်။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့သာ ခြံဝန်းထဲတွင် ကျန်ခဲ့၏။
"ရှင်းယီ နားထောင်လို့ကောင်းလား။"
ယဲ့ရှောင်ချန်းက လက်ဟန်ဖြင့် မေးလိုက်သည်။
"ကောင်းတာပေါ့။ ကျွန်မ ဂီတအစစ်ကို တစ်ခါမှ မကြားဖူးဘူး။ ရှောင်ချန်း ကျေးဇူးတင်ပါတယ်။"
ဝမ်ရှင်းယီက နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသသည်။
ပလွေသံတွင် အနည်းငယ် မျောသွားပြီး မလွတ်မြောက်နိုင်သည့်ပုံပင်။
သာမန်လူများအတွက်ကတော့ သူတို့နားဖြင့် ကြားသည့် ပလွေသံက နှလုံးသားကို ထိတွေ့သည့် အသံကို ဖုံးလွှမ်းသွားနိုင်သည်။
ဝမ်ရှင်းယီကတော့ ထူးကဲ၏။ သူမက နားမကြားဘဲ မွေးဖွားလာခြင်းဖြစ်သည်။
ထို့ကြောင့် သူမနှလုံးသားနှင့် ထိတွေ့သိ ပလွေသံက ပိုပို ထင်ရှားလာပြီး အချိန်အတော်ကြာသည် အထိ ပျောက်ကွယ်မသွားခဲ့ပါ။
"ရပါတယ်။ နောက်ကျရင်လည်း ကျွန်တော် ခဏခဏ ပလွေမှုတ်ပြပါ့မယ်။"
ယဲ့ရှောင်ချန်းက ဖျော့တော့သော အပြုံးဖြင့် လက်ဟန်ပြ ပြောလိုက်သည်။
ထိုကောင်မလေးကို ကြည့်ကာ သူ့ရင်ထဲတွင် ကရုဏာများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ထို့နောက် မနေနိုင်ဘဲ တစ်ရှူးတစ်ရွက်ထုတ်ကာ သူမမျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးလိုက်သည်။
ဝမ်ရှင်းယီ၏ ပါးလေးများ နီရဲသွားသည်။ သို့သော်လည်း မငြင်းဘဲ ယဲ့ရှောင်ချန်းကို သုတ်ဖယ်ခွင့် ပေးလိုက်ပါသည်
ထိုအချိန်တွင် သူတို့နှစ်ဦး၏ နှလုံးသားက အရင်ကတစ်ခါမှ မကြုံဖူးသလို ဆက်နွယ်သွားကြသည့်ပုံပင်။
လမ်းပေါ်တွင်။
ယဲ့ရှောင်ချန်း ကားမောင်းနေ၏။
ဝမ်ရှင်းယီနှင့် ရှိခဲ့သည့် အချိန်ကို ပြန်စဥ်းစားနေဆဲ ဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်က ကွေးသွားပြီး ခပ်ဖျော့ဖျော့ အပြုံးလေး ပေါ်လာသည်။
ရုတ်တရက် သူ့ဖုန်းသံ မြည်လာ၏။
ကားမောင်းနေရင်း ထုတ်ကြည့်လိုက်သောအခါ မရင်းနှီးသော ဖုန်းနံပါတ်ဖြစ်သည်ကို မြင်လိုက်ရသည်။
ပုံမှန်ဆို ဖုန်းနံပါတ်စိမ်းကို ကိုင်မည် မဟုတ်ပါ၊။
သို့သော် အခုကတော့ စိတ်ကောင်းဝင်နေသဖြင့် သူကိုင်လိုက်ပါသည်။
"ဟယ်လို ခုပြောနေတာ မစ္စတာယဲ့ရှောင်ချန်းလားမသိဘူး။ ကျွန်မက မြောက်ပိုင်းဒေသ အစိုးရဌာနက ဒါရိုက်တာ လင်ရှန်းထျင်ပါ။ ရှင်နဲ့ နေ့လည်စာအတူတူစားဖို့ အချိန်ခဏလောက် ပေးနိုင်မလားမသိဘူး။"
အလွန်နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီး အသံတစ်သံ ဖုန်းထဲမှ ထွက်လာသည်။
အသံကို ကြည့်ရုံနှင့် အသံပိုင်ရှင်မှာ အလွန်လှပသည့် အမျိုးသမီး သို့မဟုတ် အလွန်ယဥ်ကျေးသည့် လူတစ်ယောက်ဖြစ်နိုင်မှန်း သူသိပါသည်။
ယဲ့ရှောင်ချန်း အသံပိုင်ရှင်နှင့်တွေ့ချင်မိ၏။
သို့သော်လည်း မြောက်ပိုင်းဒေသ အစိုးရဌာနက ဒါရိုက်တာက ဘာကြောင့် သူ့ကို တွေ့ချင်ရတာလဲ။
သူမက အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး ရာထူးလည်း ကြီးသည်။ ဘာကြောင့် သူ့ကို တွေ့ချင်နေရတာလဲ။
ရုတ်တရက် သူ့နှလုံးခုန်သံ ရပ်တန့်သွားသည်။ တရုတ်သိပ္ပံကျောင်းတော်က အပင်အသိစိတ် သုတေသနအဖွဲ့အစည်း ကိုင်းခွဲတစ်ခုကို ဆောက်လုပ်ဖို့ ပြင်ဆင်နေမှန်း သတိရသွား၏။ ဧကန္တ မြောက်ပိုင်းဒေသက ထိုသုတေသန အဖွဲ့အစည်း၏ တည်နေရာအကြောင်း ဆွေးနွေးချင်တာဖြစ်မည်။
"ဟုတ်ပါတယ် ဒါရိုက်တာလင်။ ပြောစရာရှိရင် ဖုန်းပေါ်ကပဲ ပြောပါလား။"
ယဲ့ရှောင်ချန်းသည် ပြဿနာ အများကြီး မဖြစ်ချင်ပါ။ သူ့အစီအစဥ်အရ မတော်တဆ ဘာမှမဖြစ်လျှင် သုတေသန အဖွဲ့အစည်းကို သေချာပေါက် ယန်မြို့တော်တွင် တည်ဆောက်နိုင်ပါလိမ့်မည်။
အစိုးရက ဝင်နှောင့်ယှက်ပြီး ပြဿနာတက်မည်ကို စိုးရိမ်မိ၏။
သူ သိထားသလောက် မြောက်ပိုင်းဒေသ၏မြို့တော် ရှမြို့တော်ကလည်း ဒီသုတေသန အဖွဲ့အစည်းကို အရယူဖို့ ဆုံးဖြတ်ထား၏။
သူနဲ့ ဆွေးနွေးဖို့ ဘယ်သူမှ မလွှတ်သေးသော်လည်း ရှောင်လွှဲလို့မရနိုင်ပါ။
"မစ္စတာယဲ့ ဒီကိစ္စကို စကားလုံး နည်းနည်းလောက်နဲ့ ရှင်းပြနိုင်မှာမဟုတ်ဘူး။ ကျွန်မ ကျင်းကောင်တီမြို့ကို ရောက်နေပြီ။ မစ္စတာယဲ့နဲ့ တကယ်တွေ့ချင်လို့ပါ။"
လင်ရှန်းထျင်၏ အသံက ယဲ့ရှောင်ချန်းအတွက် အနည်းငယ် ငြင်းရခက်နေသည်။ ဒီအမျိုးသမီးက သူ့အသံကို အားသာချက်အဖြစ် ဘယ်လိုသုံးရမှန်းသိသည်။
"ကောင်းပါပြီ"
ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။ သူမ ရောက်နေပြီ ဆိုတော့ မတွေ့လျှင် မကောင်းပါ။
ဘာပဲဖြစ်ဖြစ် သူမက ရာထူးမြင့် အရာရှိတစ်ဦးဖြစ်သည်။
"ကောင်းလိုက်တာ မစ္စတာယဲ့။ ကျွန်မ ကျင်းကောင်တီ မြို့က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်း ဘိုကင်လုပ်ထားပြီးပါပြီ။ အဲ့ဒီ စားသောက်ဆိုင်က နာမည်ကြီးတယ်လို့ ကြားတယ်။ အရသာရှိမှာပါ။ မစ္စတာယဲ့ကော သဘောကျရဲ့လား။"
လင်ရှန်းထျင်က အလျင်အမြန် ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ပြုံးလိုက်မိပါသည်။ စားသောက်ဆိုင်က သူ့ဆိုင်ဖြစ်သည်။ ဘယ်လိုလုပ် အရသာမရှိဘဲနေမှာလဲ။
"အဲ့စားသောက်ဆိုင်က အရမ်းကောင်းပါတယ်။ ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ဖုန်းချပြီးသောအခါ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ တန်းမောင်းလာခဲ့သည်။
လင်ရှန်းထျင်ကို သူတွေ့လိုက်ရ၏။ အသက် ၃၀ ဝန်းကျင်ရှိပြီး လှပဆဲဖြစ်ပါသည်။ သေချာပေါက် မိန်းမလှတစ်ဦးဖြစ်ပါသည်။ ကျက်သရေရှိပြီး ကျော့ရှင်းသည့် အရှိန်အဝါမျိုးရှိသည်။
ဒီလောက်လှပသည့် အမျိုးသမီးမှာ ရာထူးမြင့် အရာရှိတစ်ဦးဖြစ်ကြောင်း ခန့်မှန်းဖို့ ခက်ခဲလှပါသည်။
ထို့အပြင် ထိုကဲ့သို့ မိန်းမလှမျိုးက အဝေးကသာ လေးစားနိုင်သောာ အရှိန်အဝါမျိုးရှိတတ်သည်။
သူမက သန့်ရှင်းစင်ကြယ်သောကြောင့် မဟုတ်ပါ။ အရာရှိတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်လွှတ်နေသောကြောင့်ဖြစ်ပါသည်။