ကောင်းကင်ဘုံ နယ်နမိတ် အလွန်
Vol. 54 Ch. 746
ခရာသံများနှင့်အတူ သတ်ဖြတ်ခြင်းမှာ ပြင်းထန်လှသောကြောင့် လူသားများမှာ ဂျုံပင်များအလား ဖြတ်တောက်ခံနေရသည်။
မိုဝူကျိက အင်မော်တယ်များမှာ စတင် နောက်ဆုတ်နေရမှန်း သတိပြုမိလိုက်သော်လည်း တစ်ဖက်က သူတို့နောက် ဆက်လိုက်မလာကြဘဲ ပစ္စည်းများသာ အလုအယက် ယူနေကြသည်။
တိုက်ပွဲအတွင်း ကျန်ရှိနေသော ပစ္စည်းများကို အလျှင်အမြန် သိမ်းဆည်းသွားသောကြောင့် ကျန်ရှိနေသည့်အရာမှာ အရိုးစုများသာ ဖြစ်၏။ တိုက်ပွဲနယ်မြေ တစ်ခုလုံးမှာ ရှင်းလင်းသွားပြီး ဌက်တစ်ကောင်ပင် ဖြတ်မပျံပေ။
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ပြန်လည် ရုတ်သိမ်းပြီးနောက် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေမိသည်။ သူက ထိုအင်မော်တယ်များဆီ ချည်းကပ်သွားသင့်လား ဒါမှမဟုတ် သူ့အား မသေချာမှုများ ပေးစွမ်းသည့် နေရာမှ ထွက်သွားရလေမလား မသိတော့ပေ။
အချိန်အတော်ကြာချင့်ချိန်စဉ်းစားပြီးနောက် မိုဝူကျိက စိတ်ကို ရှင်းကာ အင်မော်တယ်များဆီ သွားလိုက်တော့သည်။ သူက လူသားတစ်ယောက် ဖြစ်သည့်အပြင် အင်မော်တယ်ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါလော။ အနည်းဆုံးတော့ ဤနေရာအကြောင်း ရှာတွေ့နိုင်ပေလိမ့်မည်။
မိုဝူကျိက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်၏။ တစ်နာရီကြာပြီးနောက် မိုဝူကျိက တိုက်ပွဲနယ်မြေအစွန်းဆီ ရောက်ရှိသွားတော့သည်။
ဤနေရာမှာ သွေးသံရဲရဲဖြင့် သေစေလောက်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
ကျတ်တီးမြေမှ အရိုးစုများကို ကြည့်ကာ မိုဝူကျိက လူသားအသက်များ မည်မျှ တန်ဖိုးနည်းကြောင်း သက်ပြင်းသာ ချလိုက်တော့၏။
နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ သေဆုံးသွားသည်နှင့် ခန္ဓာကိုယ်မှာ ဤကျတ်တီးမြေ၌သာ ကျန်ရစ်ခဲ့ရမည်။ ကိစ္စများက ပို၍ ဆိုးရွားလျှင် အသက်ရှင်ကျန်သူများက သေသူကိုပင် လေးစားမှု မရှိဘဲ မှော်ရတနာနှင့် ကျင့်ကြံရေး အရင်းအမြစ်များကို ယူသွားကြပေလိမ့်ဦးမည်။
မိုဝူကျိက ဓားကျိုးတစ်ချောင်းကို ကောက်ကာ စုံစမ်းကြည့်တော့မည့်ဆဲဆဲတွင် သူ့ဖြန့်ကျက်ထားသော စိတ်စွမ်းအား၌ တုန်ခါသွားလေ၏။
တစ်ယောက်ယောက် ရှိနေတာလား ….
မိုဝူကျိက မီတာအတော် နောက်ဆုတ်လိုက်ပြီး လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲကိုင်လိုက်သည်။
မကြာခင် သူက မြေပေါ်၌ အနက်ဝတ် လူတစ်ယောက် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ ထိုဝတ်စုံကို ကြည့်ခြင်းဖြင့် မိုဝူကျိက ထိုအနက်ဝတ်မှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်ကြောင်း သိလိုက်သည်။ သူ့ဘေးပတ်လည်မှ စွမ်းအင်များသည် အရမ်းကို မတည်မငြိမ် ဖြစ်နေပြီး ထိုလူမှာ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း သိသာနေလေ၏။
မိုဝူကျိက လျှောက်လှမ်းလာပြီးနောက် ထိုလူမှာ အမျိုးသမီး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မူလ ထုံးဖွဲ့ထားသော ဆံနွယ်များမှာ ပြေလျော့နေပေ၏။ သူမ အဝတ်အစားများမှာ စုတ်ပြဲနေကာ ခါးသွယ်သွယ် ပေါ်နေသောကြောင့် မိုဝူကျိက အမျိုးသမီး ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။
လက်ရှိ သူမ တစ်ကိုယ်လုံးနှင့် မျက်နှစ်တခြမ်းတို့တွင် သွေးများ ပေစွန်းနေပြီး သေစေလောက်သည့် ဒဏ်ရာမှာ ရင်ဘတ်၌ ဖြစ်သည်။ မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်သည့်အခါ ထိုအမျိုးသမီး၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှ သေစေလောက်သည့် အငွေ့အသက်များ ထွက်ပေါ်နေကြောင်း အာရုံခံမိလိုက်သည်။ အကယ်၍ သူမက ကုသမှု မခံယူရပါက ကြာကြာခံတော့မည် မဟုတ်ပေ။
သူမက မိုဝူကျိ ရောက်ရှိလာမှုကို အာရုံခံမိသည့်အလား အမျိုးသမီးက ခေါင်းမော့ကာ မိုဝူကျိအား ကြည့်ကြည့်လိုက်သည်။ မိုဝူကျိက လူသားတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါ သူမ မျက်ဝန်း၌ စိတ်ပျက်မှုတို့ ဖြတ်ပြေးသွားလေ၏။ တကယ်တော့ ဆေးလုံးများ ကိုင်ထားသည့် လက်ပင် တုန်ယင်လာမိသည်။
မိုဝူကျိက သူမ လက်ထဲမှ ဆေးလုံးကို ကောင်းကောင်း သိပေသည်။ ထိုအရာမှာ သာမာန် ဖွဲဖွဲလေး ဆေးလုံး ဖြစ်မှန်း သိလိုက်၏။ ထိုသို့ ဆေးလုံးမျိုးမှာ အင်မော်တယ် စွမ်းအားတချို့ ပြန်ကောင်းမွန်လာစေသော်လည်း ထိုအမျိုးသမီး၏ ဒဏ်ရာများအတွက် အကူအညီ ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် ဤအမျိုးသမီးက သိုလှောင်လက်စွပ်ပင် မရှိသောကြောင့် မိုဝူကျိအနေနှင့် သူမ ဆေးလုံးမှာ မည်သည့်နေရာမှ ရောက်လာကြောင်း မသိပေ။
မိုဝူကျိက ဗောဓိစိမ်း ဆေးလုံးကို ထုတ်ကာ ထိုအမျိုးသမီးအား တိုက်ကျွေးလိုက်သည်။
မိုဝူကျိက သူမကို မသတ်ဘဲ ဆေးလုံး ပေးသည်ကို တွေ့သည့်အခါ ဒဏ်ရာအပြင်းအထန် ရထားသော အမျိုးသမီးက အံ့ဩတကြီး ဖြစ်သွားလေသည်။ သို့သော်လည်း သူမက ဆေးလုံးကို ချက်ချင်း မျိုချလိုက်ပြီးနောက် မိုဝူကျိအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
သူမ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ အလျှင်အမြန် သက်သာလာပြီး ရင်ဘတ် ဒဏ်ရာမှ သေစေလောက်သည့် အငွေ့အသက်များလည်း လျော့နည်းသွားကာ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
အမွေးတိုင်တစ်ဝက်စာကြာပြီးနောက် အနက်ဝတ် အမျိုးသမီးက ထိုင်လိုက်ကာ သွေးများကို သုတ်ပစ်လိုက်ပြီး ဖြူဖျော့ဖျော့ မျက်နှာလှလှလေးကို ဖော်ပြလိုက်သည်။
မိုဝူကျိက စိတ်ထဲ၌ ချီးကျုးမိလိုက်၏။ ထိုအမျိုးသမီးက သွင်ပြင်အနေအထားအရ ကျီယွဲ့ကို မရှုံးပေ။ ကျီယွဲ့၏ ဟန်ဆောင်မျက်နှာထားနှင့် ယှဉ်လျှင် ဤအမျိုးသမီးက ပို၍ပင် တင့်တင်နေသေး၏။ ကြည့်ရသည်မှာ မိစ္ဆာမျိုးနွယ်က ထူးထူးဆန်းဆန်း သွင်ပြင်မျိုးသာ ရှိခြင်း မဟုတ်လောက်ပေ။
“ ဗောဓိစိမ်း ဆေးလုံးလား။ အဆင့် ၇ အင်မော်တယ်ဆေးလုံးလား ….” အနက်ဝတ် အမျိုသမီးက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။
ဤသို့မျိုးနေရာ၌ ဗောဓိစိမ်း ဆေးလုံးမှာ အသက်ပို တစ်ချောင်း ရှိခြင်းနှင့် တူပေ၏။ ဤအင်မော်တယ် လူသားမျိုးနွယ် အမျိုးသားက သူမကို ကယ်တင်ပေးခဲ့ခြင်းမှာ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည်။
“ ဟုတ်တယ် ဗောဓိစိမ်းဆေးလုံးပဲ။ ဒါပေမဲ့ အလကားပေးတာတော့ မဟုတ်ဘူး။ မင်းဆီကနေ …. ”
“ ကျမကို သတ်ပစ်လိုက် ” ထိုအမျိုးသမီးက မျက်လုံးစွတ်မှိတ်ကာ ပြောလိုက်၏။
မိုဝူကျိက ထိုအမျိုးသမီးအား နားမလည်စွာ ကြည့်လိုက်သည်။ ထို့နောက် မရေမရာ မေးလိုက်၏ “ ငါက မင်းကို ဘာလို့ သတ်ချင်ရမှာလဲ ”
ထိုအမျိုးသမီးက မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး သူမမျက်ဝန်း၌ သရော်မှုများ ဖြတ်ပြေးသွားကာ “ ကျမ သေတာပဲ ဖြစ်ဖြစ်၊ ပစ္စည်းတွေကို အကုန်ပေးလိုက်ရတာ ဖြစ်ဖြစ် ရတယ်။ ကျမရဲ့ ခန္ဓာကိုယ်ကိုတော့ လုံးဝ မပေးနိုင်ဘူး ”
ထိုအမျိုးသမီး အသံမှာ အနည်းငယ် ခပ်ဩဩ ဖြစ်သော်လည်း နားထောင်လို့ ကောင်းလေသည်။
မိုဝူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်၏ “ မင်းက နားလည်မှု လွဲနေပြီ။ ငါက ဘယ်နေရာ ရောက်နေတာလဲ ဆိုတာနဲ့ ဒါက ဘာကမ္ဘာလဲဆိုတာ သိချင်ရုံပါ။ ပြီးတော့ ဒီနေ့ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကြားက တိုက်ပွဲကို တွေ့ခဲ့ရတယ်။ အဲဒါတွေကရော ဘာတွေလဲ ”
“ ရှင်က နယ်ခြားကလား ” ထိုအမျိုးသမီးက မိုဝူကျိကို ခြုံငုံကြည့်ပြီးနောက် နားလည်သွားလေ၏။
မိုဝူကျိက ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ
“ ဟုတ်တယ် … ငါက နယ်ခြားကပါ။ ဒါပေမဲ့ လူသားမျိုးနွယ်ပါ။ ဒီနေရာအကြောင်း မစုံစမ်းခင် မင်းကို တွေ့တာနဲ့ ကယ်ပေးလိုက်တာ။ အသေးစိတ် သိရအောင်လို့လေ ”
ထိုအမျိုးသမီးက သက်ပြင်းရှည်ကြီးချကာ မိုဝူကျိအား သနားစွာ ကြည့်လိုက်ပြီး “ စောစောက ဗောဓိစိမ်း ဆေးလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျမ နာမည်က လော့စီပါ။ ဒီနေရာက ကောင်းကင်ဘုံ နယ်နမိတ်အလွန်လေ။ ဒီနေရာကို ရောက်လာတာက ရှင့်အတွက် ကံကောင်းတာလားတော့ မသိဘူး ”
လော့စီက ဆက်မပြောသော်လည်း မိုဝူကျိ၏ ကံကောင်းမှု အတော်လေး ဆိုးရွားကြောင်း ယုံကြည်နေပေသည်။
“ ကောင်းကင်ဘုံ နယ်နမိတ်အလွန်လား …. နာမည်က ဘာလို့ ထူးဆန်းနေတာလဲ ” မိုဝူကျိက စိတ်ဝင်စားလာမိသည်။
လော့စီက ဘေးပတ်လည်ကို ကြည့်ကာ ပြောပေးလိုက်၏ “ တခြားနေရာ သွားပြောရအောင်လေ။ ဒီနေရာက ကြာကြာနေလို့ ကောင်းတာ မဟုတ်ဘူး။ ခဏ … နားထောင်ကြည့်ရအောင် …. ”
မိုဝူကျိက တစ်ခုမှ ပြန်မပြောနိုင်ခင် လော့စီက မြေပြင်ပေါ် နားကပ်ထောင်လိုက်၏။
ခဏအကြာတွင် ပုံရိပ်နှစ်ခုက မိုဝူကျိ၏ နေရာသို့ ရောက်ရှိလာလေ၏။ သိသာလှစွာ တစ်ယောက်မှာ ထွက်ပြေးနေပြီး နောက်တစ်ယောက်က လိုက်ဖမ်းနေခြင်း ဖြစ်၏။ ပြေးနေသူမှာ မိစ္ဆာမျိုးနွယ် ကျင့်ကြံသူ ဖြစ်ပြီး နောက်မှ လိုက်လာသူမှာ လူသားမျိုးနွယ် ဖြစ်၏။
မိုဝူကျိက ထိုနှစ်ယောက်ကို ခွဲခြားနိုင်လိုက်စဉ် အနက်ရောင် အလင်းတန်းက သူ့ဆီ ဝင်ရောက်လာသည်။ သူ့အား တိုက်ခိုက်လိုက်သူမှာ မိစ္ဆာမျိုးနွယ် ကျင့်ကြံသူ ဖြစ်ပြီး သူက မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သာမာန် ဖြစ်ကြောင်း ခံစားမိ၍ ထိုအလင်းတန်းဖြင့် သတ်ဖို့ရာ ကြံရွယ်ထားခြင်း ဖြစ်ပေသည်။
မိုဝူကျိက ဒေါသထွက်လာမိသည်။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကိုပင် အသုံးမပြုဘဲ လက်သီးတစ်ချက်သာ ပစ်ခွင်းလိုက်သည်။ သာမာန် လက်သီးချက် ဖြစ်သော်လည်း မိစ္ဆာမျိုးနွယ် အမျိုးသား၏ ကျင့်ကြံဆင့်မှာ အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသေးသောကြောင့် မိုဝူကျိ၏ လက်သီးချက်က သူ့ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို ဖျက်စီးပစ်လိုက်ကာ လွှင့်စင်သွားစေသည်။
ထိုသူ မြေပြင်ပေါ် ပြန်မကျခင် နောက်မှ ပါလာသော အင်မော်တယ်က မိစ္ဆာမျိုးနွယ်၏ ဦးခေါင်းအား တစစီ လုပ်ပစ်လိုက်တော့သည်။
“ ဒီလူကို တားပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ” ထိုအင်မော်တယ်က မိုဝူကျိအား မပြောဆိုခင် ပထမဆုံးလုပ်သည့်အရာမှာ တစ်ဖက်လူ၏ သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ခြင်း ဖြစ်၏။
မိုဝူကျိက ခေါင်းညိတ်ပြကာ ဘာမှမပြောပေ။ အမှန်တရားမှာ ထိုလူ မတိုက်လိုက်ခင်ကတည်းက မိုဝူကျိက ထိုသူ့ကို သတ်ပစ်လိုက်ပြီ ဖြစ်ပေသည်။ သို့သော်လည်း အင်မော်တယ်ဘုရင်အဆင့်မျှ ရောက်သော ကျင့်ကြံသူ၏ လက်စွပ်ကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူက ထိုအင်မော်တယ်နှင့် ဝင်မနှောင့်ယှက်တော့ပေ။
ထိုအင်မော်တယ်က လော့စီအား မတွေ့သေးသည်မှာ လူသေကောင်များကြား သူမက လဲလျောင်းနေ၍ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သူက သူမကိုပါ သွားတိုက်ခိုက်လိမ့်မည်။
“ အာ …” ထိုလူက မိုဝူကျိ လက်ထဲမှ ပုဆိန်လှံရှည်ကို သတိပြုမိသွားသည်။ အကြောင်းမှာ သူက လော့စီနှင့် မတွေ့ခင် ထိုပုဆိန်လှံရှည်ကို ထုတ်ထားခြင်း ဖြစ်ရာ မသိမ်းဆည်းရသေး၍ ဖြစ်သည်။
မိုဝူကျိက တစ်ဖက်လူ မျက်ဝန်းမှ အလိုလောဘကို မြင်သောအခါ လခြမ်းကွေး ပုဆိန်လှံရှည်ကို သိမ်းဆည်းလိုက်တော့သည်။ သူက ဤနေရာကို ရောက်လာခါစ ဖြစ်၍ လူသားမျိုးနွယ်၏ ကျင့်ကြံသူအား မသတ်ချင်ပေ။
“ ခင်ဗျားရဲ့ ပုဆိန်လှံရှည်က အတော်လေး ကောင်းတာပဲ။ ကျုပ် တစ်ချက်ကြည့်ကြည့်လို့ ရမလား ” ထိုအင်မော်တယ်က လက်နှစ်ဖက် ယှက်ကာ မိုဝူကျိအား မေးလိုက်၏။
မိုဝူကျိက လူများစွာ၏ အလိုက်ခံလာရလေရာ အင်မော်တယ် ဧကရာဇ်ပင် သူ့အား မထိန်းထားနိုင်ပေ။ ဤလူက အင်မော်တယ် ဘုရင် အစောပိုင်းအဆင့်လေးမျှသာ ရှိသေးပြီး သတ်ဖြတ်ငွေ့ အနည်းငယ် ထွက်ပေါ်လာသည်နှင့် မိုဝူကျိက တန်း၍ ခံစားမိပေသည်။
“ အားနာပါတယ် … ဒါက ကျုပ်ရဲ့ မှော်ရတနာဆိုတာ့ တခြားသူကို ပြရတာ မကြိုက်ဘူး ” မိုဝူကျိက စိတ်ထဲ၌ သရော်မိလိုက်သည်။
အင်မော်တယ်လောက၌ သူစိမ်းနှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ တခြားတစ်ယောက်၏ မှော်ရတနာ သို့မဟုတ် ကျင့်စဉ်ကို တောင်းကြည့်ခြင်းက ရန်စနေသည်ဟု မှတ်ယူနိုင်ပေသည်။
မိုဝူကျိက ဘုန်းကြီးတာ့နဉ်နှင့် အဆင်ပြေခြင်းမှာ သူက ဘုန်းကြီးတာ့နဉ်သည် မည်သို့လူစားမျိုးလဲ သိနေ၍ ဖြစ်၏။ အကယ်၍ တခြားသူစိမ်းတစ်ယောက် ဖြစ်နေလျှင် တစ်ယောက်ယောက်အား ကိုယ်ပိုင် လျို့ဝှက်ပညာရပ် ပြဖို့ရာ တောင်းဆိုခြင်းမှာ တစ်ဖက်လူအား တိုက်ခိုက်ဖို့ရာ စိမ်ခေါ်နေခြင်းနှင့် မခြားနားပေ။
“ ကန်းနေတာလား …” အင်မော်တယ်ဘုရင်က မိုဝူကျိ အာခံနေသည်ကို တွေ့သောအခါ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာပြီး သူ့ဘယ်ဘက်ရင်အုံပေါ်မှ တံဆိပ်ကို ပြသလိုက်သည်။
မိုဝူကျိက ထိုလူ ပြောနေသည့် ပေါက်တတ်ကရများကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ပုဆိန်လှံရှည် အလင်းချက် ထုတ်လွှင့်လိုက်သည်။ ဆက်တိုက်ဆိုသလို သူက အင်မော်တယ်ဘုရင်အား စွမ်းအားစက်ကွင်းနှင့် ပိတ်လှောင်ထားလိုက်သည်။
အင်မော်တယ်ဘုရင်က မိုဝူကျိသည် သူ့ကို အမှန်တကယ် တိုက်ခိုက်ကြောင်း တွေ့သောအခါ ဒေါသပုန်ထလာလေ၏။ သူ့လက်ထဲမှ ဓားရှည်ဖြင့် စက်ဝိုင်းသဏ္ဍာန် ဓားအလင်းတန်း ထုတ်လွှင့်လိုက်သည့်အခါ သူ့ခြေထောက် အောက်ခြေမှ သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။
မကောင်းတော့ဘူး ….
တစ်ယောက်က မြေထဲမှာ ပုန်းပြီးတော့ သူ့ကို တိုက်ခိုက်တော့မယ် ….
အင်မော်တယ်ဘုရင်က ထိုအောက်မှ ပုန်းလျိုးကွယ်လျိုး တိုက်ခိုက်မှုကို ရှောင်ရှားလိုသော်လည်း မိုဝူကျိ၏ စွမ်းအားစက်ကွင်း၌ လုံးဝကို ပိတ်မိနေလေ၏။
သူက မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်ကြောင်း သတိပြုမိသည့်အခါ သူက စိတ်ထိခိုက်စွာသာ အော်ဟစ်လိုက်တော့သည်။ အကြောင်းမှာ မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်းက သူ့အား နှစ်ခြမ်း ခြမ်းသွားလေ၏။
လော့စီက ခုန်ထွက်လာကာ မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ အကူအညီအတွက် ကျေးဇူးပါ ” မိုဝူကျိက လက်နှစ်ဖက် ယှက်၍ ကျေးဇူးစကားဆိုလိုက်သည်။ အကယ်၍ သူမ မကူညီလျှင်ပင် ဤအင်မော်တယ်ဘုရင်ကို သတ်ဖို့ရာ များစွာ အားစိုက်စရာ မလိုပေ။
လော့စီက သက်ပြင်းချကာ
“ အခုတော့ ရှင် ဘယ်မှသွားစရာ မရှိတော့ဘူး။ ရှင်က မိစ္ဆာမျိုးနွယ် တစ်ယောက်ကိုရော၊ လူသားမျိုးနွယ် တစ်ယောက်ကိုရော သတ်ပစ်လိုက်ပြီလေ။ ကောင်းကင်ဘုံ နယ်နမိတ် အလွန်မှာ ရှင်တော့ … ”
မိုဝူကျိက မျက်မှောင်ကျုတ်ကာ “ မင်းက ထုတ်ပြောမှာလား ”
လော့စီက ခေါင်းခါကာ
“ ဒီနေရာက အတော်လေး ထူးဆန်းတယ်လေ။ ရှင်က မိစ္ဆာမျိုးနွယ်ကို သတ်ထားပြီးတော့ သူတို့ပိုင်နက်အတွင်း ဝင်မယ်ဆိုရင် ကာကွယ်ရေး အစီအရင်က အချက်ပေးသံတွေ ထွက်လာလိမ့်မယ်။ လူသားမျိုးနွယ်လဲ အတူတူပဲ ”
ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် နှစ်ခုသာ ရှိပြီး ကျန်ရှိနေသည့် မျိုးနွယ်စုများမှာ မှော်မျိုးနွယ်နှင့် မြေအောက်မျိုးနွယ်တို့ ဖြစ်ကြပြီး သူတို့က တစ်နေရာ မဟုတ် တစ်နေရာ ပူးကပ်နေကြဆဲ ဖြစ်သည်။
“ ဒါကို ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား ” မိုဝူကျိက လော့စီ စကားများကို ကြားသောအခါ ပြောစရာပင် ရှာမတွေ့တော့ချေ။ သူက ဤနေရာအကြောင်း သိခါစ ဖြစ်ပြီး သွားစရာပင် မရှိသည့် အခြေအနေသို့ ကျရောက်သွားရသည်။
“ တစ်ခုတည်းသော ဖြေရှင်းနည်းက လူသားမျိုးနွယ်ဆီကို သွားပြီးတော့ အဲဒီ အင်မော်တယ်ကို သတ်လိုက်တဲ့ အကြောင်းအရင်းကို ရှင်းပြတာပဲ။ အဲဒီနောက်ကျ သိုလှောင်လက်စွပ်ကို ပေးရမယ်။ ပြီးသွားရင် ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရမယ် …”
လော့စီက ရှင်းပြလိုက်သော်လည်း မိုဝူကျိသည် သူ့မှော်ရတနာကို ပြပေးဖို့ အာခံခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ထိုသို့အရာမျိုး လုပ်မည် မဟုတ်ကြောင်း သိနေသည်။ ထို့အပြင် မိုဝူကျိ သတ်လိုက်သော သူမှာ စခန်း၌ အဆင့်အတန်းရှိသူ ဖြစ်နေ၏။
“ ကျမတို့တွေ နောက်မှ ဆက်ပြောကြမယ်။ အခု ကျမနောက်ကို အရင်လိုက်ခဲ့လိုက် …. ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး ” လော့စီက မိုဝူကျိအား တုံ့ပြန်ဖို့ရာ မစောင့်တော့ဘဲ တည်နေရာတစ်ခုရွေးကာ မြန်မြန် ထွက်သွားလေ၏။
***