စကြဝဠာနံရံကြီး
Vol. 54 Ch. 747
မိုဝူကျိက သိုလှောင်လက်စွပ် နှစ်ကွင်း မြန်မြန် ယူကာ လော့စီနောက်မှ လိုက်သွားလိုက်သည်။
လော့စီက အရမ်းမြန်ဆန်ပေ၏။ နေ့တစ်ဝက်အတွင်း သူမက မိုဝူကျိကို လူစည်ကားသော မြို့လေးဆီ ခေါ်သွားသည်။ မြို့အပြင်ဘက်၌ စာလုံးကြီးတချို့ ရေးထွင်းထားကာ “ ကောင်းကင်ဘုံအလွန် မြို့ငယ် ”
သူမက မြို့ထဲ မဝင်ခင် လော့စီက အနက်အဝတ်ကို ထုတ်ကာ သူမ မျက်နှာအား ကာထားလိုက်၏။ သူမက သူမ သွင်ပြင်မှာ ဒုက္ခတွေ့နိုင်ကြောင်း သိထားဟန် ပေါ်သည်။
မိုဝူကျိက မြို့ပြင်နှင့် မြို့ထဲ လူတန်းကြီးကို တွေ့သောအခါ အံ့အားသင့်မိသွားသည်။ ထိုလူများကား နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ်နှင့် အမည်မသိ မျိုးနွယ်များပင် ပါဝင်နေကြောင်း တွေ့လိုက်ရ၍ ဖြစ်သည်။
သူက လော့စီအား မမေးမြန်းနိုင်ခင် မူလက စကားများနေကြဟန် ပေါ်သော ကျင့်ကြံသူနှစ်ယောက်က စတင် တိုက်ခိုက်ကြတော့သည်။ အားလုံးက လမ်းဖယ်ပေးလိုက်ကြ၏။ မကြာခင် လူသားမျိုးနွယ် ကျင့်ကြံသူက အသတ်ခံလိုက်ရသည်။ တခြားကျင့်ကြံသူမှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်ပြီး လူသားမျိုးနွယ်၏ သိုလှောင်လက်စွပ်ကို ကောက်ယူကာ ထွက်သွားလေ၏။
ဖြစ်စဉ် တစ်ခုလုံး၌ မည်သူကမှ ရှေ့ထွက်ပြီး သူတို့အား မတားဆီးကြသလို မည်သူကမှ ဂရုစိုက်ကြဟန် မပေါ်ပေ။
“ လော့စီ … ငါက ကောင်းကင်ဘုံ နယ်နမိတ်အလွန်ကို လာလို့ မရဘူးဆို …. အခုက ဘာအဓိပ္ပါယ်လဲ။ ဒီမြို့ကရော ဘာလဲ။ ပြီးတော့ မျိုးနွယ်စုတွေ အစုံရှိနေရတာလဲ ” မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်သည်။
လော့စီက စိတ်ထဲ ထားဟန်မပေါ်ဘဲ ဆက်လျှောက်လှမ်းသွားလေ၏။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်
“ ရှင့်ကို လူသားမျိုးနွယ်စု ပိုင်နက်နဲ့ မိစ္ဆာမျိုးနွယ် ပိုင်နက်တွေ သွားလို့ မရဘူးလို့ ပြောခဲ့တာလေ။ ဒါက ကောင်းကင်ဘုံအလွန်မြို့လေ။ ရှင်က ဘယ်မျိုးနွယ်ပဲ ဖြစ်ဖြစ် ဒီကို လာလို့ ရတယ်။ ဒီကို လာကြတဲ့သူတိုင်းက ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ အလဲအလှယ် လုပ်ကြဖို့ …. စောစောလေးက တိုက်နေကြတဲ့ နှစ်ယောက်ကို မြင်လား။ သူတို့က အလဲအလှယ်လုပ်တုန်း ညှိမရကြလို့ပဲ … ”
“ညှိမရတာနဲ့ သတ်ပစ်ရောလား ” မိုဝူကျိက ချွေးအေးပင် ထွက်လာမိ၏။
လော့စီက နှာခေါင်းရှုံ့ကာ
“ ဒီနေရာက တောအုပ်ရဲ့ ဥပဒေသလိုမျိုးပဲလေ။ အားကောင်းတဲ့သူက အုပ်စိုးမှာပဲ။ ဒါပေမဲ့ ဒီလို မတော်တဆဖြစ်ရပ်မျိုးက ရှားပါတယ်။ ပုံမှန်ဆိုရင် လူတွေက တစ်ဖက်လူကို အနိုင်မယူနိုင်ရင် ထွက်ပြေးသွားကြတာပဲလေ။ သတ်ဖြတ်တာတွေကို တွေ့ရတတ်ပေမဲ့လည်း မျိုးနွယ်စု တူတဲ့အတွင်း ပိုဖြစ်တတ်တယ် ”
“ ဒီလိုဆိုမှတော့ ဘယ်သူက ဒီနေရာမှာ အလဲအလှယ် လုပ်ရဲမှာလဲ ” မိုဝူကျိက နားမလည်သေးပေ။
လော့စီက တည်ငြိမ်စွာ ပြောလိုက်သည်
“ ဒီနေရာမှာ ဂုဏ်သတင်းက အရေးကြီးတယ်လေ။ နမူနာအနေနဲ့ဆိုရင် တကယ်လို့ လူတစ်ယောက်ကို သုံးကြိမ်ထက်ပိုပြီးတော့ အတင်းကျပ် ရောင်းခိုင်း၊ ဝယ်ခိုင်းမယ်ဆိုရင် ဒီမြိုထဲကို ဝင်ခွင့် မရှိတော့ဘူး။ အတင်းကျပ် ရောင်းခိုင်း၊ ဝယ်ခိုင်းတဲ့သူတွေကို စောင့်ကြည့်နေတဲ့ အစီအရင်တစ်ခု ရှိတယ်လေ။ လူတွေက အလဲအလှယ် မလုပ်ခင် သူတို့က ရှင့်ရဲ့ ဂုဏ်သတင်း အဆင့်ကို ကြည့်ကြလိမ့်မယ်။
ပုံမှန်ဆိုရင် အားလုံးက လဲလှယ်ဖို့ ဈေးဆိုင် ဒါမှမဟုတ် ကုန်သည်အိမ်တော်ဆီ သွားလေ့ရှိတယ်။ စောစောက ကျမတို့ မြင်ခဲ့သလို လမ်းဘေးအလဲအလှယ်တွေက မှားယွင်းနေတာပေါ့
တစ်ခုခု ဖြစ်လာတာနဲ့ အသက်ရှင်ကျန်သူက အခြေအနေကို မြို့ရဲ့ ကူးသန်းရောင်းဝယ်ရေး ကြီးကြပ်ရေးမှူးဆီ သွားသတင်းပို့ရတယ်လေ။ တကယ်လို့ ရှင်းပြချက် မပေးဘူးဆိုရင် အဲဒီကျင့်ကြံသူကို မြို့ထဲ ပြန်ဝင်လာခွင့် မပြုဘူး။ စောစောက ထွက်ပြေးသွားတဲ့ မိစ္ဆာမျိုးနွယ် ကျင့်ကြံသူလိုမျိုးပေါ့ … ”
မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး “ အဲဆို ကျုပ်က မိစ္ဆာမျိုးနွယ်တို့၊ လူသားမျိုးနွယ်တို့ဆီ မဝင်နိုင်ပေမဲ့ ဒီမှာတော့ အနည်းဆုံး နေလို့ ရတာပေါ့ ”
လော့စီက မထူးမခြားနား ပြောလိုက်သည်
“ မဖြစ်နိုင်ဘူး။ ဒါက ဈေးမြို့လေးလေ။ တကယ်လို့ သုံးရက်ထက် ပိုပြီး နေမယ်ဆိုရင် နှင်ထုတ်ခံရလိမ့်မယ်။ ရှင့်ဆီမှာ ဈေးဆိုင်တို့၊ ကုန်သည်အိမ်တော်တို့ နေရာ ခြေကုပ်တစ်နေရာ ရထားတာမျိုးဆိုရင်တော့ တမျိုးပေါ့။ ဒါပေမဲ့လည်း သာမာန်လူတစ်ယောက်အနေနဲ့ ကုန်သည်အိမ်တော်တို့၊ ဈေးဆိုင်တို့ ဆိုတာ မတတ်နိုင်ကြဘူး။ တကယ်လို့ တတ်နိုင်ရင်လည်း ကာကွယ်ဖို့ရာ ခက်ခဲတယ်။
ရှင်ကတော့ သုံးရက်တိုင်း တစ်ခေါက် ပြန်လာရင် ရတယ်လို့ ပြောနိုင်ပေမဲ့ မြို့ထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေမှာလား ….. အဲဆို ကျင့်ကြံဖို့ကရော။ တကယ်လို့ ကျင့်ကြံဖို့ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဘုံအလွန်မြို့လေးက နာမည်ကြီးမှာကို မဟုတ်ဘူး ”
“ မင်းရဲ့ နောက်ဆုံးစကားက ဘာအဓိပ္ပါယ်လဲ ” မိုဝူကျိက မရေမရာ မေးလိုက်သည်။
လော့စီက ရှင်းပြလိုက်လေ၏
“ ကောင်းကင်ဘုံအလွန်မြို့လေး ကျော်ကြားတဲ့အကြောင်းအရင်းက အစိမ်းရောင်ကျောက် အပိုင်းအစတွေကို ထုတ်လုပ်နိုင်လို့ပဲ။ အဲဒီ ပစ္စည်းတွေထဲမှာ အားကောင်းတဲ့ တာအိုစွမ်းအားတွေ ပါတယ်။ တကယ်လို့ အဲဒါကို သုံးပြီးတော့ ကျင့်ကြံရင် သက်ရောက်မှုက အင်မော်တယ် ကျောက်တွေထက်တောင် ပိုသာတယ်။ အဲဒါကြောင့်မလို့ ကောင်းကင်ဘုံအလွန်မြို့လေးမှာ အသက်ရှင်နေနိုင်တာနဲ့ ကျင့်ကြံဆင့်ကလည်း သေချာပေါက် တိုးတက်သွားလိမ့်မယ် … ”
မိုဝူကျိက အစိမ်းရောင်ကျောက်များအကြောင်း မေးတော့မည့်ဆဲဆဲတွင် ဈေးဆိုင်အတွင်း လူတစ်ယောက် ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်။ ထိုလူ ဝယ်ထားသော ပစ္စည်းမှာ အရွက်မဲ့ အကြောတရာ အသီး ဖြစ်နေ၏။
အရွက်မဲ့ အကြောတရာ အသီးမှာ အဆင့် ၈ အင်မော်တယ်အသီး ဖြစ်ပြီး အင်မတန် ရှားပါးပေသည်။ အကယ်၍ ဤသို့သော အင်မော်တယ်အသီးမျိုးသာ အင်မော်တယ်လောက၌ ပေါ်လာပါက လေလံပွဲကြီး၌သာ ရောင်းချပေလိမ့်မည်။
ဤသို့မျိုး ကြုံရာကျပန်း ဈေးဆိုင်၌ ပေါ်လာသည့်အကြောင်း တွေးကြည့်လိုက်လျှင် …..
မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက ထိုလူကြီးသည် အင်မော်တယ်ရည်ဆေးလုံးနှင့် လဲလှယ်လိုနေခြင်း ဖြစ်ကြောင်း ကြားလိုက်ရသည်။ သူ့တွင် ထိုဆေးလုံး ရှိနေပြီး ထိုဆေးလုံးမှာ ကုသဆေးလုံး ဖြစ်ပြီး သူ လော့စီအား ပေးလိုက်သော ဗောဓိစိမ်းဆေးလုံးထက်ပင် ဆိုးရွားနေသေး၏။ အဆင့် ၅ ကုသဆေးလုံးမျှသာ ဖြစ်ပေသည်။ ဆေးလုံးတစ်လုံးကို မဆိုထားနှင့် ဆေးတစ်ပုလင်းလုံးပင် ထိုအသီးနှင့် မထိုက်တန်သေးပေ။
အရွက်မဲ့ အကြောတရာ အသီးမှာ အင်မတန် ရှားပါးလှသော အဆင့် ၈ အင်မော်တယ် အသီး ဖြစ်ကာ အင်မော်တယ် နိဗာနလမ်းကြောင်း ဆေးလုံး ဖော်စပ်ဖို့ရာ အသုံးပြုနိုင်သည်။ အင်မော်တယ် နိဗာန လမ်းကြောင်းဆေးလုံးမှာ အင်မော်တယ်လောတစ်ခုလုံး၌ ဝိညာဉ်လမ်းကြောင်းများ ပြန်လည် ကုသရာ၌ အကောင်းဆုံးဆေးလုံးအဖြစ် မှတ်ယူနိုင်ပေသည်။ အဆင့် ၅ အင်မော်တယ်ရည်ဆေးလုံးက ထိုသို့ အရွက်မဲ့ အကြောတရာ အသီးနှင့် မည်သို့များ ထိုက်တန်မည်နည်း။
“ ခင်ဗျားကို သန့်စင်ဆေးလုံး နှစ်လုံးပဲ ပေးနိုင်တယ်။ ခင်ဗျားရဲ့ဟာက အင်မော်တယ်ရည်ဆေးလုံးအတွက် မလုံလောက်သေးဘူး ” ဆိုင်ပိုင်ရှင်က မထူးမခြားနား ပြောလိုက်သည်။
မိုဝူကျိက အန်ထွက်လုမတတ် ဖြစ်သွားလေ၏။
လူတစ်ယောက်က အဆင့် ၈ အရွက်မဲ့ အကြောတစ်ရာအသီးကို အဆင့် ၄ သန့်စင်ဆေးနှစ်လုံးဖြင့် လဲဖို့ရာ ပြောနေတာလား …
အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို ဤသို့ ပြောရဲပါက သူ့ခြေထောက်များဖြင့် ကန်လွှတ်မိလိမ့်မည်။
မိုဝူကျိကို ပို၍ အံ့အားသင့်စေသည်က အရွက်မဲ့ အကြောတရာ အသီး ပိုင်ရှင် လူကြီးက ထိုဆေးနှစ်လုံးနှင့် လဲလှယ်ရန် အမှန်တကယ် စဉ်းစားနေခြင်း ဖြစ်၏။
“ခဏ …” မိုဝူကျိက ရှေ့တိုးဖို့ရာ လုပ်လိုက်သည်။ သူ့တွင် အင်မော်တယ်ရည်ဆေးလုံး ရှိနေလေ၏။ ထိုဆိုင်ပိုင်ရှင်က မလဲလှယ်လိုလျှင်လည်း သူက လဲလှယ်လိုပေသည်။ အရူးသာ အမြတ်ထောင်ချီ မြတ်နေသော ထိုသို့စီးပွားရေးမျိုး မလိုချင်ကြမည် ဖြစ်ပေသည်။
“ မြန်မြန် သွားရအောင် …” မိုဝူကျိ မသွားလိုက်နိုင်ခင် လော့စီက မိုဝူကျိအား ဆွဲခေါ်ကာ ထွက်သွားလိုက်၏။
မိုဝူကျိက ထိုအပြုအမူနောက်မှ အကြောင်းအရင်းကို နားမလည်သော်လည်း ဘာမှမပြောပေ။ လော့စီက သူ့ထက် အရင်ရောက်ဖူးသည့်အတွက် သူမက ဤအခြေအနေများအား ပို၍ သိရှိပေလိမ့်မည်။
သူတို့တွေ လူသူကင်းရှင်းသည့် လမ်းကြားထဲ ရောက်လာသည့်အခါမှ လော့စီက မြန်မြန် ပြောလိုက်သည် “ ရှင်က အဲဒီ အရွက်မဲ့ အကြောတရာ အသီးနဲ့ လဲလှယ်ဖို့ ကြံနေတာလား ”
“ ဟုတ်တယ်လေ …. ဘာဖြစ်လို့လဲ ” မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။
လော့စီက သက်ပြင်းချကာ
“ တကယ်လို့ အလဲအလှယ်လုပ်နေတဲ့သူကို ခေါ်ထုတ်လိုက်ရင် ရှင် သေသွားလိမ့်မယ်။ အရင်ဆုံး ရှင်က ဆိုင်ပိုင်ရှင်ကို ရန်စမိသွားပြီလေ။ ဒီနေရာမှာ ဆိုင်ဖွင့်နိုင်ကြတဲ့သူတိုင်းက သေချာပေါက် ရိုးရှင်းတဲ့သူတော့ မဟုတ်ဘူးပေါ့။
ဒုတိယအနေနဲ့ဆိုရင် ရှင့်ဆီမှာ အင်မော်တယ်ရည်ဆေးလုံး ရှိတယ်ဆိုတာကို ဖော်ထုတ်မိလိမ့်မယ်။ ရှင့်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် လူအုပ်လိုက်ကြီးက ရှင့်နောက်ကို လိုက်ပြီးတော့ ပစ္စည်းတွေကို လုကြလိမ့်မယ်။ သူတို့က ဒီမြို့ကို ထပ်မလာနိုင်တော့ဘူးဆိုရင်တောင် လုပ်ကြမှာပဲ။
ရှင် ကျမကို ပေးတဲ့ ဗောဓိစိမ်းဆေးလုံးနဲ့ဆိုရင် မြို့အများကြီးကို ဝယ်လို့ ရနေပြီ။ ကောင်းကင်ဘုံ နယ်နမိတ်အလွန် တစ်ခုလုံးမှာ ရှင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ရှင့်ဆီမှာ အဲလိုပစ္စည်းတွေ ရှိနေတယ်ဆိုတာကို ထုတ်မပြောရဘူး။ တကယ်လို့ ပြောမိရင် သေခြင်းတရားက စောင့်ကြိုနေလိမ့်မယ် … ”
“ ဘာလို့လဲ ” မိုဝူကျိက ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ အလွန်ထူးဆန်းကြောင်း ခံစားလာရသည်။
လော့စီက ရှင်းပြလိုက်၏
“ ဒီနေရာမှာ အစိမ်းရောင်ကျောက်တွေ၊ ရှားပါးတဲ့ သတ္တုတွေနဲ့ ဆေးပင်တွေ ပြတ်လပ်မနေဘူးလေ။ တကယ်လိုအပ်နေတာက ပန်းပဲဆရာနဲ့ ဆေးလုံးဆရာတွေပဲ။ ပြီးတော့ အခု တိုက်ပွဲတွေ ဖြစ်နေကြတာဆိုတော့ မှော်ရတနာတွေနဲ့ ကုသဆေးလုံးတွေ လုပ်ဖို့က အရမ်းကို အဖိုးတန်ပြီးတော့ ရှားပါးတယ်လေ။ အဲဒါကြောင့် ပန်းပဲဆရာတွေ၊ ဆေးလုံးဆရာတွေက အစအနမရှိ ပျောက်ပျောက်သွားကြတာ …..”
“ အဲဆို ထိပ်တန်း အဆင့် သတ္တုတွေနဲ့ အင်မော်တယ်ဆေးပင်တွေက ဘယ်က ရောက်လာတာလဲ ” မိုဝူကျိက အလျှင်စလို မေးလိုက်သည်။
“ စကြဝဠာ နံရံကနေ ကျလာတာ ” လော့စီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ မိုဝူကျိက မေးခွန်းမထုတ်ခင် ဆက်ပြောလိုက်သည်
“ စကြဝဠာနံရံဆိုတာက စောစောလေးက မြင်ခဲ့တဲ့ တိုက်ပွဲနယ်မြေရဲ့ အပေါ်ဘက် အာကာပြင်ကို ပြောတာလေ။ နှစ်ရက်သုံးရက်အတွင်း အဲဒီတိုက်ပွဲနယ်မြေ အပေါ်ဘက်ကနေ အဆုံးမဲ့ လမ်းကြောင်းကြီး ပေါ်လာလိမ့်မယ်။
အဲဒီလမ်းကြောင်းကို ဘယ်လိုလုပ်ထားတာလဲဆိုတာ မသိကြဘူး။ ကျမတို့တွေ သိတာက အဲလမ်းကြောင်းကနေ အစိမ်းရောင်ကျောက်တွေ အပိုင်းအစတွေ၊ ထိပ်တန်း အင်မော်တယ် ဆေးပင်၊ ပန်းပဲသတ္တုတွေနဲ့ ထိပ်တန်း မှော်ရတနာတွေကို ယူလာပေးတယ် ဆိုတာပဲ သိတယ် … ”
“ ထိပ်တန်းအဆင့် အင်မော်တယ်ဆေးပင်တွေနဲ့ သတ္တုတွေက အဲကနေ ကျလာတယ်လို့ ပြောချင်တာလား ” မိုဝူကျိက တအံ့တဩ မေးလိုက်သည်။
“ ဟုတ်တယ် ….” လော့စီက ခေါင်းညိတ်ပြလိုက်သည်
“ စကြဝဠာနံရံ ပွင့်လာတာနဲ့ အထဲမှာရှိနေတဲ့ ကျောက်နံရံအတွင်းဘက်မှာ ထိပ်တန်းအဆင့် ရတနာတွေ ပြည့်နှက်လာတာပဲ။ အဲဒီအချိန်ကျ မျိုးနွယ်စုက ဘယ်လိုဖြစ်ဖြစ် ကျင့်ကြံသူအားလုံးက ရတနာလုဖို့ အချင်းချင်း တိုက်ကြတော့တာပဲ … ”
မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ အချိန်တစ်ချို့ကြာပြီးနောက် သူက မေးလိုက်သည် “ အဲဆို စကြဝဠာနံရံလမ်းကြောင်းရဲ့ အဆုံးဘက်ကို သိတဲ့သူ ရှိလား ”
“ ဘယ်သူမှ မဖြတ်ဖူးဘူးလေ။ အချိန်တစ်ခုကြာသွားရင် အဲလမ်းကြောင်းက ပိတ်သွားလိမ့်မယ်။ အထဲမှာ ရှိတဲ့အားလုံးက ကျတ်တီးနယ်မြေဆီ ရောက်လာတာပဲ။ အဲဒါကြောင့် တိုက်ပွဲကြီးတွေက စကြဝဠာနံရံကြီး ပွင့်လာတိုင်း ဖြစ်နေကြတာလေ။ နှစ်ဖက်လုံးက ဆုလာဘ်အတွက် တိုက်ခိုက်နေကြတာပေါ့ ”
မိုဝူကျိက လော့စီအား ကြားဖြတ်မေးလိုက်သည် “ အရင်တုန်းက ငါ မြင်ခဲ့တဲ့ တိုက်ပွဲကလည်း အဲဒါကြောင့်လား ”
“ မဟုတ်ဘူး …” လော့စီက ခေါင်းခါလိုက်သည်
“ တစ်ခါတစ်လေကျတော့ စကြဝဠာနံရံက တစ်နှစ်တစ်ခေါက် ပွင့်တယ်။ တစ်ခါတစ်လေကျ နှစ်နှစ် သုံးနှစ်နေမှ တစ်ခါ ပွင့်တယ်။ စကြဝဠာနံရံ မပေါ်လာသေးရင် နှစ်ဖက်လုံးက အရင်းအမြစ်တွေအတွက် တိုက်ပွဲတွေ ဖြစ်ကြတယ်လေ။ ရှင် မြင်လိုက်တဲ့ တိုက်ပွဲကလည်း အဲဒါကြောင့်ပဲ …. ”
မိုဝူကျိက အတော်လေး စိတ်ရှုပ်ထွေးနေသည်ကို မြင်သောကြောင့် လော့စီက ဆက်ရှင်းပြလိုက်၏
“ စကြဝဠာနံရံ ပွင့်လာရင် ဘယ်သူဖြစ်ဖြစ်၊ စကြဝဠာနံရံကနေ ဘာပဲ ရလာရလာ ရှင် အသက်ရှင်နေရင် ရှင့်အပိုင်ပဲ။ ဒါပေမဲ့ ရှင် နေတဲ့ နယ်မြေကိုတော့ တစိတ်တပိုင်း ဆက်သရတော့ပေါ့။ တိုက်ပွဲတိုင်းက အရင်းအမြစ်တွေ လုဖို့ ဖြစ်လာကြတာချည်းပဲ …
တိုက်ပွဲ ဆုလာဘ်ရဲ့ အစိတ်အပိုင်းအသေးလေးကို ရှင့်ရဲ့ နယ်မြေဆီ ပေးရုံပဲ။ တကယ်တော့ အင်မော်တယ် ဆေးပင်တွေနဲ့ သတ္တုတွေက အဖိုးတန်ပေမဲ့ ဒီနေရာမှာ အဖိုးတန်ဆုံးက အစိမ်းရောင်ကျောက်တွေပဲ …. ”
မိုဝူကျိက နားလည်သွားလေ၏။ အရင်းအမြစ် ရှားပါးမှုကြောင့် တိုက်ပွဲတွေ ဖြစ်လာကာ နှစ်ဖက်လုံးကလည်း တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
သူက အစိမ်းရောင်ကျောက်ကို ကြားသည့်အခါ တာ့ဟွမ်၏ အစိမ်းရောင်ကျောက်ကိုပါ ရုတ်တရက် သတိရသွားလေ၏။
ထိုအရာလည်း အစိမ်းရောင် မဟုတ်ပေဘူးလား …
ထိုအတွေးဖြင့် မိုဝူကျိက သိုလှောင်လက်စွပ်တစ်ကွင်းကို မြန်မြန် ထုတ်လိုက်သည်။ သူ့စိတ်စွမ်းအားဖြင့် အတားအဆီးကို ဖျက်စီးပစ်လိုက်ပြီး လက်စွပ်အတွင်းကို စစ်ဆေးကြည့်လိုက်သည်။
သူ့စိတ်စွမ်းအားထဲ အစိမ်းရောင်ကျောက် ပေါ်လာသည်နှင့် မိုဝူကျိ၏ စိတ်နှလုံးသားမှာ ပျော်ရွင်မိသွားသည်။ ထိုကျောက်မှာ သူ လိုအပ်နေသောကျောက် ဖြစ်နေသည်။ တာ့ဟွမ်ကို အားဖြည့်ပေးသည့် ကျောက် ဖြစ်နေရုံသာမက သူ့ကျင့်ကြံရေးအတွက်လည်း အသုံးပြုလို့ ရပေ၏။ ထိုကျောက်ဖြင့် သူက အင်မော်တယ်ဘုရင်အဆင့်အား အပူအပင်မရှိ ကျော်ဖြတ်နိုင်ပေလိမ့်မည်မှန်း ယုံကြည်ချက် အပြည့်ရှိ၏။
ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ နေရာကောင်းတစ်ခု ဖြစ်၏။ မိုဝူကျိက ဤနေရာမှာ မဆိုးလှကြောင်း ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်ပေသည်။
***