ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးအတွင်း လူသစ်လေ
Vol. 54 Ch. 748
“ အင်မော်တယ်ရောင်းရင်း လော့စီ …. အဲဆို ဒီနေရာမှာ ဈေးဆိုင် ဘယ်လိုဖွင့်ရမလဲဆိုတာကိုရော သိလား ” မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့သည် တော်ဝင် ကျင့်ကြံနယ်မြေတစ်ခု ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီးနောက် သူက ဤနေရာ၌ ခြေကုပ်ရဖို့ရာ အလျှင်လိုနေလေ၏။
ယွမ်ကျယ်နှင့် တိုက်ခိုက်ပြီးနောက် သူက အလွန်အားနည်းနေကြောင်း သေချာသိသွားမိသည်။
လော့စီက မိုဝူကျိအား နေရခက်စွာ ကြည့်လိုက်ပြီးနောက် ခဏတုံ့ဆိုင်းနေကာ
“ မဖြစ်နိုင်တာ မဟုတ်ဘူးဆိုပေမဲ့ အရမ်းခက်တယ်။ ပထမနည်းလမ်းက ကောင်းကင်ဘုံ အလွန်မြို့အတွက် အရောင်းအဝယ် စီမံခန့်ခွဲရေးမှာ ဝင်ပြီးတော့ လာဘ်ထိုး … အဲဆို သူတို့ဆီက အကူအညီ ရနိုင်တယ်။ သူတို့က ဘယ်ဈေးဆိုင်တွေက စာချုပ်သက်တမ်းပြည့်တော့မှာ၊ ဘယ်ဆိုင်တွေက ပြန်စာချုပ် ချုပ်ထားပြီးပြီလဲဆိုတာတွေကို အသိဆုံးပဲလေ ”
မိုဝူကျိက တအံ့တဩ မေးလိုက်သည် “ အဲဆို ဆိုင်ပိုင်ရှင်တွေက ဆိုင်ကို ဆက်အုပ်ချုပ်ခွင့် တစ်ခုပဲ ရှိတာလား။ ကျန်တဲ့အခွင့်အရေးတွေက စီမံခန့်ခွဲရေးက ပိုင်တာလား ”
လော့စီက ခေါင်းခါကာ
“ အဲလိုတော့ မဟုတ်ဘူး။ လူတစ်ယောက်က ဆိုင်ကို ဝယ်တော့မယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်လာတာလေ။ ဒါပေမဲ့ ပိုင်ရှင်က ကောင်းကင်ဘုံအလွန်မြို့ကို သုံးနှစ်အတွင်း ပြန်ရောက်မလာခဲ့ရင် သူ့ဆိုင်ကို စီမံခန့်ခွဲရေးက အပိုင်သိမ်းပြီးတော့ တခြားသူဆီ ဌားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် လုပ်လို့ ရသွားပြီ။
တကယ်တော့ ကောင်းကင်ဘုံအလွန်မြို့ကနေ ထွက်သွားမယ်ဆိုပြီး ရယ်ရွယ်ထားတဲ့ လူတွေက သူတို့ဆိုင်ကို ရောင်းမဲ့အကြောင်း စီမံခန့်ခွဲရေးဆီ လှမ်းအကြောင်းကြားရတယ်
ဒါပေမဲ့ စီမံခန့်ခွဲရေးက လူတွေက အသိတရားရှိတဲ့လူတွေ မဟုတ်ဘူး။ သူတို့က အကျိုးမြတ်ကိုပဲ တွက်ချက်နေကြတာ။ လူနှစ်ယောက်က သူတို့ကို ပစ္စည်းတွေ လက်ဆောင်ပေးမယ်ဆိုရင်တောင် တန်ဖိုးမြင့် ပေးတဲ့သူကိုပဲ သူတို့က ကူညီပေးလိမ့်မယ်။
တန်ဖိုးနည်း ပစ္စည်းကိုလည်း ပြန်ပေးမှာတော့ မဟုတ်ဘူး။ တကယ်လို့ သူတို့ဆီက အကူအညီ ထပ်လိုချင်ရင် နောက်ထပ် ပစ္စည်းတစ်ခု ထပ်ပေးရလိမ့်မယ်။ အရင်ပေးခဲ့တဲ့ တစ်ခုကိုတော့ လုံးဝသာ မေ့ထားလိုက်တာ အကောင်းဆုံးပဲ …. ”
အမှန်တကယ်ကို အကျင့်စရိတ္တပျက်ပြားနေကြတာပဲ ….
မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ဆက်မေးလိုက်သည် “ အဲဆို နောက်ထပ် နည်းလမ်းကရော ”
“ ဒုတိယနည်းလမ်းက တကယ်လို့ ရှင်သာ ဘယ်ဈေးဆိုင်က ရောင်းတော့မှာလဲဆိုတာ သိရင် အရင်ဦးဆုံး ဆိုင်ပိုင်ရှင်ဆီ ဆက်သွယ်ပြီး ဝယ်ဖို့ ကြိုးစားကြည့်လိုက်။ ဒီနည်းလမ်းက အတော်လေး ခက်တယ်။ ဒီနေရာမှာ လစ်ဟာနေတဲ့ ဆိုင်တွေက သိပ်မရှိဘူးလေ။ ပြီးတော့ အဖြစ်နိုင်ဆုံး နည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ စကြဝဠာနံရံကြီး ပွင့်လာရင် လစ်ဟာသွားတဲ့ဆိုင်တွေ ရှိလိမ့်မယ်။ အဲလိုဖြစ်လာတဲ့အခါကျ မြန်မြန် လက်ဦးမှုယူပြီး တစ်ခုကို လုထားလိုက် …” လော့စီက ရှင်းပြလိုက်သည်။
မိုဝူကျိက စိတ်ဝင်စားမှု မြင့်တက်လာကာ မြန်မြန် မေးလိုက်သည် “ စကြဝဠာနံရံကြီး ပွင့်လာတဲ့အခါကျ ဘာလို့ ဆိုင်တွေက နေရာလွတ်သွားတာလဲ ”
လော့စီက ထပ်ရှင်းပြလိုက်သည်
“ ဘာလို့လဲဆိုတော့ ကျင့်ကြံရေး အရင်းအမြစ်တွေက စကြဝဠာနံရံကနေ ရမှာလေ။ အဲဒါပေါ်လာတာနဲ့ ဆိုင်ပိုင်ရှင်တွေလည်း အဲနေရာကို သွားပြီးတော့ ရတနာသွားလုကြတာပဲ။ အများစုက စကြဝဠာနံရံကြီးထဲမှာ သေရင်သေ ဒါမှမဟုတ်ရင် ကျတ်တီး တိုက်ပွဲနယ်မြေမှာ သေရင်သေ …
သူတို့သေသွားရင် သူတို့ဆိုင်တွေက ချက်ချင်း အားသွားတာပဲလေ။ တကယ်လို့ ရှင်သာ စီမံခန့်ခွဲရေးဘက်က မသိခင် ဆိုင်ကို ယူနိုင်မယ်ဆိုရင်တော့ ဆိုင်ရဖို့ အခွင့်အရေး ရှိတယ် ”
“ တကယ်လို့ အဲလို လုပ်လိုက်ရင် စီမံခန့်ခွဲရေးဘက်က ခွင့်ပြုထားပါ့မလား ”
“ ရှင်က သေသွားတဲ့ အဲဒီလူက ရှင့်ရဲ့မိတ်ဆွေ ဒါမှမဟုတ် ဂိုဏ်းတူသားလို့ ပြောလိုက်ရုံပဲ။ အားလုံးက ရှင် လိမ်နေမှန်း သိပေမဲ့လည်း ရှင်က အရင်ဆုံးရထားတဲ့သူဆိုတော့ ဘယ်သူမှ ရှင့်ကို မောင်းထုတ်မှာ မဟုတ်ဘူး ”
“ …..” မိုဝူကျိက ပြောစရာပင် ရှာမတွေ့တော့ချေ။ သူက အမှန်တကယ် ဤသို့နေရာမျိုး ရောက်နေပေ၏။
“ ကျမကို ကယ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ကျမက ရှင့်ကို ပြန်မကူညီနိုင်တာ စိတ်မကောင်းပါဘူး။ ကျမ ပြန်သွားတော့မယ်။ ဒါပေမဲ့ ရှင့်ကို တစ်ခု သတိပေးခဲ့ရဦးမယ်။ ရှင်က အာဏာမရှိဘဲ ဆိုင်ရခဲ့တယ်ဆိုရင်တောင် ဆိုင်ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး ” လော့စီက မိုဝူကျိအား ကူညီပေးချင်သော်လည်း သူမ စွမ်းဆောင်ရည်မှာ ကန့်သတ်ချက် ရှိနေပေ၏။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ အင်မော်တယ်ရောင်းရင်း လော့စီ … ကျုပ်ကို အများကြီးကူညီပေးခဲ့ပြီးပါပြီ။ ကျုပ်နာမည် မိုဝူကျိပါ …. ”
အချိန်ခဏကြာပြီးနောက် မိုဝူကျိက ဆက်ပြောလိုက်သည်
“ အင်မော်တယ်ရောင်းရင်းလော့စီကို ကြည့်ရတာ မိစ္ဆာမျိုးနွယ်က ဟုတ်ပုံ မပေါ်ဘူး။ ပြီးတော့ ကျင့်စဉ်ကလည်း မိစ္ဆာမျိုးနွယ်နဲ့ မဆိုင်ဘူး။ အဲလိုဆိုမှတော့ ဘာလို့ သူတို့နဲ့ နေနေတာလဲ ”
လော့စီက သက်ပြင်းချကာ
“ ကျမ ဒီကို ရောက်လာတုန်းက လူသားမျိုးနွယ်တစ်ယောက်က ကျမကို လုယက်ဖို့ ကြိုးစားတာနဲ့ သတ်ပစ်လိုက်တာ … ရှင်လည်း သိတဲ့အတိုင်း လူသားမျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်မှတော့ မိစ္ဆာမျိုးနွယ်ဆီပဲ သွားလို့ ရတော့တာလေ။ အဲဒါကြောင့်မလို့ မိစ္ဆာနယ်မြေမှာ နေထိုင်ရင်းနဲ့ စကြဝဠာနံရံ ပွင့်လာတိုင်း တိုက်ပွဲတွေ ဖြစ်လာရင် ကျမက မိစ္ဆာမျိုးနွယ်ဘက်ကန လူသားတွေကို သတ်နေရတာ။ အခုမှတော့ နောက်ဆုတ်လို့လည်း မရတော့ဘူးလေ။
တကယ်တော့ ကျမ ဒီနေရာကနေ ထွက်သွားချင်နေတာ ကြာလှပြီ။ ဒါပေမဲ့လည်း ဒီနေရာက ထွက်သွားဖို့ဆိုတာက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ အင်မော်တယ်ရောင်းရင်းမို ကျမကို ကယ်ပေးတဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် …. ”
“ခဏ … ကျုပ် သိုလှောင်လက်စွပ်တချို့ ရလာတယ်။ ခင်ဗျားကို တစ်ကွင်း ပေးလိုက်မယ် ” မိုဝူကျိက လော့စီတွင် သိုလှောင်လက်စွပ် မရှိကြောင်းကို သတိထားလိုက်မိသည်။ သူက သိုလှောင်လက်စွပ် နှစ်ကွင်း ရလာခဲ့သည် မဟုတ်ပါလော။
“ မလိုပါဘူး …ကျမှာလည်း ရှိပါတယ်။ ရှင်က ကျမကို အများကြီး ကူညီပေးပြီးပါပြီ။ ပြီးတော့ ဒီမှာ ဆိုင်ခန်းငယ် ပိုင်ရှင်နဲ့ ကတောက်ကဆ ဖြစ်လို့ရပေမဲ့ ဆိုင် ပိုင်ရှင်နဲ့တော့ စကားမများမိစေနဲ့ ” ထိုသို့ပြောကာ လော့စီက ထွက်ခွာသွားလေ၏။
မိုဝူကျိက သက်ပြင်းချကာ လော့စီသည် သူ့ကို မကူညီနိုင်ကြောင်း သိပေသည်။ သူ့အကြောင်း ထည့်မပြောလျှင်ပင် လော့စီ ကိုယ်တိုင်ကပင် သေခြင်း၊ ရှင်ခြင်း နယ်နမိတ်ကြား ဆက်တိုက် ပြေးလွှားနေရဆဲ ဖြစ်၏။ မိုဝူကျိက လော့စီအပေါ် အမြင်ကောင်း ရှိလေ၏။ သူက သူမသည် သိုလှောင်လက်စွပ်အကြောင်း အမှန် ပြောလား၊ မပြောလား မသိသော်လည်း သူ သိသည့်အရာတစ်ခုတော့ ရှိပေသည်။ လော့စီက အလျှင်စလို ထွက်သွားခြင်းမှာ သူ့ကို များများစားစား မကူညီပေးနိုင်သည့်အတွက် အားနာစိတ် ခံစားမိ၍ ဖြစ်၏။
တကယ်တော့ မိုဝူကျိက လော့စီအား မေးချင်သော မေးခွန်းရှိပေသည်။
ကျတ်တီး တိုက်ပွဲနယ်မြေ၌ အဘယ်ကြောင့် မနေထိုင်ကြတာလဲ ….
လော့စီက အလျှင်စလို ထွက်သွားသောကြောင့် မေးခွန်းကို မမေးလိုက်ရပေ။
မိုဝူကျိက သူ့ကိုယ်သူ ဆိုင်တစ်ဆိုင် ရှာရန် ဆုံးဖြတ်လိုက်သည်။ သူက အင်မော်တယ်ကျောက် အများအပြားရှိပေ၏။ လော့စီက ဤနေရာ၌ ဆိုင်ဖွင့်ဖို့ရာ အရမ်းခက်ခဲကြောင်း ပြောသော်လည်း သူက တစ်ခုပြီး တစ်ခု လိုက်မေးကြည့်ချင်သေး၏။ သူက တစ်ခုခု ရလာနိုင်သည် မဟုတ်ပါလော။
မိုဝူကျိ သွားလိုက်သည့် ပထမဆုံးဆိုင်မှာ ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဆိုင် ဖြစ်ပြီး ဆိုင်မှာ အတော်လေး ကြီးမားကျယ်ဝန်းကာ အထဲတွင် လူအများအပြားလည်း ရှိနေသည်။ မိုဝူကျိက ဤဆိုင်သည် ရောင်းချဖို့ရာ မဟုတ်ကြောင်း သိသော်လည်း ဆိုင်ပိုင်ရှင်အား မေးကြည့်ဖို့ရာ ဆုံးဖြတ်လိုက်သည်။
ဆိုင်ပိုင်ရှင်က မိုဝူကျိသည် ဆိုင်ဝယ်လိုကြောင်း ပြောသည်ကို ကြားသောအခါ ထိုသူ မျက်နှာမှာ အေးစက်လာကာ ထွက်ပေါက်သို့သာ လက်ညိုးထိုးပြလိုက်သည်။ သူက မိုဝူကျိ၏ မေးခွန်းကို ပြန်ဖြေဖို့ရာ စိတ်ကူးပင် မရှိချေ။
မိုဝူကျိက စိတ်ထဲ မထားဘဲ ဒုတိယမြောက်ဆိုင်ဆီ ဆက်လက် သွားလိုက်သည်။ လော့စီ ခန့်မှန်းထားသည့်အတိုင်း ကွက်တိ ဖြစ်နေ၏။ မိုဝူကျိက ဆိုင်ပေါင်း ၂၉ ဆိုင် မေးမြန်းပြီးသော်လည်း တစ်ဆိုင်ကမှ သူနှင့် စကားမပြောလိုကြပေ။ သူတို့က ထွက်ပေါက်ကို လမ်းညွှန်၍ လည်းကောင်း သို့မဟုတ် မရိုမသေ ပြော၍သော်လည်းကောင်း နှင်ထုတ်ကြသည်။
မိုဝူကျိက အလွန်ဂရုစိုက်နေသော်လည်း သူ့ပေါ်တင်မေးမြန်းမှုကား ရောင်းဝယ်ရေး စီမခံခန့်ခွဲရေး၏ မျက်လုံးထဲ ထင်းနေပေသည်။ အစောင့်နှစ်ယောက် ရောက်မလာခင် သူက ၃၀ မြောက်ဆိုင်ထဲ ဝင်သွားလိုက်သည်။
မိုဝူကျိက အစောင့်နှစ်ယောက်ကို မြင်လိုက်ရသည်။ သူက ဤဆိုင်မှာ နောက်ဆုံးဆိုင်အဖြစ် သတ်မှတ်လိုက်သည်။ အကယ်၍ အဆင်မပြေခဲ့လျှင် သူက ကောင်းကင်ဘုံ အလွန်မြို့၏ ရောင်းဝယ်ရေး စီမံခန့်ခွဲရေးဆီ သွားရတော့မည်။ အကယ်၍ ထိုနည်းလမ်းလည်း ကျရှုံးသွားပါ သူက ကျတ်တီးတိုက်ပွဲနယ်မြေဆီသာ သွားနိုင်တော့မည်။ ကျတ်တီးတိုက်ပွဲနယ်မြေမှာ ကျယ်ပြန့်လွန်းသောကြောင့် အံ့ဩဖို့ မကောင်းသော်လည်း ဂူတစ်ဂူ တူး၍ နေလို့တော့ ရပေသည်။
သူ့အား စိုးရိမ်စေသည့် အရာတစ်ခုသာ ရှိပေသည်။ ထိုအရာမှာ သူက လော့စီအား ကျတ်တီးနယ်မြေ၌ အဘယ်ကြောင့် တစ်ယောက်မှ မနေကြတာလဲဟု မမေးလိုက်ရခြင်း ဖြစ်၏။
မိုဝူကျိက ဆိုင်ထဲကို ဝင်လိုက်သည်နှင့် သူက မှော်ရတနာ စီရီထားသည်ကို မြင်လိုက်ရသည်။ အများစုမှာ သားရဲအရိုးများနှင့် ပြုလုပ်ထားကြပြီး ချွင်းချက်မရှိ ထိုမှော်ရတနာများမှာ အလွန် ရိုးရှင်း၍ ကြည့်ကောင်းပေသည်။ သူတို့က အဆင့် ၆ အင်မော်တယ် ပစ္စည်းများ ဖြစ်နေသော်လည်း သူတို့၏ ပန်းပဲအဆင့်အတန်းကြောင့် မဟုတ်ဘဲ သတ္တု အရည်အသွေးကြောင့် ဖြစ်ပေသည်။
ထိုမှော်ရတနာများမှာ အလွန်ရိုးရှင်းပြီး သူတို့တိုက်ခိုက်စွမ်းမှာ သာမာန်မျှသာ ဖြစ်မည် ဖြစ်ကာ သူတို့က အသုံးပြုသူ၏ လျို့ဝှက်ပညာရပ်များကို သက်ရောက်မှုရှိရှိ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက မှော်ရတနာကောင်း တစ်ခုပင် ရှာမတွေ့ချေ။ မေးမကြည့်ဘဲဖြင့် မိုဝူကျိက ထိုမှော်ရတနာများမှာ တစ်ပတ်ရစ် ပစ္စည်းမှန်း မှန်းဆနိုင်လိုက်၏။
ဆိုင်က သိပ်မကြီးမားဘဲ အရောင်းနေရာ၌ လူလတ်အရွယ် အမျိုးသား တစ်ယောက် ထိုင်နေလေ၏။ သူက မိုဝူကျိ ဝင်လာသည်ကို မြင်သောအခါ ပျင်းရိပျင်းတွဲဖြင့် မေးလိုက်သည် “ ဘယ်လို မှော်ရတနာမျိုးကို လိုချင်တာလဲ ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ဆိုင်ပိုင်ရှင် ရှိလားဗျ ”
“ ကျုပ်ပါပဲ …. ဘာကိစ္စများ ရှိလို့လဲ ” ထိုသူက မိုဝူကျိ စကားများကို ကြားသောအခါ သူ့စိတ်ဓာတ်မှာ မြင့်တက်လာပြီး တည့်တိုးသာ မေးလိုက်သည်။
“ ဒီဆိုင်ကို ရောင်းမဲ့ထဲ ပါမလားလို့ သိချင်လို့ပါ ” မိုဝူကျိက သတိထား၍ မေးလိုက်သည်။
“ ခင်ဗျားက ဆိုင်ဝယ်ချင်လို့လား ” ထိုသူက မိုဝူကျိအား စိုက်ကြည့်ကာ မေးလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဆက်မေးလိုက်၏ “ ဘာများပေးနိုင်လို့လဲ ”
“ ဆိုင်ကို ရောင်းမှာလား ” မိုဝူကျိက ဘာကိုပေးမည့်အကြောင်း မပြောသေးဘဲ မေးလိုက်သည်။ သူက ဆိုင်ရှင် မျက်ဝန်းမှ အလိုလောဘကို အာရုံခံမိနေသည်။
မိုဝူကျိက ဆိုင်ရှင်၏ ကျင့်ကြံဆင့်ကို မြင်နိုင်ပေရာ ထိုသူက အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်မျှသာ ရှိသေး၏။ ထို့အပြင် ထိုလူက ဤအဆင့်သို့ အလောတကြီး တက်လှမ်းလာရသောကြောင့် သူ့တာအိုအငွေ့အသက်များက မတည်ငြိမ်သေးပေ။ မိုဝူကျိက မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်နှင့်ပင် ထိုလူအား အနိုင်ယူနိုင်ကြောင်း တွေးနေမိ၏။
“ ဟုတ်တယ် … ကျုပ်က ဒီဆိုင်ကို ရောင်းမှာပါ။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျား ဘာပေးနိုင်လဲ ကြည့်ရအောင် ” ဆိုင်ပိုင်ရှင်က မျက်လုံးများပင် တလက်လက် ဖြစ်လာလေ၏။
မိုဝူကျိက ကျောက်စိမ်းပုလင်း နှစ်ပုလင်းနှင့် ကျောက်စိမ်းသေတ္တာရှည်လေးကို ထုတ်ကာ
“ ဒါက ပြိုင်ဖက်ကင်းအဆင့် ဗောဓိစိမ်း ဆေးလုံးတွေပဲ။ ခြောက်လုံးပါတယ်။ နောက်ပုလင်းမှာ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်ပါတယ်။ ဒီကျောက်စိမ်းသေတ္တာမှာ အဆင့် ၉ အင်မော်တယ် လက်နက် ဖန်လျှပ်စီးလှံရှည် ပါတယ် ”
မိုဝူကျိက ပြောပြီးနောက် ကျောက်စိမ်းသေတ္တာရှည်ကို ဖွင့်ပြလိုက်၏။ လျှပ်စီးများက သေတ္တာအတွင်း ခုန်ပေါက်နေပြီး လှံရှည် ဘေးပတ်လည်၌ အားပြင်းလှသော တာအိုအရှိန်အဝါများ ထွက်ပေါ်နေသည်။
ဖန်လျှပ်စီးလှံရှည်မှာ မိုဝူကျိက လျှပ်စီးဂိုဏ်းမှ ချီကျွင်းယီနှင့် တိုက်ခိုက်ရာမှ ရလာခြင်း ဖြစ်၏။ ချီကျွင်းယီက အင်မော်တယ် ဧကရာဇ်အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် သူ့မှော်ရတနာမှာလည်း ခပ်ပေါ့ပေါ့ မဟုတ်ချေ။
မိုဝူကျိ၏ ပစ္စည်းများကို မြင်ပြီး လူလတ်အမျိုးသားကြီး၏ ပါးစပ်ထောင့်မှ သားရည်ပင် ကျလာလေ၏။ မိုဝူကျိ၏ ကမ်းလှမ်းမှုမှာ အရမ်းမနိမ့်ဘဲ အရမ်းမြင့်နေလေ၏။ မိုဝူကျိ၏ အမြင်အရ ဤနေရာရှိ အဖိုးတန်ဆုံးအရာမှာ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ် ဖြစ်သော်လည်း ဆိုင်ပိုင်ရှင် မျက်လုံး၌ ထိုအရာမှာ တန်ဖိုးအနည်းဆုံး ဖြစ်နေသည်။
သူ့အတွက် အဖိုးတန်ဆုံးအရာမှာ မိုဝူကျိ၏ ပြိုင်ဖက်ကင်းအဆင့် ဗောဓိစိမ်းဆေးလုံးများ ဖြစ်ကာ ဒုတိယအဖိုးတန်ဆုံမှာ အဆင့် ၉ ဖန်လျှပ်စီးလှံရှည် ဖြစ်ပေ၏။
ကျတ်တီးတိုက်ပွဲနယ်မြေ၌ ဗောဓိစိမ်းဆေးလုံး တစ်လုံးစီမှာ အသက်ကို ကယ်တင်ပေးဖို့ရာ လုံလောက်ပေသည်။ အဆင့် ၉ အင်မော်တယ်ပစ္စည်းများမှာ သူ အိပ်မက်မက်နေသည့်အရာသာ ဖြစ်၏။ သူ့ဆိုင်ထဲ၌ မှော်ရတနာအမျိုးမျိုး ရှိသော်လည်း အမှိုက်သာသာမျှသာ ဖြစ်၏။
ဤဆိုင်ပိုင်ရှင်၏ လက်က ဗောဓိစိမ်း ဆေးပုလင်းဆီ ရောက်ရှိလာသည်။
မိုဝူကျိက ထိုလူ့လက် သူ့ဆေးပုလင်းဆီ ရောက်လာသည့်အထိ မစောင့်ဆိုင်းဘဲ မြန်မြန် ပြန်သိမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက တည်ငြိမ်စွာ မေးလိုက်၏ “ အဲဆို ခင်ဗျားက ဆိုင်ကို ရောင်းမှာလား … တကယ်လို့ ရောင်းမယ်ဆိုရင် ဒီပစ္စည်းတွေက ခင်ဗျားအပိုင်ပဲ။ မဟုတ်ရင်တော့ ကျုပ် ထွက်သွားတော့မယ် ”
ဆိုင်ပိုင်ရှင်က တွေဝေငေးမောနေရာမှ အသိပြန်ဝင်ကာ အစကတည်းမှ သူက ဆိုင်ကို ရောင်းချဖို့ရာ ရည်ရွယ်ချက် မရှိပေ။ သူက မိုဝူကျိ၏ ပစ္စည်းများကိုသာ မြင်တွေ့လိုခြင်း ဖြစ်၏။ ဆိုင်ကို ရောင်းမလား လာမေးသူမှာ လူသစ်လေး မဟုတ်နေမှသာ ထူးဆန်းနေပေလိမ့်မည်။ မိုဝူကျိကဲ့သို့ လူသစ်လေးက သူ့ရှေ့ ရုတ်တရက် ပေါ်ပေါက်လာလေရာ သူ့ဆီမှ ပစ္စည်းများကို လုယူဖို့ရာ အဘယ်ကြောင့် မတွေးဘဲ နေနိုင်မည်နည်း။
***