စကြဝဠာနံရံကြီး ပွင့်လာခြင်း
Vol. 54 Ch. 749
“ ကျုပ်က ဆိုင်ကို ရောင်းမှာပါ ….” လူလတ်အရွယ် အမျိုးသားကြီးက လိုချင်ဆန္ဒများကို ချိုးနှိမ်ကာ ခြောက်ကပ်ကပ် ပြောလိုက်၏။
ကောင်းကင်ဘုံ အလွန် မြို့ငယ်လေး၌ ဆိုင်ပိုင်ရှင်များက ဈေးဝယ်သူအား လုယက်လျှင် သူတို့ဆိုင်ပိုင်ဆိုင်ခွင့်အား ဖယ်ရှားခံရသည်။
“ အဲဆို ဆိုင်ရဲ့ ပိုင်ဆိုင်မှာ စာချုပ်ကို ထုတ်ပြီးတော့ စိတ်ဝိညာဉ် အမှတ်အသားကို ပြောင်းလိုက် ” မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်။
ကျင့်ကြံခြင်းလောက၌ ဆိုင်များ၏ စာချုပ်မှာ နာမည်နှင့် အမှတ်အသားပေါ် မူတည်ထားခြင်း ဖြစ်၏။ သို့သော်လည်း အင်မော်တယ်လောက၌ ဆိုင်၏ စာချုပ်မှာ စိတ်ဝိညာဉ် အမှတ်အသားပေါ် မူတည်နေပြန်သည်။ အမှတ်အသား ပြောင်းလဲခြင်းမှာ နှစ်ဖက်လုံးမှ သဘောတူညီချက် လိုအပ်ပေ၏။ မဟုတ်လျှင် ဝယ်ယူသူ၏ စိတ်ဝိညာဉ်အမှတ်အသားမှာ ပိုင်ဆိုင်ခွင့် ရှိကြောင်း စာချုပ်ပေါ်၌ တွယ်ကပ်နေမည် မဟုတ်ပေ။
“ ဟုတ်ပြီ ” လူလတ်အရွယ် အမျိုးသားကြီးက ဆိုင်၏ ပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ကာ မိုဝူကျိဆီ ပေးလိုက်၏ “ မင်းရဲ့ စိတ်ဝိညာဉ် အမှတ်အသားကို ဒီကျောက်စိမ်းပေလွှာဆီ ပို့လိုက် …. ပြီးသွားရင် ငါ့ကို ပေး။ ငါလည်း သဘောတူဖို့ လိုတယ် ”
မိုဝူကျိက ထူးခြားလှသည်ဟု မထင်မိပေ။ ထိုအရာမှာ ပိုင်ဆိုင်မှု စာချုပ် လွဲပြောင်းစဉ် လုပ်လေ့လုပ်ထ ရှိသည့်အရာများသာ ဖြစ်၏။ သူက ကျောက်စိမ်းပေလွှာကို လက်ခံကာ စိတ်ဝိညာဉ်အမှတ်အသားကို မှတ်သားပေးလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပေလွှာကို တစ်ဖက်လူဆီ ပြန်ပေးလိုက်၏။ လုပ်ရိုးလုပ်စဉ် တစ်လျောက်လုံး မိုဝူကျိက စိတ်စွမ်းအားကို ကျောက်စိမ်းပေလွှာ၌ ဆက်တိုက် အာရုံစိုက်ထားပေသည်။
သူ့အနေနှင့် တစ်ဖက်လူက သူ့စိတ်ဝိညာဉ် အမှတ်အသားကို ပိုင်ရှင်အသစ်အဖြစ် လက်ခံလိုက်လား သိရအောင် ဖြစ်၏။
လူလတ်အရွယ် အမျိုးသားကြီးက မိုဝူကျိ၏ အပြုအမူနောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း သိပေသည်။ သူက ဘာကိုမှ လိမ်ညာမနေဘဲ ပိုင်ဆိုင်မှု စာချုပ်ကို ချက်ချင်း သဘောတူပေးလိုက်ပြီး မိုဝူကျိ၏ စိတ်ဝိညာဉ် အမှတ်အသားကို ဆိုင်ပိုင်ရှင် ဖြစ်လာစေရန် ခွင့်ပြုပေးလိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအရာကို အာရုံခံမိလိုက်သောအခါ ပြန်ရုတ်သိမ်းလိုက်၏။
“ ကျုပ် ဒီပိုင်ဆိုင်မှုစာချုပ်ကို သိမ်းထားဦးမယ်။ ခင်ဗျား ပစ္စည်းတွေ ပေးမှ ကျုပ် ပြန်လွဲပေးမယ် ” ဆိုင်ပိုင်ရှင်က မိုဝူကျိကို တကယ်ယုံဟန် မပေါ်ပေ။ စိတ်စွမ်းအား ပြန်ရုတ်သိမ်းပြီးနောက် သူက စာချုပ်ကို ပြန်လည် သိမ်းထားလိုက်သည်။
မိုဝူကျိက အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း တာအိုအငွေ့အသက် မတည်မငြိမ် ဖြစ်နေသည့် အင်မော်တယ်ဘုရင်တစ်ယောက်ကိုတော့ မိုဝူကျိက များစွာ မစိုးရိမ်ပေ။ သူက ဖန်လျှပ်စီးလှံရှည်ပါသည့် ကျောက်စိမ်းသေတ္တာကို ထုတ်ကာ ပေးလိုက်၏။
“ ဒီ အဆင့် ၉ အင်မော်တယ် လက်နက်က ခင်ဗျားလက်ထဲ ရောက်နေပြီပဲ။ အခု စာချုပ်ကို ကျုပ်ဆီ ပေး …. ကျန်တဲ့ပစ္စည်းနှစ်ခုကို လွဲပေးမယ် ”
အင်မော်တယ်လောက၌ အဆင့် ၉ အင်မော်တယ် လက်နက်မှာ ဗောဓိစိမ်းဆေးလုံးထက် များစွာ အဆင့်မြင့်သော်လည်း ဤသည်မှာ အင်မော်တယ်လောက မဟုတ်ဘဲ ကောင်းကင်ဘုံ နယ်နမိတ်အလွန် ဖြစ်၏။ မိုဝူကျိက ဤနေရာ၌ ကြာကြာနေလာသည် မဟုတ်သော်လည်း ဤနေရာ၌ ကုသဆေးလုံးများမှာ အဖိုးတန်ဆုံးဖြစ်ကြောင်း သိပေသည်။
“ ဟင်း …” ဆိုင်ပိုင်ရှင်က လှံရှည်ကို သိမ်းထားပြီးနောက် သူ့မျက်နှာမှာ အေးစက်လာကာ “ ကျန်တဲ့ပစ္စည်းနှစ်ခုကို ပေးလိုက် …. ဒါက အလဲအလှယ်ဆိုမှတော့ အလဲအလှယ်အတိုင်း စည်းမျည်းတွေကို လိုက်နာရမယ် ”
မိုဝူကျိက ဤဆိုင်ပိုင်ရှင်မှာ ရယ်စရာတစ်ခုခု လုပ်ဖို့ ကြိုးစားနေကြောင်း သိလိုက်သည်။ သဘောတရားအရပြောရမည်ဆိုလျှင် စာချုပ်ပေါ်မှ စိတ်ဝိညာဉ် အမှတ်အသားမှာ ပြောင်းလဲပြီးသား ဖြစ်သောကြောင့် ဤဆိုင်မှာ သူ့အပိုင် ဖြစ်သွားလေပြီ။ သူက ဤဆိုင်ပိုင်ရှင်သည် အဘယ်ကြောင့် တဇွတ်ထိုး လုပ်နေမှန်း နားမလည်ပေ။
သူ မသိသေးသည့် စည်းမျည်းများ ရှိနေတာလား ….
လော့စီလည်း မရှိတော့ပြီ ဖြစ်သည့်အတွက် သူ မေးလို့ရမည့် လူ မရှိပေ။
မိုဝူကျိက တစ်ဖက်လူနှင့် ရန်မဖြစ်လိုသောကြောင့် ကျောက်စိမ်းပုလင်းနှစ်ပုလင်းကို ထုတ်ကာ ပေးလိုက်၏ “ ဒါက ဗောဓိစိမ်းဆေးလုံးနဲ့ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်ပဲ … အခု စာချုပ်ကို ပေးတော့ ”
ကျောက်စိမ်းနှစ်ပုလင်းလုံးမှာ ဗလာ ဖြစ်၏။ တစ်ဖက်လူက သူ့အား လိမ်ညာဖို့ ကြိုးစားနေမှန်း သိသောကြောင့် သူက တစ်ဖက်လူကို အလွယ်လေး အနိုင်ယူနိုင်သော်လည်း မိုဝူကျိက သူ့ပစ္စည်းများကို ထိုလူ့လက်ထဲ မပေးလိုပေ။
ဆိုင်ပိုင်ရှင်က ကျောက်စိမ်းပုလင်းအထဲကို မစစ်ဆေးကြည့်ဘဲ တန်း၍ သိမ်းကာ မထူးမခြားနား ပြောလိုက်သည်
“ မင်းက ပစ္စည်းတွေကို မပေးချင်မှတာ့ အလဲအလှယ် အဆုံးသတ်ပြီ … ”
“ ဘာ ” မိုဝူကျိ၏ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာလေ၏။ ကမ္ဘာမြေတွင် ဖြစ်စေ၊ တခြားနေရာတွင် ဖြစ်စေ မိုဝူကျိက ဤသို့အရှက်မဲ့သည့် လူမျိုးကို မမြင်ဖူးပေ။
“ ငါ မင်းနဲ့ အလဲအလှယ် မလုပ်ဘူးလို့ ပြောနေတာလေ” ဆိုင်ပိုင်ရှင်က အေးစက်စွာ ပြောလိုက်၏။
သူက စိတ်ထဲ၌ သရော်မိလိုက်သည်။ လူသစ်လေးက စည်းမျည်းများကို မသိဘဲဖြင့် ဆိုင်ကို လာဝယ်ချင်နေသေး၏။
ကောင်းကင်ဘုံ အလွန်မြို့၌ ပိုင်ဆိုင်မှု စာချုပ်မှာ ဆိုင်ပိုင်ရှင်များကို မျက်နှာသာပေးထားလေ၏။ နှစ်ဖက်လုံးက စိတ်ဝိညာဉ်အမှတ်အသား ပြောင်းလဲဖို့ရာ သဘောတူလိုက်သော်လည်း ထိုအရာမှာ သုံးရက်နောက်ပိုင်းတွင်သာ အကျုံးဝင်လေသည်။ ထို့ကြောင့် မူလဆိုင်ပိုင်ရှင်က ဒုတိယမြောက်ရက် သို့မဟုတ် တတိယမြောက်ရက်ကျ စိတ်ဝိညာဉ်အမှတ်အသားကို ပြန်ပြောင်းလဲ၍ ရပေသည်။
ဆိုလိုသည်မှာ မိုဝူကျိ၏ စိတ်ဝိညာဉ် အမှတ်အသားမှာ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ တစ်ရက်ရက်၌ ဖယ်ရှားခံရနိုင်ပေ၏။ ဆိုင်ပိုင်ရှင်က ပိုင်ရှင်အဖြစ် ကျန်ရှိနေဦးမည် ဖြစ်သည်။
ပထမရက်နေ့ မဖယ်ရှားနိုင်သည့် အကြောင်းအရင်းမှာ ဝယ်ယူသူဘက်ကို အနည်းငယ် အလေးပေးထားခြင်း ဖြစ်၏။
မိုဝူကျိက လုံးဝ မသိပေ။ သူက ပစ္စည်းများကို ပေးပြီးသည့်နောက်တွင် တစ်ဖက်လူသည် ကတိဖျက်လိမ့်မည်မှန်း မသိပေ။
မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ထိုသူ့ကို သတ်ပြီး ကျတ်တီးနယ်မြေဆီ ထွက်ပြေးဖို့ရာ စဉ်းစားမိလိုက်သည့်အချိန် ခရမှုတ်သံကို ကြားလိုက်ရသည်။
နောက်အခိုက်အတန့်လေး၌ ကောင်းကင်ဘုံအလွန် မြို့ငယ်တစ်ခုလုံးကား ဒုံးကျည်အလား ပြေးထွက်သွားကြသည်။ မိုဝူကျိက သူ့စိတ်စွမ်းအားထဲ၌ မြောက်များစွာသော ကျင့်ကြံသူတို့ ကောင်းကင်ဘုံအလွန်မြို့မှ ထွက်သွားသည်ကို မြင်လိုက်ရသည်။ မိုဝူကျိအား တားဆီးလုနီးပါး ဖြစ်ခဲ့သော အစောင့်နှစ်ယောက်လည်း ပါဝင်ပေသည်။
“ စကြဝဠာနံရံကြီး ပွင့်လာပြီး …” ဆိုင်ပိုင်ရှင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ လက်တစ်ချက် ဝှေ့ကာ ဆိုင်ထဲမှ မှော်ရတနာ အားလုံးကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်တော့သည်။ ထို့နောက် သူက လိုချင်တာ ရသွားသည့် ကလေးငယ်တစ်ယောက်လို မိုဝူကျိအား လုံးဝကို လျစ်လျူရှုထားရင်း ပြေးထွက်သွားလေ၏။
တကယ်တော့ ဆိုင်ပိုင်ရှင်တချို့သာ ဆိုင်ထဲ၌ ပစ္စည်းကောင်း ရှိခြင်း ဖြစ်လေရာ စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ မည်သူကမှ ဆိုင်များကို မလုယက်လိုကြပေ။ ဆိုင်၏ အဖိုးတန်ဆုံးအရာမှာ ဆိုင်သာ ဖြစ်၏။
ဆိုင်ကိုလည်း လုယူ၍ မရနိုင်ပေ။ အသက်ရှင်လျက် ပြန်လာနိုင်လျှင် ဆိုင်က ကိုယ့်အပိုင် ဖြစ်နေဦးမည် ဖြစ်၏။
မူလက ဆိုင်ပိုင်ရှင်ကို သတ်ပစ်တော့မည့် မိုဝူကျိသည် စကြဝဠာနံရံ ပွင့်လာသည့်အကြောင်း ကြားသောအခါ ထိုအတွေးကို ပယ်ဖျက်လိုက်တော့သည်။ ဆိုင်ပိုင်ရှင်နောက်ကနေ လိုက်သွားဖို့ရာ တုံ့ဆိုင်းမနေပေ။ သူက ထိုလူကို သတ်ပစ်မည် ဖြစ်သော်လည်း ဤနေရာက နေရာမှန် မဟုတ်သေးပေ။
လော့စီ၏ မိတ်ဆက်ပေးချက်အရ စကြဝဠာနံရံကြီး ပွင့်လာသည်နှင့် ရတနာများအတွက် တိုက်ပွဲများ မဖြစ်သေးဘဲ အားလုံးက ရတနာ ရဖို့ရာသာ အာရုံစိုက်ထားကြသည်။ စကြဝဠာနံရံကြီး ပိတ်သွားသည့်အခါမှ တိုက်ပွဲကြီးများ ဖြစ်လာခြင်း ဖြစ်၏။
အမွေးတိုင်တစ်ဝက်စာ ကြာပြီးနောက် ဤဆိုင်ပိုင်ရှင်က ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးမှ ပြေးထွက်ကာ ကျတ်တီးနယ်မြေအတွင်း ပြေးဝင်သွားတော့သည်။ ထိုစဉ် ကျတ်တီးနယ်မြေ၌ လူများစွာ ရှိနေပြီ ဖြစ်ရာ တစ်ယောက်ချင်းစီက ဦးတည်ရာအတူတူသို့ သွားနေကြသည်။
မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့မှ ထွက်လာသည်နှင့် ထိုဆိုင်ပိုင်ရှင် နောက်သို့ ရွေ့ပြောင်းစွမ်းရည် သွားလိုက်ပြီး လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
သူ့လက်သီးချက်မှာ စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက် ဖြစ်၏။ သူက ဆိုင်ပိုင်ရှင်ကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်လို၏။ ထို့နောက် စကြဝဠာနံရံဆီ သွားကြည့်ရမည်။
ဘေးပတ်လည်ရှိ အားလုံးက ထိုလက်သီးချက်ကြောင့် အင်မော်တယ် သဘာဝစွမ်းအားကို ချက်ချင်း ခံစားမိလိုက်၏။ သူတို့က ဘေးဖယ်လိုက်ပြီးနောက် ဆက်လက် သွားလိုက်ကြသည်။ မည်သူကမှ ထိုစွမ်းအားလှိုင်းအကြောင်း ရပ်တန့်၍ ရှာဖွေမနေပေ။
လက်တွေ့၌ စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ လူတော်တော်များများ ထိုနေရာသို့ သွားကြ၏။ သာမာန်အခြေအနေအောက်တွင် မည်သူကမှ ရပ်ပြီး တိုက်ခိုက်နေမည် မဟုတ်ချေ။ အားလုံးက စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ ရတနာများစွာ ကျလာမည် ဖြစ်ကြောင်း သိကြသောကြောင့် ထိုသို့အချိန်အခါမျိုး၌ အားလုံးက အကျိုးမြတ်ရဖို့သာ အာရုံစိုက်ထားကြသည်။ ပြောရမည်ဆိုလျှင် ထိုစကြဝဠာနံရံကြီးက အဆုံးမဲ့ ရတနာတွင်းကြီး မဟုတ်ပါလော။ ဤသို့ဆိုမှတော့ မည်သူကမှ ရတနာရှာမည့်အစား အချိန်မဖြုန်းနေလိုကြပေ။
တိုက်ပွဲဖြစ်လာသည့် တစ်ခုတည်းသော အချိန်မှာ ရန်ကြွေးကြီးကြီးကြောင့်သာ ဖြစ်၏။ ထို့ကြောင့် အားလုံးက မိုဝူကျိ၏ တိုက်ခိုက်မှုကို ခံစားမိသည့်အခါ ကိုယ့်လမ်းကိုသာ ဆက်သွားနေကြခြင်း ဖြစ်သည်။ မည်သူကမှ မိုဝူကျိသည် မည်သူကို တိုက်ခိုက်နေမည်မှန်း ဂရုမစိုက်ကြပေ။
“ မင်းက သေချင်နေတာပဲ။ ဒီဘုရင်ကြီးက မင်းအသက်ကို ချမ်းသာပေးမလို့ပဲ။ မင်းက ကိုယ့်သေတွင်းကို လာတူးလိမ့်မယ်လို့ ထင်မထားဘူး …” ဆိုင်ပိုင်ရှင်က မိုဝူကျိ၏ လက်သီးချက်ကို ခံစားမိလိုက်သောအခါ ချက်ချင်း ဒေါသထွက်သွားလေ၏။
သူက မိုဝူကျိ၏ အသက်ကို ချမ်းသာမပေးလိုပေ။ တကယ်တော့ ယခု သူ့တွင် ပို၍ အရေးကြီးသည့် ကိစ္စ ရှိနေသေးပေ၏။
စကြဝဠာနံရံကြီး ပွင့်လာပြီ မဟုတ်ပါလော။
ထိုသို့မျိုး အရေးပါသည့် အခိုက်အတန့်၌ ပုရွတ်ဆိတ်လေး တစ်ကောင်က သူ့အပေါ် လက်လာရွယ်ရဲနေလေ၏။
ဤဆိုင်ပိုင်ရှင်က ဓားမော့တစ်ချောင်းကို ထုတ်လိုက်သည်။ သူက မိုဝူကျိကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်လို၏။ စကြဝဠာနံရံကြီး၌ အဆုံးမသတ်နိုင်သည့် ရတနာများစွာ ရှိနေလေရာ ရောက်ရှိသွားသည့် အချိန်မှာ ရတနာ မည်မျှ ရနိုင်လဲ ဆိုသည့်အပေါ် သက်ရောက်မှု ရှိနေသည်။
“ ခွမ်း ” ဆိုင်ပိုင်ရှင်၏ စွမ်းအားစက်ကွင်းမှာ အားအပြည့်နှင့် ထွက်ပေါ်မလာခင် မိုဝူကျိ၏ လက်သီးချက်ကြောင့် တစစီ ဖြစ်သွားရသည်။ တူညီလှစွာ သူ့သဘာဝ စွမ်းအားများက သူ့ဓားမော့ပေါ် မစုစည်းနိုင်လိုက်ခင် မိုဝူကျိ၏ စွမ်းအားကြောင့် ပေါက်ကွဲသွားလေ၏။
“ ဘုန်း ” အင်မော်တယ် သဘာဝစွမ်းအားများက နေရာအနှံ့ ပြန့်ကျဲကုန်ပေသည်။ ဤအင်မော်တယ်ဘုရင်၏ ဓားမော့က စက်ဝိုင်းပြတ်လေးပင် မထုတ်လိုက်နိုင်ဘဲ မိုဝူကျိ၏ လက်သီးချက်ကြောင့် လွင့်စင်သွားလေ၏။
ဤလူက အနည်းဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်လောက်မည်။ ဆိုင်ပိုင်ရှင်က မိုဝူကျိ၏ စွမ်းရည်ကို အထင်သေးမိသွားကြောင်း ချက်ချင်း သိလိုက်သည်။
“ ရပ် …. ငါ မင်းကို ပစ္စည်းတွေ ပြန်ပေးမယ် ” မိုဝူကျိ၏ အားပြင်းလှသော စွမ်းအားများကို ခံစားမိသောအခါ ဤအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိနှင့် မည်သို့ ဆက်တိုက်ခိုက်ရဲမည်နည်း။
မိုဝူကျိက တစ်ဖက်လူ၏ စကားများကို မကြားသည့်အလား ပြုမူနေသည်။ သူ့အာကာပြင် ချုပ်နှောင်မှုဖြင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူအား ပိတ်လှောင်ထားလိုက်သည်။ ထိုအခါ သူ့လက်သီးချက်က ဆိုင်ပိုင်ရှင်ဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။
“ ဘန်း ” မိုဝူကျိအား မျက်လုံးထဲပင် မထည့်သည့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ရင်ဘတ်ကို အထိုးခံလိုက်ရသည်။
သွေးမြူများပင် ထွက်ပေါ်လာလေ၏။ မိုဝူကျိက လက်ဖဝါးကို ဖြန့်ကာ ထိုလူ၏ သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်သည်။ သူက လျှပ်စီးအား နှစ်ချက်ပင် ပစ်လွှတ်လိုက်သေး၏။ ဆိုင်ပိုင်ရှင်၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ခေါင်းထဲမှ ထွက်လာခါစ ဖြစ်သော်လည်း မိုဝူကျိ၏ လျှပ်စီးချက်ကြောင့် ဗလာနတ္ထိအဖြစ် ပြောင်းလဲခံလိုက်ရသည်။ မိုဝူကျိက လှုပ်ရှားလိုက်ကတည်းက ထိုလူ့အား သတ်ဖို့ရာ နှစ်ကွက်သာ ထုတ်သုံးလိုက်ရ၏။ ဆိုင်ပိုင်ရှင်မှာ တိုက်ကွက်တစ်ကွက်ပင် အားအပြည့် ထုတ်မပြသွားနိုင်ပေ။
သူတို့က မိုဝူကျိ၏ အင်အားကို ခံစားမိသည့်အခါ အားလုံးက လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူကမှ ဤကိစ္စလေးကို အရေးမစိုက်ကြပေ။ ထိုစဉ် အားလုံး၏ အကြည့်များက စကြဝဠာနံရံကြီးဆီသာ ရောက်နေလေ၏။
***