← Chapters

လုယက်ဖျက်စီးမှု

Vol. 54 Ch. 750

လုယက်ဖျက်စီးမှု

Vol. 54 Ch. 750

တစ်နာရီအကြာတွင် မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ကျယ်ပြောကာ အဆုံးမဲ့သည့် တွင်းနက်ကြီးတစ်ခု ပေါ်လာလေ၏။ ထိုတွင်းနက်ကြီးမှာ ဟင်းလင်ပြင်မှ အောက်သို့ ဆင်းကျလာသည့်အလား ဖြစ်ပေါ်လာကာ မြောက်များစွာသော ကျင့်ကြံသူများက အပြေးအလွှား ဝင်နေကြ၏။ မိုဝူကျိက ထိုတွင်းနက်ကြီးမှ မြေပေါ်သို့ ကျလာသော  အင်မော်တယ် ဆေးပင် တစ်ပင်၊ နှစ်ပင် တွေ့နေရသည်။ သို့သော်လည်း မည်သူကမှ ထိုဆေးပင်များကို ကောက်ယူဖို့ရာ စိတ်ထဲ မရှိကြဘဲ ထိုတွင်းနက်ကြီးဆီသို့သာ သွားနေကြသည်။

ဒါက စကြဝဠာနံရံကြီးကိုး ….

ဤစကြဝဠာနံရံကြီးက ရတနာများစွာနှင့် ပြည့်နေသည့် အကြောင်းအရင်းကို မည်သူမှ မသိကြပေ။

မိုဝူကျိ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် သူက စကြဝဠာနံရံကြီးအောက်မှ ကျနေသော ဝဲကတော့ကြီးဆီ ခုန်ဝင်လိုက်သည်။

သူက တွင်းနက်ကြီး ဝဲကတော့ထဲ ဝင်လိုက်သည်နှင့် မိုဝူကျိက တွန်းကန်အားကို ခံစားမိလိုက်သည်။ ထိုသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် နေသားမကျသေး၍ လွှင့်စင်သွားတော့မတတ် ဖြစ်သွား၏။

သို့သော်လည်း သူက ထိုအင်အားကို နေသားကျဖို့ရာ အချိန်ခဏမျှသာ လိုအပ်ပေသည်။

မိုဝူကျိက သူ့စိတ်စွမ်းအားကို ဖြန့်ကျက်ဖို့ ကြိုးစားလိုက်သော်လည်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်စေ၊ အသိစိတ်ပင်လယ်မှ ဖြစ်စေ စိတ်စွမ်းအားက လုံးဝကို ဖြန့်ကျက်၍ မရကြောင်း သိလိုက်ရသည်။

သူ့အမြင်က သုံးမီတာပတ်လည်ကို မြင်နိုင်သေးသောကြောင့် ကံကောင်းသွားတော့သည်။ သူက မြောက်များစွာသော ကျင့်ကြံသူများက အပေါ်ဘက်သို့ အရှိန်ဟုန်ပြင်းပြင်း သွားနေသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် အစိမ်းရောင်ကျောက်တချို့နှင့် သတ္တုတချို့က မိုဝူကျိဆီ ကျရောက်လာကြသည်။ မိုဝူကျိက လက်တစ်ချက်အဝှေ့ဖြင့် ထိုအရာများကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားနိုင်လိုက်၏။

မိုဝူကျိက နောက်ဆုံးတွင် စကြဝဠာနံရံကြီး ဖွင့်လာသည့်အခါတိုင်း တိုက်ပွဲကြီး ဖြစ်လာလေ့ရှိသည့် အကြောင်းအရင်းကို နားလည်သွားလေပြီ။ ဤနေရာ၌ ပစ္စည်းကောင်းများစွာ ရှိပြီး တစ်ခုချင်းစီမှာ ကျင့်ကြံရေးနှင့် ပတ်သတ်ဆက်နွယ်နေသည်။

အကယ်၍ ဤသို့ ရတနာဘုံမှာ တိုက်ပွဲကြီးကို မဖြစ်စေနိုင်ဘူး ဆိုမှသာ ထူးဆန်းနေပေလိမ့်မည်။

နောက်ထပ် ဆေးပင်များမှာလည်း သူ့ကို ပွတ်ကာထိကာ ကျလာကြသည်။ ဤတစ်ကြိမ်၌ မိုဝူကျိက ကောက်ယူဖို့ရာ တွေးမနေတော့ပေ။ ထို့အစား သူက အင်မော်တယ် သဘာဝစွမ်းအားများကို နှိုးဆွကာ အမြန်နှုန်းဖြင့် အပေါ်သို့ သွားလိုက်သည်။

လက်ရှိ သူက စကြဝဠာနံရံကြီး အပြင်ဘက်အစွန်း၌သာ ရှိနေခြင်း ဖြစ်ပေသည်။ အကယ်၍ အပြင်ဘက်၌ပင် ဤသို့ပစ္စည်းကောင်းများ ကျလာလျှင် အတွင်းပိုင်းဘက်၌ ပစ္စည်းကောင်းများ ပို၍ များပေလိမ့်မည်။

မိုဝူကျိနှင့် အတွေးတူသည့် ကျင့်ကြံသူများစွာရှိကြောင်း သိသာလှသည်။ အားလုံးက အပေါ်သို့သာ သွားနေကြ၏။ သူတို့က သူတို့ဆီ ကျရောက်လာသော ရတနာမှန်သမျှ အားလုံးကို သိမ်းထားကြသည်။ ဤသို့မျိုးနေရာ၌ တိုက်ပွဲ မရှိပေ။ ဤနေရာရှိ ရတနာများမှာ ရေတွက်နိုင်သည်ထက်ပင် ပိုများပြားနေသောကြောင့် မည်သူက တိုက်ပွဲကြောင့် အချိန်ဖြုန်းကာ လက်လွတ်ချင်မည်နည်း။

အမွေးတိုင်တစ်ဝက်စာကြာပြီးနောက် မိုဝူကျိက ပို၍ မြင့်မြင့်သွားလေလေ တွန်းအားက ပိုပြင်းလာလေလေ ဖြစ်ကြေင်း သတိပြုမိလိုက်သည်။ ထိုမျှတင် မကသေးဘဲ အင်မော်တယ် သဘာဝစွမ်းအား ကုန်ဆုံးနှုန်းမှာလည်း အရမ်းကို မြန်ဆန်လာပေသည်။ အကယ်၍ ဆက်သွားပါက အင်မော်တယ် စွမ်းအား ပြတ်လပ်ခြင်းကြောင့် စကြဝဠာနံရံကြီးကနေ ထုတ်ပစ်ခံရလိမ့်မည်။

သူက စကြဝဠာနံရံကြီးအတွင်းမှ ရတနာများကို မကောက်ယူမိသေးသော်လည်း အားကောင်းသော သူများက ဆုလာဘ်ကောင်းများ ပိုရကြောင်း နားလည်သွား၏။

သူတို့က မြစ်ကို ဖြတ်ကူးသည့် ငါးများသဖွယ် ဖြစ်နေပြီး အားအကောင်းဆုံးသူက အဝေးဆုံးကို သွားနိုင်ခြင်း ဖြစ်၏။

မိုဝူကျိတွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း ရှိသော်လည်း သူ့အင်မော်တယ် သဘာဝစွမ်းအားများကို မဖြုန်းတီးရဲပေ။ ဤနေရာသို့ ဝင်လာသည့် အခိုက်အတန့် သူက လွှင့်စင်သွားလျှင် ဒါမှမဟုတ် စက္ကန့်ပိုင်းလေး နောက်ကျပြီးမှ ရောက်လာလျှင် သူများ အကျန်များသာ ယူရတော့မည် ဖြစ်ကြောင်း သေချာသိထား၏။

မိုဝူကျိက တမင် အရှိန်လျော့လိုက်ပြီး တစ်ချိန်တည်းဆိုသလို သူ့ ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်လိုက်သည်။

မိုဝူကျိကို အံ့ဩသွားစေသည်က သူ့ဝဲကတော့ စွမ်းအားစက်ကွင်းမှာ စကြဝဠာနံရံမှ ထွက်ပေါ်လာ‌သော ဝဲကတော့၏ တွန်းကန်အားကို ချေဖျက်နိုင်စွမ်း ရှိနေပြီး သူ ခံစားနေရသော ဖိအားမှာ သိသိသာသာ လျော့ကျသွားသည်။

ထိုသို့တွေ့ရှိသွားမှုကြောင့် မိုဝူကျိ၏ အမြန်နှုန်းမှာ နောက်တစ်ကြိမ် မြန်ဆန်လာပေ၏။ အမွေးတိုင်ဝက်စာလောက်အတွင်း မိုဝူကျိက ကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ကျော်တက်သွားတော့သည်။ သူ့ဘေးပတ်လည်၌ ကျင့်ကြံသူ အနည်းအကျဉ်းမျှသာ ကျန်ရှိတော့သည်။ ထိုစဉ် ဤအဆင့်အထိ ရောက်လာသူတိုင်းမှာ မိုဝူကျိထက် အားကောင်းကြသူများ ဖြစ်ကြပြီး သူတို့က မိုဝူကျိအား ကျော်တက်နိုင်စွမ်း မရှိကြဘဲ မိုဝူကျိ ကျော်တက်သွားသည်ကိုသာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။

သူ့ဘေးပတ်လည်တွင် လူများမရှိတော့သည့်အခါ မိုဝူကျိက စတင်၍ အစိမ်းရောင်ကျောက်များနှင့် အင်မော်တယ်ဆေးပင်များကို စုဆောင်းတော့သည်။ သူက သူ ယူသမျှအရာအားလုံးကို လိုက်စစ်ဆေးဖို့ရာ စိတ်မပါ ဖြစ်နေမိသည်။ အရမ်းမဆိုးသရွေ့သူက သိုလှောင်လက်စွပ်ထဲသာ ကောက်ထည့်ထားလိုက်သည်။

သူ့အမြင်ကား သုံးမီတာ ပတ်လည်သာ  မြင်ရသည်က ကံဆိုးလှပေသည်။ အကယ်၍ သူသာ ပို၍ မြင်နိုင်ခဲ့လျှင် သူ အကျိုးမြတ်မှာလည်း တိုင်းတာ၍ပင် ရမည် မဟုတ်ပေ။ သုံးမီတာမှာ စကြဝဠာနံရံကြီး၏ အပုံတစ်ထောင်ပုံလျှင် တစ်ပုံပင် မရှိချေ။

မိုဝူကျိက ထိုအတွေးဖြင့် စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။

မိုဝူကျိက ပျော်ရွင်မိသွား၏။ စိတ်ဝိညာဉ်မျက်လုံးဖြင့် သူက မြောက်များစွာသော အစိမ်းရောင်ကျောက်များ၊ ပန်းပဲသတ္တုများ၊ အင်မော်တယ် ဆေးပင်များနှင့် မှော်ရတနာများပင် မြင်တွေ့လာရသည်။

သူ့ရှေ့တွင် ကျင့်ကြံသူတချို့ ရှိနေသေး၏။ မိုဝူကျိက သူ့အမြန်နှုန်းကို တိုးမြင့်ဖို့ရာ ရွေးချယ်လိုက်သည်။

သူ့တွင် ဝဲကတော့ စွမ်းအားစက်ကွင်း၊ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် အင်မော်တယ် သဘာဝစွမ်းအားကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အင်မော်တယ်ဆေးလုံးများစွာ ရှိနေသည် မဟုတ်ပါလော။

သူက တခြားလူ အကျ ပစ္စည်းများကို အဘယ်ကြောင့် ယူနေရဦးမည်နည်း။

မိုဝူကျိက ကျင့်ကြံသူတစ်ယောက်ကို ကျော်တက်သွားသည့်အခါ ထိုသူ၏ မျက်ဝန်း၌ လှောင်ပြောင်မှုအရိပ်အယောင်တချို့ကို သတိပြုမိလိုက်သည်။ သူ့စိတ်ထဲ၌ မိုဝူကျိက ထိုသူသည် သူ့ကို  မနာလိုဖြစ်နေသည်ဟုသာ တွေးထင်လိုက်တော့သည်။

နှစ်နာရီကြာမြင့်ပြီးနောက် သူ့ဘေးပတ်လည်တွင် ကျင့်ကြံသူများ မရှိတော့ပေ။ ထို့ကြောင့် သူက ရတနာများကို စတင်စုဆောင်းလိုက်သည်။

မိုဝူကျိက ရွေးချယ်လာပေ၏။ သူက တောက်ပနေသော အစိမ်းရောင်ကျောက်များ၊ ပိုကောင်းသည့် အင်မော်တယ်ဆေးပင်များ၊ သတ္တုများနှင့် ပြီးပြည့်စုံသည့် မှော်ရတနာများကိုသာ သိမ်းဆည်းတော့သည်။ သူ ငြင်းလိုက်သည့် အရာများကို တခြားသူများ ယူနိုင်ပေသည်။

တစ်ရက်တာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက မြင့်မြင့်သွားလေလေ ရတနာ များလာလေလေ ဖြစ်၏။ ထိုစဉ် မိုဝူကျိ စိတ်ထဲ ထူးဆန်းသည့် ခံစားချက် ဝင်ရောက်လာသည်။ သူက ရတနာ ကောက်ယူနေခြင်း မဟုတ်ဘဲ အမှိုက်ကောက်နေခြင်းဟု ခံစားမိလာသည်။

သူ ကောက်ယူထားသော  အစိမ်းရောင်ကျောက်များမှာ အပိုင်းအစများ ဒါမှမဟုတ် အကျိုးအပဲ့များ ဖြစ်၏။ အင်မော်တယ် ဆေးပင်များမှာ အဆင့်မြင့် ဆေးပင်များ ဖြစ်သော်လည်း သူတို့က နွှင့်ပစ်ခံလိုက်ရသည်နှင့် တူနေသည်။ ဆေးပင်များပေါ်၌ ပွန်းရာများ ရှိနေသည်။ ကျန်ရှိနေသော သတ္တုများနှင့် ပစ္စည်းများမှာ အဆင့် ၇ နှင့်အထက် ဖြစ်သော်လည်း အစအနများသာ ဖြစ်၏။ မှော်ရတနာများမှာလည်း အကြမ်းထည်များသာ ဖြစ်ကြသည်။ တစ်ခါတစ်ရံ အင်မော်တယ်အဆင့် ကျော်လွန်နေသော ရတနာများ ပါလာတတ်သေး၏။ သို့သော်လည်း သူတို့၏ တာအိုအငွေ့အသက်များမှာ အမှတ်အသား ဖယ်ရှားထားလေ၏။

ဖြစ်နိုင်တာက တစ်ယောက်ယောက်ကများ ဒီအမှိုက်များကို စွန့်ပစ်နေတာလား ….. သူတို့က အမှိုက်လျှောအောက်တွင် နေနေရသည်လား ….

ထိုအတွေးက မိုဝူကျိအား ပြောစရာမဲ့သွားစေသည်။ သူ ကောက်ယူထားသော ပစ္စည်းများမှာ မပြီးပြည့်စုံသော်လည်း အမှိုက်တော့ မဟုတ်ချေ။ အစိမ်းရောင်ကျောက်များမှာ တစ်ခုချင်းစီက အဆင့်မြင့် အင်မော်တယ်ကျောက်ထက်ပင် ကောင်းနေသေး၏။

မိုဝူကျိက ထိုအတွေးဖြင့် တုန်လှုပ်မိသွားသည်။ သူက အင်မော်တယ်တပိုင်းနယ်ပယ်တွင် ရှိစဉ်အခါက အင်မော်တယ်ကျောက် အပိုင်းအစများကို အမှတ်ရသွားလေ၏။ ထိုအရာများက အင်မော်တယ်ကျောက်၏ အပိုင်းအစများသာ ဖြစ်နေသည်။

မြင်ကွင်းက မတူညီနေဘူးလား ….

အင်မော်တယ်လောက အလွန်မှာ ပိုမြင့်မားသည့် ကမ္ဘာ ရှိနေသေးတာလား …..

ဤသို့လည်း မဟုတ်သေးပေ။ အင်မော်တယ်လောကအထက်မှ ကမ္ဘာသည် အထက်ဘုံ ဖြစ်ကြောင်း သူ သိပေ၏။ မိုဝူကျိက ခေါင်းခါလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်က အထက်ဘုံက ဤပစ္စည်းများ စွန့်ပစ်နေသည်ကို ပြောလာလျှင် သူက ပထမဆုံး ငြင်းပယ်မည့်သူ ဖြစ်သည်။ ဤနေရာရှိ အရာများမှာ ထိပ်တန်းအဆင့် သို့မဟုတ် ပြိုင်ဖက်ကင်း ရတနာများ မဟုတ်သော်လည်း အများစုမှာ ကျိုးပျက်ကမ္ဘာထက်ပင် အဆင့်မြင့်သော အင်မော်တယ်ဆေးပင်များနှင့် သတ္တုများကို တွေ့နိုင်ပေသည်။ အကယ်၍ အထက်ဘုံက ဤမျှ ချမ်းသာနေလျှင် သူတို့က ကျိုးပျက်ကမ္ဘာမှ ပစ္စည်းများကို မျက်စိကျမနေသင့်ပေ။

သူသာ ကျင့်ကြံနိုင်သရွေ့ ဘာကိုများ ဂရုစိုက်နေရဦးမည်နည်း။

မိုဝူကျိက သူ့ဘေးပတ်လည်မှ ပစ္စည်းများကို သေချာစိစစ် ရွေးချယ်လိုက်သည်။ သူက ဦးဆုံး အစိမ်းရောင်ကျောက်များ လိုချင်မိသည်။ အစိမ်းရောင်ကျောက်များက သူ့ကျင့်ကြံဆင့်ကို တိုးမြင့်ပေးနိုင်သလို သူ အသုံးပြုနိုင်သမျှအထဲ အကောင်းဆုံး ဖြစ်နေ၏။

သို့သော်လည်း မိုဝူကျိက မြင့်မြင့်သွားလေလေ စတင်စူးစမ်းမိလာလေလေ ဖြစ်၏။ အကယ်၍ စကြဝဠာနံရံကြီး တစ်ဖက်ခြမ်းသို့သာ ရောက်နိုင်လျှင် မည်သို့ကမ္ဘာမျိုး ဖြစ်နေမည်နည်း။

မိုဝူကျိက ထိုအတွေး တွေးမိစဉ် စကြဝဠာနံရံကြီးနောက်မှ အင်အားကြီးက ရုတ်ချည်း တိုးလာလေ၏။ ထိုအင်အားကြီးက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို တစစီ ဖျက်စီးပစ်လိုက်သည်။ ထိုပြင်းထန်လှသည့် အားကြီးက ဆက်လက် ထွက်ပေါ်လာကာ မိုဝူကျိ ရင်ဘတ်ဆီ ကျရောက်လာလေ၏။

မိုဝူကျိက သူ့အင်မော်တယ် သဘာဝစွမ်းအားများ နှိုးဆွဖို့ရာ ကြိုးစားလိုက်သော်လည်း ထိုအင်အားကြီးကို ခုခံနိုင်မည့် နည်းလမ်း မရှိပေ။ သူက ဥက္ကာခဲအလား အလျှင်အမြန် ပြုတ်ကျလာတော့သည်။

မိုဝူကျိက စိတ်ထဲမှသာ ကျိန်ဆဲလိုက်လေ၏။ သူက အင်မော်တယ် သဘာဝစွမ်းအားများကို အသည်းအသန် နှိုးဆွလိုက်ရင်း ထိုအားကို ပြန်လည် ခုခံဖို့ ကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် အားလုံးက အသုံးမဝင်ခဲ့ပေ။

“ ဘုန်း ..” တွင်းနက်ကြီးက အရှိန်ဟုန်ပြင်းပြင်းဖြင့် မြေကြီးထဲ ဝင်သွားဟန် ပေါ်၏။ မိုဝူကျိ ခန္ဓာကိုယ်ထဲမှ အရိုးတိုင်းမှာ နေရာလွဲကုန်ပြီး ထိုးစိုက်သည့် နာကျင်မှုက ခန္ဓာကိုယ်အနှံ့ ပြန့်လာသည်။

သူက စကြဝဠာနံရံကြီးမှ တွန်းထုတ်ခံလိုက်ရပြီး မိုဝူကျိ စိတ်ထြ အကြောက်တရားနှင့် တုန်လှုပ်မှုတို့ ကြီးစိုးနေသည်။ သူက နတ်ဘုရားရုပ်ခန္ဓာအဆင့် ၆ ဖြစ်သော်လည်း သူကျိုးကြေလုမတတ် ဖြစ်ခဲ့ရသည်။ အကယ်၍ သူ့တွင် နတ်ဘုရား ရုပ်ခန္ဓာသာ ရှိမနေပါက သေချာပေါက် သေမည် ဖြစ်၏။

မိုဝူကျိက အတွေးမှ အသိပြန်ကပ်လာစဉ် သူတစ်ယောက်တည်း တွန်းထုတ်ခံလိုက်ရခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ ဤနေရာရှိ ကျင့်ကြံသူတိုင်းနီးပါးက တွန်းထုတ်ခံလိုက်ရပြီး ထိုတုံ့ပြန်ချက်ကြောင့် လေထုတစ်ခုလုံး၌ သဲများ၊ ဖုန်များနှင့်သာ ပြည့်နှက်နေသည်။

စကြဝဠာနံရံကြီး၏ အချိန်မှာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း မိုဝူကျိ ပထမဆုံး တွေးမိလိုက်ခြင်း ဖြစ်၏။ သူက ထိုအတွေးတွေးမိစဉ် စကြဝဠာနံရံကြီး၏ ပြေတိပြေလျော့နေရာမှ ရတနာအချို့ ပြုတ်ကျလာကာ နေရာအနှံ့ ပြန့်ကျဲသွားသည်ကို မြင်လိုက်ရသည်။ မိုဝူကျိကဲ့သို့ တွန်းထုတ်ခံလိုက်ရသော ကျင့်ကြံသူများက ထိုရတနာများအတွက် စတင်၍ အသည်းအသန် တိုက်ခိုက်တော့သည်။

မိုဝူကျိကဲ့သို့ ဒဏ်ရာအပြင်းအထန် ရသွားသော ကျင့်ကြံသူတချို့လည်း ရှိပေသည်။ အကြောင်းမှာ သူတို့က အထိနာကျ၍ ဖြစ်သည်။ သူတို့က မြန်မြန် မတုံ့ပြန်နိုင်သည့်အတွက် ရလဒ်အနေနှင့် သူတို့က လုပ်ကြံခံလိုက်ရပြီး လက်စွပ်များမှာ လုယူခံလိုက်ရသည်။

မဟာလော့ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်က မိုဝူကျိ တွေဝေနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဓားအလင်းများ ထုတ်လွှင့်လိုက်၏။ မိုဝူကျိဆီ ထိုဓားအလင်းများ မရောက်ခင် မိုဝူကျိက ပြန်ထကာ  လက်သီးချက်များ ပြန်ထုတ်ဖော်လိုက်သည်။ သူက ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူအား အလွယ်လေး သတ်ပစ်လိုက်ပြီး မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ၏ လက်စွပ်ကို ကောက်ယူလိုက်သည်။

မိုဝူကျိက သူ အဘယ်ကြောင့် အမြင့်ဆုံးတက်နိုင်ကြောင်း နားလည်သွားလေ၏။ ထိုသည်မှာ သူ့အားကောင်းသော ဝဲကတော့ စွမ်းအားစက်ကွင်းကြောင့်မျှသာ မဟုတ်ဘဲ လူတော်တော်များများက သူ့လောက်အမြင့်ကို မတက်လှမ်းရဲကြ၍ ဖြစ်သည်။ အကယ်၍ အရမ်းမြင့်မြင့်သွားမိလျှင် ထိုဖိအားထွက်ပေါ်လာသည့်အခါ အင်မော်တယ် ဧကရာဇ်ပင် ဒဏ်ရာအပြင်းအထန် ရလျှင်ရ  သို့မဟုတ် အသတ်ခံရနိုင်ပေ၏။

မိုဝူကျိက ဆံပင်များကို ဖွလိုက်၏။ မသိကြသူများမှာ အကြောက်တရား ကင်းမဲ့ကြသည်မှာ အမှန် ဖြစ်၏။ သူ မြင့်မြင့်ရောက်သွားသည်မှာ သူ့လျစ်လျူရှုမှုကြောင့် ဖြစ်ပြီး လက်တွေ့၌ သူ့နတ်ဘုရား ရုပ်ခန္ဓာကြောင့်သာ မဟုတ်လျှင် သို့မဟုတ် သူက အဆင့်နိမ့်နေလျှင် သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်၌ သွေးသံရဲရဲ အလောင်းဖြစ်နေလောက်လေပြီ။ ထိုလူများက သူ အပေါ်သို့ တက်သွားသည့်အခါ အထင်သေးစွာ ကြည့်နေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုအရာက မနာလိုခြင်း မဟုတ်ဘဲ အထင်သေးမှုသာ ဖြစ်၏။

လူတော်တော်များများက ရတနာ လုယက်နေကြသည်ကို မြင်သောအခါ မိုဝူကျိက မပါဝင်တော့ပေ။ သူ့စိတ်ဝိညာဉ်မျက်လုံးနှင့် ရောက်ရှိခဲ့သော အမြင့်ကြောင့် သူက ရတနာ လုံလုံလောက်လောက် ရပြီးလေပြီ။

သူက ဤနေရာမှ အရင်ဆုံး ထွက်သွားရမည်။ သူက  ဆိုင်ပိုင်ရှင်ကို သတ်ထားပြီ ဖြစ်၍ လော့စီ ပြောထားသော စည်းမျည်းများအရ သူက ဆိုင်ရှင်ဖြစ်ဖို့ရာ ဆိုင်ဆီ ဦးစွာ ပြန်ရောက်ရမည်။

မိုဝူကျိက ထိုအတွေးဖြင့် သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း သူက ၅၀ ကီလိုမီတာ မရောက်ခင် အားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ မိုဝူကျိက ထိုအားကို မစစ်ဆေးကြည့်လိုက်နိုင်ခင် သူ့နောက်မှ စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားလိုက်ရသည်။

***

All Chapters