နောက်တစ်ကြိမ် ထပ်ကူညီခြင်း
Vol. 54 Ch. 753
လော့စီက အနည်းငယ် ပွရှုပ်နေသော ဆံပင်များနှင့် ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးသို့ ဒုန်စိုင်း ပြန်ရောက်လာသည်။ သူမ ဝင်လာသည်နှင့် စိတ်သက်သာရာ သက်ပြင်းအကြီးကြီး ချလိုက်တော့သည်။ အနည်းဆုံးတော့ သူမအနေနှင့် သုံးရက် နေလို့ ရပြီ မဟုတ်ပါလော။
လက်ရှိ လော့စီက သူမ မျက်နှာကို အုပ်ထားသော ပဝါမည်း ပါရှိသလို သူမ ဝိညာဉ်စွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်နေလေ၏။ သူမ ဒဏ်ရာများမှ ပြန်မကောင်းသေးကြောင်း သိသာလှသည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူမရှေ့သို့ အရပ်ရှည်ရှည် ဖြူဖျော့ဖျော့ မိန်းကလေး လျှောက်လှမ်းလာသည့်အခါ အမူအယာမှာ ပြောင်းလဲသွားတော့သည်။ အရပ်ရှည်ရှည် မိန်းကလေးကို မိန်းကလေးဟု ယူဆနိုင်သည့်အချက်မှာ သူမ၏ မို့မောက်နေသော ရင်ဘတ်ကြောင့် ဖြစ်သော်လည်း သူမ လည်ပင်းမှ ဇလုတ်ကြောင့် ယောက်ျားတစ်ယောက်အဖြစ်လည်း ယူဆ၍ ရနေပေ၏။
“လော့စီ …. မင်းက ဒီနေရာမှာ တိုက်ချင်တာလား ဒါမှမဟုတ် ငါနဲ့အတူတူ ထွက်သွားမလား ” လော့စီဆီ လျှောက်လှမ်းလာသူက မထီမဲ့မြင့် ပြောလိုက်သည်။ သူ့အသံကား ထူထူးခြားခြား ကြောက်စရာကောင်းနေသည်။
လော့စီက သူမ ခြေထောက်များပင် တုန်ယင်လာပြီး တစ်ကိုယ်လုံးလည်း ကြက်သီးတဖြန်းဖြန်း ထလာသည်ကို ခံစားမိလိုက်သည်။ ထိုစဉ် သူမက အလွန်ကို ရွံ့စရာကောင်းသည့် ခူကောင်ရှေ့ ရပ်နေရသည့်အလား ခံစားနေရသည်။
လော့စီက ထိုလူ၏ ဇာစ်မြစ်ကို ကောင်းကောင်း သိပေသည်။ ထိုသူမှာ ကောင်းကင်ဘုံအလွန် မိစ္ဆာပိုင်နက်မှ နှစ်ဖက်ချွန် ( လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ) ကျီချီ ဖြစ်ပေ၏။ အတိအကျပြောရလျှင် သူက အမျိုးသား ကျင့်ကြံသူများနှင့် အမျိုးသမီး ကျင့်ကြံသူများကိုပါ နှိပ်စက်သည့် နှစ်ဖက်ချွန် လူစားမျိုး ဖြစ်၏။
လွန်ခဲ့သည့် လဝက်ခန့် ထိုသူက လော့စီ၏ သွင်ပြင်များကို မြင်တွေ့လိုက်စဉ်ကတည်းက လော့စီက ဆက်တိုက် ပြေးလွှားနေရခြင်း ဖြစ်၏။ သူမ ထွက်ပြေးနေစဉ်အတွင်း အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့သောကြောင့် သူမတွင် ထွက်ပြေးဖို့ရာ နေရာ မရှိတော့ပေ။
လော့စီက အင်မတန် ကူကယ်ရာမဲ့ ဖြစ်နေသောကြောင့် ကောင်းကင်ဘုံ အလွန်မြို့သို့ ရောက်လာခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဤနေရာ၌ သုံးရက်တာမျှသာ နေနိုင်ပေသည်။ ပုံမှန်အားဖြင့် ဤနေရာ၌ နေစရာ တည်းခိုဆောင်များလည်း မရှိချေ။ သုံးရက်ပြည့်သည်နှင့် ထွက်သွားရမည် ဖြစ်ကော ၂၄ နာရီကြာပြီးမှ ဝင်လာလို့ ရမည် ဖြစ်၏။ ချွင်းချက်များ ရှိသော်လည်း ထိုအရာမှာ ကောင်းကင်ဘုံ အလွန် မြို့ငယ်လေး၏ စီမခံခန့်ခွဲရေးကို ပြောပြာကာ ထောက်ခံချက် ယူရမည် ဖြစ်သည်။
လော့စီက ချွင်းချက် မဟုတ်သောကြောင့် သုံးရက်တာမျှသာ နေနိုင်ပေသည်။ သုံးရက်ကြာပြီးနောက် အပြင်ထွက်ကာ တစ်ရက်ပုန်းနေပြီး နောက်ထပ် သုံးရက် ထပ်လာနေနိုင်မည် ဖြစ်၏။ လော့စီက ထိုအရာမှာ ဖြေရှင်းနည်း မဟုတ်မှန်း သိသော်လည်း သူမက ဘာလုပ်ရမှန်း မသိတော့ပေ။ ကောင်းကင်ဘုံ နယ်နမိတ် အလွန်၌ သူမက မိစ္ဆာမျိုးနွယ်ဆီရော၊ လူသားမျိုးနွယ်ဆီရော မသွားနိုင်တော့ပြီ ဖြစ်ရာ သူမအနေနှင့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးသာ ဖြစ်၏။
သူမက မိုဝူကျိအား တွေးမိသော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က မိုဝူကျိကဲ့သို့ သူမ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ။ သူမက မိုဝူကျိသည် ယခု ဘာများ လုပ်ဆောင်နေလဲဟု တွေးမိသွား၏။
“ အဲဆို ကျမကို သတ်ပစ်လိုက် …” လော့စီက ကျီချီအား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ သူမက ထိုနှစ်ဖက်ချွန်နောက် လိုက်ကာ အမျိုးမျိုးသော ရွံ့စရာကောင်းသည့် နှိပ်စက်မှုများ ခံမည့်အစား သေဖို့ရာသာ ရွေးချယ်မည် ဖြစ်၏။
ကျီချီက ပြုံးကာ “ငါ မင်းကို အရမ်းကို သဘောကျသွားပြီ။ မင်းကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။ မင်း ထွက်သွားတဲ့အချိန်ကျမှ အတူတူထွက်သွားကြတာပေါ့ ”
လော့စီ နှလုံးသားထဲ လေးလံမိသွားသည်။ သူမက ကျီချီ ကြံစည်နေသည်များကို မည်သို့ မသိဘဲ နေမည်နည်း။
ကောင်းကင်ဘုံ အလွန်မြို့ငယ်ထဲ၌ တိုက်ခိုက်မှု ရှိသော်လည်း ထိုတိုက်ခိုက်မှုအပြီးတွင် အကြောင်းပြချက် လိုအပ်လာမည် ဖြစ်သည်။ ကျီချီက လော့စီအား တိုက်ခိုက်ရန် အကြောင်းအရင်း မရှိသည့်အတွက် ဤနေရာ၌ အကြောင်းအရင်းမရှိဘဲ တိုက်ခိုက်မိလျှင် ဤမြို့လေး၏ အကြိုဆိုမခံရသည့် ပုဂ္ဂိုလ် ဖြစ်သွားပေလိမ့်မည်။ ကျီချီက ထိုအရာကို မလိုချင်သောကြောင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူ့အတွက် ကောင်းကင်ဘုံအလွန် မြို့ငယ်လေးမှာ အလွန်အရေးပါပေ၏။
ကျီချီက လော့စီနောက် လိုက်ချင်သည်မှာ လော့စီက သုံးရက်ကြာပြီးနောက် မြို့ပြင်သို့ ထွက်သွားရမည်ကို သိထားသည်။ သူမ ထွက်သွားသည်နှင့် သူမက သူ့လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
လော့စီက ကျီချီအား ဆက်လက်၍ ကြည့်မနေတော့ပေ။ သူ့ရုပ်ရည်မှာ လက်ခံနိုင်လောက်သော်လည်း လော့စီက သူ့ကို မြင်ရသည်ကပင် ရွံ့ရှာဖွယ်အတိ ဖြစ်နေလေ၏။
လက်ရှိ သူမက ကောင်းကင်ဘုံအလွန်မြို့လေး၌ ငေးမောရင်း သုံးရက်မတိုင်ခင် သူမကိုယ်သူမ သတ်သေနိုင်ခြေကို တွေးတောကာ လျှောက်လှမ်းလာလိုက်သည်။
ကျီချီက အားကောင်းသော်လည်း သူမ ကိုယ့်ဘာသာ သတ်သေဖို့ ကြိုးစားမှုအား တားဆီးနိုင်လောက်သည့်အထိ အားကောင်းနေခြင်းတော့ မဟုတ်လောက်ပေ။
နေ့ဝက်တာ ကုန်ဆုံးသွားပြီးနောက် လော့စီက လူရှုပ်ရှုပ် မြို့လေးကို ကြည့်ကာ ရပ်တန့်လိုက်တော့သည်။ သူမက ယခု သူမဘာသာ သတ်သေခြင်းနှင့် နောင်နှစ်ရက်အကြာမှ သတ်သေခြင်းမှ ခြားနားချက်အကြောင်း စတင် တွေးလာမိသည်။ ထိုခူကောင် သူမအား ကြည့်နေသည့် စက္ကန့်တိုင်းက သူမအတွက် နှိပ်စက်မှုတမျိုး ဖြစ်ပေသည်။
ကျီချီ၏ ခပ်ဩဩ ဆိုးဆိုးရွားရွားအသံက ပြန့်လွှင့်လာလေ၏
“ မင်း ကိုယ့်ဘာသာ သတ်သေလို့ ရတယ်။ ငါ မတားဘူး။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ် ဖျက်စီးပစ်ဖို့ လုပ်ရင်တော့ တားရလိမ့်မယ်။ မင်း ခန္ဓာကိုယ် မပျက်စီးသရွေ့ မင်းကို ပြန်ခေါ်နိုင်တယ်။ ဟားဟား …. မင်းကို ငါ့အတွက် နေ့တိုင်း ဖျော်ဖြေပေးဖို့ လူသား ရုပ်သေးရုပ် လုပ်ပစ်လိုက်မှာ ”
လော့စီက ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။
ခဏအကြာတွင် သူမက အေးစက်စက် ခံစားချက်ကို ခံစားနေရဆဲ ဖြစ်ကာ သူမက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး မှော်ရတနာဆိုင် အဝင်ဝ၌ ထိုင်ချလိုက်တော့သည်။
ဤနေရာရှိ ဆိုင်များထဲမှ ဤဆိုင်လေးသာ မဖွင့်ခြင်း ဖြစ်၏။ ရက်များစွာ သွားလာရပြီးနောက် သူမက မတ်မတ် မရပ်နိုင်လောက်သည့်အထိ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလေပြီ။
“ ကျွီ ” ထိုအခါ၌ မှော်ရတနာဆိုင် အဝင်တံခါးပေါက်ကား ပွင့်လာလေသည်။
လော့စီက ခေါင်းမော့၍ ကြည့်လိုက်သည့်အခါ တံခါးလာဖွင့်သည့်သူကို မြင်ကာ အံ့အားသင့်သွားလေ၏။
သူမက သူမ နောက်တွင် ရပ်နေသော အပြာဝတ် လူငယ်လေးအား သိပေသည်။ ထိုသူမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က လူသားမျိုးနွယ်စုဝင်ရော၊ မိစ္ဆာမျိုးနွယ်စုဝင်ကိုပါ သတ်မိကာ သွားစရာနေရာမရှိ ဖြစ်ခဲ့သည့် မိုဝူကျိ ဖြစ်နေသည်။
“ လော့စီ …. ဘာလို့ ဆိုင်ရှေ့မှာ ထိုင်နေတာလဲ။ ကျုပ် ဒီမှာ ရှိနေတာကို သိနေတာလား ” မိုဝူကျိက လော့စီကို မြင်ကာ မယုံနိုင်ဖွယ် ဖြစ်မိသွားသည်။
လော့စီအား ပထမအကြိမ် တွေ့ဆုံစဉ်နှင့် ယှဉ်လျှင် ယခုကား ပို၍ နှေးကွေးလေးလံကာ ခြောက်ကပ်ကပ် ဖြစ်နေသည်။
“ မိုဝူကျိ ဒါက တကယ်ကြီး ရှင့်ဆိုင်လား ” လော့စီက အသိပြန်ကပ်လာကာ မရေမရာ မေးလိုက်၏။
မိုဝူကျိက ဤနေရာ၌ ဆိုင်ဖွင့်နေနိုင်ပြီလား ….
မိုဝူကျိက ယနေ့အထိ အသက်ဆက်ရှင်နေသည့် အကြောင်းအရင်းမှာ မည်သူမှ မဖြတ်ကျော်ဖူးသည့် အမျိုးမျိုးသော ကိစ္စရပ်များကို ကျော်ဖြတ်လာရ၍ ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် လော့စီအား စိုက်ကြည့်ကာ အာရုံခံနေသည့် မနီးမဝေးမှ ထူးထူးဆန်းဆန်း လူကိုလည်း သတိထားမိလိုက်သောကြောင့် မိုဝူကျိက လော့စီသည် စောင့်ကြည့်ခံနေရကြောင်း သိလိုက်မိသည်။
မည်သို့ပင် ဖြစ်စေကာမူ လော့စီက သူ့မိတ်ဆွေဟု ယူဆ၍ ရပေသည်။ သူ့အား ကောင်းကင်ဘုံအလွန် မြို့ငယ်လေးဆီ ခေါ်လာပေးပြီး စည်းမျည်းများကို ရှင်းပြပေးခဲ့သူ ဖြစ်၏။ တချို့စည်းမျည်းများကို အပြည့်အစုံ မရှင်းပြသွားသောကြောင့် တုန်လှုပ်ခဲ့ရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသော်လည်း မိုဝူကျိက လော့စီအား ကျေးဇူးတင်မိနေဆဲ ဖြစ်သည်။
သူတို့က ကံဆုံ၍ ပြန်လည် တွေ့ကြရသောကြောင့် အကူအညီ လိုအပ်နေသည့် မိတ်ဆွေအား ကူညီပေးမည် ဖြစ်၏။
“ ဟုတ်တယ်လေ … ဒါက ကျုပ်ဆိုင်။ အထဲဝင်လာပြီး ပြောရအောင်လေ ” မိုဝူကျိက ရယ်ရယ်မောမော ပြောလိုက်သည်။ သူက အင်မော်တယ်ဘုရင် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိသွားပြီး သူ့ကျင့်ကြံဆင့်များ အခြေတည်သွားပြီ ဖြစ်၍ မိုးကြိုးစမ်းသပ်ချက် ခံယူရန် နေရာရှာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူက တံခါးဖွင့်လိုက်သည်နှင့် လော့စီအား တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
“ ကောင်းပြီ …. ကောင်းပြီလေ ” လော့စီက မိုဝူကျိ၏ ဆိုင်ထဲ အလျှင်အမြန် ဝင်လိုက်တော့သည်။ သူမက ထိုလူ အကြည့်အောက်တွင် ရူးသွားတော့မတတ် ခံစားနေရသည်။
“ ခဏ ” ကျီချီအား မိုဝူကျိနှင့် လော့စီအား နှောင့်ယှက်လိုက်လေ၏။
သူက လော့စီသည် ဤနေရာရှိ ဆိုင်ပိုင်ရှင်နှင့် သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသာ စောစောသိခဲ့ပါက သူမအား အတင်းကျပ် ခေါ်ဆောင်သွားမိပေလိမ့်မည်။ ကောင်းကင်ဘုံအလွန် မြို့ငယ်လေး၏ နာမည်ပျက်စာရင်းမှာ သုံးနှစ်မျှသာ ကြာမြင့်သောကြောင့် သူ့နာမည်မှ ထိုစာရင်းအား ပယ်ဖျက်ရန် နည်းလမ်းရှာနိုင်ပေသည်။
မိုဝူကျိက ကျီချီအား စိုက်ကြည့်လိုက်ကာ “ ဘာလိုချင်လို့လဲ ”
“ ငါ မှော်ရတနာတချို့ ဝယ်ချင်လို့ ” ကျီချီက မိုဝူကျိ၏ ဆိုင်းဘုတ်ကို မြင်ပြီးနောက် တုံ့ပြန်လိုက်သည်။
မိုဝူကျိက ဤဆိုင်ကို ဝယ်ယူလိုက်ကတည်းမှ သူက တံခါးပိတ် ကျင့်ကြံနေလေရာ ဆိုင်ပတ်လည်မှ ကာကွယ်ရေး အစီအရင်များကို ပြောင်းထားခြင်းအပြင် မိုဝူကျိက နာမည်ကိုပင် မပြောင်းရသေးပေ။
“ ကျုပ်ဆိုင်က အခုထိ စီးပွားရေး မစရသေးဘူးဆိုတော့ ကြည့်စရာ မရှိဘူး ” မိုဝူကျိက တံခါးပိတ်ဖို့ရာ ကြိုးစားလိုက်တော့သည်။ သူက မိုးကြိုုးစမ်းသပ်ချက် မခံယူခင် လော့စီ ၏ အခြေအနေအကြောင်း သိချင်မိသည်။
“ ကောင်းပြီလေ …. စောစောက မိန်းကလေးကို ထုတ်ပေးလိုက်။ သူမက ငါဝယ်ထားတဲ့ ကျွန်ပဲ။ ငါ သတိပေါ့မိလို့ သူမက ဒီအထိ ထွက်ပြေးလာတာ။ တကယ်လို့ ငါ့ပြဿနာကြား ဝင်ရှုပ်ရင် မင်းရဲ့ ဆိုင် ဒီနေရာမှာ ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မလဲ စဉ်းစားကြည့်ပေါ့ ” ကျီချီက လေးနက်စွာ ပြောလိုက်သည်။
“ ထွက်သွားစမ်း ” မိုဝူကျိက ဒေါသတကြီး အော်ပြောလိုက်ပြီး အစီအရင်အလံကို ပစ်ကာ ဆိုင်၏ ကာကွယ်ရေး အစီအရင်အား ဆက်တိုက် အသက်သွင်းလိုက်သည်။
အကယ်၍ မိုဝူကျိသာ တခြားနေရာမှာ ဖြစ်နေပါက သူက တိုက်ခိုက်ပြီးလောက်လေပြီ။ ကျီချီက အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ဖြစ်သော်လည်း မိုဝူကျိက သူ့စွမ်းရည်ဖြင့် ကျီချီအား ရှင်းထုတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိသည်။ သို့သော်လည်း သူက မြို့ငယ်လေး၌ သူ့ပုံရိပ်သူ ထိခိုက်စေမည့်အရာမျိုး မလုပ်ချင်ပေ။ သူက ဤနေရာ၌ တံခါးပိတ်ကာ ဆက်လက် ကျင့်ကြံလိုသေး၏။
သူက ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးမှ ထွက်ကာ ကောင်းကင်ဘုံအလွန် လူသားပိုင်နက်ဆီ သွားလိုလျှင် သူက လုံလုံလောက်လောက် အားကောင်းဖို့ရာ လိုအပ်ကြောင်း သိထား၏။ ပို၍ အတိအကျဆိုရလျှင် သူက ထွက်မသွားခင် အနည်းဆုံးတော့ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်ဖို့ရာ လိုအပ်ကြောင်း ခံစားမိပေသည်။
“ မင်း …” ကျီချီက မိုဝူကျိသည် ဆိုင်၏ ကာကွယ်ရေး အစီအရင်အား အသက်သွင်းလိုက်သည်ကို မြင်သောအခါ ဒေါသူပုန်ထလာလေ၏။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်အား မတိုက်ခိုက်ရဲပေ။ ထိုသို့ လုပ်လိုက်ပါက သူကိုယ်သူ ပြဿနာ လက်ယက်ခေါ်သလို ဖြစ်နေပေလိမ့်မည်။
……………..…
“ အစ်ကိုကြီးမို တကယ်ကြီး ဆိုင်တွေ့သွားတာလား ” လော့စီက မယုံကြည်နိုင်သေးဘဲ သူမ သံသယများကို အတည်ပြုနိုင်မည့် မေးခွန်းမျိုး မေးလိုက်သည်။
နှစ်ဖက်ချွန် ရှိမနေတော့သည့်အတွက် လော့စီက ပို၍ သက်တောင့်သက်သာ ဖြစ်လာကာ စိတ်များပင် ကြည်လင်လာလေ၏။
မိုဝူကျိက ရယ်မောကာ
“ အရင်တုန်းက ကျုပ် ကံတော့ အကောင်းသားဗျ …. ဆိုင်ကို ရောင်းချင်နေတဲ့သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာ။ ဒါနဲ့ အခု ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုလုပ် ဒီလိုအခြေအနေ ဖြစ်နေရတာလဲ ”
သူက ပြောလိုက်ရင်း လော့စီအား ဗောဓိစိမ်း ဆေးတစ်လုံးအား ထုတ်ပေးလိုက်သည်။
လော့စီက ဗောဓိစိမ်းဆေးလုံးအား မြန်မြန် ငြင်းပယ်ကာ
“ ကျမ ဒဏ်ရာတွေက သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဆေးလုံး သုံးဖို့ မလိုဘူးရယ် …. နောက်ပိုင်း ပြန်ကောင်းလာမှာပါ။ ဆေးလုံးတွေကို ကျမအတွက် ဖြုန်းတီးပစ်ဖို့ မလိုပါဘူး ”
သူမအနေနှင့် မိုဝူကျိမှာ အင်မတန် ချမ်းသာကြွယ်ဝသော အမျိုးသား တစ်ယောက်အဖြစ် မြင်ထားသည်။ ထို့အပြင် သူမက မိုဝူကျိသည် ဆိုင်ကို မည်သို့ရလာကြောင်း မပြောပြချင်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်ကို သတိထားလိုက်မိသည်။
မိုဝူကျိက ဆေးလုံးအား လော့စီလက်ထဲ ထည့်ပေးကာ “ ကျုပ် ဒီမှာ နေနိုင်တာ ခင်ဗျားရဲ့ လမ်းညွှန်မှုကြောင့်ပဲလေ။ ဒီဆေးလုံးတွေက ကျုပ်အတွက် ဘာမှမဟုတ်ပါဘူး ”
မိုဝူကျိက သူမကို လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားမိသည့်အခါမှ လော့စီက ဆေးလုံးကို ကျေးဇူးတင်စွာ လက်ခံလိုက်ပြီး သောက်သုံးလိုက်သည်။ အကယ်၍ သူမ တစ်ယောက်တည်း ဖြစ်နေလျှင် ဤဆေးလုံးအား နောင်အတွက် သိမ်းထားမိမည် ဖြစ်သော်လည်း မိုဝူကျိရှေ့၌ ဆေးလုံးကို သိမ်းဆည်းဖို့ရာ ရှက်ရွံ့နေမိသည်။
ဆေးလုံး ပျော်ဝင်သွားသည်နှင့် လော့စီက သူမ ဒဏ်ရာများမှာ တစ်ခုပြီးတစ်ခု ပြန်လည် ပျောက်ကင်းလာကြောင်း တွေ့လိုက်ရသည်။ သူမက စတင်၍ ရှင်းပြလိုက်သည်
“ အပြင်ဘက်က လူက နှစ်ဖက်ချွန် ကျီချီလေ။ ဒီနှစ်တွေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သူ့ကြောင့် ပျက်စီးကုန်ကြတယ်။ ပြီးတော့ သူဆီ ပါသွားတာနဲ့ ကမ္ဘာပေါ်က ပျောက်သွားတာနဲ့ အတူတူပဲဆိုတဲ့ သတင်းတွေလည်း ထွက်လာဖူးတယ်။ အဲဒါကြောင့် သူ့ကို ရွံ့စရာခူကောင်ဆိုပြီး နာမည်ပြောင် တွင်လာတာ …. ကျမ ဂရုမစိုက်မိလိုက်လို့ သူက ကျမရုပ်ရည်ကို မြင်သွားတယ်။ အဲဒါကြောင့် အခု ဒုက္ခရောက်နေတာ ….
တကယ်လို့ ရှင်သာ ဒီမှာ ဆိုင်မဖွင့်ထားပြီးတော့ ကျမကို မတွေ့ခဲ့ရင် ကျမတော့ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး။ ပြောရမယ်ဆိုရင် သူ့လိုလူမျိုးရှေ့မှာ ကိုယ့်ဘာသာတောင် သတ်မသေရဲဘူး ”
မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ အခု ဒီမှာ ကျုပ်နဲ့ နေလို့ ရပါတယ်။ အဲဒီလူကို ကျုပ် မောင်းထုတ်လိုက်မယ် ”
“မောင်းထုတ်လိုက်မယ် ” ဆိုသော စကားမှာ အလိမ်အညာတစ်ခုသာ ဖြစ်ပြီး မိုဝူကျိက ထိုလူအား ရှင်းထုတ်ပစ်ရန် ရည်ရွယ်ထားလေ၏။ ထိုနှစ်ဖက်ချွန် လူကြီးက မိုဝူကျိ၏ အမြင်အတွက်လည်း အလွန် မသာယာဖွယ် ဖြစ်စေနေသည်။
***