စကြဝဠာ ဘုံပိုင် နယ်မြေ
Vol. 55 Ch. 754
လော့စီက ခေါင်းခါကာ
“ ကျမ မှာ သွားစရာ မရှိတော့ဘူး။ အခု မိစ္ဆာမျိုးနွယ်ကလည်း ကျမကို စောင့်ကြည့်နေကြပြီ။ ပြီးတော့ မိစ္ဆာမျိုးနွယ်ထဲက အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်ကို ကျမ သတ်ခဲ့မိတယ် ”
လော့စီက ဆက်မရှင်းပြတော့ဘဲ မိုဝူကျိအား မျှော်လင့်တကြီး ကြည့်လိုက်သည်။ သူမ လက်ရှိအခြေအနေမှာ မိုဝူကျိ တစ်ယောက် ဤနေရာ ရောက်လာစဉ်ကနှင့် ဆင်တူနေပြီး မိုဝူကျိသာ သူမကို မကယ်တင်ပါက သူမအနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေရုံသာ တတ်နိုင်တော့သည်။
မိုဝူကျိက လော့စီ အခြေအနေကို နားလည်သွားပြီး ကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်ကာ ပြောလိုက်သည် “ ဒါက ကျုပ်ရဲ့ ပိုင်ဆိုင်မှု စာချုပ်ပဲ။ မင်းက အမှတ်အသားကို ချန်ထားလိုက်ရုံနဲ့ အချိန်တစ်ခုအထိ ကျုပ်ရဲ့ ဆိုင်အကူ ဖြစ်လာလိမ့်မယ် ”
ကောင်းကင်ဘုံအလွန်မြို့ငယ်လေး၌ မိုဝူကျိလို ဆိုင်မျိုးတွင် အနည်းဆုံး အကူနှစ်ယောက် ခန့်ခွင့် ရှိပြီး ခန့်ထားလိုက်သည်နှင့် ဆိုင်အကူက ကောင်းကင်ဘုံအလွန် မြို့ငယ်လေး၌ နေထိုင်ရန် အရည်အချင်း ပြည့်မှီသွားလေပြီ။
“ အစ်ကိုမိုကို ကျေးဇူးအများကြီးတင်ပါတယ် …” လော့စီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မိုဝူကျိက သူမကို ရှားပါးလှသည့် ဗောဓိစိမ်း ဆေးလုံးပေးကာ အများကြီး ကူညီပေးခဲ့ဖူးသည်။ ယခု မိုဝူကျိက သူမကို နောက်တစ်ကြိမ် ထပ်ကယ်တင်ပေးလိုက်လေရာ သူမအနေနှင့် အနည်းငယ်ပင် ရှက်ရွံ့လာမိ၏။
လော့စီက မည်သို့ပင် ရှက်ရွံ့နေစေကာမူ သူမက မိုဝူကျိ၏ အကူအညီကို လက်ခံရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ သူမက အမှတ်အသား မြန်မြန်ထားပေးလိုက်သည်။ ဤသို့မျိုး အခြေအနေ၌ သူမက တခြားသွားစရာ နေရာလည်း မရှိပေ။
မိုဝူကျိက ခေါင်းခါကာ “ စိုးရိမ်ဖို့ မလိုတော့ပါဘူး။ ဆိုင်မှာ နေပြီး ကျင့်ကြံနေလိုက်လေ။ ကျုပ် ခဏ အပြင်သွားလိုက်ဦးမယ် ”
“ အာ …” လော့စီက တအံ့တဩ တားဆီးလိုက်သည်
“ အခု သွားလို့ မဖြစ်ဘူးလေ။ ဟိုနှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူက အပြင်မှာ ရှိနေသေးတယ်။ သူက အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့်ဆိုတာကို သိတယ်မလား ”
လော့စီက မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မသိသော်လည်း မိုဝူကျိသည် အင်မော်တယ် ဘုရင် အလယ်အလတ်အဆင့်မျှသာ ရှိသေးဦးမည် ဖြစ်ကြောင်း သေချာသိနေသည်။ မိုဝူကျိက အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်နေလျှင်ပင် သူနှင့် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူ ကျီချီ ကြားမှ ကွာခြားချက်မှာ အလွန်ကြီးမားနေလိမ့်မည်။
မိုဝူကျိက ရယ်မောကာ “ စိုးရိမ်နေဖို့ မလိုပါဘူး။ သူ လာမရှာမှာကိုပဲ ကျုပ်က စိုးရိမ်နေတာ ”
အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်အထိ ကျင့်ကြံပြီးနောက် မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ အဆင့် မတက်လှမ်းခင် သူ့အင်အားကို စမ်းသပ်ရန် အဆင့်မြင့် ပညာရှင်တစ်ယောက်နှင့် ယှဉ်ပြိုင်လိုပေသည်။
“ အဲဆို ကျမလည်း အတူတူသွားမယ် ” လော့စီက မိုဝူကျိသည် ကျီချီကို ရှာမည် ဖြစ်ကြောင်း သတိပြုမိသောအခါ ပြောလိုက်သည်။
ထိုအရာကို ကြားပြီး မိုဝူကျိက အပြည့်အဝ ရှင်းပြလိုက်သည် “ ကျုပ်က အခု အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းဖို့ လှုံ့ဆော်သံကို ခံစားနေရပြီ။ အဲကြောင့် နေရာရှာပြီး မိုးကြိုးစမ်းသပ်ချက် ခံယူမလို့လေ ”
လော့စီက မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်လာရန် မိုးကြိုးစမ်းသပ်ချက် ခံယူရန် ရည်ရွယ်ထားသည်ကို ကြားသိသည့်အခါ ပို၍ အံ့အားသင့်မိသွားသည်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ ပစ္စည်းကောင်းများစွာ ရှိသောကြောင့် လူများစွာက အဆင့်တူအတွင်း မြန်မြန် အဆင့်တက်လှမ်းနိုင်သည်မှာ အမှန် ဖြစ်၏။ နမူနာအားဖြင့် အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်မှ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်သို့ အချိန်တိုလေးအတွင်း ရောက်ရှိနိုင်ပေသည်။
သို့သော်လည်း အင်မော်တယ်ဘုရင်အဆင့်မှ အင်မော်တယ် အုပ်စိုးသူအဆင့်သို့ တက်လှမ်းခြင်းနှင့် အင်မော်တယ် အုပ်စိုးသူအဆင့်မှ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းခြင်းကား ဤသို့မျိုးနေရာ၌ မကျော်ဖြတ်နိုင်သည့် ချောက်နက်ကြီးအလား ဖြစ်ပေသည်။ အကြောင်းအရင်းမှာ အင်မော်တယ်ဘုရင် ဆေးလုံးနှင့် အဆုံးအစွန် အုပ်စိုးသူဆေးလုံးတို့ လစ်ဟာနေ၍ ဖြစ်သည်။ အင်မော်တယ်ဘုရင်ဆေးလုံးမှာ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူအား အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းရန် ကူညီပေးနိုင်ပြီး အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက အဆုံးအစွန် အုပ်စိုးသူဆေးလုံးကို သုံး၍ အင်မော်တယ် အုပ်စိုးသူအဆင့်သို့ တက်လှမ်းနိုင်သည်။
စကြဝဠာနံရံကြီးအတွင်း အဓိက ပါဝင်ပစ္စည်းများဖြစ်သည့် အင်မော်တယ်ဘုရင် အသီးနှင့် ရှေးဟောင်းညှာတံပွင့်တို့မှာ ရှိသော်လည်း ထိုအရာများကား တက်လှမ်းဖို့ရာ အကျိူးသက်ရောက်မှု မရှိပေ။ အကြောင်းမှာ ဆေးလုံးအဖြစ် ဖော်စပ်လိုက်သည့်အခါမှ အကျိူးအာနိသင် ထူးလာမည် ဖြစ်၏။
ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ အင်မော်တယ်ဆေးလုံးများမှာ ရှားပါးနေလေရာ တကယ့်ရှားပါးလှသော အင်မော်တယ်ဘုရင်ဆေးလုံးနှင့် အဆုံးအစွန် အုပ်စိုးသူဆေးလုံးတို့မှာ မျှော်မှန်းကြည့်၍ပင် မရပေ။
လော့စီက မြန်မြန် တုံ့ပြန်ကာ ရှင်းပြနိုင်လိုက်သည်
“ အစ်ကိုကြီးမို … တကယ်လို့ အင်မော်တယ် အုပ်စိုးသူအဆင့်အဖြစ် တက်လှမ်းမယ်ဆိုရင် ကျမ လိုက်မှကို ဖြစ်မယ်။ မိုးကြိုးစမ်းသပ်ချက် ခံယူနေတုန်း စောင့်နေတဲ့သူ မရှိရင် ဒုက္ခရောက်နိုင်တယ်။ ကျမ စောင့်ကြည့်ပေးပါ့မယ် ”
မိုဝူကျိက လော့စီသည် သာမာန်ကျင့်ကြံသူများအတွက် မိုးကြိုးစမ်းသပ်ချက်အကြောင်း ပြောနေခြင်း ဖြစ်၍ အနည်းငယ် ပြောစရာ ရှာမတွေ့ ဖြစ်မိသွားသည်။ သာမာန်အခြေအနေအောက်၌ မိုးကြိုးစမ်းသပ်ချက် ခံယူလျှင် တစ်ယောက်ယောက် စောင့်ကြပ်ပေးဖို့ လိုအပ်သော်လည်း မိုဝူကျိက မိုးကြိုးစမ်းသပ်ချက်ကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ သူက လျှပ်စီးအဆီအနှစ်များကို စုပ်ယူနိုင်ရုံသာမက သူတွင် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၆ လည်း ရှိနေလေရာ မိုးကြိုးစမ်းသပ်ချက်က သူ့ကို မည်သို့ ထိခိုက်အောင် လုပ်နိုင်မည်နည်း။
“ အပြင်ဘက်က နှစ်ဖက်ချွန်လူကြီးကို မကြောက်ဘူးလား ” မိုဝူကျိက သတိထားကာ မေးလိုက်သည်။
လော့စီက မပြောခင် အနည်းငယ် တုန်ယင်သွားမိ၏ “ ကြောက်တာ မကြောက်တာက ကိစ္စမရှိပါဘူး။ တကယ်လို့ အစ်ကိုကြီးမိုက မိုးကြိုးစမ်းသပ်ချက် ခံယူမယ်ဆိုရင် ကျမတော့ လိုက်ရမှာပဲ ”
ဤတစ်ကြိမ်၌ မိုဝူကျိက လော့စီ၏ အတွေးကို နားလည်သဘောပေါက်သွားတော့သည်။ မိုဝူကျိက နှစ်ဖက်ချွန် လူအောက် ကျဆုံးသွးသည်နှင့် ဆိုင်မှာ လုယူခံရမည် ဖြစ်ပြီး လော့စီသည်လည်း နဂိုအခြေအနေနှင့် ကြုံတွေ့ပေရလိမ့်မည်။
“ တကယ်လို့ ကျုပ် တစ်ခုခု ဖြစ်ခဲ့ရင် မင်းက ဆိုင်ကို ယူလိုက်လေ။ ဒီလိုနည်းနဲ့ဆိုရင် မင်းက ဆိုင်ပိုင်ရှင် ဖြစ်လာလိမ့်မယ် ” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။ သူက လော့စီသည် ဤနေရာရှိ ဆိုင်ကို ပိုင်ဆိုင်နိုင်သည့် စည်းမျည်းများကို လုံးဝ နားမလည်သောကြောင့် သူ့အား အချက်အလက်အမှား ပေးမိသည် ဖြစ်ကြောင်း သိလိုက်သည်။
လော့စီက အသံနှိမ့်ကာ ပြောလိုက်၏ “ အစ်ကိုကြီးမို ကျမ တောင်းပန်ပါတယ်။ အရင်က ကျမကိုယ်တိုင်လည်း စည်းမျည်းတွေကို သေချာမသိဘဲနဲ့ အစ်ကိုမိုကို ပြောပြမိခဲ့တယ် ”
“ မင်းကို စနေတာပါ ” မိုဝူကျိက ပြောရင်း ဆိုင်ထဲမှ ထွက်သွားလိုက်သည်။
လော့စီက မိုဝူကျိနောက် မြန်မြန် လိုက်လာလိုက်သည်။ အကြောင်းမှာ သူမ အသက်လေးမှာ မိုဝူကျိအပေါ် မူတည်နေသည် မဟုတ်ပါလော။ အကယ်၍ မိုဝူကျိ အသက်ရှင်လျှင် သူမလည်း အသက်ရှင်နိုင်လိမ့်မည်။ သို့သော် မိုဝူကျိ ကျရှုံးသွားပါက သူမလည်း ကျရှုံးသွားပေလိမ့်မည်။
“ အစ်ကိုကြီးမို …. ကျမ ရှေးဟောင်းညှာတံပွင့် ရောင်းတဲ့ဆိုင်ကို သိတယ်။ ကျမတို့က ရှေးဟောင်းညှာတံပွင့်ကို အဆုံးအစွန် အုပ်စိုးသူဆေးလုံးအဖြစ် ပြောင်းမပစ်နိုင်ပေမဲ့ အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းဖို့ ရာခိုင်နှုန်းနည်းနည်းတော့ တိုးလာစေလောက်မှာပါ ” လော့စီက မိုဝူကျိနောက်မှ လိုက်လာရင်း တီးတိုးပြောလိုက်သည်။
မိုဝူကျိက ခေါင်းခါကာ “ မင်း စိုးရိမ်နေဖို့ မလိုဘူး။ ဒါနဲ့ ဟုတ်သား …. ကျုပ် တံခါးပိတ် ကျင့်ကြံနေတာ နှစ်နှစ်တောင် ရှိသွားပြီ။ ကောင်းကင်ဘုံ နယ်နမိတ် အလွန်မှာ တစ်ခုခု ဖြစ်သွားသေးလား ”
“ ကျမ ကြားတာတော့ လူသားမျိုးနွယ်က အရမ်းထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို လက်ခံထားတယ်တဲ့။ သူက လျှပ်စီးသဘာဝ ကျင့်ကြံသူပဲ။ သူက အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ပဲ ရှိသေးတာကို အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်ကို သတ်နိုင်လိုက်တယ်တဲ့လေ။
ဒါက အရမ်း အံ့ဩဖို့ မကောင်းသေးဘူး။ ကြားတာတော့ သူက နှစ်နှစ်အတွင်း အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်အထိ တက်လှမ်းပြီးပြီတဲ့ …. ”
“ သူ့နာမည်က ဘာလဲ ….” မိုဝူကျိက လော့စီ စကားကို ဖြတ်မေးလိုက်သည်။
“ သူ့နာမည်က လိန်ဟုန်ကျီတဲ့ ” လော့စီ မျက်ဝန်း၌ လေးစားမှုများ၊ အားကျမှု အရိပ်အယောင်များ ရောပြွန်းနေလေ၏။ အကြောင်းမှာ နှစ်နှစ်တာ ကာလလေးအတွင်း အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်မှ အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းဖို့ရာ ကောင်းကင်ဘုံကို သွေဖယ်လွန်းနေသည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင်ပင် သူ့အကြောင်း ကြောက်စရာအကောင်းဆုံးအရာမှာ နှစ်နှစ်အတွင်းမှ သူ့တိုးတက်နှုန်း ဖြစ်၏။
မိုဝူကျိက ရပ်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်
“ ဒီဟာက အထက်ဘုံက သူတို့တပည့်တွေကို လွတ်တဲ့ တိုက်ပွဲနယ်မြေများ ဖြစ်နေမလား။ အဲလိုလည်း မတူပြန်ဘူး ”
တကယ်တော့ မိုဝူကျိက လိန်ဟုန်ကျီ၏ ကျင့်ကြံနှုန်းမှာ သူ့အပြင် အင်မော်တယ် လောကတစ်ခုလုံး၌ သူ့တွေးဖူးသမျှအထဲ လိန်ဟုန်ကျီက အမြန်ဆုံး ဖြစ်ပေလိမ့်မည်ဟု ယုံကြည်သည်။
“ အထက်ဘုံအကြောင်း ပြောလိုက်တာလား ” လော့စီက မိုဝူကျိအား ကြည့်ကာ သိချင်စွာ မေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး “ မင်းက အထက်ဘုံအကြောင်း ကြားဖူးတာလား ”
လော့စီက
“ ဒါပေါ့ … အထက်ဘုံဆိုတာက စကြဝဠာထဲမှာ တိုက်ခိုက်နေကြတဲ့ အင်မော်တယ် ကမ္ဘာတစ်ခုလောက်ပါပဲ။ ဒါနဲ့ လိန်ဟုန်ကျီက အထက်ဘုံကနေ ရောက်လာတာတဲ့။ လိန်ဟုန်ကျီအပြင် လိုင်ဝမ်လို့ ခေါ်တဲ့ တစ်ယောက်လည်း ပါသေးတယ်။ သူ့ဆီမှာ လော့ကျမ်းစာရွက် ရှိတယ်တဲ့။ တိုက်ပွဲတုန်းက သူ့လော့ကျမ်းစာရွက်အကြောင်း သိသွားကြလို့ ရွေးချယ်စရာမရှိတော့ဘဲ လေလံပွဲမှာ တင်လိုက်ရတယ်။ တကယ်လို့ ကျမသာ မမှားရင် အဲဒီလေလံပွဲက နောက်တစ်လလောက်နေရင် စတော့မှာပဲ ”
“ ဘယ်လို …” အစပိုင်းတွင် သူက ဤနေရာမှ အထက်ဘုံနှင့် ဆက်နွယ်နိုင်ကြောင်း ကြားသိမိသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ ယခု လော့စီက လော့ကျမ်းစာရွက်အကြောင်း ပြောသောအခါ သူက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူက နောက်ဆုံးစာရွက်ကို တွေ့လေပြီ။
မိုဝူကျိက လော့ကျမ်းစာအုပ်တွင် စာရွက် ၁၃ ရွက် ရှိကြောင်း သိထားပြီး သူ့လက်ထဲတွင် ခြောက်ရွက်ရှိကာ ချိန်စုယင်တွင် တစ်ရွက် ရှိပေသည်။ မုရုန်ရှန်းယွီတွင် ငါးရွက် ရှိနေပြီး နောက်ဆုံးစာရွက်မှာ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်၌ ထွက်ပေါ်လာကြောင်း သိလိုက်ရသည်။ သူ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်သို့ ရောက်သည့်အခါ လော့ကျမ်းစာရွက်အပြင် မီးဓာတ် သဘာဝအမြုတေ ပေါ်လာသည့်အကြောင်းပါ သိလိုက်မိ၏။ သို့သော်လည်း မိုဝူကျိက နောက်ဆုံးစာရွက်ကို မည်သူ ရရှိသွားမှန်း မသိလိုက်ပေ။
ယခု မိုဝူကျိက ထိုလူသည် အထက်ဘုံမှ ရောက်လာသော လိုင်ဝမ်တွင် ရှိကြောင်း သိလိုက်ရသည်။ သူက စကြဝဠာတိုက်ပွဲနယ်မြေသို့ ရောက်လာသော်လည်း ထိုစာရွက်အား သူ့အသက်လေး ကာကွယ်ဖို့ရာ လေလံတင်လိုက်ရတော့သည်။ လော့ကျမ်းစာရွက်ကဲ့သို့သော ရတနာမျိုး ပေါ်လာပါက လုံလုံလောက်လောက် အားမကောင်းလျှင် လေလံတင်ဖို့သာ ရှိသည်။ မဟုတ်လျှင် လူတစ်ယောက်အား သေစေနိုင်သည့် ပြုစားမှုတစ်ခုလို ဖြစ်သွားပေလိမ့်မည်။
မိုဝူကျိ၏ အစီအစဉ်အရ သူက အင်မော်တယ်အုပ်စိုးသူအဆင့် တက်လှမ်းပြီးနောက် လော့ကျမ်းစာရွက်နှင့် ခွန်းဝူဓားကို သန့်စင်မည် ဖြစ်၏။
ယခု လော့ကျမ်းစာရွက်က ပေါ်လာပြီ ဖြစ်ရာ သူက သေချာပေါက် လက်လွှတ်မခံနိုင်ပေ။ မိုဝူကျိက ဤစာရွက်ကို လက်လွှတ်လိုက်လျှင် သူ့အတွက် ပြန်ရှာဖို့ရာ အင်မတန် ခက်ခဲမည် ဖြစ်ကြောင်း ခံစားချက် ရနေသည်။
လော့စီနှင့် စကားပြောဆိုပြီးနောက် သူက လော့စီ စကားမှ အရေးကြီးသောအချက်တချို့ကို ကောက်နုတ်နိုင်လိုက်သည်။ အထက်ဘုံမှာ ဤနေရာ၌ ဘာမှထူးခြားနေခြင်း မဟုတ်ပေ။ အကြောင်းမှာ အထက်ဘုံကဲ့သို့ ဂြိုလ်သိမ်ဂြိုလ်မွှားလေးတွေလည်း ရှိနေပေ၏။ လော့ကျမ်းစာရွက်သာ တခြားဂြိုလ်မှ လူဆီ ပါသွားပါက သူက မည်သို့ အရယူနိုင်တော့မည်နည်း။
“ တကယ်လို့ အဲဒီအကြောင်းသာ သိရင် လူသားမျိုးနွယ်ကို မသတ်ခဲ့ပါဘူး။ အခုတော့ လူသားမျိုးနွယ်ထဲလည်း ဝင်မရတော့ဘူး။ ဘယ်လိုလုပ် လေလံဝင်ဆွဲနိုင်မှာလဲ ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ သက်ပြင်းချလိုက်သည်။
“ အစ်ကိုကြီးမိုက လေလံပွဲသွားချင်တာလား ”
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ဟုတ်တယ် ဒါပေမဲ့ လူသားမျိုးနွယ် ပိုင်နက်မှာ လုပ်မှာ မဟုတ်ဘူးလား။ တကယ်လို့ ကျုပ်က လူသားမျိုးနွယ် ပိုင်နက်ထဲ သွားချင်ရင် တခြား နည်းလမ်း ရှိလို့လား ”
လော့စီက မြန်မြန် ခေါင်းခါကာ
“ အစ်ကိုကြီးမို လေလံပွဲကို လူသားမျိုးနွယ်က ဦးစီးတာ မဟုတ်ဘူးလေ။ စကြဝဠာထဲမှာရှိတဲ့ ဘုံပိုင်နယ်မြေမှာ ကျင်းပမှာ။ အစ်ကိုကြီးမိုက မိစ္ဆာမျိုးနွယ် ဖြစ်ဖြစ်၊ လူသားမျိုးနွယ် ဖြစ်ဖြစ် ဝင်လို့ ရတယ်လေ ”
“ ဘယ်လိုကြီးလဲ ” မိုဝူကျိက လော့စီအား နားမလည်စွာ ကြည့်လိုက်သည်။
လော့စီက ရှင်းပြလိုက်လေ၏
“ ကောင်းကင်ဘုံ နယ်နမိတ်အလွန်က အဆုံးမရှိတဲ့ စကြဝဠာကြီးထဲက နေရာတစ်ခုပဲလေ။ မိစ္ဆာမျိုးနွယ်တွေက နယ်မြေတစ်ခြမ်းကို သိမ်းထားပြီးတော့ လူသားမျိုးနွယ်တွေက တခြားတခြမ်းကို သိမ်းထားတယ်။ မိစ္ဆာမျိုးနွယ်နဲ့ လူသားမျိုးနွယ် နယ်မြေတစ်ခုချင်းစီမှာ ကူးသန်းရေး အစီအရင် ရှိတယ်လေ။ အဲဒီ ကူးသန်းရေး အစီအရင်က အစစ်အမှန် စကြဝဠာနယ်မြေဆီ ပို့ဆောင်ပေးမှာ။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ရဲ့ ၉၉ ရာခိုင်နှုန်းသော လူတွေက အဲဒီ ကူးသန်းရေး အစီအရင်ကနေ လာကြတာလေ ”
သူမက ၉၉ ရာခိုင်နှုန်းဟု သုံးစွဲလိုက်ခြင်းမှာ လော့စီသည် မိုဝူကျိက ထိုအစီအရင်မှ ရောက်လာခြင်း မဟုတ်ကြောင်း သေချာသိနေ၍ ဖြစ်သည်။ မဟုတ်လျှင် သူက ဤသာမာန်ဗဟုသုတများအကြောင်း မသိဘဲ မနေနိုင်ချေ။
မိုဝူကျိက မျက်မှောင်ကျုတ်ကာ
“ ဒီလိုဆိုရင်တောင် ကျုပ်က ကောင်းကင်ဘုံ နယ်နမိတ်အလွန်ကနေ ထွက်မသွားနိုင်သေးဘူးလေ။ ကျုပ်က မိစ္ဆာမျိုးနွယ်နဲ့ လူသားမျိုးနွယ် တစ်ယောက်စီကို သတ်ထားမိတာဆိုတော့ နှစ်ဖက်လုံးကနေ အမုန်းခံနေရတာလား ”
လော့စီက ပြုံးကာ
“ တကယ်လို့ အစ်ကိုကြီးမိုက ဒီနေရာရဲ့ ဆိုင်ပိုင်ရှင် မဟုတ်ဘူးဆိုရင်တော့ သွားလို့ မရနိုင်ဘူးပေါ့။ အခု ဆိုင်ပိုင်ရှင်ဆိုတော့ ပြဿနာ မရှိတော့ဘူးလေ။ ကောင်းကင်ဘုံအလွန်မြိုရဲ့ ဆိုင်ရှင်တိုင်းက စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားလို့ရတယ်။
ဘယ်မျိုးနွယ်ပဲ ဖြစ်ဖြစ် သူတို့က ကောင်းကင်ဘုံအလွန်မြို့ရဲ့ ဆိုင်ပိုင်ရှင်ကိုတော့ ဘာမှမလုပ်နိုင်ကြဘူးလေ။ အဆင်မပြေတာတစ်ခုက ဆိုင်ပိုင်ရှင်တွေအတွက် စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားဖို့ ကူးသန်းရေး အစီအရင် ဖြတ်သန်းခက သာမာန်လူထက် ဆယ်ဆ ပိုဈေးကြီးတယ် ….”
မိုဝူကျိက စိတ်ဓာတ်တက်ကြွလာပြီး “ အဲလို အကျိုးကျေးဇူးရှိတာကို မသိလိုက်ဘူး။ အဲဆို သွားကြတာပေါ့။ အခု ကျုပ်ရဲ့ မိုးကြိုးစမ်းသပ်ချက်ကို ခံယူပြီးသွားရင် စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားကြမယ် ”
မိုဝူကျိအတွက် လော့ကျမ်းစာရွက် လေလံပွဲက စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားချင်သည့် တစ်ခုတည်းသော ရည်ရွယ်ချက် မဟုတ်ပေ။ လော့ကျမ်းစာရွက်အပြင် မိုဝူကျိက လင်းဂူနှင့် ချိန်စုယင်တို့၏ တည်နေရာအကြောင်း စုံစမ်းနိုင်ရန်လည်း မျှော်လင့်ထားမိ၏။
***