အခန်း (၁၉၈) - အတွင်းကမ္ဘာ
Vol. 14 Ch. 198
အခန်း (၁၉၈) - အတွင်းကမ္ဘာ
"ဖူဆန် ဝူချူး သစ်ပင်၊ ဆန်းကြယ်မှု အဆင့် ၅၊ အပင်ပေါက် အဆင့် ဖူဆန် နတ်သစ်ပင် အကိုင်းအခက်???"
တန်ဖိုးဖြတ် အချက်အလက်များက အသေးစိတ်မကျဘဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
"ဒါဆို ဖူဆန်သစ်ပင် အစစ်မဟုတ်ဘူး။ တကယ့်နာမည်က ဖူဆန်ဝူချူး သစ်ပင်တဲ့"
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။
ဖူဆန်ဝူချူးသစ်ပင်၏ အဆင့်က အနည်းငယ် မြင့်သည်။ သူ့တန်ဖိုးဖြတ် နည်းလမ်းက စဦးအဆင့်သာ ရှိသေးပြီး ဒီလို ရိုးရှင်းသည့် အချက်အလက်ကိုသာ ပြသနိုင်ပါသည်။
သူ့မှော်စွမ်းအင်၏ သုံးပုံတစ်ပုံကို အသုံးပြုလိုက်ရကြောင်းလည်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။
အင်မော်တယ်အပင်၏ အဆင့်မြင့်လေလေ တန်ဖိုးဖြတ်ဖို့ မှော်စွမ်းအင် ပိုလိုအပ်လေလေ ဖြစ်သည်။
သူ မနေနိုင်ဘဲ သူ့ဘေးက အနီရောင် အင်မော်တယ်ပဲပင်ကို ကြည့်ကာ တန်ဖိုးဖြတ်နည်းလမ်းကို ထပ်သုံးလိုက်သည်။ မမြင်နိုင်သည့် အဖြူရောင်အလင်းတန်းတစ်ခု လင်းလာပြီး ထိုအင်မော်တယ်အပင်၏ အသေးစိတ် အချက်အလက်များအားလုံး ပေါ်လာပါသည်။
တန်ဖိုးဖြတ် အချက်အလက်များက အနီရောင် အင်မော်တယ်ပဲပင်၏ ရှုထောင့်မျိုးစုံက အပြစ်နှင့် အားနည်းချက်များကို ပြသသည်။ အားလုံးကို အသေးစိတ်ဖော်ပြထားခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်း ထိုအပြစ်အနာအဆာများကို တစ်ခုချင်း ပြုပြင်နိုင်ပါက အနီရောင်အင်မော်တယ်ပဲစေ့များ၏ အရည်အသွေးမှာ များစွာ တိုးတက်သွားနိုင်ပါသည်။
"ဟားဟား ဒီတန်ဖိုးဖြတ်နည်းလမ်းက ငါထင်ထားတာထက် ပိုကောင်းနေလိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ဒီအင်မော်တယ်လျှို့ဝှက် နည်းလမ်းတွေကို ငါအထင်သေးမိပြီ ထင်တယ်။"
ယဲ့ရှောင်ချန်း အပျော်လွန်သွားပါသည်။
ထို့အပြင် အနီရောင် အင်မော်တယ်ပဲပင်ကို တန်ဖိုးဖြတ်ဖို့ လိုအပ်သည့် မှော်စွမ်းအင်ကလည်း သိပ်မများပေ။ ဖူဆန်ဝူချူးသစ်ပင်ထက် အများကြီးပိုနည်းပါသည်။
တန်ဖိုးဖြတ်နည်းလမ်းကို ကျင့်ကြံဖို့ အကောင်းဆုံး နည်းလမ်းက မကြာခဏ အသုံးပြုဖို့ပဲ ဖြစ်သည်။ ဒီလိုဆို ထိုနည်းလမ်း၏ ကျွမ်းကျင်မှုနှင့် အောင်မြင်မှုကို တိုးမြှင့်နိုင်ပါသည်။
အမှန်ပင်။ သဘောပေါက်နိုင်စွမ်း မြင့်မားသူများကတော့ မှော်စွမ်းအင်သုံးစွဲမှုကို လျှော့ချဖို့နှင့် နည်းလမ်း၏ အာနိသင်ကို တိုးမြှင့်ဖို့ ဘယ်လိုဖြည်းဖြည်းချင်း ချိန်ညှိမလဲ နားလည်ကြပါသည်။
ဧကန္တ သူ့ရှန်းနုန်ပါရမီက ဤတန်ဖိုးဖြတ်နည်းလမ်းကို ကျင့်ကြံဖို့အတွက် တကယ်သင့်တော်ထင်သည်။ အကြိမ်အနည်းငယ်လောက် သုံးလိုက်သည်နှင့် တိုးတက်လာသည်ကို မြင်လိုက်ရသည်။
နောက်တစ်ခါ ပဲစေ့စစ်သည်တော် ဖန်တီးခြင်းအား အာရုံစိုက်လိုက်သည်။
အပင်တန်ဖိုးဖြတ်ခြင်းနှင့် ယှဥ်လျှင် ပဲစေ့စစ်သည်တော် ဖန်တီးခြင်းက ကျင့်ကြံဖို့ ပိုခက်ခဲပါသည်။
ပဲစေ့စစ်သည်တော်များကို ထုတ်လုပ်ဖို့ တခြား ထောက်ပံ့ပစ္စည်းများ အသုံးပြုရသောကြောင့် ဖြစ်သည်။
အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ ယင်မြေဝိညာဥ်ကို အသုံးပြုရသည်။
အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ ယင်သစ်သားဝိညာဥ်ကို အသုံးပြုရသည်။
ချိပ်ပိတ်ဖို့အတွက် ယင်သတ္တုဝိညာဥ်ကို အသုံးပြုရသည်။
မြူခိုးဖန်တီးဖို့ ယင်ရေဝိညာဥ်ကို အသုံးပြုရသည်။
ဝိညာဥ်လမ်းပြဖို့အတွက် ယင်မီးဝိညာဥ်ကို အသုံးပြုရသည်။
ထိုထောက်ပံ့ပစ္စည်း ငါးမျိုးက ရှာဖို့တော့ မခက်ပါ။
ဘာပဲဖြစ်ဖြစ် မော်တယ်ကမ္ဘာတွင် အဖိုးတန်ပစ္စည်းများ သုံးလို့မရပါ။ ယင်မြေဝိညာဥ်က သင်္ချိုင်းမြေ သုံးနိုင်သည်။ အမှန်ပင်။ သင်္ချိုင်းမြေ၏ သက်တမ်း ပိုရင့်လေလေ၊ ပိုကောင်းလေလေ ဖြစ်ပါသည်။ နှစ် ၁,၀၀၀ သက်တမ်းရှိ သင်္ချိုင်းဂူမှ သင်္ချိုင်းမြေဆိုပါက မော်တယ်ကမ္ဘာတွင် အကောင်းဆုံး ယင်မြေဝိညာဥ် ဖြစ်နိုင်ပါသည်။
ယင်သစ်သားဝိညာဥ်က ကျိုင်းပင် သို့မဟုတ် မိုးမခပင်မှ ရနိုင်သည်။ အပင်သက်တမ်း ပိုရင့်လေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။
ယင်သတ္တုဝိညာဥ်အတွက် မာကျူရီကို သုံးနိုင်သည်။
တချို့ ရှေးဟောင်း သင်္ချိုင်းဂူများတွင် ကြိုတင်ကာကွယ်ပစ္စည်း အဖြစ် မကြာခဏ အသုံးပြုကြသည်။
ယင်ရေဝိညာဥ်မှာ မြေအောက်ယင်မြစ်မှ ရေဖြစ်ရမည်။ အပြင်လောက၏ သဘာဝတရား နှင့် အဆက်အသွယ်မရှိလုနီးပါး ဖြစ်သည်။
ယင်မီးဝိညာဥ်ကို မီးစုန်းတစ်မျိုးမှ ရနိုင်၏။
"ငါ ပဲစေ့စစ်သည်တော် ဖန်တီးမှာဆိုတော့ အဲ့ဒီပစ္စည်းတွေကို သေချာ ပြင်ဆင်ရမယ်။"
ယဲ့ရှောင်ချန်း တစ်ယောက်တည်း စဥ်းစားလိုက်သည်။
တိရိစ္ဆာန်သားရေ စာရွက်ကို ချလိုက်ပြီး တခြား အင်မော်တယ် ဂါထာနှင့် မှော်ပညာများကို ကြည့်လိုက်သည်။ ၎င်းတို့ကို မကျင့်ကြံသော်လည်း အကြမ်းဖျင်းတော့ နားလည်ထားပါသည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများကို စတင် ပြင်ဆင်တော့သည်။
...
ကမ္ဘာ့မြေ၏ အလွန်လျှို့ဝှက်သော မြေပြင်တစ်ခုတွင်။
ကမ္ဘာ့မြေမျက်နှာပြင်က အပြင်ဘက်ကမ္ဘာဖြစ်ပါက ဒီလျှို့ဝှက်နေရာမှာ အတွင်းဘက်ကမ္ဘာဖြစ်ပါသည်။
အတွင်းဘက်ကမ္ဘာက မျက်နှာပြင်ကမ္ဘာနှင့် လုံးဝ ကွဲထွက်နေသည်။ ၎င်းတို့အကြား ဆက်သွယ်ထားသည့် လမ်းကြောင်းအနည်းငယ်သာ ရှိသည်။
အကြောင်းရင်းတချို့ကြောင့် ထိုလမ်းကြောင်းများကို ဆန်းကြယ်သည့် အားတစ်ခုက ပိုင်းခြားထားပါသည်။
အတွင်းဘက်ကမ္ဘာက လူများက အပြင်ထွက်မလာနိုင်ပါ။
အပြင်ဘက်ကမ္ဘာ၏ လူများကလည်း အတွင်းဘက်ကမ္ဘာတည်ရှိမှုကို မရှာတွေ့နိုင်ကြပါ။
ကမ္ဘာနှစ်ခုက တစ်ခုနှင့်တစ်ခု နှောင့်ယှက်မှု မရှိဘဲ ငြိမ်းချမ်းစွာ အတူတူ ယှဥ်တွဲလျက်ရှိနေကြသည်။
အတွင်းဘက်ကမ္ဘာ၏ ပထဝီဝင် ပတ်ဝန်းကျင် အနေအထားက အပြင်ဘက်ကမ္ဘာနှင့် လုံးဝခြားနားသည်။
ထို့အပြင် အပြင်ဘက်ကမ္ဘာတွင် မရှိသည့် ဝိညာဥ်ချီလည်း ရှိသည်။
ထိုနေရာက ဝိညာဥ်ချီမှာ အလွန်မသိပ်သည်းသော်လည်း ထိုဝိညာဥ်ချီကြောင့်ပဲ အတွင်းဘက်ကမ္ဘာက အပြင်ဘက်ကမ္ဘာနှင့် ခြားနားစွာ ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်ပါသည်။ ဒါက ကျင့်ကြံခြင်း ကမ္ဘာတစ်ခု ဖြစ်သည်။
အပြင်ဘက်ကမ္ဘာမှ ရာဇဝင်နှင့် ဒဏ္ဍာရီများစွာကို ထိုနေရာတွင် ရှာတွေ့နိုင်ပါသည်။
ခွန်းလွန်။
အတွင်းဘက်ကမ္ဘာ၊ အရှေ့ပိုင်းတာအိုပိုင်နက်၏ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေ။
အင်မော်တယ် နန်းတော်များနှင့် တူသည့် အဆောက်အဦးများတွင် ထူးဆန်းသည့် ခေါင်မိုးများ ရှိနေ၏။
အရှေ့ပိုင်းတာအိုပိုက်နက်တွင် အင်မော်တယ်လောကနှင့် အနီးကပ်ဆုံးနေရာက ထိုနေရာ ဖြစ်သည်ဟု ဆိုကြသည်။ အရှေ့ပိုင်း တာအိုပိုင်နက်အတွင်းမှ တက်လှမ်းသွားသော အင်မော်တယ် ကျင့်ကြံသူများသည် ထိုနေရာမှ တက်လှမ်းကြရသည်။
အင်မော်တယ် တက်လှမ်းလှမ်းခြင်း မြေပြင်။
ဤသည်မှာ ထိုခေါင်မိုးထပ်၏ အမည်ဖြစ်သည်။
လောလောဆယ် အသက်ကြီးကြီး၊ အသက်ငယ်ငယ် ယောက်ျားဆယ်ဦးနှင့် မိန်းမဆယ်ဦးတို့က ခေါင်မိုးထပ်တွင် ရပ်နေကြသည်။ အားလုံးတွင် ထူးကဲသာလွန်သည့် ပုံစံများ ရှိကြသည်။
တစ်ယောက်ချင်းစီတိုင်းက စိတ်ကူးဖြင့် မမှန်းဆနိုင်သော အရှိန်အဝါများရှိပြီး အသူရာချောက်နက်လို နက်ရှိုင်းသည်။
အတွင်းဘက်ကမ္ဘာတွင် သူတို့အား ကမ္ဘာကြီး၏ ထိပ်ဆုံးတွင် ရှိနေကြသည်ဟု ဆိုနိုင်သည်။
၎င်းတို့ ဆယ်ဦးမှာ အတွင်းဘက်ကမ္ဘာထဲက အရှေ့ပိုင်းတာအိုပိုင်နက်၏ အခြေတည် ကျင့်ကြံသူဆယ်ဦး ဖြစ်ပါသည်။
၎င်းတို့ ဆန္ဒရှိပါက ၎င်းတို့၏ ခန္ဓာကိုယ်ကို ပစ်ပယ်ကာ အင်မော်တယ်လောကသို့ အခြေတည် ကျင့်ကြံသူများအဖြစ် တက်လှမ်းသွားနိုင်သည်။
အမှန်ပင်။ ဒီတက်လှမ်းနည်းလမ်းက အဆင့်အနိမ့်ဆုံးတွင် ပါဝင်သည်။ ၎င်းတို့၏ အနာဂတ် အောင်မြင်မှုများက အကန့်အသတ်ရှိနိုင်၏။ ထို့အပြင် အင်မော်တယ်လောကတွင်လည်း အဆင့်အတန်းမြင့်နိုင်မည် မဟုတ်ပေ။
လူများစွာက ခြေလှမ်းတစ်လှမ်း ထပ်လှမ်းပြီး အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ဖို့ မျှော်လင့်ကြသည်။
သို့သော်လည်း နှစ်ရာချီသည်အထိ အရှေ့ပိုင်းတာအိုပိုင်နက်တွင် အင်မော်တယ်လောကသို့ တက်လှမ်းနိုင်သူ ဘယ်သူမှ မရှိခဲ့ဖူးပါ။
အခြေတည် ကျင့်ကြံသူသည် သူတို့၏ ဘဝနေဝင်ချိန် နီးလာသောအခါတွင် ရှင်သန်ရန်အတွက် အခြေတည်ဝိညာဉ်ဖြင့် အင်မော်တယ်လောကသို့ တက်လှမ်းရ၏။
ရုတ်တရက် အင်မော်တယ်လောက အပေါ်က ကောင်းကင်ကြီးတွင် အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာသည်။ ထို့နောက် မှော်စာလိပ်တစ်ခု ထွက်ပေါ်လာ၏၊။
တစ်ချိန်တည်းမှာပင် ကျယ်လောင်သော အသံတစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်လာ၏။ "ကောင်းကင်ဘုံ နန်းတော်မှ အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲကို ပြန်လည်စတင်ပြီး နယ်နိမိတ်ဖြတ်ကျော်အဆောင်ကို ပေးကမ်းလိုက်သည်ဟု ကျောက်စိမ်းဧကရာဇ်က အမိန့်ထုတ်ပြန်လိုက်သည်။ အရှေ့ပိုင်းတာအိုပိုင်နက်မှ ဂိုဏ်းကြီးများက လောကအတွင်း ဝင်ရောက်နိုင်ပြီး အတွေ့အကြုံရရှိနိုင်ဖို့ အခြေခံအုတ်မြစ် တည်ဆောက်ပြီးသား ကျင့်ကြံသူ အုပ်စုတွေကို ရွေးချယ်နိုင်သည်။"
မြင့်မြတ်သည့် အခြေတည် ကျင့်ကြံသူ ဆယ်ဦးတို့ ပျော်လည်းပျော် ဇဝေဇဝါလည်းဖြစ်သွားကြသည်။
အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲ နောက်ဆုံးတော့ ပြန်လည်စတင်ပြီဖြစ်သဖြင့် ပျော်ကြခြင်းဖြစ်သည်။
ဒါက အင်မော်တယ် ကျင့်ကြံသူများကို တစ်ခါတည်း ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်စေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
အင်မော်တယ်မျိုးဆက်သစ်အဖြစ် ရွေးချယ်ခံရသည့် ကာလပတ်လုံး သင်သည် အင်မော်တယ်မျိုးဆက်သစ်များ ဖြစ်လာနိုင်ပြီး အင်မော်တယ်လောကသို့ တက်လှမ်းရန် စွမ်းအားများ ရရှိလာလိမ့်မည်ဖြစ်သည်။
သူတို့အတွက် ဇဝေဇဝါဖြစ်ရသည့် အကြောင်းအရင်းက ဘာကြောင့် အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲက ကမ္ဘာမြေပေါ်မှာ အတွေ့အကြုံရှာဖို့ ဗဟိုပြုရတာလဲ ဆိုတာကိုပင်ဖြစ်သည်။
ထို့အပြင် သူတို့၏ အဆင့်များက နိမ့်လွန်သည်။ သူတို့က အခြေခံအုတ်မြစ် တည်ဆောက်သည့် အဆင့်တွင်သာ ရှိသေးသည်။ အခြေခံအုတ်မြစ်တည်ဆောက်သည့် အဆင့်တွင် ဘယ်လိုကျင့်ကြံသူမျိုးဆက်သစ် ရှိနိုင်မှာလဲ။
အတွင်းဘက်ကမ္ဘာတွင် ကျင့်ကြံသူမျိုးဆက်သစ်များ ဖြစ်လာနိုင်သည့်လူများက အနည်းဆုံး ချီသန့်စင်မှုအဆင့်လောက်ရှိရမည်ဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်က အပြင်ဘက်ကမ္ဘာ၏ ဝိညာဥ်ချီကို အားကိုးရသည်။ ချီသန့်စင်အဆင့်ကတော့ ဝိညာဥ်ချီ မရှိသည့် ကမ္ဘာတွင်တောင် တခြားစွမ်းအင်များကို သန့်စင်ကာ ၎င်းတို့၏ ကျင့်ကြံမှုအတွက် အသုံးပြုနိုင်သည်။ သို့သော် ဝိညာဥ်ချီဖြင့် ကျင့်ကြံသည်လောက်တော့ ကျင့်ကြံနှုန်းက မြန်ဆန်မည်မဟုတ်ပါ။
၎င်းတို့ ဇဝေဇဝါဖြစ်မိသော်လည်း အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲ ပြန်စတာတော့ ကောင်းပါသည်။
ထိုအချိန်တွင် ကျောက်စိမ်းဧကရာဇ်၏ အမိန့်ကို အခြေတည် ကျင့်ကြံသူ ဆယ်ဦးတို့ လက်ခံပြီး အရှေ့ပိုင်းတာအို ပိုင်နက်နယ်မြေအတွင်းတွင် လျှို့ဝှက်ဆောင်ရွက်ကြတော့သည်။
....
နောက်တစ်နေ့နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်းက ရှရှီမြို့တော်သို့ တန်းတန်းမတ်မတ်လာခဲ့သည်။
လီကန်၏ သင်္ချိုင်းဂူအား သူမျက်စိကျနေ၏။ ရှရှီမြို့ မာဝမ်သွေ့သင်္ချိုင်းဂူများတွင် လွန်ခဲ့သော လအနည်းငယ်တုန်းက ရှာဖွေတွေ့ရှိခဲ့သည့် သင်္ချိုင်းဂူဖြစ်ပါသည်။
နှစ်ပေါင်းထောင်ချီသည့် ရာဇဝင်များနှင့်ဆို အထဲက သင်္ချိုင်းဂူမြေများမှာ အလွန်ကောင်းလောက်ပါသည်။
နေ့လည်ခင်း ၄နာရီဝန်းကျင်တွင်။
ယဲ့ရှောင်ချန်းတစ်ယောက် မာဝမ်သွေ့ သင်္ချိုင်းဂူသို့ ရောက်လာပြီဖြစ်သည်။ အမှန်ပင်။ သူက ထိုနေရာသို့ ခရီးသွားတစ်ယောက်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း တူးဖော်နေဆဲဖြစ်သည့် လီကန် သင်္ချိုင်းဂကိုတော့ ချိပ်ပိတ်ထားကြသည်။ ဘယ်ခရီးသည်မှ မဝင်နိုင်ပါ။
ထို့အပြင် လုံခြုံရေးကလည်း အလွန်တင်းကြပ်၏။ထိုနေရာတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့တစ်ခု စောင့်ကြပ်နေ၏။
စတင်တူးဖော်ကာလ ဖြစ်ပါက လက်နက်ကိုင် ရဲတပ်စု တစ်စုစာလောက် စောင့်ကြပ်နေကြမည် ဖြစ်သည်။
တူးဖော်သည့်ကာလ ကြာရှည်လာပြီး အဖိုးတန် ရှေးဟောင်း ရတနာများ ဖယ်ရှားပြီးပါက လုံခြုံရေး တဖြည်းဖြည်း လျော့နည်းသွားပါသည်။
ညကြီးသန်းခေါင်အချိန်။
ဒီနေ့ည အတော်မှောင်မိုက်နေသည်။
ရာသီဥတုကလည်း အေးစက်လွန်းပြီး အပြင်ဘက်တွင် လူအနည်းငယ်သာရှိသည်။
လက်နက်ကိုင် ရဲတပ်ဖွဲ့၏ ကင်းလှည့်မှုကလည်း အရင်ကလောက် အားမကောင်းတော့ပါ။ ပတ်လည်တစ်လျှောက်တွင် အကာအရံမြင့်များနှင့် လုံခြုံရေးကင်မရာများ ရှိသဖြင့် လူတွေဝင်မှာ စိုးရိမ်စရာမလိုပေ။
ဘာပဲဖြစ်ဖြစ် လီကန်သင်္ချိုင်းဂူမှ ဘာမှယူစရာလည်း သိပ်မရှိတော့ပါ။
ည၏ လေပြည်လေညှင်း ဝိုးဝှေ့လာသည်။
ယဲ့ရှောင်ချန်း၏ လှုပ်ရှားမှုများက အလွန်ပေါ့ပါး၏။ ပုံဆောင်ခဲထဲက မှော်စွမ်းအင်တချို့ကို သူ့ခြေထောက်သို့ ပို့ဆောင်လိုက်ပါက ပျံလွှားငှက်တစ်ကောင်လို မြန်ဆန်လာပါသည်။
တစ်ချက်လောက်ခုန်လိုက်သည်နှင့် ၁၀ ပေကျော်အမြင့်ကို ရောက်နိုင်သည်။ နံရံများနှင့် တခြားအကာအရံများကို ကျော်တက်ဖို့ သူ့အတွက် လွယ်ကူလွန်းနေပါသည်။
ထို့အပြင် သူ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း မှော်စွမ်းအင်ကြောင့် ပိုအားကောင်းလာသည်။ လက်တွေ့ဘဝက စူပါမန်းဟုပင် ပြောနိုင်သည်။
ဒါက အင်မော်တယ် ကျင့်ကြံခြင်း၏ အစသာ ရှိပါသေးသည်။ သူ ကျင့်ကြံခဲ့သည်မှာ တိုက်ခိုက်ခြင်းအတွက် ကောင်းမွန်သည့် ရှန်းနုန်ကျင့်စဥ်တောင်မဟုတ်သေးပါဘူး။
ဒါက အင်မော်တယ် ကျင့်ကြံမှု၏ အစွမ်းသာဖြစ်ပါသည်။