အခန်း (၁၉၉) - ပုတီးစေ့
Vol. 14 Ch. 199
အခန်း (၁၉၉) - ပုတီးစေ့
ပရော်ဖက်ရှင်နယ် လေ့ကျင့်ရေး ဆင်းမထားတာတောင် ယဲ့ရှောင်ချန်းက ကျင့်ကြံသူ အသစ်တစ်ဦး၏ ခွန်အားဖြင့် သင်္ချိုင်းဂူထဲသို့ ခိုးဝင်နိုင်ခဲ့သည်။
"ကျွတ် ကျွတ် ဒီသင်္ချိုင်းဂူက တကယ်ထူးခြားတာပဲ။ အကြီးကြီးပဲ။"
ယဲ့ရှောင်ချန်း သင်္ချိုင်းဂူထဲသို့ လမ်းလျှောက်ဝင်လာသည်။ တချို့အချက်အချာကျသော နေရာများတွင် စောင့်ကြည့်ရေး ကင်မရာများ တပ်ဆင်ထားသော်လည်း နေရာလွတ် မရှိဖို့တော့ မဖြစ်နိုင်ပါ။
ထို့ကြောင့် ယဲ့ရှောင်ချန်းတစ်ယောက် သင်္ချိုင်းဂူထဲသို့ အလွယ်တကူ လမ်းလျှောက်ဝင်လာနိုင်ခဲ့ပါသည်။
ထို့အပြင် သင်္ချိုင်းဂူ၏ အတွင်းပိုင်းက အလွန်မှောင်မိုက်သည်။ စောင့်ကြည့်ကင်မရာများ ရှိနေလျှင်တောင် အသုံးမဝင်လှပါ။
နောက်ဆုံးတော့ သင်္ချိုင်းဂူနက်နက်ရှိုင်းရှိုင်းထဲသို့ ယဲ့ရှောင်ချန်း ရောက်လာသည်။
ပိန်းပိတ်အောင် မှောင်နေသော်လည်း ယဲ့ရှောင်ချန်းသည် အင်မော်တယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် သူ့မှော်စွမ်းအင်များကို မျက်လုံးများအတွင်းသို့ လမ်းကြောင်းသွယ်ကာ စုစည်းလိုက်နိုင်သည်။ ချက်ချင်းဆိုသလိုပင် သူ့အမြင်အာရုံက အဆပေါင်းများစွာ တိုးမြင့်သွား၏။ နေ့ခင်းကြောင်တောင်အချိန်လို ရှင်းလင်းပြတ်သားစွာ မြင်ရသည်။
မှော်စွမ်းအင်များက အဲ့လောက်မှော်ဆန်ပါသည်။ ရိုးရှင်းသည့် အသုံးပြုနည်းတိုင်းက မှော်အာနိသင်မျိုးစုံကို ဖန်တီးနိုင်သည်။
အဓိက သင်္ချိုင်းဂူကြီးက ဗလာကျင်းဖြစ်နေလေပြီ။ ကျန်သည့်အရာများကလည်း ရွှေ့လို့ မရပါ။ တိုင်ကြီးများ၊ ကျောက်ပြားကြီးများနှင့် နံရံဆေးရေးပန်းချီများ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်သည် ခေါင်းတလားကြီး၏ မူလ တည်နေရာသို့ လာခဲ့သည်။
ခေါင်းတလားကြီးတစ်ခုလုံးအား ထုတ်ယူသွားကြပြီဖြစ်သည်။ ကျန်ခဲ့သည့်အရာဆိုလို့ မှောင်မိုက်သည့် မြေသားတချို့သာ ကျန်ခဲ့သည်။
သင်္ချိုင်းဂူတစ်ခုလုံးကို အုတ်များ ကျောက်များဖြင့် ဆောက်လုပ်ထားသော်လည်း အလုံပိတ်ထားသော ခန်းမကြီးတစ်ခုလိုပင်။
အုတ်နှင့် ကျောက်များဖြင့် သေချာပေါက် အလုံပိတ်မထားသည့် နေရာတစ်ခုတော့ ရှိနေသည်။ ထိုနေရာမှာ ခေါင်းတလားထားသော နေရာဖြစ်သည်။
ဒီလိုမှသာ ခေါင်းတလားက ကမ္ဘာကြီးနှင့် ဆက်နွယ်နေသည်ဟု သတ်မှတ်နိုင်ပြီး မြှုပ်နှံခြင်းဆိုင်ရာ လိုအပ်ချက်များကို ပြည့်မှီနိုင်ပါသည်။
သင်္ချိုင်းမြေကတော့ ခေါင်းတလားအောက်တွင် ရှိနေ၏။
ဒါက သင်္ချိုင်းဂူတစ်ခုလုံးတွင် ယင်စွမ်းအင် အများဆုံးနေရာ ဖြစ်ပါသည်။
"ဒီလောက်များတဲ့ ယင်စွမ်းအင်ကြောင့် သင်္ချိုင်းမြေက အနက်ရောင်ပြောင်းသွားတာကိုး။"
ယဲ့ရှောင်ချန်း၏ စိတ်က အလွန်နိုးကြားသည်။ သင်္ချိုင်းမြေက ထုတ်လွှတ်နေသည့် အံ့အားသင့်စရာ ယင်စွမ်းအင်ကို ခံစားမိပါသည်။
ခပ်မြန်မြန်ပင် သူ့အင်မော်တယ် ပေါက်ပြားနှင့် မြွေအရေခွံအိတ်တို့ကို ထုတ်ကာ သင်္ချိုင်းမြေ စတင်ဖြည့်ယူလေသည်။
အိတ်နှုတ်ခမ်းဝနားအထိ ဖြည့်ပြီးသောအခါ သူရပ်လိုက်သည်။ လုံလလောက်ပါပြီ။
သူ ထွက်သွားဖို့ ပြင်လိုက်စဥ် တွင်းထဲမှ ခပ်ဖျော့ဖျော့ အဝါရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။
သူ့နှလုံးခုန်နှုန်း ရပ်တန့်သွားရ၏။ ခပ်မြန်မြန်ပင် အင်မော်တယ် ပေါက်ပြားဖြင့် မြေကြီးကို ထပ်မံတူးဆွလိုက်သည်။ မကြာမီ လုံငန်းသီးအရွယ်ရှိ ပုလဲလုံးတစ်လုံးကို တွေ့လိုက်ရသည်။
ထိုပုလဲလုံးက သာမန် ဂေါ်လီလုံးတစ်လုံးနှင့် တူပြီး မျက်စိကျစရာလည်း မကောင်းပေ။
သို့သော်လည်း ဒီလို နှစ် ၁,၀၀၀ သက်တမ်းရှိ သင်္ချိုင်းဂူထဲတွင် အရာအားလုံးက သာမန်ထက် ထူးကဲမှန်း ယဲ့ရှောင်ချန်း သိနေပါသည်။
ထို့အပြင် ဒီပုလဲက ခေါင်းတလားအောက်က မြေကြီးထဲတွင် ရှိနေခြင်းဖြစ်သည်။
"မြေကြီးထဲမှာ အစကတည်းက ရှိပြီးသားလား ဒါမှမဟုတ် လူကိုမြှုပ်နှံတုန်းက ရည်ရွယ်ချက်ရှိရှိ ထားခဲ့တာလား။"
ယဲ့ရှောင်ချန်း စတင်ချင့်ချိန်လေသည်။
ရှေးခေတ်အချိန်များတုန်းက မြင့်မြတ်သူများကို မြှုပ်နှံသည့် အခါ တားမြစ်ချက်များစွာ ရှိသည်။ သင်္ချိုင်းအား သန့်စင်ရသည်။
ထို့ကြောင့် မြှုပ်နှံစဥ်က ပုလဲလုံးကို ထည့်ထားနိုင်ချေမှာ အလွန်မြင့်မားသည်။
ပုလဲလုံးကို ကောက်ယူလိုက်ပြီး စဥ်းစားကာ သူ့စိတ်ဝိညာဥ်ပါရမီဖြင့် အာရုံခံကြည့်လိုက်သည်။
ရုတ်တရက် ပုလဲလုံးထဲတွင် သိပ်သည်းပြီး အန္တရာယ်ရှိသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် သူ့ခန္ဓာကိုယ် တုန်ခါသွားရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးများ ပြန်သွားသလို ခံစားသွားရသည်။
"တကယ်ကြီး အန္တရာယ်ရောင်ဝါတွေကို စုပ်ယူတဲ့ မှော်ပုလဲလုံးလေးလား။"
ယဲ့ရှောင်ချန်း အလွန်အံ့အားသင့်သွားပါသည်။
ဖုန်းရွှေက သင်္ချိုင်းဂူတစ်ခုထဲတွင် အရေးကြီးဆုံး အရာဖြစ်သည်။ ယင်စွမ်းအင်နှင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပါက အလောင်းကောင် သန္ဓေပြောင်းသွားဖို့ လွယ်ကူသည်။ နောက်ပိုင်းမျိုးဆက်များအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါသည်။
ထို့ကြောင့် မြှုပ်နှံဖို့ ဖုန်းရွှေကောင်းသည့် နေရာကို ရှာဖွေဖို့လိုအပ်သည်။ အန္တရာယ်ရှိသော ရောင်ဝါများက မတိုက်ခိုင်ဘဲ ကောင်းမွန်သည့် ယင်စွမ်းအင်ကို ပျိုးထောင်ကာ နောက်ပိုင်းမျိုးဆက်များအတွက် အကာအကွယ် ဖန်တီးပေးနိုင်ရမည်။
သို့သော်လည်း အချိန်ကြာသောအခါ အကောင်းဆုံး ဖုန်းရွှေရတနာမြေများပင် ပြောင်းလဲတတ်ကြသည်။
ဘာပဲဖြစ်ဖြစ် တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပထဝီဝင် အနေအထားများက အမြဲတမ်း အတူတူပဲ မဟုတ်ပါ။
ဒီရှေးဟောင်းသင်္ချိုင်းဂူ၏ ပိုင်ရှင်က အန္တရာယ်ရှိသည့် ရောင်ဝါများကို စုပ်ယူနိုင်သည့် ပုလဲလုံးတစ်လုံးကို ကြိုတင်ထည့်ထားသည်မှာ သိသာပါသည်။ ဒီလိုဆို သင်္ချိုင်းဂူ၏ ဖုန်းရွှေက ပြောင်းလဲသွားလျှင်တောင် မှော်ပုလဲလုံးက ဖွံ့ဖြိုးလာသည့် အန္တရာယ်ရောင်ဝါများကို အလိုအလျောက် စုပ်ယူနိုင်ပါလိမ့်မည်။
"ကြည့်ရတာ ဒီရှေးဟောင်းသင်္ချိုင်းဂူရဲ့ တည်ဆောက်ပုံက မရိုးရှင်းဘူးထင်တယ်။ ဖူဆန်သစ်ပင်နဲ့ အန္တရာယ်ရောင်ဝါတွေကို စုပ်ယူနိုင်တဲ့ မှော်ပုလဲလုံးပါ ရှိနေတယ်။ မဟုတ်မှလွဲရော တခြား အခင်းအကျင်းတွေလည်း ရှိနေနိုင်မလားမသိဘူး။"
ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်ပါသည်။
ဒီမှော်ပုလဲလုံးက အလွန်တန်ဖိုးရှိပါသည်။ မိစ္ဆာနှင်သားအမိဘူးခွံခွက်ထက်ပင် ပိုတန်ဖိုးရှိနိုင်သည်။
"ဟင်းဟင်း ဒီမှော်ပုလဲလုံးထဲက အန္တရာယ်ရောင်ဝါတွေက အရမ်းမြင့်မားတယ်။ အန္တရာယ် ယင်မှော်စွမ်းအင်တွေကို လေ့ကျင့်ဖို့ ပစ္စည်းကောင်းဖြစ်လိမ့်မယ်။ ဒီမှော်ပုလဲလုံးကို တိုက်ခိုက်ရေး မှော်လက်နက်တွေ ဖန်တီးဖို့ သုံးရင်တောင် ကောင်းမယ်။"
ယဲ့ရှောင်ချန်းသည် မှော်ပုလဲလုံးကို သိမ်းထားလိုက်ပါသည်။
အမှန်ပင်။ လောလောဆယ်တတော့ မည်သည့်လက်နက် ဖန်တီးနည်းကိုမှ မသိထားသေးသဖြင့် သိမ်းသာ သိမ်းထားနိုင်သည်။
ထို့အပြင် ဒီလို အန္တရာယ်ယင်မှောင်ပုတီးလုံးမျိုးက အန္တရာယ်ယင်ဂုဏ်သတ္တိရှိ အင်မော်တယ်အပင်များကို စိုက်ပျိုးဖို့ အလွန်အသုံးဝင်ပါသည်။ ဒီမှော်ပုလဲလုံးထဲက အန္တရာယ်ရောင်ဝါက အလွန်ကောင်းမွန်သည့် အာဟာရဖြစ်ပါသည်။
"အခုငါ့မှာ ယင်မြေဝိညာဥ်ရှိသွားပြီဆိုတော့ တခြားလေးမျိုးကို ရှာဖို့အချိန်ပဲ။"
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်လှုပ်ရှားသွားပြီး သင်္ချိုင်းဂူထဲမှ ထွက်လာခဲ့ပါသည်။
နောက်ထပ်ရက်အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်း အပြင်ထွက်ကာ ထောက်ပံ့ပစ္စည်းများကို ရှာဖွေနေခဲ့သည်။
မာကျူရီကိုရဖို့ လွယ်ကူသည်။
ယင်သစ်သားကလည်း ရဖို့ လွယ်ကူသည်။ ကမ္ဘာကြီးထဲတွင် သက်တမ်းရင့် မိုးမခပင်ကြီးများနှင့် ကျိုင်းပင်ကြီးများစွာ ရှိသည်။
ယင်မြစ်ရေကလည်း ပြဿနာမရှိပါ။ အင်တာနက်ပေါ်တွင် မြေအောက်ယင်မြစ်မှတ်တမ်းများရှိသည်။ ရှာဖွေကြည့်ပါက သိနိုင်ပါသည်။
စုန်းမီးကသာ အနည်းငယ် ပြဿနာရှိသည်။
စုန်းမီးက စုန်းမီးမှုန့်များနှင့် လောင်ကျွမ်းရသော မီးမျိုး မဟုတ်ပါ။
သင်္ချိုင်းများထဲတွင် တည်ရှိသည့် စုန်းမီးတောက်ဟု သိကြရသော မီးမျိုးဖြစ်သည်။
သင်္ချိုင်းများထဲတွင်ရှိသည့် စုန်းမီးများကသာ ယင်မီးဝိညာဥ်အတွက် အကောင်းဆုံး ပစ္စည်းဖြစ်ပါသည်။
ထောက်ပံ့ပစ္စည်းများရှာဖို့ အချိန်အားလုံးနီးပါးကို စုန်းမီးတောက်ရှာဖို့သာ အသုံးချခဲ့ရသည်။
ပိုအရေးကြီးသည်က စုန်းမီးတောက်ကို ညဘက်တွင်သာ ရှာနိုင်ပါသည်။
ထို့အပြင် ဒီရာသီထဲ စုန်းမီးတောက် ပေါ်လာနိုင်ချေက အလွန်နည်းသည်။
မနက် ၉နာရီအချိန်။
ကောင်းကင်ပေါ်တွင် နေလုံးကြီးလည်း အတော်မြင့်နေပြီဖြစ်သည်။
အင်မော်တယ်မြေကွက်ထဲတွင်။
ဖုန်းသံမြည်လာ၏။
အိပ်ပျော်နေသည့် ယဲ့ရှောင်ချန်းတစ်ယောက် ဝါးကုတင်ပေါ်မှ ဆင်းကာ ထွက်သွားသည်။
မနေ့ညက စုန်းမီးတောက်ကို ထွက်ရှာထဲ့ပြီး အနည်းဆုံး ၁ ကီလိုမီတာမှ ၂ ကီလိုမီတာအထိ သွားခဲ့ရသည်။ မနက် ၆ နာရီမှ ပြန်ရောက်လာခြင်းဖြစ်၏။
၂ နာရီသာ အိပ်ခဲ့ရသော်လည်း သူ အလွန် တက်ကြွနေပါသည်။ ဖုန်းကိုကိုင်ကြည့်လိုက်သောအခါ ကျန်းဟုန်ယဲ့ ဖုန်းခေါ်နေခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း ရင်ခုန်သွား၏။ သုတေသန အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခုခု ဖြစ်နိုင်ပါသည်။
"ဟယ်လို အစ်မကျန်း ကျွန်တော့်ကို ဖုန်းဆက်ဖို့ အချိန်ကောရှိရဲ့လားဗျာ။"
ယဲ့ရှောင်ချန်းကဖုန်းဖြေ ခလုတ်ကို နှိပ်လိုက်ပါသည်။
"အချိန်မရှိဘဲ နေမလား။ ပြည်နယ်အစိုးရက တစ်ယောက်ယောက်ကို လွှတ်လိမ့်မယ်။ နင် စိတ်ကို ခိုင်ခိုင်ထားရမယ်နော်။ အစ်မကျန်းရဲ့ နိုင်ငံရေး အောင်မြင်မှုတွေ အားလုံးက နင့်အပေါ်ပဲမူတည်နေပြီ။"
ကျန်းဟုန်ယဲ့ ရယ်မောလိုက်သည်။
"ကျွန်တော် မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်မျိုး ပေးလာရင် ဘယ်လိုလုပ်မလဲဗျာ။"
ယဲ့ရှောင်ချန်းက စနောက်လိုက်သည်။
"ဒါဆိုလည်း ငါနင့်အတွက် အောင်သွယ်လုပ်ပေးမယ်လေ ဟုတ်ပြီလား။"
ကျန်းဟုန်ယဲ့က စိတ်ဆိုးစွာ ပြောလိုက်သည်။
"အစ်မကျန်းမှာ ကျွန်တော်နဲ့ အောင်သွယ်ပေးစရာ တူမ ဒါမှမဟုတ် ညီမ ရှိလို့လား။"
ယဲ့ရှောင်ချန်း ရယ်မောလိုက်သည်။
"ဝမ်ရှင်းယီလို့ ခေါ်တဲ့ ညီမတစ်ယောက်ရှိတယ်။ ကျေနပ်ပြီလား။"
ကျန်းဟုန်ယဲ့က ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ကြောင်အသွားပါသည်။
သူတို့နှစ်ယောက်သား ခဏလောက် စကားဆက်ပြောကြပြီးမှ ဖုန်းချလိုက်ကြသည်။
ယဲ့ရှောင်ချန်း ထပ်မအိပ်တော့ဘဲ စိုက်ပျိုးရေးခြံတွင် စတင်အလုပ်လုပ်တော့သည်။
ရေလောင်းနေစဥ် အင်မော်တယ်ပဲပင် နှစ်မျိုး ရင့်မှည့်နေပြီကို တွေ့လိုက်ရပါသည်။
အင်မော်တယ်မြေကွက်များအား အဆင့်မြှင့်တင်ပြီးနောက် စိုက်ပျိုးရေးခြံက အများကြီး ပြောင်းလဲသွားပါသည်။
အင်မော်တယ်စမ်းရေအား ဒုတိယအဆင့်ထိ မြှင့်တင်ပြီးသောအခါ အင်မော်တယ်အပင်များ၏ ကြီးထွားနှုန်းက အလွန်အမင်း မှင်သက်စရာ ကောင်းလာပါသည်။ အနည်းဆုံး နှစ်ဆတိုးမြင့်လာ၏။
အာနိသင်က အလွန်အံ့အားသင့်ဖို့ကောင်းသည်။ ယခင်က အင်မော်တယ်အပင်များကို အချိန်တစ်ဝက်အတွင်း ရိတ်သိမ်းနိုင်ပြီဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကြီးထွားနှုန်းသာမကဘဲ အရည်အသွေးနှင့် အထွက်နှုန်းကလည်း တိုးမြင့်လာပါသည်။
ထို့ကြောင့် တစ်ခါ ရိတ်သိမ်းလိုက်တိုင်း ဝင်ငွေများ အဆမတန် တိုးတက်လာပါသည်။
ရင့်မှည့်ဖို့ အချိန်တစ်ခုကြာ လိုအပ်သည့် အင်မော်တယ်ပဲပင်နှစ်မျိုးမှာ ညတွင်းချင်း အရွယ်ရောက်သွားခဲ့ပါသည်။
အဝါရောင် အင်မော်တယ်ပဲပင် ၃၀။
အနီရောင် အင်မော်တယ်ပဲပင် ၃၀။
ဒါတင်မကသေးဘဲ ဒုတိယမျိုးဆက် အင်မော်တယ်ပဲပင်များ ဖြစ်ကြသည်။
ထို့ကြောင့် ပို၍ပင် တန်ဖိုးကြီးမားပါသေးသည်။
ချက်ချင်း သူ ခူးယူလိုက်သည်။
ခူးယူပြီးသောအခါ စုစုပေါင်း အဝါရောင်ပဲစေ့ ၂,၅၄၈ စေ့ ရရှိခဲ့ပါသည်။
အနီရောင်ပဲစေ့ ၂,၄၇၁ စေ့ ရရှိခဲ့ပါသည်။
အင်မော်တယ်ပဲတောင့်များအားလုံးကို အခွံချွတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အပင်တန်ဖိုးဖြတ်နည်းလမ်းကိုသုံးကာ တန်ဖိုးဖြတ်လိုက်ပါသည်။