← Chapters

အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်

Vol. 55 Ch. 756

အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်

Vol. 55 Ch. 756

“ ရပ်‌စမ်း ” ကျီချီက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ထိုစဉ် ကောင်းကင်တခွင် အပြည့်ဖြစ်နေသည့် ပုဆိန်လှံရှည်အလင်းတန်းကြီးက သူ့အပေါ် ကျရောက်လာသည်ကို မြင်လိုက်ရသည်။  သူ့စိတ်ထဲ ထိုပုဆိန်လှံရှည် အလင်းတန်းသာ ရှိနေပြီး ကျီချီ၏ ယုံကြည်မှုများပင် ပျက်စီးသွားလေသည်။

အကယ်၍ ကျီချီက မိုဝူကျိအား လျို့ဝှက်ပညာရပ်အားလုံးကို ထုတ်၍ တိုက်ခိုက်ခဲ့လျှင် မိုဝူကျိက သူ့ကို အလွယ်လေး သတ်နိုင်သွားမည် မဟုတ်ပေ။ သို့သော်လည်း သူ့မှန်တင်ခုံမှာ မိုဝူကျိ၏ လေဟုန်ဆန်မြစ် ရိုက်ချက်ကြောင့် ပျက်စီးသွားစဉ်ကတည်းမှ သူ့သ္တိများ ပျောက်ကွယ်သွားပြီး မိုဝူကျိသည် သူ့ထက် အဆများစွာ အားကောင်းကြောင်းသာ တွေးနေမိခဲ့သည်။ ထို့အပြင် သူက ဤနေရာ၌ ပျံသန်း၍ ထွက်မပြေးနိုင်သောကြောင့် တိုက်ခိုက်လိုစိတ်လည်း ပျောက်ဆုံးသွားရသည်။

မိုဝူကျိက သူ့ပုဆိန်လှံရှည်အလင်းတန်း  ကျီချီ၏ စွမ်းအားစက်ကွင်းကို ဖျက်စီးပစ်လိုက်ရုံဖြင့် ရပ်တန့်မည့်သူ မဟုတ်ချေ။ ကျီချီက ထိုပုဆိန်လှံရှည်ကြောင့် တစစီ ဖြစ်သွားပေလိမ့်မည်။

လော့စီက မိုဝူကျိအား တအံ့တဩ ကြည့်ကာ အချိန်အတော်ကြာ ကြောင်အမ်းနေမိသည်။

ကျီချီက မိစ္ဆာမျိုးနွယ်၏ နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ဖြစ်လေရာ သူက အရမ်းအားမကောင်းလျှင်ပင် မိုဝူကျိ၏ သတ်ဖြတ်ခြင်းကို ခံရလောက်သည့်အထိ အားနည်းနေခြင်း‌တော့ မဖြစ်နိုင်ပေ။

သူမက ပါရမီရှင် လိန်ဟုန်ကျီအကြောင်း ရုတ်တရက် တွေးမိသွားသည်။ သူက အင်မော်တယ် ဘုရင်အလယ်အလတ်အဆင့်လေးဖြင့် အင်မော်တယ် အုပ်စိုးသူအစောပိုင်းအဆင့် ကျင့်ကြံသူအား သတ်နိုင်ခဲ့ပေသည်။ ဤအဖြစ်အပျက်ကြောင့် သူက စကြဝဠာတခွင် နာမည်ကျော်ကြားလာခြင်း ဖြစ်ပေသည်။ အကြောင်းမှာ လိန်ဟုန်ကျီလိုမျိုး ကျင့်ကြံသူမှာ လက်တစ်ဖက်တည်းနှင့် ရေတွက်လို့ ရပေသည်။ အကယ်၍ လိန်ဟုန်ကျီက ထိပ်တန်း ပါရမီရှင်ဆိုလျှင် မိုဝူကျိကရော ဘာဖြစ်မည်နည်း။

“ အဲဒီလူကို သတ်ဖို့ ကျုပ်အတွက် အရမ်းလွယ်ကူခဲ့တယ်လို့ တွေးနေတာမလား ” မိုဝူကျိက လျှောက်လှမ်းလာရင်း မေးလိုက်သည်။

လော့စီက ခေါင်းညိတ်ပြလိုက်သည်။ အကြောင်းမှာ သူမက သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကို တစ်လျှောက်လုံး မြင်တွေ့ခဲ့ရသောကြောင့် မိုဝူကျိအနေနှင့် အမှန်တကယ် အလွယ်လေး အနိုင်ယူခဲ့ကြောင်း ယုံကြည်နေခြင်း ဖြစ်ပေသည်။

မိုဝူကျိက အသာပြုံးလိုက်ကာ  “ ကျင့်ကြံသူတွေကြားက တိုက်ပွဲမှာ အင်မော်တယ်စွမ်းအားကို ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူ အသုံးပြုနိုင်မှုက အရေးကြီးတယ်။ ဒါပေမဲ့လည်း အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းပြီးသွားရင် အင်မော်တယ်စွမ်းအားတွေက သာမည ဖြစ်သွားတယ် ”

“ အဲဆို ဘာကအရေးကြီးတာလဲ ” လော့စီက မေးလိုက်သည်။

“ ပိုပြီး အရေးကြီးတာက မင်းရဲ့ စိတ်စွမ်းအား ဘယ်‌လောက် အားကောင်းပြီးတော့ အသိစိတ်ပင်လယ်က ဘယ်လောက်ကျယ်ပြန့်လဲဆိုတာပဲ … အဲလိုဆိုရင်တောင် အနိုင်ရသူကို ဆုံးဖြတ်ဖို့ အဓိကအချက်တွေလို့တော့ မယံသေးဘူး။ တကယ်လို့ ကျင့်ကြံသူနှစ်ယောက်ကြားက အဆင့်ခြားနားချက်က သိပ်မကွာခြားဘူးဆိုရင် အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမဲ့ အဓိကအချက်က တာအို ဖြစ်လာလိမ့်မယ် ” မိုဝူကျိက ရှင်းပြလိုက်သည်။

“ တာအိုလား ” လော့စီက နားလည်ဟန် မပေါ်ပေ။ သူမ အမြင်အရ အင်မော်တယ်စွမ်းအားများ အားကောင်းလေလေ ပိုပြီး အားကောင်းလေလေ၊ စိတ်စွမ်းအားလည်း ပိုအားကောင်းပြီး လျို့ဝှက်ပညာရပ်များလည်း ပိုပြီး ပြင်းထန်လေလေ ဖြစ်ကြောင်း ယုံကြည်ထားသည်။ တာအိုမှာ ကျင့်ကြံသူတိုင်းက မိုးမြေ စည်းမျည်းဥပဒေများအပေါ် ထိုးထွင်းသိမြင်စွမ်း ဖြစ်ကာ ကျင့်ကြံသူတိုင်း၌ သူတို့ကိုယ်ပိုင် တာအိုများ ရှိပေသည်။ ဤသို့မျိုးအရာမှာ တိုက်ပွဲအပေါ် သက်ရောက်မှု မရှိပေ။ လော့စီအတွက် ထိုအရာမှာ တိုက်ပွဲ၌ အရေးမပါဆုံးအရာ ဖြစ်နေသည်။ တာအိုမှာ ကျင့်ကြံရေး ပြယုဂ် တစ်ခု ဖြစ်ပြီး လေ့လာလိုက်စားမှုအပေါ်၌ ထိုးထွင်းသိမြင်ခြင်း ဖြစ်သည်။

“ မင်းသာ သေချာတဲ့ ကျင့်ကြံဆင့် တစ်ခုဆီ ရောက်သွားတာနဲ့ တိုက်ခိုက်တာက တာအိုစည်းမျည်းပေါ် မူတည်လာလိမ့်မယ်။ အဲဒီလူက ကောင်းကင်ဘုံ နယ်နမိတ်အလွန်ရဲ့ ကျင့်ကြံရေး အရင်းအမြစ်ပေါ် မှီခိုပြီးတော့ သူ့ကိုယ်သူ အင်မော်တယ် အုပ်စိုးသူအဆင့် အတင်း တက်လှမ်းထားတာ။ သူ့တာအို အခြေခံက မတည်ငြိမ်သေးဘူး။ တကယ်တော့ သူ့ထက် အားကောင်းတဲ့ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတချို့ကို သိတယ် ” မိုဝူကျိက လော့စီအား လမ်းညွှန်မှုတစ်ချို့ပေးရန် ရည်ရွယ်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်ပေသည်။

ဤသို့မျိုး ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌  ကျင့်ကြံဆင့် မြန်ဆန်ကြသော်လည်း မသမာမှု ဖြစ်ရပ်အများကြီးလည်း ရှိနေတတ်သည်။ သူက ကျီချီ ခန္ဓာကိုယ်မှ လွဲမှားမှုတချို့ကို ခံစားမိလိုက်နိုင်သောကြောင့် သူ့တာအိုမှာ ကိုယ်တိုင် ဖန်တီးထားသော်လည်း ဤသို့မျိုး နေရာမျိုး၌ မလွတ်မလပ် ကျင့်ကြံနေ၍ မဖြစ်ကြောင်း သတိပြုမိလိုက်သည်။

“ အစ်ကိုကြီးမိုရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ” လော့စီက မိုဝူကျိသည် သူ့ကိုယ်ပိုင်အတွေ့အကြုံများကို အသုံးပြု၍ သူမကို ညွှန်ပြပေးနေကြောင်း နားလည်လိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ  “ အဲဆို ကျုပ် မိုးကြိုးစမ်းသပ်ချက် ခံယူလိုက်ဦးမယ်  စောင့်ကြပ်ပေးပါဦး ”

အမှန်တရားမှာ လူတော်တော်များများက မိုဝူကျိ ပြောသည့် ပြဿနာအကြောင်း သိကြပေသည်။ သို့သော်လည်း  မြောက်များစွာသော ကျင့်ကြံရေး အရင်းအမြစ်များနှင့် တွေ့ကြုံရသည့်အခါ မည်သူကများ လိုအင်ဆန္ဒကို ထိန်းချုပ်နိုင်ဦးမည်နည်း။

လော့စီ လိုက်မလာလျှင်ပင်  မိုဝူကျိက ထိုနှစ်ဖက်ချွန် အမျိုးသားအား အပြီးသတ်၍ အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက် ခံယူကာ တစ်ခေါက် ပြန်လည်၍ တံခါးပိတ် ကျင့်ကြံနေမည် ဖြစ်သည်။ လော့ကျမ်းစာရွက် ခြောက်ရွက်ကို သန့်စင်ခြင်းအပြင် သူက တံခါးပိတ် ကျင့်ကြံရာမှ ပြန်မထွက်လာခင် အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ရောက်သည့်အထိ ဆက်လက် ကျင့်ကြံချင်မိသည်။

သို့သော်လည်း မိုဝူကျိက သူ့အကြံများကို ပြောင်းလဲလိုက်တော့သည်။ သူက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ရှိပြီးနောက်တွင် အပြင်းအထန် ကျင့်ကြံနေမည့်အစား တာအိုအခြေတည်ဖို့အရေး အာရုံစိုက်ပြီး သူ့ကိုယ်ပိုင် တာအိုကိုလည်း အခြေခိုင်မာအောင် ပြုလုပ်ရမည်။ အကြောင်းမှာ ဤသို့မျိုးနေရာ၌ အားနည်းနေ၍ မဖြစ်ပေ။ မဟုတ်လျှင် မိုဝူကျိက အင်မော်တယ် အုပ်စိုးသူအဆင့်ပင် တက်လှမ်းနိုင်မည် မဟုတ်ချေ။

……………

အစိမ်းရောင်ကျောက် အပုံလိုက်၊ အင်မော်တယ်ကျောက်များ၊ စိတ်ဝိညာဉ်သွေးကြောများနှင့် အင်မော်တယ် အဆီအနှစ်ကျောက်များကိုပင် ထုတ်ယူလိုက်သည်။ ထို့နောက် မိုဝူကျိက စွမ်းအား စုစည်းရေး အစီအရင်ကို ခင်းကျင်းထားလိုက်သည်။

လော့စီက မိုဝူကျိ၏ အပြုအမူများကို တအံ့တဩ ကြည့်နေမိတော့သည်။ သူမက မိုဝူကျိသည် ကောင်းကင်ဘုံ နယ်နမိတ်အလွန်သို့ ရောက်နေသည်မှာ မည်မျှကြာမြင့်နေပြီမှန်း သေချာသိထားသည်။ မိုဝူကျိ ရောက်ရှိလာသည်မှာ မကြာမြင့်သေးသော်လည်း သူက အစိမ်းရောင်ကျောက် သောင်းဂဏန်းကို တစ်ခါတည်းဖြင့် ထုတ်သုံးနေနိုင်လေပြီ။

ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ ကျင့်ကြံရေး အရင်းအမြစ်များမှာ ပေါများလွန်းသော်လည်း အစိမ်းရောင်ကျောက်များ နေရာတိုင်းတွင် တွေ့နေရလောက်အောင်အထိတော့ မဟုတ်ချေ။ သူမလည်း အင်မော်တယ်ဘုရင်အဆင့် ဖြစ်ကာ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ကို မိုဝူကျိထက် ဦးစွာ ရောက်ရှိလာသော်လည်း အစိမ်းရောင်ကျောက် တစ်တုံးစီအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည်။ သူမက အစိမ်းရောင်ကျောက် ရရှိပြီးလျှင်လည်း အသက်ရှင်ကျန်ရစ်ဖို့ရာအတွက် မြောက်များစွာသော ပြိုင်ဖက်များနှင့် ရင်ဆိုင်ဖို့ လိုအပ်သေးပေသည်။

လက်ရှိ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူအဆင့်ဆီ တက်လှမ်းဖို့ရာ ပြင်ဆင်နေလေ၏။ အစိမ်းရောင်ကျောက်များမှာ အရှိန်ဟုန်ပြင်းပြင်း ကျင့်ကြံနိုင်ရုံသာမက နောက်တဆင့် အတားအဆီးနှင့်လည်း အလျှင်အမြန် ထိတွေ့စေသည်။ အကယ်၍ လိုအပ်သော ထိပ်တန်းအဆင့် ဆေးလုံးများ ပိုင်ဆိုင်ထားလျှင် ဤနေရာ၌ နောက်တဆင့် တက်လှမ်းဖို့ရာ ကိစ္စကား အလွန်လွယ်ကူလွန်းပေသည်။

လော့စီ နားမလည်သည့် တစ်ခုတည်းသော အရာမှာ မိုဝူကျိက အင်မော်တယ်သွေးကြောနှင့် အင်မော်တယ်ကျောက်များကို ထုတ်ယူနေသည့်အကြောင်းအရင်းကို ဖြစ်၏။ သူမက အစိမ်းရောင်ကျောက်များကို သိပြီး ထိုကျောက်များမှာ အင်မော်တယ်ကျောက်များထက် များစွာ သက်ရောက်မှုရှိပြီး  အားကောင်းမှန်းလည်း သိပေသည်။

သူမက မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းတော့မည်ကို မြင်လိုက်သောအခါ လော့စီက ကြောင်အမ်းသွားပြန်သည်။ သူမက မိုဝူကျိကဲ့သို့ အစိမ်းရောင်ကျောက်မှ စွမ်းအားများကို အပြင်းအထန် စုပ်ယူနိုင်သည့်သူကို မမြင်ဖူးပေ။ အစိမ်းရောင်ကျောက်မှ သဘာဝစွမ်းအားများမှာ မိုဝူကျိ ခေါင်းအထက်၌ ဝဲကတော့ကြီး ဖြစ်လာလေ၏။

မှားနေတယ် …..

သေချာကြည့်ကြည့်ပါက လော့စီသည် ဝဲကတော့ကြီး မဟုတ်ဘဲ ဝဲကတော့ငယ်လေးများ ရာချီကာ ပေါင်းစပ်နေသောကြောင့် ဝဲကတော့အကြီးကြီး ဖြစ်နေဟန် ပေါ်ကြောင်း သိလိုက်ရသည်။

လော့စီက လေအေးများကို ရှုရှိုက်ကာ မိုဝူကျိသည် အင်မော်တယ်သွေးကြောများနှင့်အတူ အင်မော်တယ်ကျောက်များ ထုတ်သည့် အကြောင်းအရင်းကို နားလည်သွားချေပြီ။ ဤသို့မျိုး ကြောက်ခမန်းလိလိ စုပ်ယူနှုန်းဖြင့် အစိမ်းရောင်ကျောက်များ မည်မျှရှိနေစေကာမူ လုံလောက်မည် မဟုတ်ပေ။

အဆုံးမဲ့ မိုးမြေ တာအိုစွမ်းအားများက  မိုဝူကျိ ခန္ဓကိုယ်ပတ်လည်အား စတင်၍ လှည့်ပတ်လာကာ မိုဝူကျိ အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာသည်။ လော့စီက မိုဝူကျိတွင် အဆုံးအစွန် အုပ်စိုးသူဆေးလုံးသာ ရှိနေသရွေ့ အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းမည့်အရေးမှာ ဘာမှခက်ခဲမှု မရှိကြောင်း သေချာသိလိုက်သည်။

“ ဘုန်း ဘုန်း ဘုန်း ” မြောက်များစွာသော မိုးကြိုးသံများကို ကြားလိုက်ရပြီးနောက် မရေတွက်နိုင်လောက်အောင် ကြီးသော မိုးကြိုးချက်များက ကျဆင်းလာသည်။

လော့စီက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားမိ၍ မြန်မြန် နောက်ဆုတ်လိုက်ရသည်။ တကယ်တော့ သူမက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းတာ တစ်ကြိမ်မက မြင်ဖူးသော်လည်း မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက် အခြေအနေလောက် တစ်ခါမှ မတွေ့ဖူးပေ။ သူမက အင်မော်တယ် ဧကရာဇ်၏ မိုးကြိုးစမ်းသပ်ချက်ပင် မိုဝူကျိလောက် ကြောက်ဖို့ ကောင်းမည် မဟုတ်ကြောင်း သေချာသိလိုက်၏။

သာမာန် အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်အတွက် မိုးကြိုးချက်တိုင်းမှာ ၁၈ ချက် မပိုပေ။ သို့သော် မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက်မှာမူ မိုးကြိုးချက်များ ရာချီနေပေ၏။ ထို့အပြင် မိုးကြိုးချက် တစ်ချက်စီတိုင်းမှာလည်း မှင်သက်ဖွယ် ဖြစ်၏။

ဤသို့မျိုး မိုးကြိုးစမ်းသပ်ချက်ကို အင်မော်တယ် ဧကရာဇ်ပင် ဖြတ်ကျော်ဖို့ရာ ခက်ခဲပေလိမ့်မည်။

လော့စီက ထိုမိုးကြိုုးချက်များကြောင့် အထိတ်တလန့် ဖြစ်မိနေစဉ် မြောက်များစွာသော မိုးကြိုးချက်များက မိုဝူကျိ၏ ခန္ဓာကိုယ်ဆီ ကျရောက်နေလေပြီ။ လော့စီက အရမ်းလန့်နေသောကြောင့် ထိုမြင်ကွင်းကို ကြည့်ဖို့ရာ မျက်လုံးပင် မဖွင့်ရဲချေ။ သူမက သူမကိုယ်သူမလည်း စိတ်ပျက်မိ၏။ သူမက မိုဝူကျိအား ကာကွယ်ပေးရန် စောင့်ကြပ်ပေးရမည် ဖြစ်သော်လည်း  ဤသို့မျိုးအခြေအနေအာက်၌  သူမအနေနှင့် မိုဝူကျိအား ကယ်ဆယ်ဖို့ရာ နည်းလမ်း မရှိပေ။

မိုဝူကျိလည်း အံ့အားသင့်မိသွားသည်။ သူက ယခင်ကလည်း ကြောက်ခမန်းလိလိ မိုးကြိုးစမ်းသပ်ချက်များကို ကျော်ဖြတ်ဖူးသော်လည်း ဤမျှအထိ မျှော်လင့်မထားပေ။

သူ ဖြတ်ကျော်ခဲ့သည့် မိုးကြိုးစမ်းသပ်ချက်တိုင်းမှာ သူက တခြားနှင့် ကွဲပြားမှန်း သိသော်လည်း ခုခံရေး ရတနရာ သို့မဟုတ် ထိုမိုးကြိုးချက်များကို ကာကွယ်ရန် ချပ်ဝတ်တန်ဆာတို့လည်း မသုံးခဲ့ဖူးပေ။ ဤတစ်ကြိမ်၌ သူကိုယ်တိုင်ပင် လျော့တွက်လိုက်မိပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

စက္ကန့်ပိုင်းလေးကြာပြီးနောက် မိုးကြိုးချက်များက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်နေဆဲ ဖြစ်ကာ သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အပြင်းအထန် လှည့်ပတ်လိုက်ပြီး ခန္ဓာကျင့်စဉ်ကိုလည်း အပြည့်အဝ ထုတ်ဖော်လိုက်သည်။

“ ဖူး ” မိုဝူကျိက မိုးကြိုးချက်များ ကာကွယ်ရင်း လျှပ်စီးအဆီအနှစ်များကို အပြင်းအထန် စုပ်ယူနေသော်လည်း သူ့ခန္ဓာကိုယ်အနှံ့ သွေးများ ထွက်လာပြီး အရိုးများမှာလည်း မိုးကြိုးချက်များကြောင့် စတင်အက်ကွဲလာသည်။

လော့စီက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မိုဝူကျိ၏ ဖွတ်ဖွတ်ညက်ညက် ပျက်စီးနေသော အခြေအနေကို မြင်တွေ့လိုက်ရသောကြောင့် မျက်လုံးကို ပြန်ပိတ်ကာ စိတ်ထဲမှ ဆုတောင်းနေမိသည်။ သူမ လုပ်နိုင်သည့်အရာမှာ မိုဝူကျိ ကျရှုံးသွားသည့်အထိ စောင့်ကာ သူ့အလောင်း သယ်ပေးဖို့ ဖြစ်သည်။

မိုးကြိုးချက်များ ဆင်းသက်လာသည်နှင့် မိုဝူကျိက သူ့အင်မော်တယ် သဘာဝစွမ်းအားများမှာ သိသိသာသာ မြင့်တက်လာကြောင်း ခံစားမိလိုက်ပြီး သူ့အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်မှာလည်း စတင်၍ ကျယ်ပြန့်လာသည်။ သူ့အသားများက တစ်ချိန်တည်းဆိုသလို လေ့ကျင့်ပြီးသား ဖြစ်နေသည်။

အစပိုင်းတွင် မိုဝူကျိက မှော်ရတနာ ထုတ်ရန် ရည်ရွယ်ထားသော်လည်း သူ့ကိုယ်သူ ကုသဆေးလုံးအချို့သာ အတင်းကြပ် သောက်လိုက်ရသည်။ လက်ရှိ သူက ခန္ဒာကိုယ်ကို ဆက်လက် လေ့ကျင့်နေပြီး အင်မော်တယ် အုပ်စိုးသူအဆင့်ဆီ ချီတက်နေခြင်း ဖြစ်၏။ ဤအရာမှာ အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်နိုင်မည့် အခွင့်အရေး ဖြစ်ရုံသာမက နတ်ဘုရား ရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ရောက်နိုင်မည့် အခွင့်အရေးလည်း ဖြစ်ပေသည်။ မိုဝူကျိက အဘယ်ကြောင့် ထိုအခွင့်အရေးကို လက်လွတ်ခံရမည်နည်း။

“ ဘုန်း ဘုန်း ဘုန်း ” မိုဝူကျိ၏ အရိုးများမှာ ပြန်လည် ကောင်းမွန်လာသည်နှင့် ပိုမို အားကောင်းသည့် မိုးကြိုးချက်များ ဆင်းသက်လာပြန်သည်။

လော့စီက မျက်လုံးကို ပြန်ဖွင့်ကာ ကြည့်လိုက်လေ၏။ သဘောတရားအရ ပြောရလျှင် အကယ်၍ မိုဝူကျိက ပထမမိုးကြိုးချက်များအောက်၌ သေဆုံးသွားလျှင် ဒုတိယလှိုင်း မိုးကြိုးချက်များ ထပ်မံကျရောက်စရာ အကြောင်းမရှိပေ။

မိုဝူကျိ မသေသေးတာများလား ….

“ ဘုန်း ….”

မိုဝူကျိ ခန္ဓာပေါ် မိုးကြိုးချက် ကျရောက်လာသည့်အခိုက်အတန့် သူ့ခန္ဓာကိုယ်မှာ အင်မော်တယ် အုပ်စိုးသူ အတားအဆီးကို ကျော်ဖြတ်နိုင်သွားသလို နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ အတားအဆီးလည်း ဖြတ်ကျော်နိုင်သွား၏။

အလွန်အမင်း အားကောင်းသည့် အင်မော်တယ် အုပ်စိုးသူ စွမ်းအားများက မိုဝူကျိ ခန္ဓာပတ်လည်ဆီမှ ထွက်ပေါ်လာကာ ဒုတိယလှိုင်း မိုးကြိုးချက်များကြောင့် ကျိုးသွားသော အရိုးများမှာလည်း ပြန်လည် ကောင်းမွန်လာနေ၏။ မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို အခြေမတည်နိုင်ခင် တတိယလှိုင်းက ကျရောက်လာပြန်သည်။

တတိယလှိုင်း မိုးကြိုးချက်မှာ ပထမနှင့် ဒုတိယလှိုင်းများထက် မိုးကြိုးချက်က ပိုအားကောင်းရုံသာမက သေမင်းအရိပ်အယောင်နှင့်အတူ ပိုမို ထိတ်လန့်ဖွယ် ကောင်းသည့် စွမ်းအားများပါ ခေါ်ဆောင်လာသည်။ မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီးက တစစီ ကွဲကြေတော့မည့်အလား ပေါ်လာကာ မိုးကြိုးချက်များကို မထိန်းထားနိုင်တော့ပြီး မိုးကြိုးချက်အရင်းမြစ် အကုန်လုံးက မိုးကြိုးချက်အဖြစ် ဆင်းသက်လာသည်။

မိုဝူကျိက ရုတ်တရက် ထရပ်ကာ ထိုလှိုင်းများနှင့် မျက်နှာချင်းဆိုင်ကာ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။

ထိုစဉ် သူ့စိတ်ထဲ၌ ဤမကျော်လွှားနိုင်သည့် လိုလားတောင့်တမှုကြီး ဖြစ်ပေါ်လာသည်။

“ ဝုန်း ” မိုးကြိုးချက်များက ပေါက်ကွဲထွက်သွားပြီး ပထမနှင့် ဒုတိယလှိုင်းထက် ပိုအားကောင်းသော်လည်း မိုဝူကျိအား ထိခိုက်မှု မဖြစ်စေပေ။ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းသွားရုံသာမက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ လည်း ရောက်ရှိသွားလေပြီ။

“ ဘမ်း ” မိုဝူကျိက မြေပြင်ပေါ် ပြန်ဆင်းလိုက်သည့်အခါ မြေကြီးပေါ်၌ ခြေရာနက်ကြီး ကျန်သွားလေသည်။

ကျတ်တီးနယ်မြေမှာ နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားကာ မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီး ပြန်ဖြစ်လာသည်။ မိုဝူကျိက သူ့ရှေ့မှ ခပ်မှိုင်းမှိုင်း အာကာပြင်ကြီးကို မသာမယာ ကြည့်လိုက်သည်။ အကြောင်းမှာ သူက သူ့အင်အား အခြေတည်ရန် မိုးကြိုးချက်တချို့ လိုချင်၍ ဖြစ်သည်။

သူက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းပြီး နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ ရောက်ခါစ ဖြစ်သော်လည်း သူ့အား ထောက်ခံမည့် မိုးကြိုးချက်များ မရှိတော့ပေ။ ကြည့်ရသည်မှာ သူက မိုးကြိုးစမ်းသပ်ချက် သုံးလှိုင်းသာ ခံလိုက်ရသည့် တစ်ဦးတည်းသော အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်လိမ့်မည်။

လော့စီက ကြောင်အမ်းအမ်းဖြင့် ငေးမောကြည့်မိနေဆဲ ဖြစ်သည်။ မိုဝူကျိက မြေပြင်ပေါ် ပြန်ရောက်လာသည့်အထိ သူမ မျက်လုံးကို သူမ မယုံနိုင်သေးပေ။

ဤသည်မှာ အင်မော်တယ် ဧကရာဇ် မိုးကြိုးစမ်းသပ်ချက်ထက်ပင် ပို၍ ကြောက်စရာကောင်းသော စမ်းသပ်ချက်မျိုးကို ခံယူသည့် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက် ကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သလို မိုးကြိုးစမ်းသပ်ချက် သုံးလှိုင်းသာ ခံယူလိုက်ရသည့် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။ ထို့အပြင် ထိုမျှ ထိတ်လန့်ဖွယ် မိုးကြိုးစမ်းသပ်ချက်မျိုး ကြုံထားလျက်သားနှင့် နောက်ထပ် ထပ်လိုချင်နေသော လူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းလည်း ဖြစ်ပေသည်။

***

All Chapters