အခန်း (၂၀၁) - ချီယွမ်ဆေး
Vol. 14 Ch. 201
အခန်း (၂၀၁) - ချီယွမ်ဆေး
ကျန်းဟုန်ယဲ့၏ ရုံးခန်းတွင်။
ယဲ့ရှောင်ချန်းနှင့် ကျန်းဟုန်ယဲ့တို့သာ ရှိနေကြသည်။
ကျန်းဟုန်ယဲ့က ယဲ့ရှောင်ချန်းအတွက် လက်ဖက်ရည်တစ်ခွက် ဖျော်ထားပါသည်။
"ရှောင်ချန်း ကျေးဇူးအများကြီး တင်ပါတယ်"
ကျန်းဟုန်ယဲ့က ထိုင်ပြီး ပြောလိုက်သည်။
ခုတလော သူမ အလွန် ဖိအားများခဲ့ရသော်လည်း အခုတော့ ဝန်များ ကျသွားပြီဖြစ်သည်။
သူမက သုတေသနအဖွဲ့အစည်းတည်ဆောက်မှု၏ ခေါင်းဆောင်များထဲက တစ်ယောက် ဖြစ်ပါသည်။ ဒါက အလွန်အံ့အားသင့်ဖို့ကောင်းသည့် အောင်မြင်မှုဖြစ်သည်။
သူမ၏ အလုပ်ကို အဆင့်မြှင့်တင်နိုင်ဖို့ အခွင့်အရေးကောင်း ရလာပြီ။
ယန်မြို့တော်၏ ခေါင်းဆောင် ဖြစ်လာသောအခါ သူမအလုပ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သန်မာသော နောက်ခံနှင့် ထောက်ပံ့မှု မရှိပါက ဒီ့ထက်ပိုပြီး ဝေးဝေးသွားနိုင်ဖို့ ခက်ခဲလှသည်။ ထို့အပြင် သူမက အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ပို၍ပင် ခက်ခဲပါသေးသည်။
"ကျွန်တော့်ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ အစ်မကျန်း"
ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။
ယခင်ကလို ကျန်းဟုန်ယဲ့ရှေ့တွင် စိတ်မလှုပ်ရှားတော့ပါ။
ဘာပဲဖြစ်ဖြစ် သူတို့၏ အဆင့်အတန်းနှင့် ဆက်ဆံရေးက ခြားနားခဲ့သည်။
သို့သော် အခုတော့ သူတို့အကြား အဆင့်အတန်းခြားနားမှုက ယခင်ကလောက် မကြီးမားတော့ပေ။
"စိတ်မပူပါနဲ့ နင့်အတွက် အောင်သွယ်လုပ်ပေးမယ်လို့ ပြောပြီးပြီလေ။ ငါကတိမဖျက်ပါဘူး။"
ကျန်းဟုန်ယဲ့က ပြုံးကာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ရှက်သွား၏။
"ဟားဟား မနောက်တော့ပါဘူး။ ငါပြောပြမယ်။ အထက်လူကြီးတွေက နင့်ညီမအတွက် ဘွဲ့လွန်ကျောင်းသူနေရာရဖို့ မခက်ဘူးလို့ ပြောတယ်။ သူ့မှာ ရွေးချယ်စရာ နည်းနည်း ရှိတယ်။ တောင်ပိုင်းတက္ကသိုလ်ရယ်၊ ကျုန်းဟိုက်က ကျောင်းထုံတက္ကသိုလ်ရယ်၊ ဖူတက္ကသိုလ်ရယ် ပေကျင်းနဲ့ ရှင်းဟွာတက္ကသိုလ်တွေကတော့ ရွေးစရာနည်းတယ်။"
ကျန်းဟုန်ယဲ့ ပြောလိုက်သည်။
"တကယ်လား"
ယဲ့ရှောင်ချန်း အံ့အားသင့် ပျော်ရွှင်သွားပါသည်။
ဘွဲ့လွန်ကျောင်းသားတစ်ယောက်အဖြစ် နေရာရဖို့က မလွယ်ကူပါ။ အဆက်အသွယ် များစွာ ရှိရသည်။
မြို့တော်ဝန်တစ်ယောက်ကသာ လုပ်ပိုင်စွမ်းရှိ၏။
"ရွှေထက်တောင် ပိုစစ်သေးတယ်"
ကျန်းဟုန်ယဲ့က ပြုံးကာ ပြောလိုက်သည်။
"ဟားဟား ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော့်ညီမကို ဘယ်တက္ကသိုလ်သွားချင်လဲ မေးကြည့်ရဦးမယ်။"
ယဲ့ရှောင်ချန်း ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် သူ့ညီမလေးကို ရှင်းဟွာတက္ကသိုလ် သို့မဟုတ် ပေကျင်းတက္ကသိုလ်ကို သွားစေချင်သည်။ ၎င်းတို့က တရုတ်နိုင်ငံမှ ထိပ်တန်း တက္ကသိုလ်သုံးခု ဖြစ်သောကြောင့်ပင်။
"အဲ့တာကို စဥ်းစားဖို့ အချိန်တွေ အများကြီး ရှိပါတယ်"
ကျန်းဟုန်ယဲ့က ပြုံးကာ ပြောလိုက်သည်။
ခဏလောက် စကားပြောပြီးကြသောအခါ ယဲ့ရှောင်ချန်း နှုတ်ဆက်ခဲ့ပါသည်။
ဝမ်ရှင်းယီ၏ အိမ်ကိုသွားဖို့ စီစဥ်ထားသော်လည်း ပြန်စဥ်းစားပြီး စိုက်ပျိုးရေးခြံသို့သာ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ရှင်းယီနှင့် သူ၏ ဆက်ဆံရေးက ပိုမို နီးစပ်လာပြီဖြစ်သော်လည်း သူမကို အရာရာ မပြောပြရသေးပါ။
ဝမ်ရှင်းယီက သူ့ကို လက်ခံနိုင်ပါ့မလားတောင် သူ မသေချာသေးပါဘူး။
ဘာပဲဖြစ်ဖြစ် သူ အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။ ဝမ်ရှင်းယီက သူမ၏ အားနည်းချက်များကို အလွန်စိတ်ပူတတ်သည်။
မကြာသေးခင်က လေအမျိုးအစား အင်မော်တယ်မြက်ပင်၏ ကြီးထွားနှုန်းက တော်တော်လေး တိုးတက်လာသည်ကို ပြန်မှတ်မိသွားသည်။ အဆိုပါမြက်ပင်က ၂၀ စင်တီမီတာကျော် ရှည်လျားနေပြီဖြစ်သည်။ လဝက်အတွင်း အရွယ်ရောက်နိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။
သို့သော်လည်း လေအမျိုးအစား အင်မော်တယ်မြက်ပင် ပိုပိုပြီး အရွယ်ရောက်လာလေလေ သူ့စိတ်ပူမှုက ပိုမြင့်လာလေလေဖြစ်သည်။
လေအမျိုးအစား အင်မော်တယ်မြက်ပင်က တကယ်ပဲ ဝမ်ရှင်းယီ၏ ချွတ်ယွင်းချက်ကို ကုသနိုင်မှာလား။
သူ့လက်ရှိ ပိုင်ဆိုင်မှုနှင့်ဆို စတိုးဆိုင်မှ အဆင့်နိမ့် လေအမျိုးအစား အင်မော်တယ်မြက်ပင်ကို ဝယ်ယူနိုင်နေပါပြီ။
"ဟမ်း ဂရုမစိုက်တော့ဘူးကွာ။ ဒီနေ့ စိုက်ပျိုးရေးခြံကို ပြန်ရောက်ရင် စတိုးဆိုင်မှာ အဆင့်နိမ့် လေအမျိုးအစား အင်မော်တယ်မြက်ပင် တစ်ပင် ဝယ်လိုက်မယ်။"
ယဲ့ရှောင်ချန်းသည် နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ချက်ချင်းဆိုသလို စိုက်ပျိုးရေးခြံသို့ ပြန်လာပြီး စတိုးဆိုင်မှ အဆင့်နိမ့် လေအမျိုးအစား အင်မော်တယ်မြက်ပင် တစ်ပင်ကို ဝယ်ခဲ့သည်။
အင်မော်တယ်ယွမ် ၂၃၀ ကုန်ကျခဲ့ပါသည်။
လေအမျိုးအစား အင်မော်တယ်မြက်တစ်ပင်လုံးက မလန်းဆန်းပါ။ လုံးဝကို ခြောက်သွေ့နေပါသည်။
ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဒီလိုထိန်းသိမ်းထားမှသာ ဆေးအာနိသင်ကို အကောင်းဆုံး တည်ရှိစေနိုင်မည်ဖြစ်သည်။
စဥ်းစားလိုက်ပြီး အပင်တန်ဖိုးဖြတ်နည်းလမ်းကို အသုံးပြုလိုက်သည်။ လေအမျိုးအစား အင်မော်တယ်မြက်ပင် အပေါ်တွင် အဖြူရောင် အလင်းတစ်ခု တောက်ပသွား၏။ ထို့နောက် အချက်အလက်များ ပေါ်လာသည်။
ခဏလောက်ကြည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိသွားသည်။
လေအမျိုးအစား အင်မော်တယ်မြက်ပင်ကို သူ ဘယ်လို သုံးရမှာလဲ။ ရေနဲ့ ပြုတ်ပြီး တိုက်ရိုက်စားရမှာလား။ ဒါမှမဟုတ် တခြားဆေးပင်တွေနဲ့ ပေါင်းစပ်ဖို့ လိုသေးလား။
"သြော်ဟုတ်သား ငါနားမလည်တာရှိရင် နတ်ဘုရားတွေကို မေးလို့ရတာပဲ။"
ယဲ့ရှောင်ချန်း ရုတ်တရက် ပြုံးလိုက်သည်။ သူ အကြံရပါပြီ။ အများဆုံး အင်မော်တယ်ယွမ်အနည်းငယ်သာ ထပ်သုံးရမည်ဖြစ်သည်။
ချက်ချင်း ထိုက်ရှန်းလောင်ကျစ်ကို ဆက်သွယ်လိုက်သည်။
အဂ္ဂိရတ်ပညာနှင့် ပတ်သက်လာလျှင် ထိုက်ရှန်းလောင်ကျစ်က အတော်ဆုံး ဖြစ်နိုင်ပါသည်။
အံ့အားသင့်စရာပင် ထိုက်ရှန်းလောင်ကျစ်က အလွန်လျှင်မြန်စွာ စာပြန်ပေးခဲ့သည်။
"မိတ်ဆွေလေး ယဲ့ရှောင်ချန်း၊ လေအမျိုးအစား အင်မော်တယ်မြက်ပင်ကို စိတ်ဝိညာဥ် ဖြတ်တောက်လိုက်ရင်တောင် မော်တယ်တွေ တိုက်ရိုက် စားသုံးလို့မရဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းရဲ့ အာနိသင်က အားကောင်းလွန်းပြီး အားပြင်းတဲ့ ဆေးဝါးတစ်မျိုး ဖြစ်တယ်။ မော်တယ်တွေက ခံနိုင်ရည်မရှိလို့ တခြားဆေးဝါးတွေနဲ့ ရောစပ်မှဖြစ်မယ်။ ပြီးတော့ မင်းပြောတဲ့ လူက မွေးရာပါ ချို့ယွင်းတာဆိုတော့ နားအင်္ဂါက ဖွံ့ဖြိုးခြင်း ရပ်တန့်ခဲ့လို့ ဖြစ်ရတာမျိုးပဲ။ နားအကြားအင်္ဂါကို ပြန်ပြုပြင်ရတာလောက် မရိုးရှင်းတာကြောင့် မူလအကြောင်းအရင်းကနေ ပြန်စတင်ရမယ်။ ဒါ့ကြောင့် ငါတို့ မူလ စဦး စိတ်ဝိညာဥ်ဆေးပင်တွေကိုပါ ပေါင်းထည့်ပေးရမယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် မျက်လုံးများ ဝိုင်းစက်သွားရသည်။ ဒီနတ်ဘုရားက တကယ်ကျွမ်းကျင်သူ ဖြစ်သည်။ ခပ်မြန်မြန်ပင် မူလ စဦး စိတ်ဝိညာဥ်ဆေးပင်များက ဘယ်လိုဆေးပင်များလဲဟု မေးလိုက်သည်။
"အရန်ဆေးပင်တွေအနေနဲ့ကတော့ ကျီလင်းဟွာ၊ ကျွားကျွင်းမြက်၊ ယွဲ့ခိုင်အမြစ်တို့ကို အသုံးပြုလို့လည်း ရတယ်။ မူလ စဦး စိတ်ဝိညာဥ်ဆေးပင်တွေကတော့ ပိုအဖိုးတန်တယ်။ အနည်းဆုံးတော့ အနက်ရောင်အဆင့် ဆေးပင်တွေဖြစ်ရမယ်။ ဥပမာအားဖြင့် ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့ကို လိုအပ်တယ်။ အရန်ဆေး သုံးမျိုးကို ထုထောင်းပြီး သက်ဆိုင်ရာ အချိုးအတိုင်း ရောစပ်ပြီးတော့ ဆေးရည်ဖြစ်အောင် ကျိုချက်ရမယ်။ ပြီးတော့ ရလာတဲ့ဆေးရည်ကို သုံးကြိမ်လောက် သောက်ပြီးတာနဲ့ အဲဒီလူနာရဲ့ ရောဂါဝေဒနာ သက်သာသွားနိုင်ပါပြီ။"
ထိုက်ရှန်းလောင်ကျစ်၏ အဖြေများက အလွန်တိကျသည်။
ယဲ့ရှောင်ချန်းက တစ်ခုချင်းစီ ချရေးလိုက်သည်။
“ဒါ့အပြင် ဆေးသောက်နေချိန်မှာ ရှောင်ကြဉ်ရမှာတွေရှိတယ်။ ဥပမာ…”
ထိုက်ရှန်းလောင်ကျစ်က သူ့ကို သတိပေးလိုက်ပါသည်။
ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ် ပေးချေပြီးနောက် ထိုက်ရှန်းလောင်ကျစ်ကို ကျေးဇူးတင်လိုက်သည်။
စတိုးဆိုင်ကို အမြန်သွားပြီး ထိုဆေးပင်များကို ရှာကြည့်လိုက်သည်။
မူလ စဦး စိတ်ဝိညာဥ်ဆေးပင်ကို စျေးပေါသည်ဟု ဆိုနိုင်သည်။ ဒုဓလီစိတ်ဝိညာဥ်ဆေးပင်ကတော့ စျေးကြီး၏။ အနက်ရောင်အဆင့် တတိယအတန်းအစား ဝိညာဥ်ဆေးပင်ဖြစ်သည်။ အသေးတစ်ခုကို အင်မော်တယ်ယွမ် ၂,၀၀၀ - ၃,၀၀၀ လောက် ကုန်ကျျနိုင်ပါသည်။
ဆေးတစ်ပန်းကန်ကို အနည်းဆုံး ဒုဓလီစိတ်ဝိညာဥ်ဆေးပင် တစ်ပင် အသုံးပြုရနိုင်သည်။
သုံးပန်ကန်ဆိုလျှင် ဒုဓလီ စိတ်ဝိညာဉ်ဆေးပင် သုံးပင်ကုန်ကျမည်ဟု ဆိုလိုပြီး စုစုပေါင်း အင်မော်တယ်ယွမ် ၁၀,၀၀၀ နီးပါး ကုန်ကျမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။ လောလောဆယ်တော့ ဝယ်နိုင်ဖို့ အခြေအနေမရှိသေးပါ။
အခု အင်မော်တယ်ယွမ် လုံလုံလောက်လောက် မရှိပါ။ ဒုဓလီစိတ်ဝိညာဥ်ဆေးပင်ကို မတတ်နိုင်သေးပေ။
လေလံပွဲပြီးမှ ဖြစ်နိုင်ပါလိမ့်မည်။
ယဲ့ရှောင်ချန်းသည် သူဝယ်ထားသည့် လေအမျိုးအစား အင်မော်တယ်မြက်ပင်ကို သိမ်းထားလိုက်သည်။
ဒီကိစ္စကို လောလောဆယ် ခဏဖယ်ထားရမည်။ မှော်ကျင့်စဥ်များအတွက် ထောက်ပံ့ပစ္စည်းများ အရင်ရှာတာ ကောင်းပါသည်။
ကျင်းကောင်တီထဲတွင်ရှိသည့် သင်္ချိုင်းများအား ယဲ့ရှောင်ချန်း ညဘက်တွင် လျှောက်သွားကြည့်သည်။ ယန်မြို့တော်ဝန်းကျင်နေရာများလည်း ပါသေးသည်။
ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်းက ယင်စွမ်းအင်ကို အလွန်နိုးကြားမှုရှိသည်။ သူ ရှာတွေ့သွားပါပြီ။ စုန်းမီးလုံးတစ်လုံးကို ယူလိုက်ပြီး စုန်းမီးတောက်မှုန့်ကို အသုံးပြုကာ စုန်းမီးလုံးကို အချိန်အကြာကြီး ဆက်လက်တောက်လောင်နေအောင် ထိန်းသိမ်းထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် တော်တော်လေး ဒုက္ခတော့ များပါသည်။
မီးကို ဘယ်လို ထိန်းချုပ်ရမလဲ မသိသေးပါဘူး။ ကံကောင်းစွာဖြင့် စတိုးဆိုင်ထဲတွင် စုန်းမီးလုံးကို ထည့်ထားစရာ အိုး တွေ့ရှိခဲ့ပါသည်။
အင်မော်တယ်ယွမ် ၁၀၀ ကျော် သုံးခဲ့ရသည်။ မဟုတ်ပါက ပို၍ပင် ပြဿနာများနိုင်ပါသည်။
အင်မော်တယ် လယ်ကွက်ဘေးက ရုံလေးတစ်ရုံတွင်။
ယဲ့ရှောင်ချန်းက အထူးဆောက်လုပ်ထားခြင်းဖြစ်သည်။
အလယ်ဗဟိုတွင် အနက်ရောင် မြေစင်လေးတစ်ခု ရှိ၏။
နှစ် ၁,၀၀၀ သက်တမ်းရှိ ရှေးဟောင်း သင်္ချိုင်းဂူမှ သင်္ချိုင်းမြေနှင့် မြေအောက် ယင်မြစ်မှ ရေများဖြင့် ရောနှောကာ ပြုလုပ်ထားခြင်းဖြစ်ပါသည်။
စင်ပေါ်တွင် သတ္တုရောင်ဝါတစ်ခုကို ထုတ်လွှတ်နေသည့် ငွေဖြူရောင် မှော်တံဆိပ်တစ်ခု ရှိနေသည်။
မာကျူရီဖြင့် ဖန်တီးထားခြင်းဖြစ်၏။
မာကျူရီမှာ အရည်တစ်ခုဖြစ်ပြီး အငွေ့ပျံလွယ်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက မှော်စွမ်းအင်ကို သုံးကာ မာကျူရီကို အစိုင်အခဲအဖြစ် ပြောင်းလဲခဲ့သည်။
ငွေစက္ကူကိုလည်း ဖန်တီးပြီးပါပြီ။ နှစ် ၁၀၀ သက်တမ်းရှိ မိုးမခပင်စည်မှ လုပ်ထားခြင်းဖြစ်သည်။
ဒီ့အတွက် ပန်းခြံထဲတွင် ကာကွယ်ထားသည့် တန်ဖိုးကြီး ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ကို ခိုးကာ ခုတ်ခဲ့ရပါသည်။
ရဲများက မိုးမခပင်ကြီး ပျက်စီးမှုအတွက် စုံစမ်းနေဆဲ ဖြစ်သည်။
ငွေစက္ကူကို မိုးမခပင်၏ နှလုံးသားဖြင့် ပြုလုပ်လျှင် အကောင်းဆုံးဖြစ်သည်။ မဟုတ်ပါက တစ်ပင်လုံးကို လှဲချစရာလိုခဲ့မည် မဟုတ်ပေ။
ထို့အပြင် ဖယောင်းတိုင်တစ်တိုင်လည်း ရှိနေ၏။ သာမန် ဖယောင်းတိုင် မဟုတ်ပါ။ စုန်းမီးတောက်မှုန့်ဖြင့် ရောနှောကာ ပြုလုပ်ထားခြင်းဖြစ်သည်။
စုန်းမီးလုံးကို အသုံးပြုပြီး မီးညှိလိုက်သည်။ ချက်ချင်းဆိုသလို စိမ်းပြာရောင်မီးတောက် ထွက်ပေါ်လာပါသည်။
ယင်ငါးမျိုးနှင့် ဒြပ်စင်ငါးမျိုး ထောက်ပံ့ပစ္စည်းများ အသင့်ဖြစ်နေပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်း မှော်ကျင့်စဥ်ကို ကျင့်ကြံဖို့ ပြင်ဆင်လိုက်ပါသည်။