အခန်း (၂၀၃) - ဝိညာဥ်
Vol. 14 Ch. 203
အခန်း (၂၀၃) - ဝိညာဥ်
ညည့်နက်အချိန်။
ယဲ့ရှောင်ချန်းတစ်ယောက် တောင်ပေါ် တောနက်တစ်ခုထံသို့ ရောက်လာခဲ့သည်။
ယင်ဝိညာဥ်များ ဆင့်ခေါ်ကာ အင်မော်တယ်ပဲစေ့အား သန့်စင်ပြီး အင်မော်တယ်ပဲစေ့စစ်သည်တော်အစစ် ဖန်တီးရန်အတွက် လာခဲ့ခြင်း ဖြစ်ပါသည်။
"အင်း ဒီနေရာ မဆိုးဘူး။ ယင်ချီစွမ်းအင်က လုံလောက်တယ်။ ပြီးတော့ တစ်နေ့တာရဲ့ ဒီလိုအချိန်မျိုးမှာ ယင်ချီစွမ်းအင်က များပြားပြီး ယန်ချီစွမ်းအင်က နည်းပါးတယ်။ ယင်ဝိညာဥ်တွေကို ဆင့်ခေါ်ဖို့ လုံလောက်လိမ့်မယ်။"
ယဲ့ရှောင်ချန်းက ဘေးပတ်လည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
လက်ရှိ ရာသီဥတုက မချမ်းအေးသေးသော်လည်း ၈ - ၉ ဒီဂရီဆဲစီးရပ်စ်သာ ရှိပါသည်။ ညလေပြည်များနှင့် ပေါင်းစည်းလိုက်သောအခါ အလွန်ချမ်းအေးလှသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက လုံးဝမအေးပါ။ မှော်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသဖြင့် သူ့ခန္ဓာကိုယ်က ခွန်အားတိုးမြင့်နေပြီး သာမန်ထက် ထူးကဲနေပါသည်။
ယဲ့ရှောင်ချန်းက တင်ပုလ္လင်ခွေကာ ထိုင်ပြီး အင်မော်တယ်ပဲစေ့ကို ထုတ်ယူကာ သူ့လက်ဖဝါးပေါ်တွင် တင်ထားလိုက်သည်။
သူ့စိတ်ကို လျှော့ချလိုက်ပြီး ပဲစေ့စစ်သည်တော် ဖန်တီးခြင်း ဝိညာဥ်လမ်းပြသည့်နည်းလမ်းကို စတင်လိုက်နာဆောင်ရွက်သည်။
သူ့လက်ချောင်းများက ခန့်မှန်းလို့ မရနိုင်လောက်အောင် ပြောင်းလဲနေပြီး နောက်ဆုံးတော့ ဝိညာဥ်လမ်းပြ အခင်းအကျင်းတစ်ခုကို ဖန်တီးလိုက်နိုင်သည်။ မှော်စွမ်းအင်၏ တုန်ခါမှုနှင့်အတူ ထူးဆန်းသည့် အသံလှိုင်းတစ်ခုက သူ့လက်ဖဝါးပေါ်မှ ထွက်လာခဲ့သည်။
အင်မော်တယ်ပဲစေ့၏ ဝိညာဥ်ရောင်ဝါမှာ ထိုအသံလှိုင်းနှင့်အတူ ထွက်ပေါ်လာသည်။
ဖြည်းဖြည်းချင်းယဲ့ရှောင်ချန်း၏ အာရုံထဲတွင် ကမ္ဘာကြီးက အလွန်ပြောင်းလဲသွားသည့်ပုံပင်။ မြေအောက် နက်နက်ရှိုင်းရှိုင်းထဲမှ ယင်ချီထုထည်တစ်ခု ဝင်လိုက် ထွက်လိုက် ဖြစ်နေသလိုပင်။
အားလုံးက ဆင့်ခေါ်ခံထားရသည့် ယင်ဝိညာဥ်များဖြစ်ကြသည်။
သို့သော်လည်း ထိုယင်ဝိညာဥ်များ မြေမျက်နှာပြင်အနီးသို့ ရောက်လာသောအခါ ထွက်မလာရဲကြပေ။
ညအချိန်ဖြစ်နေလျှင်တောင်၊ ယန်ချီစွမ်းအင်က အနိမ့်ဆုံးဖြစ်နေလျှင်တောင် ထိုယင်ဝိညာဥ်များက ကြောက်လန့်နေဆဲဖြစ်သည်။
"ဟင် ထွက်မလာသေးဘူးလား။"
ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွားသည်။ ရုတ်တရက် သူ့မှော်စွမ်းအင်အားကို ဖွင့်ထုတ်လိုက်၏။ ဝိညာဥ်လမ်းပြခြင်း အခင်းအကျင်းက ဆူပွက်နေသည့်ပုံပေါက်ပြီး ပိုမိုအားကောင်းသည့် အသံလှိုင်းများ ထွက်ပေါ်လာသည်။
ရုတ်တရက် ယင်ဝိညာဥ်တစ်ကောင်က ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးတော့ ထွက်လာခဲ့ပြီး မမြင်နိုင်သည့် ယင်ချီစွမ်းအင်ထုထည်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ယဲ့ရှောင်ချန်းထံသို့ ခုန်ဆွခုန်ဆွ လာနေခဲ့သည်။
"အချိန်ကိုက်ပဲ။"
သူ့အာရုံထဲတွင် ဒီယင်ဝိညာဥ်က အသွင်မဲ့သည်။ ယင်ချီစွမ်းအင် ထုထည်ကြီးတစ်ခုသာ ဖြစ်သည်။
သာမန်လူတစ်ယောက်သာ ယင်ဝိညာဥ်နှင့် ဆုံတွေ့ပါက ချက်ချင်း သွေးအားနည်းကာ ဖျားသွားနိုင်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် မှော်စွမ်းအင်ရှိသဖြင့် လုံးဝ ဂရုမစိုက်ပါ။
ရုတ်ချည်းဆိုသလို ယင်ဝိညာဥ်ထုထည်ကြီးက အင်မော်တယ်ပဲစေ့ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း မပြီးသေးပါဘူး။ ဒါက မလုံလောက်ဘူး။
သာမန် ယင်ဝိညာဥ် ထုထည်တစ်ခုက အားနည်းလွန်းသည်။
ယင်ဝိညာဥ်များက အလွန်ထူးကဲပါသည်။ ၎င်းတို့တွင် ဝါးမျိုပြီး ကိုယ့်ကိုယ်ကို အားတိုးစေသည့် အစွမ်း ရှိသည်။
စိတ်ဝိညာဥ် အင်မော်တယ်ပဲစေ့ထဲ ဝင်ရောက်နိုင်ခွင့်ကို ရရှိဖို့ ထိုယင်ဝိညာဥ်များက အချင်းချင်း သတ်ဖြတ်ဝါးမျိုကြလိမ့်မည်။ နောက်ဆုံး ထွက်လာသည့် ယင်ဝိညာဥ်က အများကြီး ပိုသန်မာနိုင်ပါသည်။
သေချာပါသည်။ ထိုယင်ဝိညာဥ် ပဲစေ့ထဲ ဝင်သွားသည်နှင့် နောက်ထပ် ယင်ဝိညာဥ်အနည်းငယ် ထွက်လာကြပြီး အင်မော်တယ်ပဲစေ့ထဲသို့ ဝင်ကုန်ကြပါသည်။
သူ့အာရုံထဲတွင် အင်မော်တယ်ပဲစေ့ထဲသို့ ဝင်ရောက်သွားသည့် ယင်ဝိညာဥ်များမှာ တစ်ခုနှင့် တစ်ခု စတင် ကြမ်းတမ်းစွာ သတ်ဖြတ်ဝါးမျိုကုန်ကြသည်။
တခြား မငြိမ်သက် ဝိညာဥ်များသည်လည်း တစ်ကောင်ပြီးတစ်ကောင် ဝင်လာကြသည်။
နောက်ဆုံးတွင်တော့ စုစုပေါင်း ဝိညာဥ် ၁၃ ခု အင်မော်တယ် ပဲစေ့ထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။
"ကြည့်ရတာ ဒီပတ်ဝန်းကျင်မှာ ဝိညာဥ် ၁၃ ခုပဲရှိမယ်ထင်တယ်။"
ယဲ့ရှောင်ချန်းက ယင်ဝိညာဥ်များ ထပ်ထွက်လာသည်ကို မမြင်တော့ပေ။ ထို့နောက် ချက်ချင်းဆိုသလို ယင်ဝိညာဥ်များ မရှိတော့မှန်း သိလိုက်ပါသည်။
ယင်ဝိညာဥ် ဖြစ်တည်မှုနှုန်းက အလွန်နိမ့်သည်။ ထို့အပြင် ယင်ဝိညာဥ်များ အချင်းချင်း ဝါးမျိုသည့်နှုန်းက ပို၍ပင် နှေးကွေးပါသေးသည်။
ထို့အပြင် ဒီနေရာက ယင်စွမ်းအင်ဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်သည်။ မဟုတ်ပါက ယင်ဝိညာဥ်များကို ရှာဖို့ အလွန်ခက်ခဲပါလိမ့်မည်။
ထိုအချိန်တွင် အင်မော်တယ်ပဲစေ့ထဲက ယင်ဝိညာဥ်များ အချင်းချင်း သတ်ဖြတ် ဝါးမျို ပြီးသွားကြပြီး နောက်ဆုံးတွင်တော့ စွမ်းအား အကြီးဆုံး ယင်ဝိညာဥ်တစ်ခုသာ ဖြစ်တည်လာသည်။
ယဲ့ရှောင်ချန်း ခပ်ပါးပါး ပြုံးကာ ပဲစေ့စစ်သည်တော် ဖန်တီးခြင်း နောက်ဆုံးအဆင့်ကို စတင်ဆောင်ရွက်ခဲ့သည်။
အချိန်အတော်ကြာသောအခါ ဖန်တီးမှု ပြီးဆုံးသွားပြီး မှော်စွမ်းအင်ကို ပြန်ရုတ်သိမ်းကာ သူ့လက်ဝါးထဲက အင်မော်တယ်ပဲစေ့ကို ကြည့်လိုက်ပါသည်။
အင်မော်တယ်ပဲစေ့နှင့် ထူးခြားသည့် ဆက်သွယ်မှုတစ်ခုကို သူတည်ဆောက်နိုင်ခဲ့သည်ဟု အာရုံရနေပါသည်။
သူ ဆန္ဒရှိပါက အင်မော်တယ်ပဲစေ့ကို ယင်စစ်သည်တော် တစ်ပါးအဖြစ် ပြောင်းလဲနိုင်သည်။
ရုတ်တရက် သူ့လက်ချောင်းကို လှုပ်ရှားလိုက်ကာာ မှော်စွမ်းအင်ကို ထုတ်လိုက်သည်။ ထိုအင်မော်တယ်ပဲစေ့က လေထဲပျံဝဲသွားပြီး ရုတ်တရက် အနက်ရောင်မြူခိုးများ လေထဲတွင် ပြည့်နှက်လာသည်။
"ယင်စစ်သည်တော် ပုံဖော်မယ်။"
ထိုအနက်ရောင်မြူခိုးအား စတင်ထိန်းချုပ်ကာ ခန္ဓာကိုယ်တစ်ခုအဖြစ် စတင် ပုံသွင်းလေသည်။
၁၀ စက္ကန့်ကြာသောအခါ ထိုအနက်ရောင်မြူခိုးများမှ ကိုယ်လုံးတီး ကိုယ်ခန္ဓာကြံ့ကြံ့ခိုင်ခိုင် ယောက်ျားကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ကြွက်သားကြီးများက တောင့်တင်းနေသော်လည်း မျက်နှာအနေအထားက အသက်မဲ့နေသည်။ သူ့မျက်လုံးများက ခပ်ဖျော့ဖျော့အလင်း တောက်ပနေ၏။
ယဲ့ရှောင်ချန်းတစ်ယောက် ရှေ့တိုးလိုက်ပြီး ထိုယင်စစ်သည်တော်ကို ထိတွေ့ကြည့်လိုက်သည်။ အစစ်အမှန်လိုပင်။
တကယ်တော့ ဒီယင်စစ်သည်တော်က အခွံလွတ်ကြီးသက်သက် ဖြစ်သည်။ အထဲတွင် ယင်စွမ်းအင်များဖြင့် ဖြည့်စွက်ထား၏။
ထိုအခွံကျိုးပဲ့သွားပါက ဒီယင်စစ်သည်တော်မှာ လေမရှိတော့သည့် ပူပေါင်းတစ်လုံးလို ဖြစ်သွားလိမ့်မည်။ အနက်ရောင်မြူခိုးများ အဖြစ် ပြန်လည်ပြောင်းလဲသွားမည်ဖြစ်သည်။
အမှန်ပင် အခွံပါးတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ ကာကွယ်စွမ်းအားက အံ့အားသင့်ဖွယ်ကောင်းသည်။ အနည်းဆုံး သာမန်ဓားများ ခုတ်ပိုင်းနိုင်ဖို့ ခက်ခဲပါလိမ့်မည်။
"အင်း လက်ရှိ ငါ့ကျင့်ကြံမှုနဲ့ဆိုရင် ယင်စစ်သည်တော်ကို တစ်ခေါက် အသက်သွင်းပြီး စွမ်းအင်တွေ အများကြီး မကုန်တဲ့ တိုက်ပွဲတစ်ခုမှာ မတိုက်ခိုင်းရင် ငါထိန်းသိမ်းနိုင်မှာပါ။ ပြီးတော့ အင်မော်တယ်ပဲစေ့ကလည်း အင်မော်တယ် ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိတယ်လေ။"
ယဲ့ရှောင်ချန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ဒီလိုနှင့် ထိုယင်စစ်သည်တော်နှင့်ဆို စိုက်ပျိုးရေးခြံတွင် လူအင်အား မလောက်ငှခြင်း မဖြစ်နိုင်တော့ပါ။
ယင်စစ်သည်တော်မှာ အသိဉာဏ်မရှိသော်လည်း ပုံသွင်းနိုင်စွမ်းမြင့်မားသည်။ ယင်စစ်သည်တော်အား ထိန်းချုပ်ခြင်း အချက်အလက် မျိုးစုံဖြင့် ပုံသွင်းနိုင်ပါက ဘာအလုပ်ဖြစ်ဖြစ် ခိုင်းနိုင်ပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်း ဖန်တီးခဲ့သည့် ယင်စစ်သည်တော်မှာ အသိစိတ်တချို့ရှိနေပုံရသည်။ သို့မဟုတ် နိုးထခြင်း ခံစားချက်တစ်ခုကို ရနေသည်ဟုပင် ပြောနိုင်ပါသည်။
သူခန့်မှန်းတာသာ မမှားယွင်းပါက သူ့သန့်စင်မှုပါရမီနှင့် အင်မော်တယ်ပဲစေ့များ၏ ထပ်ဆောင်း သန့်စင်မှုကြောင့် ဖြစ်ပါသည်။
ဒါက အရေးအကြီးဆုံးအရာ ဖြစ်ပါသည်။
အင်မော်တယ်လောက၏ ကောင်းကင်ဘုံစစ်သည်တော်များနှင့် ကောင်းကင်ဘုံစစ်သူကြီးများက ဘာကြောင့် အသိစိတ်နဲ့ ဉာဏ်ပညာ ရှိနေရသလဲ။
၎င်းတို့အား အင်မော်တယ်ပဲစေ့များဖြင့် သန့်စင်မှုပါရမီရှိသည့် အင်မော်တယ်ပဲစေ့များဖြင့် ဖန်တီးထားခြင်းကြောင့် ဖြစ်ပါသည်။
သာမန် အင်မော်တယ်ပဲစေ့ဖြစ်ပါက သန့်စင်နည်းလမ်းက ဘယ်လောက်ပဲ သန်မာပါစေ အသိဉာဏ်ဖြင့် မွေးဖွားလာစေဖို့က လုံးဝ မဖြစ်နိုင်ပါ။
သို့မဟုတ် အဆုံးစွန် အဆင့်ရှိ မှော်စွမ်းအင်များဖြင့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးက ကိုယ်တိုင် ဉာဏ်အလင်းဖွင့်ပေးမှ ဖြစ်နိုင်မည်။
သို့သော်လည်း ထိုကဲ့သို့ ဉာဏ်အလင်းဖွင့်ခြင်းက စွမ်းအင်များစွာ ကုန်ဆုံးပြီး ငွေပမာဏ မြောက်များစွာ မသုံးစွဲနိုင်ပါ။
ထို့အပြင် ဘယ်လိုစွမ်းအားကြီး ပုဂ္ဂိုလ်မျိုးက အကြောင်းပြချက်မရှိဘဲ ဉာဏ်အလင်း ဖွင့်ပေးနိုင်မှာလဲ။
အလုပ်များနေပြီး တခြားလုပ်စရာ ဘာမှ မရှိကြဘူးလား။
ယဲ့ရှောင်ချန်းက လက်သင်္ကေတတစ်ခု ဖန်တီးခဲ့သည်။ ရုတ်တရက် အင်မော်တယ်ပဲစေ့ လှုပ်ခါသွားပြီး အနက်ရောင်မြူခိုးများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ တရွေ့ရွေ့နှင့် တဟုန်ထိုး လှုပ်ခတ်လာပြီးနောက် မထင်ထားလောက်စရာပင် အနက်ရောင်ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ယဲ့ရှောင်ချန်းသည် ကျားနက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ထိုကျားနက်ကြီး၏ နောက်ကျောဘက်က အလွန်ကြံ့ခိုင်၏။ သူ တက်လိုက်သောအခါ ကျားနက်ကြိး၏ ခန္ဓာကိုယ်က လှုပ်ပင်မလှုပ်ပါ။ ၎င်း၏ အားကောင်းမှုနှင့် ကိုယ်ဟန်အနေအထားကောင်းမှုတို့ကို ပြသနေသည်။
သူ့ထိန်းချုပ်မှုအောက်တွင် ကျားနက်ကြီးက တောအုပ်အတွင်း လျင်မြန်စွာ ပြေးလွှားသွား၏။
၎င်း၏ အမြန်နှုန်းမှာ အလွန်အမင်း မြန်ဆန်ပြီး သွက်လက်ကာ ပေါ့ပါးသည်။
အင်မော်တယ်ပဲစေ့မှ အသွင်ပြောင်းထားသည့် ကျားနက်ကြီးကို စီးပြီး ယဲ့ရှောင်ချန်း တောင်ခြေက ကတ္တရာလမ်းဆီသို့ ရောက်လာဖို့ သိပ်မကြာလိုက်ပေ။
ကျားနက်ကြီး၏ ကျောပေါ်မှ ခုန်ဆင်းပြီး လက်ဖျောက်တီးလိုက်ပါသည်။ ရုတ်တရက် ကျားနက်ကြီး ပျောက်ကွယ်သွားပြီး အင်မော်တယ်ပဲစေ့အဖြစ် ပြန်လည်ပြောင်းလဲကာ သူ့လက်ဖဝါးပေါ်သို့ ကျလာသည်။
"ကျွတ်ကျွတ် ဒီအင်မော်တယ်ပဲစေ့က မဆိုးဘူးပဲ။ အသွင်ပြောင်းနိုင်စွမ်းကလည်း ပြိုင်ဘက်ကင်းပဲ။ သာမန်အလုပ်တွေလုပ်ဖို့ လူအသွင်ပြောင်းနိုင်တ်ယ်။ ပြီးတော့ စီးဖို့အတွက် တိရိစ္ဆာန်အသွင်တောင် ပြောင်းနိုင်တယ်။"
ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။
"အင်း... နောက်ပိုင်း လေဂုဏ်သတ္တိရှိတဲ့ အင်မော်တယ်ပဲစေ့ကို သုံးလိုက်ရင် သန့်စင်ထားတဲ့ အင်မော်တယ်ပဲစေ့နဲ့ လေပေါ်မှာ ပျံနိုင်မှာပဲ။"
ယဲ့ရှောင်ချန်း မျှော်လင့်ထားမိပါသည်။
အင်မော်တယ်ပဲစေ့များတွင် အဆုံးမဲ့ အသွင်ပြောင်းနိုင်စွမ်းများ ရှိကြသော်လည်း ပျံသန်းဖို့ကတော့ အတောင်နှစ်ဖက်ရှိရုံလောက် မရိုးရှင်းပါ။။ အင်မော်တယ်ပဲစေ့၏ လေဂုဏ်သတ္တိ စွမ်းအင်ကိုလည်း လိုအပ်သေးသည်။
ဥပမာအားဖြင့် မီးဂုဏ်သတ္တိ အင်မော်တယ်ပဲစေ့က မီးတောက်များကို ထိန်းချုပ်နိုင်သည်။ ရေဂုဏ်သတ္တိ အင်မော်တယ်ပဲစေ့များကတော့ ရေကို ထိန်းချုပ်နိုင်သည်။