အခန်း (၂၀၉) - ပံ့ပိုးကူညီမှု
Vol. 14 Ch. 209
အခန်း (၂၀၉) - ပံ့ပိုးကူညီမှု
မျက်စိတစ်မှိတ်အချိန်အတွင်း ဒီဇင်ဘာလအကုန်သို့ ရောက်လာသည်။
ကောင်းကင်ပေါ်မှ မိုးများလည်း တဖွဲဖွဲ ရွာနေ၏။
အပူချိန်လည်း နည်းပါးလျက်ရှိသည်။
အားလုံးက အဝတ်အစား ထူထူကြီးများ ဝတ်ဆင်ထားကြ၏။ အအေးကြောက်သည့် လူများကတော့ အောက်ခံအနွေးထည်ကော၊ ဝါဂွမ်းအနွေးထည်များပါ ဝတ်ဆင်ထားကြလေသည်။
ယန်ရှစ်မြို့တော် ရှောင်းယန်တောင်။
မြို့ပြင်က လျှို့ဝှက်မြစ်တစ်သွယ်ဘေးမှ တောင်ကုန်းတစ်ခု ဖြစ်ပါသည်။
မျက်စိပသာဒဖြစ်စရာ နေရာလေးတစ်ခု ဖြစ်ပါသည်။
ထိုနေရာတွင် ကြီးမားသော စိုက်ပျိုးရေးခြံ အဆောက်အဦးကြီး တစ်ခုရှိသည်။
သို့သော်လည်း ထိုစိုက်ပျိုးရေးခြံ၏ အမည် ပြောင်းလဲသွားလေပြီ။
၎င်းသည် ယန်ရှစ်မြို့တော်ရှိ အင်မော်တယ်စမ်းရေစားသောက်ဆိုင်ခွဲတစ်ခု ဖြစ်လာခဲ့၏။
အဆိုပါ စိုက်ပျိုးရေးခြံကို ပြန်လည်ပြုပြင်ထားပြီး အင်မော်တယ်စမ်းရေစားသောက်ဆိုင်၏ သဘာဝဆန်သော အရောင်နှင့် အငွေ့အသက်မျိုးကို ဖန်တီးထား၏။
ဒီနေ့က ယန်ရှစ်မြို့တော်ရှိ ဆိုင်ဖွင့်ပွဲနေ့ ဖြစ်သည်။
ဖိတ်ကြားထားသည့် ဧည့်သည်တော်များက အင်မော်တယ်စမ်းရေစားသောက်ဆိုင် ပထမဆုံးအကြိမ် ဖွင့်လှစ်တုန်းကထက်ပင် ပို၍ များပြားနေပါသေးသည်။
ယန်ရှစ်မြို့တော်မှ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ နယ်ပယ်များမှ လူကြီးများစွာ ဖွင့်ပွဲအား လာရောက်တက်ရောက်ကြပါသည်။
မတတ်နိုင်ပေ။ အင်မော်တယ်စမ်းရေစားသောက်ဆိုင်က ယခုအခါ အလွန် နာမည်ကျော်နေပါပြီ။
ဟင်းပွဲများကို လုံလုံလောက်လောက် အော်ဒါမှာယူဖို့ကိုပင် ခက်ခဲနေပါပြီ။
ယခု ဒုတိယဆိုင်ခွဲတစ်ခု ဖွင့်လှစ်လာခဲ့ပြီ ဖြစ်သဖြင့် အရသာရှိသော အစားအသောက်များကို စားသောက်ရနိုင်ခြေ ပိုများလာပါသည်။
ထို့အပြင် ယန်ရှစ်မြို့တော်နှင့် အနီးရှိ ဧည့်သည်များအတွက် ပိုမို အဆင်ပြေသည်။ ကျင်းကော်တီမြို့အထိ ကားမောင်းသွားဖို့ မလိုတော့ပေ။
သူတို့ မကျေနပ်သည့် တစ်ခုတည်းသောအရာက ဒီနေ့ ရာသီဥတုကို ဖြစ်သည်။ ဒီနေ့ ရာသီဥတုက မိုးဖွဲဖွဲကျနေပြီး သက်တောင့်သက်သာ မရှိလှပါ။
သို့သော်လည်း ဧည့်သည်များက စိတ်ကောင်းဝင်နေကြပါသည်။
ယဲ့ရှောင်ချန်းကို နှုတ်ဆက်နေသည့် လူအလွန်များပြားသောကြောင့် ယဲ့ရှောင်ချန်း အနည်းငယ် အခက်တွေ့နေပါသည်။
"မစ္စတာယဲ့။ မဖိတ်ကြားဘဲ ရောက်လာတဲ့ အတွက် စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်။"
ရုတ်တရက် ယဲ့ရှောင်ချန်း မျှော်လင့်မထားသည့် အသိအကျွမ်းတစ်ယောက်နှင့် သွားဆုံလေသည်။
လင်းကျင်းရှု။
ဂလိုဘယ်ကော်ပိုရေးရှင်း၏ အထွေအထွေ မန်နေဂျာ။
သူမက ထက်မြက်ပြီး အစွမ်းအစရှိသည့် စီးပွားရေးသမားတစ်ယောက် ဖြစ်သည်။
အရင်တစ်ခေါက် သူတို့ ဆုံတွေ့ခဲ့စဥ်က ယဲ့ရှောင်ချန်းကို Porsche Cayenne တစ်စီး ပေးခဲ့ပါသည်။
"အထွေထွေမန်နေဂျာလင်းပါလား။ မဟုတ်တာဗျာ။ ကြိုဆိုပါတယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
"မစ္စတာယဲ့ကို ဂုဏ်မပြုရသေးဘူးနော်။ မကြာခင် ရှင်က တရုတ်သိပ္ပံကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့မှာပဲ။"
လင်းကျင်းရှုက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းကို ဒီလောက် အောင်မြင်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ ညတွင်းချင်း အောင်မြင်လာသလိုပင်။
ကံကောင်းစွာဖြင့် သူမသည် အရင်တစ်ခေါက်က ဆုံးဖြတ်ချက် ပြတ်သားကာ ယဲ့ရှောင်ချန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပါသည်။
ထိုသို့ စဥ်းစားကြည့်သောအခါ သူမ အနည်းငယ် စိတ်လှုပ်ရှားပျော်ရွှင်မိသည်။ သူမ အောင်မြင်သွားပါက ဂလိုဘယ်ကော်ပိုရေးရှင်းကြီးက အကျိုးကျေးဇူးများစွာ ရလာပါလိမ့်မည်။
အားလုံးက ယဲ့ရှောင်ချန်းအပေါ်တွင် မူတည်နေ၏။
ထို့ကြောင့် အင်မော်တယ်စမ်းရေစားသောက်ဆိုင် ယန်မြို့တော်တွင် ဆိုင်ခွဲဖွင့်လှစ်သောအခါ သူမကို မဖိတ်ခေါ်ထားသော်လည်း ချက်ချင်းဆိုသလို ရှမြို့တော်မှ ရောက်လာခဲ့၏။
"ကျေးဇူးတင်ပါတယ်။"
ယဲ့ရှောင်ချန်း အလွန်ယဥ်ကျေးစွာ ပြန်ပြောလိုက်ပါသည်။
သူတို့နှစ်ဦး ခေတ္တ စကားပြောလိုက်ကြပြီးနောက် ယဲ့ရှောင်ချန်းမှာ နှုတ်ဆက်စရာ အရေးကြီး ဧည့်သည်များ ရှိသေးသဖြင့် ထွက်လာခဲ့လိုက်သည်။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ နေ့လည် ၂ နာရီပင် ကျော်နေလေပြီ။
ယဲ့ရှောင်ချန်း အရေးကြီး ဧည့်သည်များကို လိုက်ပို့ပြီးသွားသောအခါ လင်းကျင်းရှု ရှိနေသေးဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။
ဒီအချိန်တွင် ဧည့်သည်အတော်များများလည်း ပြန်ကုန်ကြပြီ။
"အထွေထွေမန်နေဂျာလင်း ဘာကိစ္စ ရှိသေးလို့လဲဗျ။"
လင်းကျင်းရှုက ဒီနေရာကို ဖွင့်ပွဲအခမ်းအနားထက် ပိုသည့် ကိစ္စတစ်ခုကြောင့် လာခဲ့မှန်း ယဲ့ရှောင်ချန်း သိပါသည်။ သူမတွင် တခြားကိစ္စ တစ်ခုခု ရှိနေရမည်။
"မစ္စတာယဲ့ အရမ်းအလုပ်များနေတာမလား။ ကျွန်မတို့ နောက်မှ ပြောကြရအောင်လေ။"
လင်းကျင်းရှုက ပြောလိုက်၏။
"အထွေထွေမန်နေဂျာလင်း။ မျိုးစေ့သုတေသနပိုင်းမှာ အခက်အခဲရှိရင် ကျွန်တော် ကူညီနိုင်ပါတယ်။ ကျွန်တော့်ကို အသိသာ ပေးလိုက်ပါ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
"တကယ်တော့လေ ဒီကိစ္စကို တောင်းဆိုဖို့ ကျွန်မ ရှက်မိပါတယ်။"
လင်းကျင်းရှုက ဘေးပတ်လည်ကို ကြည့်လိုက်ရင်း တွန့်ဆုတ်နေသည်။
လင်းကျင်းရှု ဘာကိုဆိုလိုသည်ကို ယဲ့ရှောင်ချန်း နားလည်ကာ ချက်ချင်းဆိုသလို သူမကို ရုံးခန်းတစ်ခန်းထဲ ခေါ်သွား၏။
သူတို့နှစ်ယောက် ထိုင်စကားပြောခဲ့ကြသည်။
"မစ္စတာယဲ့ သုတေသနအဖွဲ့အစည်းကို တည်ဆောက်တဲ့အချိန်ကျရင် မြို့တော်အစိုးရက ရန်ပုံငွေအတွက် တာဝန်ယူမယ်လို့ ကြားတယ်။ သာမန်အခြေအနေတွေမှာဆိုရင် ရန်ပုံငွေအများစုကို တခြားရင်းမြစ်တွေကနေ ရနိုင်တယ်။ ဥပမာ ကော်ပိုရိတ်စပွန်ဆာတွေကနေတဆင့်ပေါ့..."
ယဲ့ရှောင်ချန်း၏ သဘောတူညီမှုကို မြင်ကာ လင်းကျင်းရှု ချက်ချင်း ပြောလိုက်ပါသည်။
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ထဲတွင် နားလည်သွားပါသည်။ ဂလိုဘယ်ကော်ပိုရေးရှင်းက စိတ်မရှည်လွန်းသဖြင့် သူ့ထံသို့ပင် တိုက်ရိုက် ရောက်လာကြလိမ့်မည်ဟု မထင်ထားပေ။
သုတေသနအဖွဲ့အစည်းအား ယန်မြို့တော်တွင် တည်ဆောက်ဖို့ သတ်မှတ်လိုက်ပြီးကတည်းက တောင်ပိုင်းဒေသက စီးပွားရေးလုပ်ငန်းများ ဆူပူလာကြသည်။
စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော ကုမ္ပဏီအားလုံးနီးပါးက သုတေသနအဖွဲ့အစည်းအား စပွန်ဆာပေးဖို့ အကြံရှိကြသည်။
ထိုကုမ္ပဏီများ အလွန်စိတ်အားထက်သန်နေရသည့် အကြောင်းအရင်းက သုတေသနအဖွဲ့အစည်း၏ အနာဂတ်အောင်မြင်မှုအပေါ်တွင် နာမည်ရလို၍ ဖြစ်သည်။
တရုတ်သိပ္ပံကျောင်းတော်လက်အောက်က သုတေသနကိုင်းခွဲတစ်ခုက အနာဂတ်တွင် သေချာပေါက် သုတေသနရလဒ်ကောင်းများကို ဖန်တီးနိုင်ပါလိမ့်မည်။ ထိုရလဒ်ကောင်းများကို အသုံးချပြီး အဆင့်မြှင့်တင်လိုက်ပါက အကျိုးကျေးဇူး ဘယ်လောက်များလိုက်မလဲ။
သုတေသနအဖွဲ့အစည်းကို စပွန်ဆာ ပေးထားပါက အနာဂတ်တွင် ဆယ်ဆလောက် ပြန်ရနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လင်းကျင်းရှုလည်း စိတ်ထဲတွင် ထိုအကြံမျိုး ရှိနေသည်မှာ သိသာပါသည်။
သုတေသနအဖွဲ့အစည်း၏ အောင်မြင်မှု တောင်ပံပေါ် လိုက်ပါစီးနှင်းနိုင်ပါက အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အခွင့်အရေး အလွန်မြင့်မားမည်ဖြစ်သည်။
"အထွေထွေမန်နေဂျာလင်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် မကူညီနိုင်မှာ စိုးတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် မြို့တော်အစိုးရကပဲ ရန်ပုံငွေအတွက် တာဝန်ရှိတာလေ။"
ယဲ့ရှောင်ချန်း ခေါင်းခါကာ ပြုံးလိုက်ပါသည်။
တကယ်တော့ တခြားသုတေသနအဖွဲ့အစည်းများသာဆိုလျှင် ဒီလိုလက်ဆောင်မျိုးကို ကြိုဆိုကြပါလိမ့်မည်။
သို့သော် အခြေအနေက အခု မတူပေ။ သူတို့ ပိုက်ဆံပေးချင်နေရင်တောင် လက်ခံချင်မှ လက်ခံလိမ့်မည်။ ထိုလူတွင် အာဏာ၊ နောက်ကြောင်းနှင့် အဆက်အသွယ်များ ရှိသည်မရှိသည်ပေါ်လည်း မူတည်နေသည်။
သုတေသနအဖွဲ့အစည်း၏ အနာဂတ် ခေါင်းဆောင်လောင်းတစ်ယောက်အဖြစ် ယဲ့ရှောင်ချန်းသည် ကုမ္ပဏီတစ်ခုကို ဆွဲခေါ်ဖို့ ပြဿနာမရှိပါ။
ပြဿနာက သူနဲ့ ဝမ်ရွှေရှန့်တို့ အတူတူ ဆောင်ရွက်နေသည့် ကုမ္ပဏီအား စတင် ပြင်ဆင်နေကြပြီ ဖြစ်သောကြောင့် ဒီလို အခွင့်အရေးမျိုးကို တခြားသူများအား သူ မပေးချင်ပေ။
ဒီအခွင့်အရေးမျိုးကို သူ့ကိုယ်ပိုင်ကုမ္ပဏီကိုသာ ပေးချင်ပါသည်။
ဝမ်ရွှေရှန့်နဲ့လည်း တိုင်ပင်ပြီးသားဖြစ်၏။
အစုအပိုင်းက ကြီးမားလွန်းသော်လည်း လူတစ်ယောက်လောက် ထပ်ဝင်လာသည်နှင့် အကျိုးကျေးဇူးက လျော့နည်းသွားပါလိမ့်မည်။
"မစ္စတာယဲ့ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား။"
လင်းကျင်းရှု၏ လှပသော မျက်နှာလေးက ဝမ်းနည်းသွားသည့် ပုံပေါက်သွားသည်။
ယဲ့ရှောင်ချန်းတွင် နည်းလမ်းမရှိသည်ဟု သူမ မယုံကြည်ပါ။ သို့သော်လည်း ယဲ့ရှောင်ချန်းက မကူညီချင်သည်ကိုတော့ သူမ နားလည်လိုက်ပါပြီ။
ဘာပဲဖြစ်ဖြစ် စပွန်ဆာပေးနိုင်ဖို့ ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းသည်မဟုတ်ပါလား။
ဂလိုဘယ်ကော်ပိုရေးရှင်းက မသေးငယ်သော်လည်း အရွယ်အစားအားဖြင့် ဘီလီယံသာ ရှိသည်။
တကယ့် ဘီလူးကြီးများနှင့် နှိုင်းယှဥ်ကြည့်ပါက အတော်လေး ဆိုးရွားနေဆဲဖြစ်ပါသည်။
လောလောဆယ် မရေမတွက်နိုင်သည့် မြို့တော်က ဘီလူးကြီးများ နောက်ကွယ်တွင် ယှဥ်ပြိုင်နေကြသည်။
ယဲ့ရှောင်ချန်းကို ရဖို့ တခြားနည်းလမ်း မရှာနိုင်သဖြင့် ကိုယ်တိုင် လာတောင်းဆိုရခြင်း ဖြစ်သည်။
သို့သော် အခုတော့ ဒါလည်း မဖြစ်နိုင်သေးသည့် ပုံပင်။
"အထွေထွေမန်နေဂျာလင်း အရမ်းခက်တယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ရှယ်ယာက သိပ်လည်းမများပါဘူး။ ဒါပေမယ့် ကျွန်တော် အကြံပေးချင်တာ တစ်ခုတော့ရှိတယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် ခေတ္တတိတ်ဆိတ်သွားသည်။ ထို့နောက် ကောင်းကျိုး ဆိုးကျိုးများကို ချိန်ဆရင်း ပြောလိုက်၏။
"မစ္စတာယဲ့ ဘယ်လိုအကြံမျိုးလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပေးပါ။"
လင်းကျင်းရှုက ရှေ့သို့ ကိုင်းလာပြီး နားထောင်ချင်သည့် ပုံစံလုပ်လိုက်သည်။
"ဂလိုဘယ်ကော်ပိုရေးရှင်းက ပထမဆုံး အကျိုးခံစားရသူ မဖြစ်နိုင်ပေမယ့် ဒုတိယနေရာကို ဝင်ရောက်ဖို့တော့ ပြဿနာ မရှိနိုင်ပါဘူး။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဒုတိယနေရာ ဟုတ်လား။"
လင်းကျင်းရှုက အစတော့ ကြောင်သွားသည်။ ထို့နောက် နားလည်သွားပြီး ချက်ချင်း ပြောလိုက်၏။
"မစ္စတာယဲ့မှာ နည်းလမ်း ရှိလို့လား။"
"မကြာသေးခင်ကမှ ကျွန်တော် စိုက်ပျိုးရေး အထူးပြုကုမ္ပဏီတစ်ခုကို ထောင်ထားတယ်။ ကျွန်တော်တို့ အတူတူ အလုပ်လုပ်ရနိုင်ချေ ရှိတယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
လင်ကျင်းရှု နောက်ဆုံးတော့ နားလည်သွားသည်။ အဲ့တာကြောင့်လည်း ယဲ့ရှောင်ချန်း သူမကို မကူညီချင်ခဲ့တာကိုး။
ယဲ့ရှောင်ချန်းက စိုက်ပျိုးရေး အထူးပြု ကုမ္ပဏီတစ်ခု တည်ထောင်ထားသည် ဆိုသဖြင့် ဒီအခွင့်အရေးကြီးကို သူလက်လွှတ်မည်မဟုတ်ပါ။ စပွန်ဆာနေရာတစ်ခုကို သူ သေချာပေါက် ရနိုင်လိမ့်မည်။
သူမသာဆိုလျှင်လည်း ဒီနေရာကို ဘယ်သူ့ကိုမှ ပေးမည်မဟုတ်ပေ။ ဘယ်လောက်ပဲ ရင်းနှီးပါစေ မရပါ။
စီးပွားရေးလောကက စစ်မြေပြင်တစ်ခုလိုပင်။ ညှာတာမှုမရှိပါ။
"မစ္စတာယဲ့ ဂလိုဘယ်ကော်ပိုရေးရှင်းက မစ္စတာယဲ့ရဲ့ ကုမ္ပဏီအမည်နဲ့ ယွမ် ၁၀ သန်းကို သုတေသနအဖွဲ့အစည်း တည်ထောင်ဖို့အတွက် စပွန်ဆာပေးချင်ပါတယ်။"
လင်းကျင်းရှု၏ လှပသော မျက်လုံးများတွင် ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့် အရောင်လက်သွားပြီး ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချလိုက်တော့သည်။