← Chapters

ချမ်းသာချင်ရင် စတေးရမယ်

Vol. 55 Ch. 757

ချမ်းသာချင်ရင် စတေးရမယ်

Vol. 55 Ch. 757

“ အစ်ကိုကြီးမို အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ” လော့စီက မိုဝူကျိ တစ်ယောက် ကောင်းကင်အား  ကြည့်နေသည်ကို သတိပြုမိလိုက်သောကြောင့် မိုဝူကျီဆီ သွားကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

မိုဝူကျိက ရယ်မောကာ

“ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းလည်း အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ဖို့ မလိုတော့ပါဘူး။ အခု ကျုပ်က နှစ်ဖက်ချွန်လူကို သတ်ထားပြီးပြီဆိုတော့  ကောင်းကင်ဘုံအလွန်မြို့မှာ ဆက်နေမလား ဒါမှမဟုတ် ကျုပ်နဲ့အတူတူ စကြဝဠာ ဘုံပိုင်နယ်မြေဆီ လိုက်မလား ”

လော့စီက သက်ပြင်းချကာ

“ ကျမက ကောင်းကင်ဘုံနယ်နမိတ်အလွန်ကနေ ထွက်သွားချင်ပေမဲ့ အစိမ်းရောင်ကျောက် လုံလုံလောက်လောက် မရှိလို့ မလုပ်နိုင်ခဲ့ဘူး။ ကျမလိုမျိုး ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ ငါးနှစ်လောက် နေခဲ့တဲ့သူအတွက် တကယ်လို့  ဒီနေရာက ထွက်သွားချင်တာနဲ့ မိစ္ဆာမျိုးနွယ်ကို ထောက်ပံ့ကြေးအနေနဲ့ အစိမ်းရောင်ကျောက် တစ်သောင်း ပေးဖို့ လိုတယ်။ ပြီးတော့ ကူးသန်းရေး အစီအရင်ခက နှစ်ထောင်ပေးရဦးမှာ ….

ကျမမှာ ရှိသမျှ အကုန်ရောင်းရင်‌တောင် အဲလောက် အစိမ်းရောင်ကျောက်တွေ စုမိမှာ မဟုတ်ဘူး ”

မိုဝူကျိက လော့စီ စကားကို ကြားလိုက်သောအခါ သူ့မျက်နှာအမူအယာမှာလည်း ပြောင်းလဲသွားလေ၏။

လော့စီက ဆိုင်ပိုင်ရှင်အနေနှင့် ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှ ထွက်သွားရန် ကူးသန်းရေး အစီအရင် အခကြေးငွေမှာ သာမာန်လူများထက် ဆယ်ဆပိုကြောင်း ပြောဖူး၏။

သူက ဒီလောက် အစိမ်းရောင်ကျောက် အများကြီးကို ဘယ်ကနေ သွားရှာရမှာလဲ ….. ပြီး‌တော့ သူ့တွင် လော့စီအတွက်လည်း လုံလုံလောက်လောက် မရှိပေ။

“ ကျုပ်လည်း အဲလောက် အများကြီး မရှိဘူး ” မိုဝူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

တစ်သောင်းနှစ်ထောင်၏ ဆယ်ဆဆိုလျှင် တစ်သိန်းကျော်သွားပေလိမ့်မည်။

လော့စီက ပြန်ဖြေလိုက်သည်

“ အစ်ကိုကြီးမို …. ကျမက အစ်ကိုကြီးမိုရဲ့ ဆိုင်အကူဆိုတော့ အစ်ကိုကြီးမို ကူးသန်းရေး အစီအရင် ဖြတ်တဲ့အခါ ကျမကို ဒီအတိုင်း ခေါ်သွားရုံပဲ။ ကျမအတွက် အပိုကြေးပေးစရာ မလိုဘူး။ အစ်ကိုကြီးမိုက ကောင်းကင်ဘုံအလွန်ရဲ့ ဆိုင်ပိုင်ရှင်ဆို‌တော့ စကြဝဠာဘုံပိုင် နယ်မြေဆီ သွားဖို့ အစိမ်းရောင်ကျောက် နှစ်သောင်းခွဲပဲ လိုမှာ …. အဲဒါက ကျမတို့တွေ လူသားမျိုးနွယ်ဘက်က ကူးသန်းရေး အစီအရင်ကို သုံးမှ ရမှာ မဟုတ်ရင် မိစ္ဆာမျိုးနွယ်ဘက်ကနေ သွားရင်တော့  သူတို့တွေက ကျမဆီကနေ အစိမ်းရောင် တစ်သောင်း တောင်းမှာ ….  ”

နှစ်သောင်းခွဲလား ….

မိုဝူကျိက ချက်ချင်း နားလည်သွားလေသည်။ သူက လူသားမျိုးနွယ်ဘက်မှလည်း မဟုတ်သလို မိစ္ဆာမျိုးနွယ်ဘက်မှလည်း မဟုတ်သောကြောင့် ထောက်ပံ့ကြေး ပေးစရာ မလိုပေ။

သို့သော်လည်း သူ့တွင် အစိမ်းရောင် နှစ်ရာပင် မကျန်ရှိတော့ပေ။ မိုဝူကျိ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ကို ရောက်လာစဉ်က အစိမ်းရောင်ကျောက် တစ်သိန်းနီးပါး ရှိခဲ့သော်လည်း သူ့တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း ခုနှစ်သောင်းလောက်ကို သုံးခဲ့ပြီး  မိုးကြိုးစမ်းသပ်ချက်အတွက် သုံးသောင်းလောက် အသုံးပြုခဲ့ရသည်။

လော့စီက မိုဝူကျိ၏ အမူအယာကို မြင်တွေ့လိုက်သည့်အခါ မိုဝူကျိလည်း အစိမ်းရောင်ကျောက် နှစ်သောင်းခွဲကို မထုတ်နိုင်ကြောင်း သိလိုက်မိသည်။ သူမက တုံ့ဆိုင်းစွာဖြင့်  “ အစ်ကိုကြီးမို တကယ်လို့ ပြန်လာဖို့ စိတ်ကူးမရှိရင် ဆိုင်ကို ရောင်းပစ်လိုက်ရင်ရော …. ”

“ မင်းက ပြန်မလာတော့ဘူးလား ” မိုဝူကျိက လော့စီအား နားမလည်စွာ ကြည့်လိုက်သည်။ အကြောင်းမှာ လော့စီ၏ လေသံအရ လော့စီသည် ဤနေရာမှ ထွက်သွားချင်နေပြီ ဖြစ်ကြောင်း ပြောနိုင်လေ၏။

လော့စီက ခေါင်းညိတ်ပြကာ

“ အွန်း  …. အရင်တုန်းက ကျမ မိစ္ဆာမျိုးနွယ်ကို ဝင်လိုက်တာက တစ်ယောက်ကို ကူညီပေးချင်လို့လေ။ နောက်ပိုင်းကျ ဝင်တာက လွယ်ပြီး ထွက်ဖို့ အရမ်းခက်ပါ့လားဆိုတာကို သိလာခဲ့တာ ”

“ ဘာအဓိပ္ပါယ်လဲ  ” မိုဝူကျိက အနည်းငယ် နားရှုပ်သွားလေ၏။

လော့စီက ရှင်းပြလိုက်သည်

“ စကြဝဠာ ဘုံပိုင်နယ်မြေမှာ နေကြတဲ့ မျိုးနွယ်စုတွေ အများကြီးပဲလေ။ စကြဝဠာနံရံကြီး တိုက်ပွဲမှာ ပါဝင်စရာ မလိုတော့ပေမဲ့ လိုအပ်တဲ့ ဌားရမ်းခတွေ ပေးဖို့ လိုသေးတယ်လေ။ ကျင့်ကြံရေးအတွက်ရော၊ ဌားရမ်းခအတွက်ရော အစိမ်းရောင်ကျောက်တွေ အများကြီးလိုတယ်။ ကျမ မိတ်ဆွေတစ်ယောက်က အစိမ်းရောင်ကျောက်တွေ အများကြီးချေးပြီးတော့ တံခါးပိတ် ကျင့်ကြံသွားတယ်လေ

သူက အစိမ်းရောင်ကျောက်တွေကို ပြန်မပေးနိုင်တော့ သူ တစ်ခုတည်းသော ရွေးချယ်စရာက ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ စကြဝဠာနံရံကြီး တိုက်ပွဲကနေ အရင်းအမြစ်အတွက် တိုက်ခိုက်ဖို့ပဲ ရှိတော့တာ ….

စကြဝဠာ နံရံကြီးပွင့်လာတဲ့အချိန် သူက တံခါးပိတ် ကျင့်ကြံနေတာဆိုတော့ ကျမက သူ့ကိုယ်စား သွားလိုက်ရတယ်။ ဒီခရီးက ဒီလောက်ကြာမြင့်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ပြီးတော့ ကျမအတွက်လည်း ဒီနေရာမှာ အသက်ဆက်ရှင်ဖို့ တဖြည်းဖြည်းနဲ့ ပိုခက်ခဲလာတယ်။ ဒီနေရာက ထွက်သွားဖို့ကလည်း တဖြည်းဖြည်းနဲ့ မဖြစ်နိုင်တော့ဘူး ”

မိုဝူကျိက လော့စီအား တအံ့တဩ ကြည့်လိုက်သည်။ ဤကမ္ဘာ၌ လော့စီလိုမျိုး ရိုးသားဖြောင့်မတ်သည့် အင်မော်တယ်မျိုးနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားမိပေ။ ကိုယ်စား တိုက်ပွဲဝင်တိုက်ပေးသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူနှင့် သူမကြားမှ ပတ်သတ်ဆက်နွယ်မှုမှာ ရိုးရှင်းမည် မဟုတ်ပေ။

“ အဲဆို မင်း ရလာတဲ့ အစိမ်းရောင်ကျောက်တွေက သူ့ဆီ ဘယ်လိုရောက်သွားတာလဲ ” မိုဝူကျိက ဆက်၍ မေးလိုက်သည်။

လော့စီက သက်ပြင်းချကာ

“ ကျမကို ဒီနေရာ မိတ်ဆက်ပေးတာက  ကျမ မိတ်ဆွေ အစိမ်းရောင်ကျောက် ချေးထားတဲ့ ကုန်သည်အိမ်တော်တစ်ခုကပဲ။ ဒီကုန်သည်အိမ်တော်က အတော်လေး အောင်မြင်တယ်။ လူသားမျိုးနွယ်မှာရော၊ မိစ္ဆာမျိုးနွယ်မှာရော ဆိုင်ခွဲတွေ ရှိတယ်လေ။

ကျမ ဒီရောက်နေတာ ၇ နှစ်ရှိပြီ။ အရင်းအမြစ်တွေအတွက်လည်း တိုက်ပွဲတွေတိုင်း ဝင်ပါရတယ်။  ကျမ ရလာတဲ့ ဝေစုတစ်ချို့ကို မိစ္ဆာမျိုးနွယ်ဆီ ပေးရပြီးတော့ တချို့တဝက်ကို ကုန်သည်အိမ်တော်ဆီ ပေးရတယ်။ အဲထဲကနေ တချို့က ချေးထားတာ ပြန်ဆပ်တာပေါ့။ ပြီးတော့ နောက်တစ်ချို့ကို ကျမ မိတ်ဆွေဆီ ပို့ပေးတယ်။ ကျန်တာတော့ ကျမ ကျင့်ကြံဖို့အတွက် သုံးတယ် ”

မိုဝူကျိလည်း သက်ပြင်းသာ ချလိုက်သည်။ သူက ဆက်မမေးတော့ပေ။ သူက လော့စီ၏ မိတ်ဆွေမှာ သိပ်မကောင်းလှကြောင်း သေချာသွားလေ၏။ အကြောင်းမှာ နှစ်များစွာ ဆက်တိုက် တံခါးပိတ်ကျင့်ကြံမနေနိုင်ပေ။ အကယ်၍ ဤလူသာ အကျင့်စရိုက် ကောင်းမည်ဆိုလျှင် သူက ဤနေရာအထိ လော့စီအား လာရောက်တွေ့ဆုံပြီးလောက်လေပြီ။ လော့စီအား သူ့ကိုယ်စား ခုနှစ်နှစ်တာ ကျင့်ကြံရေး အရင်းမြစ်အတွက် တိုက်ခိုက်ခိုင်းသူမှာ သူမအား သိသိသာသာ အမြတ်ထုတ်နေခြင်းသာ ဖြစ်၏။

“ လော့စီ  …. ကျုပ်ဆီမှာလည်း အစိမ်းရောင်ကျောက် မရှိတော့ပေမဲ့ အကြံတစ်ခု ရှိတယ်။ ကျုပ်တို့က မြို့ကနေ ထွက်သွားကြမှာဆိုတော့ ဒီနေရာမှာ စီးပွားရေး စရအောင်။ ကျုပ်က ဆေးလုံးဖော်စပ်မယ်။ မင်းက ဆိုင်ကို ကြည့်ပေးပေါ့။ ကျုပ်သာ နှစ်အများကြီး စီးပွားရေးဆက်မလုပ်ရင် မြို့ထဲမှာ လွှမ်းမိုးမှုအများကြီး မရှိလောက်ဘူးလေ ” မိုဝူကျိက ပြန်ဖြေလိုက်သည်။

သူက ဆိုင်ကို သေချာပေါက် ရောင်းမည် မဟုတ်ပေ။ အကြောင်းမှာ ဤနေရာလေးက  ကျင့်ကြံရေး အရင်းအမြစ်များ စုဆောင်းဖို့ရာ အကောင်းဆုံး နေရာလေး ဖြစ်၏။ သူ့ဆိုင်ကို ရောင်းချလိုက်သည်နှင့် သူ့အနေနှင့် ပြန်ရရှိဖို့ရာ မလွယ်ကူပေ။ သူက ပြန်မလာတော့လျှင်ပင် ကိစ္စမရှိပေ။

“ ရှင်က ဆေးလုံးဧကရာဇ်လား ” လော့စီက မိုဝူကျိအား တအံ့တဩ ကြည့်ရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။

အကယ်၍ မိုဝူကျိသာ  ဆေးလုံးဧကရာဇ် မဟုတ်လျှင် သူ့အနေနှင့် ဗောဓိစိမ်း ဆေးလုံးအား မည်သို့ အလွယ်တကူ ထုတ်ပေးနိုင်မည်နည်း။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ဟုတ်တယ် … ကျုပ်က ဆေးလုံးဧကရာဇ်ပါ။ ကျုပ် ဆေးလုံးပညာနဲ့ဆိုရင် အစိမ်းရောင်ကျောက် ရဖို့ သိပ်မကြာလောက်ဘူးလို့ ယုံတယ် ”

လော့စီက အသက်ပြင်းပြင်းရှုကာ မိုဝူကျိအား ကြည့်လိုက်ရင်း

“ အစ်ကိုကြီးမို … တကယ်လို့ ကျမကို ယုံရင် ဆေးလုံးဖော်စပ်ပြီး မရောင်းသင့်ဘူးနော်။ မဟုတ်ရင် ကိုယ့်ဘာသာ ပြဿနာ လက်ယက်ခေါ်သလို ဖြစ်နေလိမ့်မယ်။ ဒီနေရာမှာ ဆေးလုံးဆရာတွေနဲ့ ပန်းပဲဆရာတွေ ရှားနေတဲ့ အကြောင်းအရင်းကို သိလား ”

“ ဘာလို့လဲ ” မိုဝူကျိက စိတ်ပူပင်စွာ မေးလိုက်သည်။

လော့စီက အသံတိုးကာ  “ ဆေးလုံးဆရာတွေနဲ့ ပန်းပဲဆရာတွေကို ခေါ်သွားကြလို့ပဲ။ ထွက်သွားဖို့ ငြင်းတဲ့သူတွေကတော့ အချိန်ကြာလာရင်  အစအနမရှိ ပျောက်သွားကြတာပဲ ”

“ သူတို့ အသတ်ခံရတာလား ” မိုဝူကျိပင် ပါးစပ်ဟောင်းလောင် ဖြစ်မိသွားသည်။

 ဤနေရာမှာ ဆေးလုံးဆရာနှင့် ပန်းပဲဆရာကို ဆန့်ကျင်သည့် တစ်ခုခုများ ရှိနေတာလား ….

“ မဟုတ်ဘူး …. ဆေးလုံးဆရာနဲ့ ပန်းပဲဆရာ အနည်းငယ်လောက်ပဲ အသတ်ခံရတာ။ အများစုက အဖမ်းခံရပြီးတော့ မျိုးနွယ်စုတွေနဲ့အတူတူ ထွက်သွားပြီးတော့ သူတို့အတွက် လက်နက်တွေ လုပ်ပေး၊ ဆေးလုံးတွေ ဖော်စပ်ပေးရတာ ….

စကြဝဠာဘုံပိုင်နယ်မြေမှာ ဆေးလုံးဆရာနဲ့ ပန်းပဲဆရာတွေက အခြေခံကျတယ်လေ။ ပြီးတော့ သူတို့လုပ်ထားတဲ့  ဆေးလုံးနဲ့ ပန်းပဲပစ္စည်းတွေက လူသားမျိုးနွယ် ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်ရဲ့ အထက်လူကြီးတွေဆီ ရောက်ကုန်တာ။ အဲဒါပေါ် မူတည်ပြီးတော့ အလုပ်လုပ်ပေးဖို့ ခေါ်သွားခံကြရတာ ”   လော့စီက အသေးစိတ် ရှင်းပြလိုက်သည်။

လော့စီ၏ ထပ်မံရှင်းပြချက် မပါရှိလျှင်ပင် မိုဝူကျိက အဖြစ်အပျက်ကို နားလည်သွားလေ၏။ ဤနှစ်များတစ်လျှောက် ဆေးလုံးနှင့် လက်နက်များမှာ ခဏတိုင်း တိုက်ခိုက်နေကြရသော  တိုက်ပွဲအမျိုးမျိုးအတွက် လိုအပ်နေခြင်း မဟုတ်ပါလော။ တိုက်ပွဲတစ်ခုစီ၌ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိလာစေဖို့ရာအတွက် မျိုးနွယ်စု တစ်ခုချင်းစီ၏ ထိုအဆင့်မြင့် ကျင့်ကြံသူများက  အင်အားကို တိုးမြင့်နိုင်ဖို့  လက်နက်များ၊ ဆေးလုံးများ ပို၍ လိုအပ်နေကြခြင်း ဖြစ်ပေသည်။

အစကတည်းမှ ဆေးလုံးဆရာများနှင့် ပန်းပဲဆရာများက နည်းပါးနေလေရာ ကောင်းကင်ဘုံ နယ်နမိတ်အလွန်အပြင် စကြဝဠာဘုံပိုင်နယ်မြေများပါ ထည့်တွက်လျှင် လူများစွာ ရှိနေသောကြောင့် လူတိုင်းအတွက် လက်နက်များ၊ ဆေးလုံးများ ရရှိဖို့ရာ မဖြစ်နိုင်ပေ။

ထိုအကြောင်းအရင်းများအပြင် ကောင်းကင်ဘုံအလွန်မြို့လေးမှာလည်း သူ့ဘာသာ အင်အားစုတစ်ခုလို ဖြစ်နေနိုင်သည်။ ဤအင်အားစုလေးက ဆေးလုံးများနှင့် လက်နက်များ ရောင်းချနိုင်သော ကိုယ်ပိုင် ကုန်သည်အိမ်တော်များ ရှိနေသည်။ အကယ်၍ ကောင်းကင်နယ်နမိတ်အလွန်၌ ကြုံရာကျပန်း ဆေးလုံးဆရာတစ်ယောက် ဒါမှမဟုတ် ပန်းပဲဆရာတစ်ယောက် ပေါ်လာလျှင် သူ့ကို ရရှိဖို့ရာ ပြိုင်ပွဲတွေ ဖြစ်လာလိမ့်မည်။

“ လော့စီ …. ဒီကောင်းကင်ဘုံအလွန်မြို့ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ ဆေးအမျိုးမျိုး ရနိုင်တဲ့ ကုန်သည်အိမ်တော်ရှိလား ” မိုဝူကျိက တွေးမိရာမှ ထုတ်မေးလိုက်သည်။

“ ကြည့်ရတာ ရှင်လည်း သိတဲ့ပုံပဲ။ ဟုတ်တယ်လေ …. ဆေးလုံးတွေရော၊ လက်နက်တွေရော ရောင်းတဲ့ ကုန်သည်အိမ်တော် တစ်ခုရှိတယ် ဒါပေမဲ့ ဈေးတွေက အရမ်းကို မြှောက်လွန်းတယ်။ ကျမ ကြားတာတော့ အဲဒီကုန်သည်အိမ်တော်ကို ဖွင့်ထားတဲ့သူက အတော်‌လေး ဂုဏ်သတင်းကြီးတဲ့သူတဲ့ … မြို့ကိုယ်တိုင်‌တော့ မဟုတ်ဘူး  ” လော့စီက ပြန်ဖြေလိုက်လေသည်။

မိုဝူကျိက ခဏတာ စဉ်းစားလိုက်ပြီး

“ ချမ်းသာမှုကို ရချင်ရင်တော့ စတေးကြည့်ရမှာပဲလေ။ တကယ်လို့ ထိန်းချုပ်ခံရမှာကို ဆက်တိုက် စိုးရိမ်နေရင် တကယ်ကြီး ထိန်းချုပ်ခံရလိမ့်မယ်။  အခု ကောင်းကင်ဘုံအလွန်မြို့မှာ ကျုပ် ဆေးဆိုင်ဖွင့်မယ်။ ဒါပေမဲ့ မင်းက‌တော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့။ တကယ်လို့ မင်း စိတ်ဝင်စားရင် ကျုပ်နဲ့အတူတူ သွားကြမယ်။ တကယ်လို့ စိတ်ပူနေရင်တော့ ကျုပ်ကို မိစ္ဆာမျိုးနွယ် ပိုင်နက်မှာ စောင့်နေပေါ့ ”

မိုဝူကျိက စကြဝဠာနံရံကြီးမှာ နှစ်အချို့ တစ်ကြိမ် ဖွင့်သည့်အကြောင်း ကြားထားသောကြောင့် ဤနေရာ နှစ်နှစ်တာ နေခဲ့သည့်ကာလအတွင်း တစ်ခါကြုံတွေ့ပြီးပြီ ဖြစ်၍ ကံကောင်းသည်ဟု ယူဆ၍ ရပေသည်။ ကောင်းကင်ဘုံအလွန်မြိုုငယ်လေး၌ ရတနာများစွာ ရှိသောကြောင့် သူ ဤနေရာမှ ထွက်သွားသည်နှင့်  အစိမ်းရောင်ကျောက်များစွာ ရနိုင်မည့် နေရာတွေ့လိမ့်မည်ဟု တွေးမိနေလျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့မျိုးအရာမှာ စကြဝဠာ ဘုံပိုင် နယ်မြေအတွင်းပင် ရှိလိမ့်မည် မဟုတ်ကြောင်း သေချာနေသည်။ အစိမ်းရောင်ကျောက်များ မရှိလျှင် အင်မော်တယ်ကျောက်များဖြင့် မည်မျှအထိ ကျင့်ကြံနေရမည်နည်း။

“ အစ်ကိုကြီးမို နောက်ကို လိုက်ပါ့မယ် ” လော့စီက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

ကောင်းကင်ဘုံ နယ်နမိတ်အလွန်တွင် ရှိနေစဉ်အတွင်း သူမက သေခြင်းတရားနှင့် နီးကပ်သည့် အဖြစ်အပျက်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ အကယ်၍ သူမသာ အရာအားလုံးအတွက် လုံလုံလောက်လောက် မကြိုးစားခဲ့လျှင် သူမအနေနှင့် မဟာလော့ရှန်းအဆင့်၌သာ ရှိနေပေဦးမည်။

………………

ကောင်းကင်ဘုံအလွန်မြို့လေးက လူရှုပ်ယှက်ခတ်နေပြီး တချို့လူများက နှစ်နှစ်၊ သုံးနှစ်မျှ ပိတ်ထားခဲ့သော ဆိုင်လေးမှာ ပြန်ဖွင့်လာပြီ ဖြစ်ကြောင်း သတိထားမိကြသည်။

ဤမှော်ရတနာ ဆိုင်လေးမှာ လူသားဆေးလုံးအိမ်တော်အဖြစ် ပြောင်းလဲထားပြီး အဆင့် ၄ မှ အဆင့် ၆ အထိ အင်မော်တယ်ဆေးလုံးများ ရောင်းချနေပေသည်။ ပို၍ အံ့အားသင့်စရာကောင်းသည့်အချက်က ဤဆေးလုံးအိမ်တော်မှာ ဝယ်ယူသူ စိတ်ကြိုက် ဆေးလုံး ဖော်စပ်ပေးသေး၏။ အခကြေးငွေမှာ ဖော်စပ်ပြီးသား ဆေးလုံးထက် ခြောက်ဆလောက် များပြားနေသော်လည်း တခြားဆိုင်များနှင့် နှိုင်းယှဉ်လျှင် အတော်လေး ဈေးချိုသည်ဟု ယူဆ၍ ရပေသည်။

ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ မည်သည့်အရာများက အပေါများဆုံးလဲ …..

အဆင့်မြင့် အင်မော်တယ်ဆေးပင်များ၊ အစိမ်းရောင်ကျောက်များနှင့် သတ္တုအမျိုးမျိုး ဖြစ်ပေသည်။ တစ်ဖက်မှ ကြည့်လျှင် အလိုအပ်ဆုံးအရာမှာ အင်မော်တယ်ဆေးလုံးများ၊ မှော်ရတနာများနှင့် ဝယ်ယူသူ စိတ်ကြိုက် ဖော်စပ်ပေးမည့် ဆေးလုံးဆရာများ ဖြစ်ပေသည်။

***

All Chapters