အခန်း (၂၁၁) - ချိန်းတွေ့ခြင်း
Vol. 15 Ch. 211
အခန်း (၂၁၁) - ချိန်းတွေ့ခြင်း
ယဲ့ယင်က ခေါင်းမော့လိုက်ပြီး ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။ ပြောရမှာ နည်းနည်း ရှက်နေသည့်ပုံပင်။
ယဲ့ရှောင်ချန်း သဘောပေါက်သလိုလို ရှိကာ အံ့အားသင့်စွာ မေးလိုက်သည်။ "ငါ့ညီမ ကောင်လေး ရနေပြီလား။"
ယဲ့ယင်တစ်ယောက် ပါးများ နီရဲသွားပြီး အမြန်ပြောလိုက်သည်။ "မ- မဟုတ်ပါဘူး..."
ယဲ့ယင်၏ အမြင်နှင့်ဆို ကြည့်လိုက်ရုံနှင့် အမှန်ဖြစ်မှန်း သိပါသည်။
"မဟုတ်ဘူးပြောပေမယ့် နင်လိမ်နေတာ ငါသိတယ်။ မေးပါရစေဦး နင့်ကောင်လေးက ဘယ်သူလဲ။"
ယဲ့ရှောင်ချန်းက သူ့ညီမအကြောင်း ကောင်းကောင်း သိပါသည်။ သူ့ညီမလေးက လုံးဝ မလိမ်တတ်ပါ။
"အစ်ကို အမေနဲ့ အဖေ့ကို မပြောနဲ့နော်။"
ယဲ့ယင်က မျက်နှာနီနီရဲရဲဖြင့် တီးတိုး ပြောလိုက်သည်။
"တကယ် ရထားတာပဲ။ မြန်လိုက်တာ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
တက္ကသိုလ် ဒုတိယနှစ်တွင် သူ့မှာကောင်လေး မရှိခဲ့တာ သေချာပါသည်။
"အစ်ကို တကယ်တော့ သူက တက္ကသိုလ် ဒုတိယနှစ်ကတည်းက ငါ့ကို လိုက်ပိုးနေတာ။ ဒီနှစ်စာသင်နှစ်စကမှ ငါလက်ခံလိုက်တာ"
ယဲ့ယင်က ရှက်ရွံ့နေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
"နင့်ကောင်လေး နာမည် ဘယ်လိုခေါ်လဲ။"
ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ ပြောလိုက်သည်။
"သူ့နာမည်က ကောမော့ယွင်ပါ။ တောင်ပိုင်း တက္ကသိုလ်ရဲ့ ကွန်ပြူတာ သိပ္ပံမေဂျာက ဘွဲ့ရကျောင်းသားပါ။"
ယဲ့ယင်က အမြန်ပြောလိုက်သည်။
"သူက ဘွဲ့ရကျောင်းသားဆို နင်က ဘာလို့ တက္ကသိုလ် ဆက်မတက်ချင်တာလဲ။"
ယဲ့ရှောင်ချန်းက မေးလိုက်သည်။
တကယ်တော့ သူ့ညီမ ကျောင်းတက်စဥ် ရည်းစားထားသည်ကို သိပ်ပြီး သဘောမကျလှပါ။
ကျောင်းတက်စဥ် ချစ်သူရည်းစားများ ထားခြင်းက နောက်ဆုံးတွင် တချို့အနည်းငယ်သာ အတူတူ ပေါင်းစည်းနိုင်သွားကြသည်။ အများစုကတော့ ဘွဲ့ရပြီးနောက် လမ်းကွဲသွားကြသည်။
စိတ်ခံစားချက်ကို အရေးပေးပြီး ဘွဲ့လွန် တက္ကသိုလ် တက်ခြင်းကဲ့သို့ ဘဝတွင် အရေးပါသည့် ကိစ္စကြီးတစ်ခုကို ရှောင်လွှဲသွားမှာမျိုး မဖြစ်စေချင်ပါ။
"သူက နောက်နှစ်ဆို ဘွဲ့လွန်ကျောင်းသား ဖြစ်တော့မှ။ ငါလည်း တက္ကသိုလ်ကို ဆက်သွားရင် ငါတို့..."
ယဲ့ယင်က တီးတိုးပြောလိုက်သည်။
"အရူးမလေး သူဘွဲ့ရသွားရင်လည်း နင်သွားလို့ရပါသေးတယ်""
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။
ချစ်ကျွမ်းဝင်နေကြသည့် လူများက တကယ်ပဲ တုံးလှပါသည်။
"အဲ့လိုမဟုတ်ပါဘူး သူက သူ့အတန်းဖော် တချို့နဲ့ စတူဒီယို တစ်ခုဖွင့်ထားတာ။ မိုဘိုင်း ဂိမ်းတစ်ခု လုပ်ဖို့ပါ။ သူအောင်မြင်ဖို့ လမ်းစတောင် တည်ဆောက်ပြီးပြီလို့ ပြောလို့ရတယ်။ သူက ဂိမ်းကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပြီ။ ငါ တက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် သူ့ကို ကူညီပေးချင်တယ်။"
ယဲ့ယင်က သူ့အကြောင်း ပြောသောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတချို့ ပေါ်လာ၏။
"ကြည့်ရတာ နင့်ကောင်လေးကလည်း အစွမ်းအစ ရှိတဲ့ပုံပါပဲ။"
ယဲ့ရှောင်ချန်း ပြုံးလိုက်၏။
"ဒါပေါ့။ သူက တောင်ပိုင်းတက္ကသိုလ်ရဲ့ ကွန်ပြူတာ သိပ္ပံမေဂျာမှာ နံပါတ်တစ် ပညာရှင်ပဲလေ။ သူ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲကို မဖြေခင်မှာတောင် ကုမ္ပဏီအများကြီးက သူ့ကို လာကမ်းလှမ်းနေကြပြီ။ ဒါပေမယ့် သူ့ပန်းတိုင်က သူ့ကိုယ်ပိုင်ဂိမ်းတစ်ခုကို ဖန်တီးနိုင်ဖို့တဲ့။"
ယဲ့ယင်က ပြုံးလိုက်သည်။
"ဟင်းဟင်း ဒါဆိုလည်း သူ့ကိုသွားတွေ့ပြီး အကြံပေးဦးမှပါ။"
ယဲ့ရှောင်ချန်းက ထိုကောမော့ယွင်ဆိုသူအကြောင်း စိတ်ဝင်စားနေသည်။
"အစ်ကို အမေနဲ့ အဖေ့ကိုတော့ မပြောပါဘူးနော်။"
ယဲ့ယင်က ထိုကိစ္စကိုတော့ စိတ်ပူနေဆဲ ဖြစ်သည်။
"မပူပါနဲ့။ ငါမြို့တော်က ပြန်လာရင် နေ့လည်စာ အတူတူစားဖို့ ဖိတ်လိုက်လေ။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
ယဲ့ယင် ခေါင်းငြိမ့်လိုက်သည်။ သူမ၏ အစ်ကို သဘောတူပါက သူမ မိဘများနှင့် ပြဿနာမရှိမှန်း သူမသိသည်။
"အစ်ကို နောက်ကျနေပြီ။ ငါအတန်းသွားတက်တော့မယ်။"
ယဲ့ယင်က သူ့နာရီကို ကြည့်ကာ အမြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ။ ဒါတွေက နင့်အတွက် ဝယ်လာခဲ့တာ။ သေချာသိမ်းထားဦး။"
ယဲ့ရှောင်ချန်း နောက်ခုံမှ အိတ်တစ်လုံးကို ယူကာ ယဲ့ယင်အား ပေးလိုက်သည်။
"ကျေးဇူးပဲ အစ်ကို"
ယဲ့ယင်ကအိတ်ကို ယူကာ စက်ဘီးခြင်းထဲထည့်ပြီး ထွက်သွားတော့သည်။
"ဟူး ငါ့ညီမလည်း အရွယ်ရောက်လာပြီပဲ။"
ယဲ့ရှောင်ချန်းက မေးကိုင်လျက် သူ့ညီမ စက်ဘီးစီးသွားသည်ကို ကြည့်ရင်း ခေါင်းခါလိုက်ပါသည်။
ထို့နောက် ကားစက်နှိုးကာ စီးပွားရေး တက္ကသိုလ် ဝင်ပေါက်နားမှ မောင်းထွက်သွားတော့သည်။
ယဲ့ရှောင်ချန်း ထွက်သွားပြီး သိပ်မကြာလိုက်ပေ။ ရှုပ်ပွနေသည့် ဆံပင်နှင့် ကောင်လေးတစ်ယောက်က စက်ဘီးတစ်ဘီးကို လက်တစ်ဖက်ဖြင့် တွန်းကာ တခြားလက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ထားသည်။ သိချင်စွာ မေးလိုက်၏။ "ထူးဆန်းလိုက်တာ။ သူက ဘာလို့ အဲ့ဒီ Porsche Cayenne ကို စီးနေတာလဲ။"
"မဟုတ်ဘူး။ ဘော့စ်ကို ဒီအကြောင်းသွားပြောမှဖြစ်မယ်။"
ကောင်လေးက စီးပွားရေးတက္ကသိုလ်ကို မဝင်ဘဲ ဘေးက နန်ကျင်းတက္ကသိုလ်သို့ ဝင်သွားလိုက်သည်။
နန်ကျင်းတက္ကသိုလ်၏ ကမ်းပတ်စ်က စီးပွားရေး တက္ကသိုလ်ထက် အများကြီး ပိုကြီးသည်။
တောင်ပိုင်းဒေသ၏ အချက်အချာကျသော တက္ကသိုလ်တစ်ခု ဖြစ်သဖြင့် ၎င်း၏ သင်ရိုးညွှန်းတမ်းနှင့် သုတေသန အဆင့်များမှာ ဒေသေထဲတွင် အမြင့်ဆုံးဖြစ်သည်။
ကမ်းပတ်စ်ထဲက ရှေးဟောင်းမိသားစု အဆောက်အအုံတစ်ခုတွင်။
ရှားဖျင်တစ်ယောက် စက်ဘီးကို ရပ်လိုက်ပြီး သူ့ရှေ့ခြင်းထဲက မနက်စာများကို ယူလိုက်သည်။ သူ့လက်ထဲတွင် သယ်ဆောင်လာကာ ယူနစ်တစ်ခုထဲသို့ ဝင်သွား၏။
တတိယထပ်တွင်။
ရှားဖျင်က သော့ကိုထုတ်ကာ တံခါးကို ဖွင့်လိုက်သည်။ အတွင်းပိုင်းကို စတူဒီယိုတစ်ခု ပုံစံအဖြစ် ပြောင်းလဲထားသည့်ပုံပင်။ ကွန်ပြူတာများအား နေရာချထားပြီး သုံးစွဲနေကြ၏။
နံရံပေါ်တွင် ချိတ််ဆွဲထားသည့် ပန်းချီကားများလည်း ရှိသည်။ ဂိမ်းဇာတ်ကောင်းများ ဖြစ်ကြ၏။
လူငယ်လေးတချို့က အလုပ်များနေကြပါသည်။
"မနက်စာ စားဖို့ အချိန်ရောက်ပါပြီ။"
ရှားဖျင်က အော်လိုက်၏။
"ညီနှစ်။ ဘာလို့ အရမ်းကြာနေတာလဲကွ။ ငါဗိုက်ဆာနေပြီ။"
အင်္ကျီမပါသော ဝတုတ်တစ်ယောက်က လျှောက်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်က အဆီများက တုန်ခါနေသည်။
"အစ်ကိုကြီး ခုနက မရီးကို မြင်လိုက်တယ်သိလား။"
ရှားဖျင်က ထိုဝတုတ်ကို လျစ်လျူရှုကာ ကျောက်သင်ပုန်းကြီး၏ အနောက်ဘက်တွင် မတ်တပ်ရပ်နေသည့် ကောင်လေးတစ်ယောက်ဆီသို့ လျှောက်သွားလိုက်၏။
ထိုကောင်လေးက အရပ် ၅ပေ ၇လက်မခန့် ရှိပြီး ချောမောခန့်ညားပါသည်။
"သြော်"
ထိုကောင်လေး ကောမော့ယွင်က ခေါင်းငြိမ့်လိုက်သည်။ သို့သော် ကျောက်သင်ပုန်းပေါ်က ဖော်မြူလာမျိုးစုံပေါ်သို့ အာရုံဆက်စိုက်နေဆဲဖြစ်သည်။ တစ်ခုခုကို စဥ်းစားနေသည့် ပုံပင်။
"မရီးက Porsche Cayenne ကားကြီးတစ်စီးထဲ ဝင်သွားတာ မြင်ခဲ့ရတာနော်။"
ရှားဖျင်က ထပ်ပြောလိုက်၏။
ကောင်လေး ကောမော့ယွင်က ချက်ချင်း လှည့်လာ၏။
"ဘာကွ။ မင်းမရီးက Porsche Cayenne ကားကြီးထဲ ဝင်သွားတယ် ဟုတ်လား။ ဘယ်သူ ခေါ်သွားတာလဲ။"
"လခွီးပဲ။ ငါတို့မရီးကို ဘယ်သူ ခိုးရဲတာလဲ။ သေချင်နေပြီထင်တယ်။"
"ညီနှစ် ။ဘာလို့ စောစောက မပြောတာလဲ။ ငါတို့ သူ့ကို ချက်ချင်း သွားဆော်ပြစ်လိုက်မယ်။"
သူ့ဘေးက လူအားလုံးက မခံမရပ်နိုင် ဖြစ်လာကြသည်။
"ရှန်းဖျင် ဘယ်လိုဖြစ်တာလဲ။"
ကောမော့ယွင်ကတော့ တည်ငြိမ်နေပါသည်။
"ဒီမှာ ဗီဒီယို မင်းကြည့်လိုက်ချေ။"
ရှားဖျင်က သူ့မိုဘိုင်းဖုန်းကို အမြန်ထုတ်လိုက်သည်။
ကောမော့ယွင်က ယူလိုက်ပြီး တခြားသူများကို ကြည့်လိုက်၏။ အားလုံးက ခေါင်းများ ပြုံကာ ကြည့်လိုက်၏။
"ဟေ့ကောင် ခေါင်းဖယ်စမ်း။ ငါမမြင်ရတော့ဘူး။"
"ဘာတွေလောနေတာလဲ။"
"ငါစိတ်မရှည်ဘူးဟ။"
အားလုံးက ကြည့်ချင်ကြသော်လည်း မှန်သားပြင်က သေးငယ်လွန်းသဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
"လခွမ်း ကြည့်စမ်း။ အဲ့တာ ငါတို့ ရှမြို့တော် လိုင်စင်ပြားပဲ။ တစ်ယောက်ယောက်က ငါတို့ မရီးကို ချိန်နေတာဖြစ်မယ်။"
"ငါစိတ်တိုလိုက်တာကွာ။ သူဌေးတွေက သူများ ကောင်မလေးတွေကို မျက်နှာပြောင်တိုက်ပြီး ခိုးရဲကြတယ်။"
"လခွီးထဲမှ။ မင်း အဲ့လောက် စိတ်ပုတ်ပုတ်နဲ့ မပြောပါနဲ့လား။ မရီးက အဲ့လိုလူမျိုးမဟုတ်မှန်း ငါယုံကြည်တယ်။"
"ဟင် အဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်နေတာလဲ။"
"မရီးကို ဖုန်းဆက်ပြီး တိုက်ရိုက် မေးကြည့်လိုက်ပါလား။"
"ဟုတ်တယ်၊ ဖုန်းဆက်လိုက်ပါလား။"
ရှားဖျင်နှင့် တခြားသူများက ဆွေးနွေးကုန်ကြသည်။
ကောမော့ယွင်ကတော့ ပြုံးသာပြုံးပြီး ပြောလိုက်၏။ "ရပါတယ်ကွာ။ ငါသူ့ကို ယုံပါတယ်။"
သူ မြေဖြူကို ကိုင်ပြီး စာဆက်ရေးဖို့ ပြင်လိုက်စဥ် ဖုန်းသံမြည်လာ၏။ ဖုန်းကို ယူကြည့်လိုက်သောအခါ မှန်သားပြင်ပေါ်တွင် နာမည်တစ်ခု ရေးထားသည်။ -- ယင်
"ဝိုး မရီးပဲ ဘော့စ် ကိုင်လိုက်စမ်းပါ။"
"ရှူးးတိုးတိုး နေဟ။ ဘော့စ်ကို မနှောင့်ယှက်နဲ့။"
ကောမော့ယွင်က သူ့အပေါင်းအပါများထဲက တစ်ယောက်ကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ပြုံးလိုက်ပါသည်။ ထို့နောက် ဝရန်တာသို့ လှည့်သွားပြီး ဖုန်းဖြေလိုက်သည်။
ခဏနေတော့ မျက်နှာတွင် အပြုံးဖြင့် ပြန်ဝင်လာသည်။
"ဘော့စ် ဘာတဲ့လဲ။ မရီးက ဘာပြောလဲ။"
ရှားဖျင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်းတို့ အကုန်လုံး သံသယတွေ ဖြစ်နေကြတာ။ ဒီနေ့ မင်းတို့မရီးရဲ့ အစ်ကို လာသွားတာကွ။"
ကောမော့ယွင်က ပြုံးလိုက်သည်။
"ဝိုး ဘော့စ်ရဲ့ ယောက်ဖပေါ့။"
"လခွမ်း Porsche Cayenne ကားကြီးတောင် စီးနိုင်တယ်။ မရီးရဲ့ မိသားစုက တော်တော် ချမ်းသာတဲ့ သဘောလား။"
"မရီးက ဘာပြောလဲ။"
ရှားဖျင်နှင့် တခြားသူများက စိတ်မရှည်စွာ မေးလိုက်သည်။
"နောက်ထပ် ရက်နည်းနည်းကြာရင် သူ့အစ်ကိုက ငါ့ကို ညစာကျွေးချင်လို့တဲ့။"
ကောမော့ယွင်က အသံနက်နက်ဖြင့် ပြောလိုက်၏။
ယဲ့ယင်၏ မိသားစုကို ဒီလောက်ထိ ချမ်းသာလိမ့်မည်ဟု မထင်ထားပါ။ ကားများကို သူ စိတ်မဝင်စားသော်လည်း ဗီဒီယိုထဲက Porsche Cayenne ကားကြီးကိုတော့ သိပါသည်။ အနည်းဆုံး ယွမ် ၂ သန်း ၃ သန်း တန်၏။
ယဲ့ယင်ရဲ့ အစ်ကိုက သူ့ကို သဘောတူလိုက်တာများလား။
အနာဂတ်တွင် သူ အလုပ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု ယုံတော့ ယုံကြည်ထားပါသည်။
ဒါပေမယ့် အခုလား။
ဘာပဲဖြစ်ဖြစ် သူက အခုမှစတင်ရုံရှိသေးသည်။ သူ ဖန်တီးနေသည့် မိုဘိုင်းဂိမ်း၏ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ မသိသေးပေ။ ထို့အပြင် သူ့လုပ်ငန်း လက်တွဲဖော်များကိုပင် မသတ်မှတ်ရသေးပေ။
အနှစ်ချုပ်ပြောရလျှင် ဘာဆို ဘာမှ မသေချာသေးပေ။
ထိုအချိန်တွင် ကိုယ့်ကိုယ်ကို အေးဆေးတည်ငြိမ်ပြီး ယုံကြည်ချက်ရှိသည်ဟု အမြဲတမ်း ထင်ခဲ့သူ ကောမော့ယွင်တစ်ယောက် လုံးဝ စိတ်လှုပ်ရှားနေခဲ့ပါသည်။