← Chapters

အခန်း (၂၁၂) - အော်သံ

Vol. 15 Ch. 212

အခန်း (၂၁၂) - အော်သံ

Vol. 15 Ch. 212

အခန်း (၂၁၂) - အော်သံ

ရှမြို့တော် ဟွမ်းဟွာ လေဆိပ်။

VIP နားနေခန်းတွင်။

ပေကျင်းမြို့သို့ ဦးတည်မည့် တောင်ပိုင်းဒေသ အဖွဲ့မှာ စုစည်းနေကြပြီဖြစ်သည်။

ထိုနေရာတွင် ယဲ့ရှောင်ချန်းက အဖွဲ့၏ တခြား အဖွဲ့ဝင်များနှင့် ဆုံခဲ့ရသည်။

ယန်မြို့တော်က လူအားလုံးကို ယခင်က မြင်ဖူးသည်။

သို့သော် ဒေသက လူများကိုတော့ မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှုး ကျန်းရှန်၊ ခရိုင်ပါတီကော်မတီအတွင်းရေးမှုး ချောင်ဟုန်ချင်း၊ ပြည်နယ်အထွေထွေရုံးညွှန်ကြားရေးမှုး ကမ်းချန်းယွမ်၊ သိပ္ပံနှင့်နည်းပညာဌာနညွှန်ကြားရေးမှုး ကူရွှမ်းချောင်၊ နန်ကျင်းတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ချန်းခိုင်နှင့် အစရှိသည်တို့ဖြစ်သည်။

ဒေသ ပါတီကော်မတီ အဖွဲ့ဝင် နှစ်ယောက် ပါ၏။

တခြားသူများမှာ ဌာနအဆင့် ခေါင်းဆောင်များ ဖြစ်ကြသည်။

တစ်ဖွဲ့လုံးက များပြားလွန်းလှ၏။ စုစုပေါင်း လူ ၄၀ - ၅၀ လောက်ရှိပြီး လေယာဥ်တစ်စင်းလုံးကို ငှားခဲ့ပါသည်။

အရင်တုန်းက ယဲ့ရှောင်ချန်းသာဆို ဒီလောက်ထိ ရာထူးကြီး အရာရှိများစွာအား တစ်ပြိုင်တည်း မြင်လိုက်ရပါက သေချာပေါက် စိတ်လှုပ်ရှားသွားလောက်ပါသည်။

သို့သော်လည်း အခုတော့ မတူညီတော့ပေ။

သူက ကမ္ဘာကြီး၏ လမ်းစဥ်တွင် သိပ်ပြီး ခေတ်မှီသူ မဟုတ်သော်လည်း အတွေ့အကြုံ တချို့တော့ ရှိပါသေးသည်။

ထို့အပြင် တရုတ်သိပ္ပံကျောင်းတော်နှင့် တောင်ပိုင်းဒေသတို့ ပူးပေါင်းဆောင်ရွက်ခြင်းတွင် သူက အချက်အချာကျသည့် လူတစ်ယောက် ဖြစ်သည်။ သူ့ရှေ့တွင် ဘယ်သူကမှ မောက်မာစွာ မပြုမူပါ။ သူက ပြောဆိုဖို့ အလွန်လွယ်ကူသူ ဖြစ်ပါသည်။

နေ့လည်ခင်း သုံးနာရီအချိန်တွင် မြို့တော် နိုင်ငံတကာ လေဆိပ်တွင် လေယာဥ် ဆိုက်ရောက်လာသည်။

ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်လောက်အောင် တရုတ်သိပ္ပံကျောင်းတော်မှ လူတချို့က သူ့ကို လာကြို၏။

သူ့အတွက် သီးသန့်လာကြိုခြင်းဖြစ်ပါသည်။

"မစ်စတာယဲ့ ကျွန်မက တရုတ်သိပ္ပံကျောင်းတော်ရဲ့ စီမံခန့်ခွဲရေးဌာနက ရှောင်လင်းပါ။ အခုချိန်ကစပြီး ကျွန်မက ရှင့်ရဲ့ ယာယီလက်ထောက်ဖြစ်ပြီး အားလုံး စီစဥ်ပေးမှာပါ။"

"မိန်းကလေးရှောင်လင်း၊ ဒါဆိုလည်း ဒုက္ခပေးရဦးမှာပေါ့ဗျာ။"

ယဲ့ရှောင်ချန်း သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ သူမ၏ လက်သေးသေးလေးက အရိုးမရှိသလို အလွန်နူးညံ့လှသည်။

“မစ်စတာယဲ့ ကျွန်မက ရှောင်လင်းလို့ပဲ ခေါ်ပါ။ ရှင့်ရဲ့လက်ထောက် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်"

ရှောင်လင်းက အမြန်ပြောလိုက်သည်။

သူမက ဒီတာဝန်ကို အလွန်ကျေနပ်ပါသည်။

အခု တရုတ်သိပ္ပံကျောင်းတော် အတွင်းတွင် ယဲ့ရှောင်ချန်း၏ အမည်က တောမီးလို ပျံ့နှံ့နေပြီ ဖြစ်သည်။ ကျောင်းတော်က သူ့ကို တွဲဖက်ပရော်ဖက်ဆာ ဘွဲ့ပေးအပ်ဖို့ စီစဥ်နေပြီဖြစ်သည်။

ဒါက ယာယီသာဖြစ်ပြီး တစ်နှစ် နှစ်နှစ်အတွင်း သူက ချက်ချင်းဆိုသလို တွဲဖက်ပရော်ဖက်ဆာတစ်ဦး ဖြစ်လာပါလိမ့်မည်။

တရုတ်သိပ္ပံကျောင်းတော်တွင် သူက အသက်အငယ်ဆုံး ပရော်ဖက်ဆာတစ်ယောက် ဖြစ်နိုင်သဖြင့် သူမ အလွန်စိတ်ဝင်စားမိပါ၏။

"ပြည်နယ်အုပ်ချုပ်ရေးမှုးကျန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှုးချောင်တို့ ကျွန်တော် အရင်သွားနှင့်လိုက်ပါဦးမယ်။"

ယဲ့ရှောင်ချန်းသည် ပြည်နယ်ပါတီကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှစ်ဦးကို နှုတ်ဆက်ပြီး ရှောင်လင်းနှင့်အတူ အနက်ရောင် အော်ဒီကားတစ်စီးထဲ ဝင်သွားသည်။

တရုတ်သိပ္ပံကျောင်းတော်က သူ့အတွက် အချိန်စာရင်း ဆွဲထားပေးပြီးသား ဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ မစတင်ခင် တရုတ်သိပ္ပံကျောင်းတော် ဌာနချုပ်သို့ သူ သွားရပါဦးမည်။

ဘာပဲဖြစ်ဖြစ် အခု သူက တရုတ်သိပ္ပံကျောင်းတော်၏ တရားဝင် အဖွဲ့ဝင်တစ်ဦး ဖြစ်နေပါပြီ။

ထို့အပြင် တွဲဖက် ပရော်ဖက်ဆာဘွဲ့ဆိုသည်မှာ နှောင့်နှေးလို့ရသည့် အရာမဟုတ်ပါ။

ယဲ့ရှောင်ချန်းက အစည်းအဝေးပွဲတွင် သုတေသနအဖွဲ့အစည်း၏ တာဝန်ရှိသူအဖြစ် ခန့်အပ်ခံရတော့မည်ဖြစ်သဖြင့် ဘွဲ့တစ်ခု ရထားဖို့လိုအပ်ပါသည်။

တရုတ်သိပ္ပံကျောင်းတော်၏ ဌာနချုပ်က အမှတ် ၅၂၊ စန်းလီဟဲလမ်းတွင် တည်ရှိပါသည်။

တစ်နာရီကျော် ကြာသောအခါ။

တရုတ်သိပ္ပံကျောင်းတော် ဝင်ပေါက်သို့ ကားတစ်စီး ဝင်လာခဲ့သည်။

မြို့တော်က အလွန်ကြီးမားလွန်းသည်ဟု ဆိုနိုင်သည်။ ယာဥ်ကြောများ အခြေအနေကလည်း သိပ်ပြီး မကောင်းလှပါ။ ယာဥ်ကြောပိတ်ဆို့မှုကလည်း ပြင်းထန်လှ၏။

တရုတ်သိပ္ပံကျောင်းတော်၏ ဌာနချုပ်က အလွန်ကျယ်ပြန့်ပြီး အတွင်းပိုင်းတွင် ဟိုတယ်တစ်ခုတောင် ရှိသည်။ နိုင်ငံတော် တစ်ဝှမ်းမှ တရုတ်သိပ္ပံကျောင်းတော် အဖွဲ့အစည်းခွဲ မျိုးစုံမှ ဝန်ထမ်းများကို ဧည့်ခံကြိုဆိုဖို့ အဓိက အသုံးပြုခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်း နေထိုင်ဖို့ကိုလည်း ထိုဟိုတယ်တွင်သာ အစီအစဥ်ချထားသည်။

အရည်အသွေးကလည်း မဆိုးပါ။

"မစ်စတာယဲ့ ဒီနေ့ ခရီးရှည်ကြီး နှင်ခဲ့ရတာ ပင်ပန်းကောပေါ့။ ကောင်းကောင်း အနားယူလိုက်ပါဦး။ လိုအပ်တာရှိရင် ကျွန်မကိုသာ ခေါ်လိုက်ပါ။"

ယာယီ လက်ထောက်ဖြစ်သူ ရှောင်လင်းက အလွန် စိစစ်သေချာသည်။ အရာရာကို စနစ်တကျ ဆောင်ရွက်၏။

"ကောင်းပါပြီ။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

ရှောင်လင်း ထွက်သွားသောအခါ ယဲ့ရှောင်ချန်း ရေချိုးပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပါသည်။ ရှန်းနုန်စနစ်မြေပုံကို အရင်ဆုံး ဖွင့်လိုက်ပြီး စိုက်ပျိုးရေးခြံ၏ အခြေအနေကို စစ်ဆေးလိုက်ပါသည်။

အားလုံးက အစီအစဥ်တကျ ရှိနေသည်။

သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ ဘေးကင်းစွာ ရောက်ရှိခဲ့ကြောင်း အသိပေးဖို့ အိမ်ကို ဖုန်းဆက်လိုက်၏။

ထို့နောက် ဝီချက်တွင် ဝမ်ရှင်းယီ နှင့် စကားပြောခဲ့ကြသည်။ သူတို့နှစ်ယောက် ခေတ္တ စကားပြောခဲ့ကြပြီးနောက် ရှင်းယီက သူ့ကို ကောင်းကောင်းအနားယူဖို့ ပြောလိုက်ပါသည်။

ယဲ့ရှောင်ချန်း ဖုန်းကိုချလိုက်ကာ ပြတင်းပေါက်အနားသို့ လျှောက်သွားပြီး ကာတိန်ကို ဆွဲဖွင့်လိုက်၏။ ချက်ချင်း အပြင်ဘက်က အခြေအနေများကို ပြတင်းပေါက်မှန်မှ ဖြတ်ကာ မြင်လိုက်ရပါသည်။

မြင်ကွင်းက အလွန်ကျယ်ပြန့်လွန်းလှသည်။

တရုတ်သိပ္ပံကျောင်းတော်ထဲက သစ်ပင် ပန်းမန်များကိုလည်း ကောင်းမွန်စွာ ပျိုးထောင်ထားကြသည်။

ရိုးရိုးသားသား ပြောရလျှင် ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ဖို့က တကယ်ပဲ ကောင်းမွန်လှပါသည်။

"ဟားဟား တရုတ်သိပ္ပံကျောင်းတော်ကြီးကို အရင်ဆုံး သွားကြည့်လိုက်ရအောင်"

ယဲ့ရှောင်ချန်းက မအိပ်ငိုက်ပါ။ သူ ၃ရက် ၃ညလောက် မအိပ်ခဲ့ရလျှင်တောင် အလွန်တက်ကြွနေဦးမည် ဖြစ်သည်။ လေယာဥ်ပေါ်က နာရီအနည်းငယ်လောက်က မပြောပလောက်ပါ။

ဒါက မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် သူသေသေချာချာ လှည့်ပတ်ကြည့်ရှုသင့်ပါသည်။

ချက်ချင်း ရှောင်လင်းကို ခေါ်လိုက်၏။

သူမက လက်ထောက်ဖြစ်သဖြင့် သူမကို ခေါ်လာပါက ပြဿနာများစွာ ပြေလည်နိုင်ပါသည်။

မကြာမီ ရှောင်လင်း ရောက်လာသည်။

"မစ်စတာယဲ့ လမ်းလျှောက်ထွက်ချင်လို့လား။"

ရှောင်လင်းက မေးလိုက်၏။

"ဟုတ်ပါတယ်။ ကျွန်တော့်ကို လိုက်ပို့ပေးလို့ ရမလား။"

ယဲ့ရှောင်ချန်း မေးလိုက်၏။

"ကောင်းပါပြီ။"

ရှောင်လင်း အလျင်အမြန် ခေါင်းငြိမ့်လိုက်ပါသည်။

ချက်ချင်း သူတို့နှစ်ဦး ဟိုတယ်ထဲမှ ထွက်လာခဲ့ကြ၏။ ရှောင်လင်းက ခရီးသွား ဘတ်စ်ကား အသေးစားလေး တစ်စီးပင် ယူဆောင်လာခဲ့သဖြင့် အလွန်အဆင်ပြေချောမွေ့ပါသည်။

ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံကျောင်းတော်ကြီးက ကျယ်ပြန့်လွန်းလှသည်။ ခြေကျင် လျှောက်သွားရလျှင် အလွန်ပင်ပန်းရပါလိမ့်မည်။

ဒီလိုနှင့် ရှောင်လင်းတစ်ယောက် ယဲ့ရှောင်ချန်းကို တရုတ်သိပ္ပံကျောင်းတော်၏ နေရာမျိုးစုံကို လိုက်လံ ပြသပေးခဲ့ပါသည်။

အမှန်ပင်။ သူတို့ အပြင်ဘက်ကနေသာ ကြည့်နိုင်သည်။ အရေးကြီး အဆောက်အဦးတချို့ အတွင်းသို့ ဝင်ရောက်ဖို့ကိုတော့ ဝင်ခွင့် သို့မဟုတ် လုပ်ငန်းစဥ်များ အဆင့်ဆင့် စောင့်ရွက်ဖို့ လိုအပ်ပါလိမ့်မည်။

နိုင်ငံတော်ထဲက အကြီးမားဆုံး သုတေသန စင်တာကြီး တစ်ခု ဖြစ်သဖြင့် ဒီနေရာတွင် လျှို့ဝှက်ချက် များစွာ ရှိနေသည်။

ထို့ကြောင့် လုံခြုံရေးကလည်း အလွန် တင်းကြပ်၏။

"ရှောင်လင်း အဲ့မှာ ဘာလို့ အပိတ်အဆို့တွေ ရှိနေတာလဲ။"

ရုတ်တရက် အတားအဆီးများဖြင့် ကာရံထားသည့် ပန်းခြံတစ်ခုကို ယဲ့ရှောင်ချန်းက လက်ညှိုး ထိုးပြကာ စိတ်ဝင်စားစွာဖြင့် မေးမြန်းလိုက်၏။

ရှောင်လင်း၏ မျက်နှောင်ပေါ်တွင် တွန့်ဆုတ်မှု အနည်းငယ် ပေါ်လာပြီး ပြောလိုက်သည်။ "အဲ့တာ ထျန်ရွှေ့ပန်းခြံပါ။ လော့ခ်ဒေါင်း ဘာကြောင့် လုပ်ရသလဲဆိုတဲ့ အဓိက အကြောင်းအရင်းကိုတော့ မသိဘူး။ ဒါပေမယ့် သိပ်မကြာသေးခင်က အဲ့မှာ လူတစ်ယောက် သေသွားတယ်လို့ ကြားတယ်။"

"လူသေတယ် ဟုတ်လား။"

ယဲ့ရှောင်ချန်း မအံ့သြပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာကြီး တစ်ခုမှာ လူတစ်ယောက် သေတာက သာမန်သာဖြစ်ပါသည်။

အများကြီး ခေါင်းထဲမထည့်ပေ။ သူတို့ ထွက်သွားခါနီးတွင် ရုတ်တရက် ပန်းခြံထဲမှ အော်သံတစ်ခု ထွက်လာ၏။ သာမန်မဟုတ်လောက်အောင် စူးဝါးလှသည့် အော်သံဖြစ်ပါသည်။

ရှောင်လင်း တုန်ရီသွားပြီး သူမ၏ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သတိမထားမိဘဲ ယဲ့ရှောင်ချန်း၏ လက်ကို ဖက်ထားမိ၏။

သို့သော်လည်း ယဲ့ရှောင်ချန်းက ဒါကို ဂရုမစိုက်ပါ။ သူ့မျက်လုံးက ပန်းခြံကိုသာ စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်တချို့ ပေါ်လွင်နေသည်။ မမြင်နိုင်သည့် ယင်စွမ်းအင်တချို့ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သောကြောင့်ပင်။

ခဏလေးသာဖြစ်သော်လည်း အလွယ်တကူ အာရုံခံနိုင်ခဲ့ပါသည်။

"မဟုတ်မှလွဲရော ဒီပန်းခြံထဲမှာ စွမ်းအားကြီးတဲ့ ယင်ဝိညာဉ်တွေ ရှိနေတာလား။"

ယဲ့ရှောင်ချန်း အလွန်အမင်း အံ့အားသင့်သွားခဲ့ပါသည်။

ဒီလို ကျယ်လောင်သည့် အော်သံမျိုးကြောင့် အနီးအနားက လူများ သိသွားကြပြီး မကြာမီ ရောက်လာခဲ့ကြသည်။

"ဘာတွေဖြစ်နေကြတာလဲ။ ခုနက အော်သံကြားလိုက်တယ်။"

"တစ်ခုခု ထပ်ဖြစ်ဦးမှာလား။"

"အရင်တစ်ခေါက် လူသေတုန်းကလည်း အော်သံကြားတယ်လို့ ပြောကြတယ်နော်။"

"ဟုတ်တယ် ငါလည်း ကြားတယ်။ ဒီပန်းခြံက အရမ်းထူးဆန်းတယ်။"

...

အားလုံးက အတားအဆီးများ ဘေးတွင် ပတ်လည်ဝိုင်းနေကြသော်လည်း အထဲကို မဝင်ရဲကြပေ။

သိပ်မကြာလိုက်ပေ။ ရဲကားတစ်စီး ရောက်လာ၏။ ထို့နောက် ယူနီဖောင်းဝတ် ရဲသားတချို့ သံတုတ်များဖြင့် ခုန်ဆင်းလာကြပြီး ပန်းခြံသို့ အမြန်ပြေးသွားကြသည်။

'မစ်စတာယဲ့ မသွားပါနဲ့။"

ရုတ်တရက် ယဲ့ရှောင်ချန်း အတားအဆီးကို ကျော်ပြီး ပန်းခြံထဲ ဝင်သွားသည်ကို ရှောင်လင်း မြင်လိုက်ရသဖြင့် အော်လိုက်ပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းကတော့ လုံးဝ ကြားပုံမပေါ်ပေ။

ရှောင်လင်း စိတ်ပူပန်သွားသည်။ ထို့နောက် ခြေထောက်ကို ဆောင့်နင်းကာ အံကြိတ်လျက် အမြန်ဆုံး အနောက်သို့ ပြေးလိုက်သွားတော့သည်။

All Chapters