← Chapters

ဆေးလုံးအိမ်တော်

Vol. 55 Ch. 758

ဆေးလုံးအိမ်တော်

Vol. 55 Ch. 758

“ အခုတလော ကောင်းကင်ဘုံအလွန်မြို့မှာ လူသားဆေးလုံးအိမ်တော်ဆိုတဲ့ ဆိုင်တစ်ခု ပေါ်လာတယ်တဲ့။ အဲဒီမှာ အဆင့်မြင့်နဲ့ ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးတွေ ရောင်းချပေးနေတာ။ ပြီးတော့ ရောင်းချပေးဖို့ ကုသဆေးလုံးတွေလည်း အများကြီးပဲ ”

“ ဟားဟား … ပစ္စည်းကောင်းတွေ ရောင်းချပေးနေတဲ့ နောက်ထပ် မီဖေး ဆေးလုံး - ပန်းပဲ ကုန်သည်အိမ်တော်ပဲ နေမှာပေါ့ဗျာ …. ဆိုးတာ တစ်ခုက ခင်ဗျား တတ်နိုင်မှာ မဟုတ်တာပဲ ”

“ ဟုတ်တယ် …. ကျုပ် အရင်က မီဖေးကုန်သည်အိမ်တော်ဆီ သန့်စင်ဆေးလုံး ဝယ်ဖို့ သွားခဲ့သေးတယ်။ အဆင့်လေး ကုသဆေးလုံးလေးကို ကျုပ်ရဲ့ အဆင့် ၉ တောင်ဘက်ပိုင်းမီးတောက်တုတ်နဲ့ အစိမ်းရောင်ကျောက် ငါးလုံးနဲ့ လဲခဲ့ရတယ်လေ။ ကျုပ် လာခဲ့တဲ့နေရာမှာဆိုရင် ဒီပစ္စည်းတွေနဲ့ အဆင့် ၉ ကုသဆေးလုံး ဆယ်ပုလင်းလောက်ကို လဲနိုင်တယ် ”

“ မဟုတ်ဘူးဗျ …. လူသား ဆေးလုံးအိမ်တော်က တကယ်ကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေတာ။ ကျုပ်တောင် အစိမ်းရောင်ကျောက် ဆယ်တုံးနဲ့ ရွှေကြယ်ဆေး တစ်ပုလင်း ဝယ်လာသေးတယ် ”

“ မဖြစ်နိုင်လိုက်တာ  … ရွှေကြယ်ဆေးလုံးက အဆင့် ၅ ကုသဆေးလုံးလေ။ ဆေးတစ်လုံးစီကကို အစိမ်းရောင်ကျောက် ဆယ်လုံးထက် တန်နေပြီ။ ကျုပ်တို့ကို လာညာနေတာလား ”

“ ဝမ်လုက ညာနေတာ မဟုတ်ဘူး။ ကျုပ်လည်း လူသား ဆေးလုံးအိမ်တော်ဆီ ရောက်ခဲ့လို့ ပြိုင်ဖက်ကင်းအဆင့် ဗောဓိစိမ်းတစ်လုံး ဝယ်လာသေးတယ်။ အဲဒီမှာ အတတ်နိုင်ဆုံးအရာက လုပ်ပြီးသား ဆေးလုံးတွေချည်း ရှိတာ မဟုတ်ဘူးနော်။ ကိုယ်တောင်းဆိုတဲ့ ဆေးလုံးကိုပါ လုပ်ပေးဦးမှာ …. ကျုပ်ဆီမှာ အလဲအလှယ်လုပ်ဖို့ အင်မော်တယ်ဆေးပင် မပါသွားတာက ကံဆိုးတာပါပဲ။ မဟုတ်ရင် ကျုပ်အတွက် အဆင့် ၇ အင်မော်တယ် ဆေးလုံး တောင်းဆိုလို့ ရမှာ။ ပြီး‌တော့ ကျုပ်က အစိမ်းရောင်ကျောက် တစ်ခုတောင် ပေးဖို့ မလိုလိုက်ဘူး။ သူတို့က ဆေးဖော်စပ်တာကို ဈေးနှုန်းရဲ့ ခြောက်ဆပဲ ကောက်ခံတာ ….  ”

………..…

ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌လည်း ထိုသတင်းများ ပြန့်နေလေသည်။

ထိုသတင်းများကြောင့် မြောက်များစွာသော အင်မော်တယ်များက မည်သည့်မျိုးနွယ်စုမှ ဖြစ်နေစေကာမူ ကောင်းကင်ဘုံအလွန်မြို့သို့ ရောက်လာကြသည်။ သူတို့က လူသားဆေးလုံးအိမ်တော်ဆီ လာရန်  ရည်ရွယ်ချက်တစ်ခုနှင့် ရောက်ရှိလာကြခြင်းသာ ဖြစ်၏။

ကောလဟာလများက မည်သို့ပင် ဖြစ်နေစေကာမူ သွားကြည့်လိုက်သည်က မမှားပေ။ အကယ်၍ အမှန်ဖြစ်နေပါက သူတို့တွေက ကုသဆေးလုံး အမြောက်အများ ဝယ်ယူပြီး သူတို့ လိုအပ်သည့် ဆေးလုံး ဖော်စပ်ပေးဖို့ တောင်းဆိုနိုင်ခြင်းမှာ အသက်ပိုတစ်ချောင်း ရသည်နှင့် တူညီပေသည်။

…………….…

လူသား ဆေးလုံးအိမ်တော်၌ လော့စီက လူအများကြီး ရောက်ရှိလာမှုကို ကြည့်ကာ တုန်လှုပ်အံ့အားသင့်နေမိသည်။ ကောလဟာလပြန့်နှံ့နှုန်းမှာ အလွန်မြန်ဆန်လွန်းလေရာ သူတို့ဆိုင်ပြန်ဖွင့်သည်မှာ သုံးရက်တာမျှ ရှိသေးသော်လည်း လူများစွာက ကြားပြီးကြလေပြီ။ လော့စီနှင့် မိုဝူကျိက လူသိရှင်ကြား ကြော်ငြာတာမျိုး တစ်ခါမှ မလုပ်ခဲ့ရပေ။

သူမက လူတန်းစီခိုင်းဖို့ရာ ကြိုးစားထားသော်လည်း လူတန်းကြီးမှာ အတင်းတိုးဝှေ့ကြရင်း အနည်းငယ် ရှုပ်ယှက်ခတ်လာသည်။ ပို၍ ဆိုးရွားလာလျှင် လူများက တစ်ယောက်နှင့် တစ်ယောက် တွန်းကာ ရှေ့သို့ ရောက်အောင် ကြိုးစားနေကြ၏။

လော့စီက ဤသို့မျိုးအခြေအနေကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသောကြောင့် ဤသို့မျိုး လူအုပ်ကြီးရှေ့ အနည်းငယ် စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေမိသည်။

မိုဝူကျိက ထွက်လာကာ ဆိုင်ရှေ့မှာ ရပ်ရင်း လူအုပ်ကြီးဘက် လက်နှစ်ဖက် ယှက်လျက်

“ လူသား ဆေးလုံးအိမ်တော်က ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ နေနေကြတဲ့ လူတိုင်းကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကောင်းကောင်းကို ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမဲ့ တကယ်လို့  ဒီလို အတင်းတိုးနေမယ်ဆိုရင် မြိုအတွက် အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။ မြို့ကို နှောင့်ယှက်မိသွားတာနဲ့  ကျုပ်ရဲ့ ဆေးလုံးအိမ်တော်ကို ပိတ်သိမ်းပြီး ထွက်သွားရပါလိမ့်မယ် ”

“ လူသား ဆေးလုံးအိမ်တော် ပိတ်တဲ့သူ ဘယ်သူ ဖြစ်ဖြစ် ကျုပ်က အရင်ဆုံး ဆန့်ကျင်မယ် ”

“ဆိုင်ကို  ပိတ်ရဲတဲ့သူကို  သတ်ပစ်မယ် ”

……………

ထိုစကားများက မိုဝူကျိအား စိတ်ကျေနပ်စေသည်။ အကြောင်းမှာ သူလည်း ဤသို့သက်ရောက်မှုမျိုး လိုချင်၍ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူက လေးလေးနက်နက် အမူအယာဖြင့်

“ ကျုပ်မှာ အကြံတစ်ခု ရှိပါတယ်။ ကျုပ် ဆေးလုံးအိမ်တော်နဲ့ အလဲအလှယ် လုပ်ချင်တဲ့သူတိုင်း နံပါတ်တစ်ခုစီ ကိုင်ဆောင်ထားရင် ဘယ်လိုလဲ ”

“ ကျုပ်တို့က အဲနံပါတ်ကို ဘယ်ကနေ ယူရမှာလဲ ” မိုဝူကျိ စကားဆုံးသည့်အထိပင် မစောင့်နိုင်တော့ဘဲ တစ်ယောက်ယောက်က စိုးရိမ်တကြီး ဝင်မေးလိုက်သည်။

မိုဝူကျိက လက်ဟန်ဖြင့် လူအုပ်ကြီးအား အသံတိုးရန် အချက်ပြလိုက်ပြီး

“ အားလုံး ကျုပ် စကားကို နားထောင်ကြပါ။ ကျုပ်ဆိုင်ရဲ့ အပြင်ဘက်မှာ အစီအရင် ခင်းကျင်းပေးထားမယ်။ တစ်ယောက်ချင်းစီ သွားပြီးတော့ နံပါတ်ကို ယူလိုက်ကြပါ။ အားလုံးက အစီအရင်ထဲကို အစိမ်းရောင်ကျောက် ဆယ်လုံး ထည့်ဖို့ လိုလိမ့်မယ်။ အဲဒါပြီးရင် နံပါတ် ထွက်လာလိမ့်မယ် ။ အစီအရင်က ခင်ဗျားတို့နံပါတ်ကို ထုတ်ပေးလိုက်တာနဲ့ ကျုပ်ဆိုင်ကို လာပြီး လဲလှယ်လို့ ရပါပြီ။ အားလုံးက စိုးရိမ်ဖို့ မလိုပါဘူး ….

အဲဒီအစိမ်းရောင်ကျောက် ဆယ်လုံးက ကျုပ်ဆီမှာ ခဏပဲ ထားမှာပါ။ ခင်ဗျားတို့ အလှည့်ကျတာနဲ့ အဲဒီ အစိမ်းရောင်ကျောက် ဆယ်လုံးက ခင်ဗျားတို့ အလဲအလှယ်ရဲ့ အစိတ်အပိုင်းမှာ ပါပြီးသားပါ ”

မိုဝူကျီ သုံးလိုက်သည့် နည်းလမ်းမှာ ကမ္ဘာမြေတွင် အခြေခံအကျဆုံး တန်းစီနည်း ဖြစ်၏။ မဟုတ်လျှင် ကောင်းကင်ဘုံအလွန်မြို့၌ လူများစွာ တန်းစီနေခြင်းမှာ သူတို့က ဤနေရာ၌ ပြဿနာ မရှာလျှင်ပင် ကောင်းကင်ဘုံအလွန်မြို့၏ စီမံရေးရာအဖွဲ့အား ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မည်။ ထို့အပြင် မျိုးနွယ်စုရောစုံ ဖြစ်နေလေရာ ပြဿနာ ဖြစ်ဖို့ရာ လွယ်ကူပေသည်။

မိုဝူကျိ စကားထွက်လာသည်နှင့် သဘောတူညီသည့် အသံများ ထွက်လာကြသည်။ မည်သူကမှ ပြဿနာ မဖြစ်လိုကြပေ။ အကြောင်းမှာ အားလုံးက သူတို့ လိုအပ်သည့် ဆေးလုံးများ လဲလှယ်ရန် မျှော်လင့်ချက်နှင့် ရောက်လာခြင်း ဖြစ်၏။

မိုဝူကျိက အဆင့် ၇ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်သောကြောင့် တန်းစီ စနစ်အတွက် အသုံးပြုရန် အစီအရင်အား ခင်းကျင်းရန် အမွေးတိုင်တစ်ဝက်စာမျှသာ ကြာမြင့်လေ၏။

အစီအရင်အထဲ အစိမ်းရောင်ကျောက် ဆယ်လုံး ချလိုက်သည်နှင့် ကျောက်စိမ်းပြားတစ်ခု ထုတ်ပေးလိမ့်မည်။ ကျောက်စိမ်းပြား လက်ခံရရှိသော သူများက ဆက်လက် တန်းစီစရာ မလိုတော့ပေ။ ဆိုင်မှ နံပါတ်များကို ခေါ်လိုက်သည်နှင့် တစ်ယောက်ချင်းစီ ဆိုင်ထဲ ဝင်ကြရမည်။

နေရာချထားပြီးသည်နှင့် လူတန်းကြီးက တဖြည်းဖြည်း လျော့သွားလိမ့်မည်။ အားလုံးက အနီးအနားတွင် စုံစမ်းနေကြသော်လည်း လူတန်းကြီးမှာ ယခင်လောက် အလွန်အကျွံ မဖြစ်တော့ပေ။

မိုဝူကျိ ပြောထားသည့်အတိုင်း လူသား ဆေးလုံးအိမ်တော်က နံပါတ် ခေါ်လိုက်စဉ် ထိုနံပါတ်နှင့်လူက ဆိုင်ထဲ ဝင်ခွင့်ရှိသွားခြင်း ဖြစ်ပေသည်။

……………

“ အစ်ကိုကြီးမိုရဲ့ အကြံက တကယ်ကောင်းတယ်။ မဟုတ်ရင် ကောင်းကင်ဘုံအလွန်မြို့က ဒီဟာကို အကြောင်းရှာပြီး ကျမတို့ဆိုင်ကို ပိတ်ပစ်လိမ့်မယ် ” လော့စီက ဆိုင်အပြင်ဘက်၌ စနစ်တကျ ဖြစ်နေသည့် လူတန်းကို မြင်ကာ လေးလေးစားစား ပြောလိုက်သည်။ ထိုအရာမှာ သူမအနေနှင့် အချိန်တိုအတွင်း တွေးမိနိုင်သည့်အရာ မဟုတ်ချေ။ သူမသာ ဤသို့အကြံမျိုး ရှိခဲ့လျှင်လည်း ဤမျှ မြန်မြန်ဆန်ဆန် အစီအရင် ခင်းကျင်းနိုင်မည် မဟုတ်ပေ။

ပြောရမည်ဆိုလျှင် လူတန်းကြီး ရှည်လာသည်နှင့် တိုက်ပွဲ ဖြစ်နိုင်ချေလည်း မြင့်တက်လာပေသည်။

“ မင်းက အခု အင်မော်တယ်ကျောက်တွေနဲ့ အင်မော်တယ်ပစ္စည်းတွေကို ကူသိမ်းပေးပြီး‌တော့ သူတို့ကို ဆေးလုံးတွေ ပေးဖို တာဝန်ယူပေး …” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။

“ အစ်ကိုကြီးမို …. ဒါနဲ့ အစိမ်းရောင်ကျောက် ဆယ်တုံးကို ဘာလို့ အရင်လက်ခံတာလဲ။ သူတို့တွေက အလဲအလှယ် မလုပ်ဖြစ်ရင် သူတို့တွေကို အစိမ်းရောင်ကျောက် ပြန်ပေးရင် အချိန်ပိုမကုန်ဘူးလား ” ထိုသည်မှာ လော့စီက နားမလည်နိုင်သော အရာ ဖြစ်သည်။

အကယ်၍ ထိုအစိမ်းရောင်ကျောက်များကို ပေးလိုက်ခြင်းက လူသား ဆေးလုံးအိမ်တော်အပိုင်ဟု ဆိုလိုနေလျှင် အဓိပ္ပါယ်ရှိသေး၏။ သို့သော်လည်း ထိုအစိမ်းရောင်ကျောက်များမှာ အရင်ဦးစွာ ပေးချေမှုတစ်ခုမျှသာ ဖြစ်ပြီး ကျင့်ကြံသူတစ်ဦးက အလဲအလှယ် မလုပ်တော့လျှင် လူသားဆေးလုံးအိမ်တော်က မပိုင်ဆိုင်နိုင်တော့ပေ။

မိုဝူကျိက ပြုံးကာ ပြောလိုက်သည်

“ အဲဒီလူတွေကို အစိမ်းရောင်ကျောက် ဆယ်တုံးစီ ပေးခိုင်းတာက ငါတို့ဘက်မှာ ခေါ်ထားလိုက်တာနဲ့ အတူတူပဲလေ။ တကယ်လို့ မြို့က ငါတို့ကို ဆန့်ကျင်ချင်ရင် သူတို့တွေလည်း သူတို့ရွေးချယ်မှုကို ပြန်စဉ်းစားရလိမ့်မယ် ”

မိုဝူကျိ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အစိမ်းရောင်ကျောက် ဆယ်တုံးကို အရင်ဦးဆုံး ကောက်ခံထားပြီး ထိုအင်မော်တယ်များ၏ အင်အားကို စုစည်းထားလိုက်ခြင်း ဖြစ်ပေသည်။ ယခု သူက အစိမ်းရောင်ကျောက်များစွာ စုဆောင်းပြီးပြီ ဖြစ်ရာ မြို့ကလာပြီး ပြဿနာရှာလျှင်ပင် ထိုလူများက သူနှင့် လော့စီကို မတွေ့နိုင်သေးဘဲ အစိမ်းရောင်ကျောက် ပေး၍ စောင့်ဆိုင်းနေရသော လူအုပ်ကြီးနှင့် တွေ့ရပေလိမ့်မည်။

မိုဝူကျိက ထိုအစိမ်းရောင်ကျောက်များမှာ သူ့အပိုင် ဖြစ်ကြောင်း မပြောသည်မှာ ဤအင်မော်တယ်များက ကျင့်ကြံရေး အရင်းအမြစ်များကို စကြဝဠာနံရံကြီးမှ စုဆောင်းလာရခြင်း ဖြစ်ကာ သူတို့ဘဝများလည်း လွယ်ကူမည် မဟုတ်ကြောင်း ကောင်းကောင်း သိနေ၍ ဖြစ်သည်။ အစိမ်းရောင်ကျောက်အတွက် သူတို့က အသက်ကို စတေး၍ တိုက်ခိုက်နေရသည်။ စကြဝဠာနံရံ ဖွင့်လာသည်နှင့် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရလာသော်လည်း အသေအပျောက်များသော ကာလ ဖြစ်ပေသည်။

သူက ကျင့်ကြံရေးအတွက် အစိမ်းရောင်ကျောက်များ လိုအပ်ခြင်းမှာ တခြားသူများနှင့် အတူတူသာ ဖြစ်၏။ သူက အစိမ်းရောင်ကျောက်များစွာ ရနိုင်သော်လည်း မသမာသော နည်းဖြင့် မလုပ်ချင်ပေ။

လော့စီကလည်း တုံးအနေသူ မဟုတ်ပေ။ မိုဝူကျိ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားလေ၏။ ထိုစဉ် သူမက စိတ်အေးလက်အေး သက်ပြင်းသာ ချလိုက်တော့သည်။ ဤသို့ စီးပွားရေးမျိုးဖြင့် မလိုလားအပ်သည့် အာရုံစိုက်မှုများ ဆွဲဆောင်သလို ဖြစ်နေနိုင်ပေသည်။

………..…

သူတို့နံပါတ်စနစ်ဖြင့် လူသားဆေးလုံးအိမ်တော်၏ စီးပွားရေးမှာ အလျှင်အမြန် ကြီးထွားလာပြီး အစိမ်းရောင်ကျောက်များစွာနှင့် အင်မော်တယ်ဆေးပင်များမှာလည်း မိုဝူကျိ အိတ်ထဲ ဝင်လာတော့သည်။ တစ်ဖက်တွင် လူသား ဆေးလုံးအိမ်တော်မှ ဆေးလုံးတိုင်းက ရောက်လာကြသော အင်မော်တယ်များထံ ရောက်ရှိသွားကြသည်။

လူသားဆေးလုံးအိမ်တော်သို့ လာရောက်သည့် အင်မော်တယ်တိုင်း  သူတို့အလှည့်မကျရောက်ခင် အစိမ်းရောက်ကျောက် ဆယ်တုံးပေးချေ၍ စောင့်ဆိုင်းကြရသည်။

သဘောတရားအရပြောရလျှင် အင်မော်တယ် တစ်ယောက်နှင့် အလဲအလှယ်ပြီးစီးသွားပါက မြို့ထဲ၌ လူတန်းလည်း လျော့နည်းသွားသင့်ပေသည်။ သို့သော်လည်း အမှန်တရားမှာ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေပြီး အလဲအလှယ်များ ပြီးသွားသည်နှင့် ဝယ်ယူသူများက ပို၍ပင် ရောက်လာကြသေး၏။

မကြာခင် ကောင်းကင်ဘုံအလွန်မြို့၌ လက်မှတ် မှောင်ခိုသမားများလည်း ပေါ်လာလေ၏။

ထိုလက်မှတ် မှောင်ခိုသမားများက ဆယ်ကြိမ်ကျော်လောက် ဝင်တန်းစီပြီး သူတို့ ရောက်ရှိလာသော နံပါတ်များကို နောက်ကျ၍ ရောက်လာသူများထံ ဈေးမြင့်မြင့်ဖြင့် ပြန်လည် ရောင်းချခြင်း ဖြစ်သည်။

မိုဝူကျိက ထိုအခြေအနေမျိုးကို လုံးဝ မသိပေ။ သို့သော် သူ သိလျှင်လည်း အာရုံစိုက်မည် မဟုတ်ပေ။ သူက ဆေးလုံးဖော်စပ်ရာ၌ အာရုံအပြည့်အဝ စိုက်ထားလေရာ တစ်ခါတစ်ရံ၌ အဆင့် ၈ နှင့် အဆင့် ၉ ဆေးလုံးများအထိ ‌ဖော်စပ်ပေးဖို့ တောင်းဆိုကြသည်။

လော့စီက မြောက်များစွာသော အင်မော်တယ်ဆေးလုံးများ ထွက်လာသည်ကို ကြည့်ပြီး ကြောင်အမ်းနေမိသည်။ သူမက အတွေ့အကြုံကြွယ်ဝကာ လူများစွာနှင့် တွေ့ဖူးသော်လည်း မိုဝူကျိကဲ့သို့ ဆေးလုံးဧကရာဇ်မျိုးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်ပေသည်။ ဤသို့အမြန်နှုန်းနှင့် ဆေးလုံးဖော်စပ်နိုင်သည့် ဆေးလုံးဧကရာဇ်ကို သူမ မည်သည့်နေရာကနေ ရှာရမည်နည်း။ မိုဝူကျိဆီ ရောက်ရှိလာသော အဆင့် ၈ နှင့် အဆင့် ၉ ဆေးလုံးဖော်စပ်ပေးရန် တောင်းဆိုမှုများတွင်လည်း အဆင့် ၈ ဆေးလုံးများမှာ အလျှင်အမြန် ဖော်စပ်ပြီး ထွက်ပေါ်လာလေ၏။

………….…

မီဖေး ကုန်သည်အိမ်တော်

အကယ်၍ ကောင်းကင်ဘုံအလွန်မြို့ငယ်လေး၌ ဆေးလုံးနှင့် မှော်ရတနာ ကောင်းကောင်း ရောင်းချပေးနေသည့် နေရာ ရှိနေသေးသည်ဆိုလျှင် မီဖေး ကုန်သည်အိမ်တော်သာ ဖြစ်လိမ့်မည်။

သူတို့က အဆင့် ၁ မှ အဆင့် ၉ အင်မော်တယ် ဆေးလုံးများနှင့် အဆင့် ၁ မှ အဆင့် ၉ အင်မော်တယ်ပစ္စည်းများကို ရောင်းချကြသည်။

သူတို့၏ ကျယ်ပြန့်လွန်းလှသော ထုတ်ကုန်များကြောင့် သူတို့စီးပွားရေးမှာ မြင့်တက်ချိန် ဖြစ်သင့်သော်လည်း စကြဝဠာနံရံကြီး ဖွင့်ပြီးနောက်ပိုင်း အချိန်တိုလေးအတွင်း၌သာ နာမည်ကျော်ကြားလေသည်။ အချိန်ကြာလာသည်နှင့် သူတို့စီးပွားရေးမှာ ပျက်သုန်းလာလေ၏။ အကြောင်းမှာ မပြီးပြည့်စုံသည့် မှော်ရတနာများနှင့် သက်ရောက်မှု မရှိသော ဆေးလုံးများကြောင့် မဟုတ်ဘဲ ဈေးနှုန်းကား အရမ်းကြီးလွန်းနေ၍ ဖြစ်သည်။ စကြဝဠာနံရံမှ ပြန်လာသော အင်မော်တယ်တချို့သာ သူတို့ဆိုင်ကို တစ်ကြိမ်မှ နှစ်ကြိမ် လာဖို့ရာ တတ်နိုင်ကြပြီး သူတို့လာသည့်အခါတိုင်း ထပ်မဝယ်ဖြစ်အောင်လည်း ထိန်းချုပ်ကြရသည်။

ဤသို့သော အခြေအနေမှာ မီဖေး ကုန်သည်အိမ်တော်အတွက် ဘာမှမဟုတ်ချေ။ အကြောင်းမှာ စကြဝဠာနံရံကြီး ဖွင့်လာသည်နှင့် သူတို့က ဂုဏ်သတင်းကျော်ကြားသော အမှူထမ်းများထံမှ ပမာဏများစွာ ဝင်ပေသည်။

သို့သော်လည်း ကောင်းကင်ဘုံအလွန်မြို့၌ အလွန်ကျော်ကြားသော ဆေးလုံးအိမ်တော်တစ်ခု ထွက်ပေါ်လာခြင်းမှာ သူတို့အား ဆက်လက် သည်းမခံနိုင်အောင် လုပ်နေသည်။ သူတို့က ကောင်းကင်ဘုံအလွန်မြိုကို လာခြင်းမှာ တခြားသူများနှင့် ယှဉ်ပြိုင်ချင်၍ မဟုတ်ဘဲ စီးပွားရေး ဈေးကွက်တစ်ခုလုံးကို  ကြီးစိုးချင်၍ ဖြစ်ပေသည်။

လူသား ဆေးလုံးအိမ်တော် ဖွင့်သည်မှာ  လေးရက်တာမျှသာ ရှိသေးသော်လည်း မီဖေးကုန်သည်အိမ်တော်က တစ်ခါမှ မကျင်းပဖူးသည့် အစည်းအဝေးပွဲကို ကျင်းပနေရသည်။

ထိုအစည်းအဝေး၌ လူလေးယောက်သာ ရှိသော်လည်း သူတို့မှာ အင်မော်တယ်အုပ်စိုးသူ နောက်ပိုင်းအဆင့် ရောက်နေသည့်  မီဖေးကုန်သည်အိမ်တော်၏ ဆိုင်ရှင် မင်ချန်းနှင့် မင်ချန်းနှင့် အဆင့်တူဖြစ်သည့်  ကာကွယ်သူ ကွမ်ကျင်း၊ အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ရောက်ရှိနေသော ပြင်ပရေးရာတာဝန်ခံ ဝမ်လီနှင့် အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့်ရှိ  တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည့်  အတွင်းရေးရာ တာဝန်ခံ ရန်ယူရွှေတို့ ဖြစ်ကြသည်။

“ အဲဒီ လူသား ဆေးလုံးအိမ်တော်က ဘယ်နေရာက ရောက်လာတာလဲ ” ထိုအရာမှာ မင်ချန်း ဝင်ဝင်လာချင်း ပြောလိုက်ခြင်း ဖြစ်ကာ ပြင်းထန်သော သတ်ဖြတ်ငွေ့များ ပါဝင်နေပေသည်။

***

All Chapters